← Chapters

အမဲလိုက်မြို့လေး

Vol. 7 Ch. Chapter 26

အမဲလိုက်မြို့လေး

Vol. 7 Ch. Chapter 26

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 26 - အမဲလိုက်မြို့လေး

နောက်ထပ်ငါးမိနစ်လောက်ကြာတော့ ရဲတွေဆိုင်ကိုရောက်လာပြီး အုပ်စုဖွဲ့မိုက်တဲ့ စပိတ်ဂိုဏ်းသားတွေ ဖမ်းသွားတယ်။ ဘရီစာတို့အုပ်စုကြောင့်သာမဟုတ်ရင် ပန်ဆာဗေးနီးယားဟီးရိုးအေဂျင်စီနဲ့ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းနိုင်မှာမဟုတ်ပါဘူး။ သာမန်နယ်​​မြေခံဟီးရိုးတွေအတွက် ဒီအဆင့်လူမိုက်တွေက နှစ်နဲ့ချီပြီး

ဖြေရှင်းရတာမျိုးပါ။

"တို့လည်းပိုက်ဆံမရှင်းရသေးဘူးဆိုတော့ အထဲပြန်ဝင်ကြတာပေါ့။" ဘရီစာက ကျောင်းသားတွေကို ပြောလိုက်တယ်။

တစ်ဖက်မှာတော့ မက်ဒါနာက ဘရီစာကို ပြန်ဝင်လာတော့မှာမတွေ့တာနဲ့ အခုထိဗိုက်ကိုနှိပ်နေရတဲ့ တင်မီ့လက်ကိုဆွဲ၊ ကျသင့်ငွေကို စားပွဲပေါ်တင်ပေးပြီး ဆိုင်ထဲကနေ ပြေးထွက်သွားပါတယ်။ ရုတ်တရက်ကြီးမလို့ ဆိုင်ထဲပြန်ဝင်ဖို့လုပ်နေတဲ့ ကျောင်းတွေတောင် အံ့ဩသွားပါတယ်။

အီဗန်က ပြောလိုက်ပါတယ်။ "သူတို့တစ်ခုခုကြောင့် ထွက်ပြေးနေတာလို့ ငါဘာလို့ခံစားနေရပါလိမ့်။"

နျူရေကတော့ အီဗန့်ခေါင်းကိုခေါက်လိုက်ပြီး ပြောပါတယ်။ "နင်လုပ်လိုက်လို့ လန့်သွားတာဖြစ်မှာပေါ့ဟဲ့၊ ဟိုမှာကြည့်ဦး နင့်ကြောင့် မှန်တစ်ချပ်အက်သွားသေးတယ်။" အီဗန်လည်း နျူရေလက်ညိုးညွန်ရာကိုကြည့်လိုက်တော့ တကယ်ပဲ ပြတင်းပေါက်မှန်တစ်ခု အက်နေတာမြင်လိုက်ရပြီး စိုးရိမ်တကြီးဖြစ်သွားလေရဲ့။

"ငါတော့ပြည်သူပိုင်ပစ္စည်းဖျက်ဆီးပစ်မိပြန်ပြီ။"

ဒါပေမဲ့ ဘရီစာကတော့ သူ့တပည့်နှစ်ယောက်ကို ပခုံးပုတ်လိုက်ပြီး မစိုးရိမ်ဖို့ ပြောလိုက်ပါတယ်။ "ဒီလောက်က ကိစ္စမရှိပါဘူး၊ အခုတိုက်ပွဲအဆင့်မျိုးက ပြင်းထန်တာမလို့ ထိခိုက်မှုမရှိအောင်လုပ်ဖို့ မဖြစ်နိုင်သလောက်ပဲလေ။ ပြီးမှ တို့တွေဆိုင်ရှင်ကို သေချာတောင်းပန်ကြတာပေါ့။"

"ဟုတ်..." တပည့်တွေလည်း ခေါင်းညိတ်လိုက်ပြီး ဆိုင်ထဲကို ဝင်ကြတယ်။ ဂရေဟမ်က နောက်ဆုံးမှ ဝင်တဲ့သူဖြစ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပါတယ်။ သူက ဗျူဟာကျွမ်းကျင်သူဖြစ်ပေမဲ့ တခြားသူတွေလိုမျိုး ရန်သူတွေအများကြီးကို အနိုင်မယူနိုင်ခဲ့ပါဘူး။

"ဗျူဟာအထူးပြုမြူတန့်တစ်ယောက်အနေနဲ့ ရန်သူတွေအများကြီးကို အနိုင်မယူနိုင်တာ ပြဿနာတစ်ခုမဟုတ်ပါဘူး၊ ဂရေဟမ်။ ကိုယ့်ကိုယ်ကိုယ် ခုခံတာထက်ပိုတဲ့ ရလဒ်ကိုထုတ်ပြနိုင်တာနဲ့တင် ထူးချွန်ကြောင်း ပြနှင့်ပြီးနေပါပြီ။"

ဘရီစာက ဂရေဟမ်ကို အားပေးလိုက်တော့ ဂရေဟမ်ရဲ့မျက်နှာက နည်းနည်းပျော့ပြောင်းသွားပြီး ဆိုင်ထဲကို ဝင်လိုက်တယ်။ ဘရီစာကတော့ မောင်းထွက်သွားပြီဖြစ်တဲ့ မက်ဒါနာတို့ကားလေးကို လှမ်းကြည့်ရင်း ခေါင်းခါလိုက်ပါတယ်။

"တော်တော်ကြောင်တဲ့ ကောင်မလေးပဲ။"

....

ဒဏ်ရာကနေ နည်းနည်းသက်သာသွားပြီဖြစ်တဲ့ တင်မီက အမိုးဖွင့်ကားကို မောင်းပြီးမြို့လေးဆီကို ဆက်သွားတယ်။ မက်ဒါနာကတော့ လက်ကိုပိုက်ထားပြီး ဖြစ်ပျက်ခဲ့တာတွေစဥ်းစားရင်း တင်မီသူ့ကိုကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ မအောင်မြင်တဲ့ အားထုတ်မှုကိုပြန်မြင်ယောင်လာတယ်။

'ဒီငကြောင်ကောင်က ငါ့ကိုကာကွယ်ဖို့ ရှေ့ထွက်လာရဲတယ်ဆိုတော့ သတ္တိရှိတယ်လို့တော့ ပြောရမှာပဲ။' မက်ဒါနာက တင်မီကို မသိမသာလေး ခိုးကြည့်လိုက်တယ်။ ရည်ရွယ်ပြီးကြည့်တာမဟုတ်ပေမဲ့ နည်းနည်းတော့ ကသိကအောင့်ဖြစ်မိသလိုပဲ။ ကျောင်းတက်ဖော်တက်ဖက်တစ်ယောက်အနေနဲ့ပြောရရင် မက်ဒါနာက တင်မီကို အကောင်းမမြင်ဘူး။ အထူးသဖြင့် ရှိတဲ့ပိုက်ဆံနဲ့ ဘေးနားကလူတွေကို ခိုင်းစားပြီး လုပ်ချင်ရာ လုပ်နေတတ်လို့ပါ။

"ဒါပေမဲ့ ထားပါတော့၊ ဖြစ်ခဲ့တာတွေလည်း ကြာပြီဆိုတော့ အရင်ကိစ္စတွေကို ကြေအေးပေးလိုက်တော့မယ်။" မက်ဒါနာက ဒီလိုပြောရင်း လမ်းကိုတည့်တည့်ပြန်ကြည့်ရင်း သက်ပြင်းချတယ်။ တင်မီကတော့ ခါတိုင်းလိုပဲ သူပြောတာကြားသွားပြီး လှည့်ကြည့်မိလို့ လမ်းအကွေ့တစ်နေရာမှာ ကားမှောက်သေကုန်တော့မလို ဖြစ်သွားသေးတယ်။

"ရှင်ကျွန်မစကားပြောတာကြားတိုင်း လှည့်ကြည့်ဖို့မလိုပါဘူး။" မက်ဒါနာက ခါတိုင်းလိုပဲ ပိတ်အော်လိုက်တော့ ကားကိုပြန်ထိန်းထားနိုင်ပြီဖြစ်တဲ့ တင်မီဇက်ကလေးပုသွားတယ်။

"ဟုတ်... ဟုတ်ကဲ့။"

သူတို့နှစ်ယောက် နောက်ထပ်နာရီဝက်လောက်အထိ အရှိန်မြန်မြန်မောင်းခဲ့တာမလို့ စားသောက်ဆိုင်နဲ့ဝေးရာကိုရောက်ပြီး အတော်ခရီးပေါက်နေပြီ။ မက်ဒါနာလည်း အစက ရှုခင်းတွေကြည့်နေပေမဲ့ ကြာလာပြီး ငြီးငွေ့လာတဲ့အတွက် အိပ်ပျော်သွားတယ်။ ခနနေတော့ ကားရပ်သွားတဲ့အတွက် ခရီးလမ်းဆုံးရောက်ပြီထင်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ငိုက်နေခဲ့တာကြောင့် ပါးစပ်ကနေ သွားရည်တွေကျနေတယ်ဆိုတာ သတိထားမိသွားတယ်။ ဘေးကိုကြည့်တော့

သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့ တင်မီကိုသတိထားမိသွားရော။

"ရှင်ဘာလို့ အကြာကြီးစိုက်ကြည့်နေတာလဲ။" မက်ဒါနာက ယောက်ျားလေးကနေ မိန်းကလေးဖြစ်လာတာမလို့ ယောက်ျားလေးတွေရဲ့တချို့အကျင့်ဆိုးတွေကို ကိုယ်တိုင်ဆက်ခံထားရပြီး နားလည်ပေးနိုင်ပေမဲ့ ကိုယ်တိုင်စိုက်ကြည့်ခံရတာကျတော့ တစ်မျိုးကြီးပဲလေ။ မိန်းကလေးခန္ဓာကိုယ်နဲ့ရှိနေတာကြာပြီမလို့ ထူးဆန်းတဲ့စိတ်အလွှာလေးတစ်ခု ဖြစ်တည်လာတယ်လို့ ပြောရမလား။

"မင်းလေးက ချစ်ဖို့ကောင်းလို့လေ။" တင်မီ ဒီလိုပြောပြီးမကြာဘူး မက်ဒါနာရဲ့လက်သီးဖွေးဖွေးနုနုလေးက တင်မီ့နှာခေါင်းပေါ်တည့်တည့်ကျသွားရော။

"မသာ... နှာဘူးကောင်၊ ရှင်နဲ့ကားအတူမစီးရဲတော့ဘူး။"

ဒါပေမဲ့ တင်မီက ချက်ချင်းတောင်းပန်လိုက်လို့ မက်ဒါနာလည်း ကားပေါ်ကနေ ဆင်းမယ့်အကြံကို လက်လျှော့လိုက်ရပါတယ်။ သူကားရပ်လိုက်တာကလည်း သူ့အကြောင်းအရင်းနဲ့သူဖြစ်ပုံပါပဲ။

"ကျွန်တော်ကားရပ်လိုက်တာ ရှေ့မှာကားပျက်နေတဲ့ သူတွေကိုတွေ့လို့ပါဗျာ၊ ခင်ဗျားလေးကို တကယ်ကြည့်ချင်လို့မဟုတ်ပါဘူး။ ရှိကြီးခိုးပါရဲ့။"

တင်မီ့စကားကိုမယုံပေမဲ့ လမ်းပေါ်ကိုကြည့်တော့ အတော်ကြီးဟောင်းနွမ်းနေတဲ့ ဘက်စ်ကားစုတ်ကြီးတစ်စင်း လမ်းပေါ်မှာပျက်နေတာတွေ့ရတယ်။ လမ်းဘေးမှာတော့ ခရစ်ယာန်သီလရှင်ကျောင်းကဖြစ်ပုံပေါ်တဲ့ သီလရှင်အိုကြီးတစ်ဒါဇင်လောက် ဆောင့်ကြောင့်လေးတွေထိုင်စောင့်လို့။ ပြီးတော့ နေ့ခင်းပိုင်းရောက်နေပြီမလို့ ကက်သလစ်ဝတ်ရုံကြီးတကားကားနဲ့ ပူကပူ၊ ချွေးတွေကစို။ ရေကလည်းမရှိနဲ့။

ကားဒရိုက်ဘာလည်း တတ်သရွေ့မှတ်သရွေ့ကားပြင်ပေမဲ့ တစ်လမမှကားရွေ့မယ့်ပုံမပေါ်ဘူး။ မက်ဒါနာလည်း သက်ပြင်းချလိုက်တယ်။ ဒုက္ခရောက်နေတဲ့သူတွေကို ဒီတိုင်းပစ်ထားဖို့ မက်ဒါနာရဲ့ဟီးရိုးစိတ်ကလေးက ခွင့်မပြုနိုင်ဘူးဖြစ်နေတယ်။

"သူတို့ကိုကူညီဖို့ ရှင့်မှာဘာအကြံရှိလဲ။" မက်ဒါနာမေးလိုက်တော့ တင်မီက ကားသော့ကိုပစ်ပေးလိုက်ပြီး ပြောလိုက်တယ်။

"ကားနောက်ဖုံးထဲမှာ ရေသန့်တစ်ကတ်ရှိတယ်။ သွားထုတ်လာခဲ့၊ ငါကတော့ ကားသွားကြည့်ပေးမယ်။"

မက်ဒါနာလည်း တင်မီကိုခေါင်းညိတ်ပြပြီး ပြောတဲ့အတိုင်း ရေသန့်ဘူးသွားထုတ်တယ်။ တင်မီကတော့ ကားဆရာဆီပြေးသွားပြီး ကားကိုကူကြည့်ပါတယ်။ မက်ဒါနာကတော့ ရေဘူးတွေကို နောက်ဖုံးထဲကနေ

ထုတ်လာပြီး စစ်စတာအိုကြီးတွေကို ဝေပေးလိုက်တယ်။ သူတို့က ကျေးဇူးတင်တဲ့အနေနဲ့ ဆုတောင်းပေးလိုက်တာမှ စုံနေတာပဲ။ နတ်သမီးလေးဆိုတာက ပါလိုက်သေးတယ်။

နှစ်ဆယ့်တစ်ရာစုအလယ်ထဲဝင်လာပြီး ခေတ်အရ ကမ္ဘာမှာ ဘာသာမဲ့တွေတစ်နေ့တခြားပိုများလာခဲ့ပေမဲ့ အခုလိုမျိုး ဘာသာတရားကို ရိုသေကိုင်းရှိုင်းသူတွေလည်း ရှိနေဆဲပါ။ မက်ဒါနာကိုယ်တိုင်က တိကျတဲ့ ဘာသာတရားကိုးကွယ်ကိုင်းရှိုင်းမှုမျိုးမရှိပေမဲ့ သူတို့ဆုတောင်းပေးတာကို လက်ခံလိုက်ပြီး ပြန်ပြုံးပြလိုက်တယ်။

"အခြေအနေဘယ်လိုရှိလဲ။" ရေဘူးဝေပြီးတဲ့နောက် မက်ဒါနာက တင်မီတို့ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။ တင်မီရော ကားဒရိုက်ဘာကြီးရော အခုဆိုရင် ကားဘောနပ်ဖုံးကိုဖွင့်ပြီး ရှေ့မှာကြောင်ကြောင်ကြီးတွေရပ်နေကြတယ်။ မက်ဒါနာလည်း စိတ်မရှည်တာနဲ့ ကိုယ်တိုင်သွားကြည့်တော့ ဒါရိုက်ဘာကြီးက အခုလိုပြောရှာတယ်။

"ဆယ်ဗီးလေးက ၁၉၆၇ကတည်းက တာဝန်ထမ်းဆောင်လာတဲ့ GMC ဂန္တဝင်ကားဆိုပေမဲ့ အသက်က ကြီးပြီဆိုတော့ ခုနောက်ပိုင်း အစိတ်အပိုင်းတွေ တစ်ခုပြီးတစ်ခုပျက်နေတာလေ။ ပြီးတော့ မော်တာကြိုးပြတ်သွားတာဆိုတော့ ကြိုးအပိုမပါလာတာနဲ့ မြို့အထိ သွားဝယ်ရမယ်နဲ့တူတယ်။"

ကားဒရိုက်ဘာကြီးက နယ်မှာသုံးတဲ့ ဘက်စကားအစုတ်ကြီးကို ဂန္တဝင်ကားလိုလိုဘာလိုလိုနဲ့ နှပ်ချနေတာကြောင့် တင်မီနှာခေါင်းရှုံ့လိုက်တယ်။ သူကလည်း နောက်တိုး အခက်အခဲနောက်တစ်ခုကို ထပ်ရှင်းပြတယ်။

"သူတို့ကားမှာ လူတစ်ဒါဇင်လောက်ပါတာဆိုတော့ ငါတို့ကားလေးနဲ့ မြို့အရောက်ဆွဲပေးဖို့မဖြစ်နိုင်ဘူး။ ငါ့ကားအင်ဂျင်သေသွားလိမ့်မယ်။"

မက်ဒါနာကတော့ သူတို့ပြောစကားတွေကို ဂရုမစိုက်ဘဲ ဘေးမှာချထားတဲ့ မော်တာကြိုးပြတ်ကိုသာ ကောက်လိုက်ပါတယ်။ "ဒါက ပြတ်သွားတဲ့ကြိုးလား။" မက်ဒါနာ့အမေးကို ကားသမားနဲ့တင်မီခေါင်းညိတ်ပြတယ်။ မက်ဒါနာက ကားပေါ်ကိုတစ်ချက်ဝေ့ကြည့်ပြီး မေးလိုက်ပါတယ်။

"မီးခြစ်တို့ ပလက်စတစ်တို့ရှိလား။" မက်ဒါနာ ဘာလုပ်မလို့မှန်းမသိပေမဲ့ ကားဆရာက လိုအပ်တာတွေအကုန်လုံးကို ထုတ်ပေးလိုက်တယ်။ ဂျာမန်လုပ်ဂက်စ်မီးခြစ်အကောင်းစားရယ် ပလက်စတစ်ရေသန့်ဘူးခွံတစ်လုံးရယ်မော့။

နောက်တော့ မက်ဒါနာက သူတို့ရှေ့မှာတင် ဂက်စ်မီးခြစ်နဲ့ ရေသန့်ဘူးကို မီးတင်ရှို့ပြီး ကော်ရည်ကြိုတော့တာပဲ။ ဒါရိုက်ဘာကတော့ မျက်လုံးပြူးနေပါပြီ။

"ကောင်မလေး အလုပ်ဖြစ်မယ်မထင်ဘူးနော်။ အဲဒါနဲ့ မော်တာကြိုးကို ကပ်လို့ရရင်တောင် အင်ဂျင်ရုန်းတာနဲ့ အကုန်ပြုတ်ထွက်ကုန်မှာလေ။"

"လျှာမရှည်ဘဲ သံနန်းကြိုးတစ်ခုပါရှာလာခဲ့။ ကျွန်မ အဲဒါတွေသိတယ်။"

"ဟုတ်... ဟုတ်...."

နောက်တော့ မက်ဒါနာက ပလက်စတစ်နဲ့မော်တာကြိုးနဲ့ပြန်ဆပ်လိုက်ပြီး သံနန်းကြိုးနဲ့စိတ်ချရအောင် တွဲလိုက်တယ်။ နောက်တော့ ကားအင်ဂျင်မှာခက်ခက်ခဲခဲ ပြန်တပ်ပေးလိုက်ရင်း နဖူးပေါ်က ကျနေတဲ့ ချွေးစက်လေးတွေကို လက်ခုံနဲ့သုတ်ကာ တင်မီနဲ့ကားဒရိုက်ဘာကို လှည့်ကြည့်လိုက်ပါတယ်။

"ဟူး... ခနပဲရမှာဆိုပေမဲ့ အနီးဆုံးမြို့ပေါ်တော့ရောက်လောက်ပါတယ်။"

ဟိုနှစ်ယောက်ကတော့ ချွေးတွေစိုရွဲပြီး ချစ်စရာတအားကောင်းနေတဲ့ ကောင်းဘွိုင်မလေးကိုကြည့်ပြီး တအံ့တဩနဲ့ဖြစ်နေကြပါတယ်။ မက်ဒါနာလည်း ဒေါသထွက်လာပြီး နှုတ်ခမ်းဆူလိုက်တယ်။

"ရှင်တို့ဘာကြည့်နေတာလဲ၊ ခရီးဆက်ကြမယ်လေ။"

နောက်တော့ မက်ဒါနာနဲ့တင်မီတို့ အမိုးဖွင့်ကားပေါ်ပြန်ရောက်နေကြပြီ။ သူတို့ရှေ့ကကား အဆင်ပြေပြေနဲ့ စက်နှိုးလို့ရသွားပြီး စရွေ့တော့မှ တင်မီစိတ်ချလက်ချနဲ့ မက်ဒါနာကို လှည့်မေးလိုက်ပါတယ်။

"ငါ့ကားရော မော်တာကြိုးပြတ်တာတို့ဘာတို့နဲ့ကြုံရင် အဲဒီနည်းသုံးလို့အဆင်ပြေလား။"

မက်ဒါနာက အဲဒီအမေးကြောင့် တင်မီကို ငတုံးလားဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ အဖြေမပေးဘဲ ရေငုံနှုတ်ပိတ်နေလိုက်တယ်။ သူက နည်းပညာမြူတန့်မလို့ အဲဒီနည်းလမ်းက မှော်ဆန်စွာနဲ့အလုပ်ဖြစ်တာဖြစ်ပြီး သာမန်လူတစ်ယောက် ကြိုးစားကြည့်ရင်တော့ မီးခြစ်ကြောင့် လက်အပူလောင်သွားနိုင်တာကလွဲလို့ ဘာကောင်းကျိုးမှမရှိဘူး။

ဘူး....

အနား​က ကားတစ်စီးဖြတ်သွားသံကြားလို့ လမ်းတစ်ဖက်ကိုကြည့်လိုက်တော့ ဓာတ်ပုံဆရာမိသားစုရဲ့ကားဖြစ်နေတာကို မက်ဒါနာတွေ့လိုက်ရတယ်။ ကြည့်ရတာ သူတို့ကားပျက်နေတာကိုပြင်ပေးဖို့ အချိန်အတော်သုံးလိုက်ရပုံပဲ။

ကျွီ...

တင်မီက ကားလီဘာကိုနင်းလိုက်တယ်။ သူ့ရုပ်က ဓာတ်ပုံဆရာကို ပြိုင်ဖိုက်ပြီးမောင်းချင်ပုံရပေမဲ့ ဘေးခုံက စိတ်ဆိုးနေတဲ့အလှလေးကြောင့် အဲဒီလို လုပ်ရဲတဲ့ပုံမရဘူး။ မက်ဒါနာကတော့ ကားပေါ်မှာ အိပ်မပျော်သွားအောင် ဂရုစိုက်ရင်း ပတ်ဝန်းကျင်ကိုသာ စူးစမ်းနေလိုက်ပါတယ်။ ချက်ကျောင်းကြားက မကြာခင်မှာပဲ တခြားလမ်းသွယ်တစ်ခုစီ ထိုးဝင်သွားပြီး မက်ဒါနာတို့ကတော့ ရှေ့ဆက်မောင်းကြတယ်။

မကြာခင်မှာပဲ ဝီလီယံစပေါ့မြို့ဆိုင်းဘုတ်ကိုမြင်ရပြီဖြစ်ပေမဲ့ တင်မီက ကားကိုနောက်တစ်ခါထိုးရပ်ပြန်တယ်။ ဘာလို့ရပ်တာလဲဆိုပြီး ရှေ့ကြည့်လိုက်မိတော့....

ပဲဟဲဟဲ....

အမွှေးထူသိုးအုပ်ကြီးက သူတို့ရှေ့ကနေ ဖြတ်သွားနေလို့ပါ။ ကားလမ်းပိတ်နေပြီး ဖြတ်မောင်းလို့ရမယ့်ပုံလည်းမပေါ်ဘူး။ အတော်ကြာမှ အကောင်ရေရာချီတဲ့ သိုးကောင်အုပ်ကြီး လမ်းကူးလို့ပြီးသွားပေမဲ့ တင်မီကတော့ သိုးအုပ်အဝေးရောက်သွားတဲ့အထိ အမျိုးတွေကိုနှုတ်ဆက်သလိုမျိုး လှမ်းလက်ပြနေသေးတယ်။ မက်ဒါနာကတော့ တင်မီကို ကြည့်ရင်းကြည့်ရင်း အစောပိုင်းက အကောင်းမြင်ထားတာတွေပါ ပြန်ပျောက်ချင်လာတယ်။

'ဒီကောင်က စိတ်ထားလေးမဆိုးပေမဲ့ သောက်ကျင့်တစ်စက်မှမကောင်းတဲ့အပြင် ဦးနောက်ပါပျက်နေသေးတယ်။' ဒါကတော့ မက်ဒါနာရဲ့နောက်ဆုံးပေါ် တင်မီအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ တင်မီကားပြန်မောင်းဖို့ စိတ်ကူးရတော့ နောက်ကားတစ်စီးက သူတို့ကို ကျော်တက်သွားပြီ။ ကလေးတွေရဲ့ဘန်ကားပါ။ မက်ဒါနာက သည်းမခံနိုင်တော့ဘဲ တင်မီကို မျက်ဖြူလှန်ပြလိုက်တယ်။

....

"အဖိုးရေ၊ ကျွန်တော်ပြန်ရောက်ပြီဗျ။"

နောက်တစ်ခါ တင်မီက သရဲကားတွေထဲက အိမ်ကြီးနဲ့တူတဲ့ သစ်သားစံအိမ်ကြီးရှေ့မှာရပ်လိုက်ပြီး အော်ပြေးသွားတယ်။ မက်ဒါနာကတော့ ကားပေါ်ကနေ ဆင်းလိုက်ပြီး အညောင်းအညာဖြေတယ်။ စိတ်ထဲတော့ တင်မီကို အတော်လေးကျိန်ဆဲလိုက်မိသေးတယ်။

"တော်သေးတယ်၊ မြို့ထဲရောက်ပေလို့ပဲ။ တော်တော်

သဝေထိုးတဲ့ကောင်။"

ဒါပေမဲ့ ကားနားကခွာပြီး နေစရာမရှာခင် တင်မီရဲ့ပွင့်နေတဲ့ ကားဒက်ချ်ဘုတ်ထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို ရှာတွေ့သွားတယ်။ ရွှေရောင်စာလုံးနဲ့ 'နယူးယောက်စိတ်ရောဂါကုဆေးရုံ' ဆိုပြီးရေးထားတယ်။ မက်ဒါနာလည်း စိတ်ဝင်စားတာနဲ့ ယူပြီး ဘောင်းဘီအိတ်ထဲ ထည့်လိုက်တယ်။

နောက်တော့ တင်မီကိုနှုတ်ဆက်လိုက်ပြီး မြို့ထဲကို တစ်ပတ်ပတ်ကြည့်တယ်။ အဓိကက တည်းခိုခန်းရှာတာပါ။ သေချာမေးကြည့်တော့ မြို့လေးမှာ လက်ရှိဖွင့်နေတဲ့ တည်းခိုခန်းဆိုလို့ တစ်ခုပဲရှိတော့တာဖြစ်ပြီး မက်ဒါနာသွားကြည့်တော့ တည်းခိုခန်းမှာ အီဗန်တို့အုပ်စုရှိနေနှင့်ပြီ။

"တည်းခိုခန်းတစ်ခုတည်းမှာတည်းဖို့က ကောင်းတဲ့အကြံလို့မထင်ဘူး။" မက်ဒါနာက မှတ်ချက်ချလိုက်ပြီး နောက်ပြန်လှည့်လိုက်တယ်။ သူက ကလေးတွေကို လျှို့ဝှက်ကာကွယ်ပေးဖို့လိုက်လာတာဖြစ်ပြီး ကလေးတွေသူရှိနေမှန်း မသိစေချင်ပါဘူး။ အထူးသဖြင့် အကင်းပါးတဲ့နျူရေက သိပ်မကြာခင်မှာပဲ သူ့ကိုကျောင်းအုပ်မမလေးမှန်း သိသွားနိုင်တယ်လေ။

"အသိကလည်းမရှိဘူးဆိုတော့ တင်မီကို အကူအညီတောင်းရမယ့်ပုံပဲ။" မက်ဒါနာက သက်ပြင်းချလိုက်ပြီး တင်မီရဲ့သစ်သားအိမ်ကြီးဆီကို ပြန်သွားတယ်။ နောက်တော့ သစ်သားခြံဝန်းတံခါးကြီးမှာတပ်ထားတဲ့ ခေါင်းလောင်းကို သေချာ ဂရုမစိုက်ဘဲ တီးလိုက်တယ်။

ကလောင်... ဘွမ်း....

"အောင်မလေး...."

ရေပုပ်တွေအပြည့်နဲ့ သံရေပုန်းကြီးက ခြံဝန်းတံခါးပေါ်ကနေ ပြုတ်ကျလာပြီး မက်ဒါနာတစ်ကိုယ်လုံး ရွဲရွဲစိုသွားတော့တယ်။ ရေကလည်းစို၊ ပင်လည်းပင်ပန်း၊ နံကလည်းနံဆိုတော့ မက်ဒါနာဒေါသတွေထွက်ပြီး အကျယ်ကြီးအော်လိုက်မိတော့တာပဲ။

"တင်မီ....."

မကြာဘူး နှစ်လုံးပြူးရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ အဖိုးကြီးနဲ့ တင်မီတို့အိမ်ထဲကနေ ပြေးထွက်လာကြတယ်။ အဖိုးကြီးက မက်ဒါနာကို သေနတ်နဲ့ပစ်မယ်လုပ်ပေမဲ့ မက်ဒါနာမှန်းတင်မီမှတ်မိသွားပြီး သူ့အဖိုးကို ဖမ်းဆွဲထားလိုက်ရတယ်။

"မစ်ပေါ်လီယာနာ ဘယ်လိုဖြစ်လာတာလဲ။"

"တည်းခိုခန်းမှာ ဘိုကင်ပြည့်သွားလို့တဲ့၊ ငါ့မှာဒေသခံအသိမရှိတာနဲ့ နင့်ကိုအကူအညီတောင်းဖို့လာရာကနေ ထောင်ချောက်မိသွားတော့တာပဲ။"

...

တစ်အောင့်လောက်နေတော့ မက်ဒါနာ သစ်သားအိမ်အိုကြီးက ရေချိုးခန်းထဲရောက်နေပြီဖြစ်ပြီး စိတ်ညစ်ညစ်နဲ့ ရေချိုးနေရတယ်။ တစ်ချိန်တည်းမှာပဲ ရေစိုထားတဲ့ အဝတ်အစားတွေထဲက ဆေးစာအုပ်လေး ကို နှိုက်ထုတ်လိုက်တယ်။ ရေစိုလို့မင်တွေစွန်းနေပေမဲ့ စာအုပ်ပိုင်ရှင်နာမည်ကိုတော့ ဖတ်လို့ရနေသေးပြီး တင်မီ ဂရီဂိုရီလို့ရေးထားလို့ မက်ဒါနာအံ့ဩသွားပါတယ်။

"ဒါဖြင့်၊ စာအုပ်က သူ့စာအုပ်အစစ်ပေါ့။" မက်ဒါနာ တိုးတိုးလေးပြောလိုက်မိတယ်။ သူ့သူငယ်ချင်းက နည်းနည်းရူးကြောင်ကြောင်နိုင်ပေမဲ့ တကယ်ပဲ စိတ်ရောဂါခံစားနေရတဲ့ လူတစ်ယောက်ဖြစ်မှန်း သတိမထားခဲ့မိဘူး။ သူ့နှလုံးသားက နည်းနည်းလေးတုန်လှုပ်သွားတယ်။

"မြေးမလေးရေ၊ ရေစိုထားတာဆိုတော့ ရေအကြာကြီးစိမ်လို့မကောင်းဘူးနော်။ အဖိုးချောကလက်ပူပူလေးဖျော်ပေးထားတယ်။ မြန်မြန်ထွက်လာပြီး သောက်လိုက်။"

"ဟုတ်..."

မက်ဒါနာလည်း ညစ်ပေနေတဲ့ အဝတ်အစားတွေကို ရေလောင်းချလိုက်ပြီး ရေချိုးခန်းသုံးပဝါနဲ့ကိုယ်ကိုစင်အောင်သုတ်ပြီး ပြန်ထွက်ခါနီးမှ ခေါင်းထဲမှာ အစကတည်းက တွေးခဲ့သင့်တဲ့အတွေးကို တွေးမိသွားပါတယ်။

"သေစမ်း၊ ငါအဝတ်သေတ္တာကြီး မေ့ကျန်ခဲ့ပြီ။" မက်ဒါနာက သူ့ခေါင်းသူ လက်သေးသေးလေးနဲ့ခေါက်ပြီး ငိုချင်စိတ်ပေါက်လာတယ်။

"သခင်မလေးရေ၊ အဝတ်အစားတွေ ယူသွားဖို့မမေ့နဲ့ဦးနော်။" မနက်စာစာနေတုန်းတော့ အေမီသူ့ပန်းကန်ထဲ အီတလီခေါက်ဆွဲထပ်ဖြည့်ပေးနေရင်း သတိပေးပေမဲ့ အစားမက်နေတာနဲ့ ဂရုမစိုက်မိဘူး။ နောက်တော့ ဝတ်စုံကောက်ဝတ်မိပြီး ဟီးရိုးစိတ်ဝင်သွားနဲ့ ခရီးရှည်ထွက်ဖို့ အဝတ်အစားယူသွားသင့်တယ်ဆိုတာ မေ့သွားတော့တာ။

"အဖိုးရှိနေသေးလား...." မက်ဒါနာက အရဲစွန်ပြီး မေးလိုက်တယ်။ ကံကောင်းတာက သိပ်မဝေးတဲ့ နေရာကနေ တင်မီ့အဖိုးအသံကို ကြားရတယ်။ "အင်း၊ မြေးမလေး။ ဘာဖြစ်လို့လဲ။"

"ဟိုလေ၊ သမီးလောလော လောလောနဲ့ထွက်လာမိလို့ အဝတ်ပိုပါမလာဘူး။"

"......" အဖိုးကြီးအသံက တစ်ခနလောက်တိတ်သွားပေမဲ့ ခနနေတော့ အော်သံကျယ်ကြီးထွက်လာလေရဲ့။ "ဟေ့ကောင်တင်မီ၊ ဒီကိုလာခဲ့စမ်းပါဦး။"

....

နှစ်မိနစ်သုံးမိနစ်လောက်ကြာတော့ မက်ဒါနာတစ်ယောက် တင်မီရဲ့တီရှပ်အင်္ကျီရှည်ကြီးကိုဝတ်ထားရင်း လက်ထဲမှာ ချောကလက်ပူပူတစ်ခွက်ကိုကိုင်လို့ သစ်သားခုံပေါ်မှာ ကျုံကျုံလေးထိုင်နေမိတယ်။ တင်မီ့အဖိုးကတော့ ခုထိသူ့ကို စူးစမ်းလေ့လာနေတုန်းပဲ။

တင်မီကတော့ အနားကအဝတ်အစားဆိုင်ကို မက်ဒါနာကိုယ်စား အပြေးသွားနေရပြီ။

"မြေးမလေးနာမည် ဘယ်လိုခေါ်လဲ။"

"ပေါ်လီယာနာပါရှင့်။" တင်မီ့အဖိုးက ဘာသဘောနဲ့မေးတာမှန်းမသိပေမဲ့ ယဥ်ကျေးမှုအရ မက်ဒါနာက ပြန်ဖြေလိုက်ပါတယ်။ တင်မီရဲ့အဖိုးက ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူပြန်မိတ်ဆက်တယ်။

"အဖိုးက ဖရန့်ကလင် ဂရီဂိုရီပါ။ အာဖရကန်ကို နောက်ဆုံးပို့ခဲ့တဲ့ စစ်သားတွေထဲက တစ်ယောက်ဆိုပါတော့။" တစ်နည်းအားဖြင့် အဖိုးဖရန့်ကလင်က စစ်ပြန်တစ်ယောက်ပါ။ မက်ဒါနာက ချောကလက် ရည်ပူပူလေးကို တစ်ငုံငုံသောက်ရင်း အဖိုးဖရန့်ကလင်ပြောတာတွေကို တိတ်တိတ်လေး နားထောင်နေမိတယ်။

"အခုအဖိုးတို့နယ်မှာ ဟိုလိုဒီလိုသတင်းတွေကြားနေရလို့ ထောင်ချောက်ဆင်ထားတာဆိုပေမဲ့ ယုန်ထောင်ကြောင်မိဖြစ်သွားတဲ့အတွက် သမီးကိုတောင်းပန်ပါတယ်။"

"အဖိုးတို့မိသားစုက အမေရိကန်လွတ်လပ်ရေးစစ်ပွဲကတည်းက နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ခဲ့တာလေ။ ဆွေဂုဏ်မျိုးဂုဏ်ရှိတဲ့ တာဝန်သိအမေရိကန်ပြည်သူတွေဆိုပါတော့။ ဒါပေမဲ့ တင်မီရဲ့အဖေက သိပ်ဖြစ်ဖြစ်မြောက်မြောက်မရှိဘူး။ ဟိုကောင်လေးအားဂို့စ်နဲ့ကွာပါ။ သူက ရှေ့နေဟီးရိုးလေ။"

မက်ဒါနာက အဖိုးကြီးပြောတဲ့သူကို တဖြည်းဖြည်းသဘောပေါက်လာပြီး ပြောလိုက်တယ်။ "ရှေ့နေဟီးရိုးMr.justiceလား။ သမီးသူ့ကိုသိတယ်၊ နယူးယောက်က ရာဇဝတ်ဂိုဏ်းချုပ်တစ်ယောက်လုပ်ကြံတာ ခံလိုက်ရတဲ့သူလေ။"

အဖိုးကြီးက ဒီစကားကြောင့် ဝမ်းနည်းပြီးမျက်နှာက ညိုးကျသွားတယ်။ မက်ဒါနာသိထားသလောက် အဲဒီရှေ့နေဟီးရိုးက လင်ဒါရဲ့အဖေပါ။ လင်ဒါရဲတစ်ယောက်ဖြစ်လာပြီး အလွန်အကျူးဥပဒေထိန်းသိမ်းတဲ့သူဖြစ်လာတာလည်း အဲဒါကြောင့်ပါ။

"အင်း၊ သူ့သမီးလေးက သူ့အဖေရဲ့မပြီးသေးတဲ့တာဝန်တွေကို ဆက်ထမ်းဆောင်မယ်ဆိုပြီး နယူးယောက်မှာ ရဲအရာရှိလုပ်နေလေရဲ့။ ဟိုကောင်တင်မီနဲ့ကွာပါ့။ သူနဲ့မြေးမလေးကို မိတ်ဆက်ပေးရဦးမှာ၊ သမီးယောင်းမဖြစ်လာမှာဆိုတော့။

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ တင်မီက သူ့ဝမ်းကွဲအစ်မလင်ဒါနဲ့ယှဥ်ရင် ဆန်ကုန်မြေလေးနီးပါးဖြစ်နေတာ။ ဒါပေမဲ့ စဥ်းစားနေရင်း အဖိုးဖရန့်ကလင်ရဲ့စကားက ထူးဆန်းနေမှန်း သတိထားမိသွားပြီး အဖိုးမျက်နှာကို တအံ့တဩကြည့်လိုက်တယ်။

'နေပါဦး၊ လင်ဒါကို ငါ့ယောင်းမလို့ သူပြောလိုက်တာလား။' မက်ဒါနာ အံ့ဩလွန်းလို့ စကားမပြောနိုင်ဖြစ်နေတုန်း အဖိုးအိုက စကားဆက်လိုက်ပါတယ်။

"ငါ့တူအငယ်ဆုံးကတော့ ငါ့ကိုတိုင်တယ်။ မိန်းမတွေပွေရှုပ်နေပါတယ်ဆိုတဲ့ တင်မီဆိုတဲ့ကောင် ခုနှစ်ပိုင်း ကောင်မလေးတစ်ယောက်ကိုပဲ ရူးမတပ်တမ်းတမ်းစွဲနေတာတဲ့။ အဲဒါသမီးဖြစ်နေမယ်လို့မထင်ခဲ့မိဘူး။ ခု သူတကယ်ချစ်တဲ့သူကို အိမ်အထိခေါ်လာပြီဆိုမှတော့ အဖိုးစိတ်ချလက်ချ မျက်စိမှိတ်လို့ရပါပြီ။"

ဖူး....

မက်ဒါနာ ချောကလက်တွေကို ထွေးထုတ်လိုက်မိလို့ ကြမ်းပြင်တစ်ခုလုံးပေပွကုန်တယ်။ "ဆောရီး၊ သမီးသီးသွားလို့ပါ။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ အဝတ်စုတ်နဲ့ ပေကျံနေတဲ့ ချောကလက်တွေကိုသုတ်ပေးပြီးနောက် သူ့အတွက်ပေးထားတဲ့ အခန်းဆီကို တစ်ခါတည်းပြေးဝင်သွားတယ်။ ဒါပေါ့၊ မက်ဒါနာရဲ့ပါး​ပြင်ကတော့ အသားကင်လို့ရအောင် ပူနေပြီ။

"ဘုရားရေ၊ ဖိုးဖိုးဂရီဂိုရီက ငါ့ကို သူ့မြေးချွေးမလေးထင်နေတာပဲ။ ပြီးတော့ တင်မီနဲ့ငါတဲ့။ လင်ဒါနဲ့ဆိုတော်သေးတယ်..." ပြီးတော့ တစ်ချိန်လုံး သူဝှက်သယ်လာတဲ့ တင်မီရဲ့ဆေးမှတ်တမ်းကို ထုတ်ကြည့်လိုက်မိတယ်။ လက်ရှိသူ့ပြဿနာကို ဖြေရှင်းဖို့ ဒါက အသုံးဝင်ရင်ဝင်နေမှာလေ။

All Chapters