← Chapters

မဟာ ပုရောဟိတ်

Vol. 44 Ch. 603

မဟာ ပုရောဟိတ်

Vol. 44 Ch. 603

“...”

လင်းရှန်းရှဲ့၏ အဆုံးမရှိ၊ အစမရှိ အဖြေစကားက လင်းမင်နှင့် ပိုင်ယုရှီ နှစ်ယောက်စလုံးကို နားမလည် ဖြစ်သွားစေ၏။ စီနီယာ အမလင်းက မည်သည့် အရာကို လက်ခံလိုက်သနည်း။

ဟူး... ဟူး...

ရုတ်ချည်းပင် ဟင်းလင်းပြင် သင်္ဘောကို တားဆီးထားသည့် အင်အားမှာ ပျောက်ကွယ် သွား၏။ တစ်စုံတစ်ခုကို ရိပ်မိသွားသည့် အလား လင်းရှန်းရှဲ့၏ မျက်လုံးများက တောက်ပသွားသည်။ သူမက အပြုံးမပျက်ပင် ဦးတစ်ချက် ညွှတ်လိုက်ကာ ဝင်္ကပါများကို ထိန်းချုပ်လိုက်သည်။ ထို့နောက် သူမက ဟင်းလင်းပြင် သင်္ဘောကို ခပ်မြန်မြန်ပင် ဂငယ်ကွေ့ ပြန်ကွေ့လိုက်၏။

ထိုအခိုက်အတန့်တွင်ပင် ရှေးဟောင်းအသံက နောက်တစ်ကြိမ် ပျံ့လွင့်လာသည်။ ၎င်းက သိသိသာသာပင် ရွှင်မြူးနေကာ လှောင်ပြောင်မှု အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။

“နင် ရှာနေတဲ့ ကောင်လေးကို ရှာတွေ့မှာ မဟုတ်ဘူး... နောက်ပြီဂ သူက ဒီမဟာ စက်ဝန်း ကြယ်တာရာ နယ်မြေမှာ ရှိမနေဘူး... ပြီးတော့ ဒီစီးပွားရေး သမား အဘိုးကြီးကလည်း မင်းတို့လိုပဲ မသဲမကွဲ ဖြစ်နေတာလေ... ဟားဟားဟား...”

လင်းရှန်းရှဲ့၏ အသက်ရှူသံများမှာ တစ်ခဏမျှ ရပ်တန့်သွား၏။ သူမ၏ အမူအရာက ပြင်းထန်စွာပင် ဖြူရော်သွားကာ ဒေါသမီးတောက်များက စတင် လောင်ကြွမ်းလာသည်။ နောက်သို့ ပြန်လှည့် ကြည့်လိုက်မိသော အခိုက်၌ သူမ၏ မျက်ခုံးနှစ်ခုမှာ ထိစပ်သည် အထိ ကျုံ့ဝင်သွား၏။

“လူယုတ်မာ...”

သူမက အမှောင် ဟင်းလင်းပြင်ကို စိုက်ကြည့်ရင်း အံကြိတ်ကာ ရေရွတ်လိုက်သည်။ သို့‌သော်လည်း သူမ ပြန်လည် ရရှိလိုက်သည်ကတော့ အထင်သေးသည့် နှာခေါင်းရှုံ့သံသာ ဖြစ်သည်။

“လေးစားမှု ရှိစမ်း ကလေး... နင်က ရှန့်ထိုလေး ဖြစ်ချင် ဖြစ်လိမ့်မယ်... ဒါပေမဲ့ ငါ့ရဲ့ ရှန့်ထိုလေးတော့ မဟုတ်ဘူး... နင့်ရဲ့ အဆင့်က ဒီနေရာမှာ ဘာမရှိဘူး... လွှမ်းမိုးမှုလား... ဝေးသေး... နင့်လို သောက်ကလေးကို လက်ခံ စကားပြောတာနဲ့တင် ငါ့ပါးစပ် အတာ် သနနေပြီ”

လင်းမင်မှာ စကားလုံး တစ်ခုချင်းစီကို ကြားနေရရာ စီနီယာ အမလင်း၏ အမူအရာမှာလည်း တဖြည်းဖြည်း ဖြူရော် လာနေသည်ကို တွေ့မြင်လိုက်ရ၏။ သူ အံကို တင်းတင်းကြိတ်လိုက်ရင်း မူလ လှံတံကို ဆုပ်ကိုင်ကာ လင်းရှန်းရှဲ့၏ ရှေ့၌ ကာကွယ်လိုက်သည်။ ထို့နောက် သူ၏ လှံထိပ်ဖျားကို အသံလာရာ အမှောင်ထုထဲသို့ ထိုးချိန်လိုက်ရင်း...

“စီနီယာ အမလင်းကို စော်ကားဖို့ ဘယ်သူက ခင်ဗျားကို ခွင့်ပြုလို့လဲ”

ရင်ဆိုင်နေရသည့် ရန်သူက အလွန် ကြောက်မက်ဖွယ် ကောင်းကြောင်း လင်းမင် သဘောပေါက်သည့်တိုင် စီနီယာ အမလင်းကိုတော့ ဘယ်နည်းနှင့်မှ သူ စော်ကားခွင့် မပြုနိုင်ချေ။ လင်းရှန်းရှဲ့မှာ သူ့ထက် ကျင့်ကြံခြင်း အဆင့် ပိုမြင့်သည့်တိုင် သူက ယောက်ျား ဖြစ်သည်။ ယောက်ျား တစ်ယောက် အနေဖြင့် သူ တန်ဖိုးထားသည့် မိန်းမ ရှေ့တွင် ရပ်တန့်ရမည်က သဘာဝ ဖြစ်သည်။

“ရွေးချယ်ခံ အတုလေးက အရူးမ အတွက် စကားပြောပေးတယ်ပေါ့ ဟုတ်လား... မင်းရဲ့ သတ္တိက သမုဒ္ဒရာထဲမှာ ယက်ကန်နေရတဲ့ ပုရွက်ဆိတ်လေးနဲ့ ဘာထူးလို့လဲ... ငါ့အတွက်တော့ မင်းက အခြားလူတွေရဲ့ စွန့်လွှတ် အနစ်နာခံရမှုကို အားကိုးနေရတဲ့ ကပ်ပါးကောင် တစ်ကောင်ပဲ”

“ဒီမယ် ကလေးမ... နင်ရှာနေတဲ့ လူက သူ မဟုတ်ဘူး... ကျန်တဲ့ တစ်ယောက်ပဲ... သူနဲ့ အတူရှိရင် နင့် ဘဝ တစ်လျှောက်လုံး အကောင်းဆုံး အရာတွေကို ရလိမ့်မယ်... တစ်လောကလုံးကို အောင်မြင်နိုင်လိမ့်မယ်... မြဲမြဲမှတ်ထား... ဒီကပ်ပါးကောင်က နင့်ရဲ့ သွေးကို စုပ်ပြီး အမြင့်ကို တက်လှမ်းရုံက လွဲလို့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး”

ရှေးဟောင်း အသံပိုင်ရှင်၏ စကားလုံး တစ်ခုချင်းစီက ရှင်းလင်း ပြတ်သားစွာဖြင့် လင်းမင်၏ မာနကို ပြင်းထန်စွာပင် ရိုက်ချိုးပစ်နေခဲ့၏။ လင်းမင်မှာ လှံကို တင်းတင်း ဆုပ်ကိုင်ထားလေရာ သူ၏ လက်ဆစ်များပင် ဖြူရော် နေခဲ့ပြီ ဖြစ်သည်။ သူက ပြင်းထန်သော ဆုံးဖြတ်ချက်နှင့် အတူ အမှောင် ဟင်းလင်းပြင်ကို စူးစိုက်ကြည့်လိုက်၏။

“ခင်ဗျား ဘယ်သူလဲ ဆိုတာ ကျုပ် ဂရုမစိုက်သလို ခင်ဗျား ဘယ်လောက် အစွမ်းထက်တယ် ဆိုတာလည်း ကျုပ် စိတ်မဝင်စားဘူး... ရွေးချယ်ခံ အတု... ကပ်ပါးကောင်... အဲဒီ စကားတွေကို ခင်ဗျား မှတ်ထား... နောင်တစ်ချိန်မှာ ခင်ဗျား အမြင်က ဘယ်လောက်ကန်းနေလဲ ဆိုတာ ကျုပ် သက်သေပြမယ်”

လင်းမင်၏ စကားလုံး တစ်ခုချင်းစီက ကြည်လင် ပြတ်သားနေကာ ပြင်းထန်‌သော ယုံကြည်မှုနှင့် မယိမ်းယိုင်သော သဓိဋ္ဌာန်များများဖြင့် ပြည့်နှက်နေ၏။

လင်းရှန်းရှဲ့နှင့် ပိုင်ယုရှီတို့မှာ ရှေးဟောင်း အသံပိုင်ရှင်ကိုပင် မ‌ကြောက်မရွံ့ ပြန်လည် စိန်ခေါ်ရဲသည့် လင်းမင်ကို အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်မိသည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုအခိုက်၌ ကောင်းကင် တားဆီးနေလျှင်ပင် လင်းမင် ဖယ်ရှားနိုင်လိမ့်မည်ဟု သူမတို့ ယုံကြည်လာမိသည်။ ဝေ့ဝူယင်၊ နတ်ဘုရားများ၊ မိစ္ဆာများနှင့် နတ်ဆိုးများ ပင်လျှင် သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။

လင်းမင်၏ ပြင်းထန်သော စကားကြောင့် ရှေးဟောင်း အသံပိုင်ရှင် ပင်လျှင် တစ်ခဏမျှ တိတ်ဆိတ်သွား၏။ အတန်ကြာပြီး နောက်မှ သူက ဖြည်းညင်းစွာပင် သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်လေသည်။

“အဲဒီလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်”

...

လင်းရှန်းရှဲ့၏ ထိန်းချုပ်မှုနှင့် အတူ ဟင်းလင်းပြင် သင်္ဘောမှာ နောက်သို့ ဂငယ်ကွေ့ ပြန်လှည့်ကာ အဆုံးမဲ့ အမှောင်ထု အတွင်း တဖြည်းဖြည်း တိုးဝင်သွားခဲ့ပြီ ဖြစ်လေသည်။

သင်္ဘော အတွင်းတွင်တော့ လင်းမင်မှာ လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ရပ်နေဆဲ ဖြစ်၏။ ရှေးဟောင်း အသံပိုင်ရှင်၏ စကားများကို ပြန်လည် ကြားယောင်ရင်း သူ၏ မီးခိုးရောင် မျက်လုံးများက ပြင်းထန်သော ခံစားချက်များနှင့် ပြည့်နှက်နေ၏။

“ကျန်တဲ့ တစ်ယောက် ဟုတ်လား...ဟမ့်...”

လင်းမင် နှာခေါင်းရှုံ့ကာ မဲ့ပြုံးပြုံးလိုက်မိ၏။ သူ အရူး တစ်ယောက် မဟုတ်ချေ။ ကျန်တဲ့ တစ်ယောက် ဆိုသည့် စကားက ဝေ့ဝူယင်ကို ရည်ညွှန်းမှန်း သူ သိပေသည်။

ဝေ့ဝူယင်...

သူတို့ အထင်ကြီးမည်ဆိုလည်း ကြီးလောက် ပေသည်။ သူက စမ်းသပ်ပွဲတွင် ဒြပ်စင် ရှစ်ခု အထိ တစ်ကိုယ်တည်း သိမ်းပိုက်ခဲ့သည်။ သူ့ကို အနိုင်ယူခဲ့သည်။ ဟယ်ယန်းလဲ့လို မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို အနိုင်ယူခဲ့သည်။ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို အောင်မြင်ခဲ့သည်၊။ ဒြပ်စင်ရတနာသိုက် တစ်ခုလုံးကို မောင်ပိုင်စီးခဲ့သည်။

သို့သော်လည်း...

ထိုလူငယ်က အောင်ပွဲကို ရယူရန် အတွက် စက်ဆုပ်ဖွယ် နည်းလမ်းများအား သုံးခဲ့သည်ကို သူတို့ မသိသည်လား။ ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်းကို စတေးခဲ့တာ သူတို့ မသိသည်လား။ ပြင်းထန်သော ဒဏ်ရာကြီးနှင့် အတူ သူ့ထံသို့ လာရောက်၌ အ‌ပေးအယူ လုပ်ခဲ့ရသည်ကိုပင် သူတို့ မသိသည်လား။

လင်းရှန်းရှဲ့မှာ ငြိမ်သက်နေ၏။ တစ်စုံတစ်ရာ စကားမပြောပါချေ။ အချိန်ကြာလာသည်နှင့် အမျှ သူမ မျက်လုံးများထဲမှ ဒေါသများက တဖြည်းဖြည်း ပြေလျော့သွားခဲ့ကာ ဥပေက္ခာများကသာ အစားထိုး နေရာယူလာသည်။

ပထမ၌ သူမမှာ စတုတ္ထမြောက် လဝန်းဂိတ် မင်းသားနှင့် ဆက်ဆံရေးကို အသုံးပြုကာ ပြဿနာ အားလုံးကို အဆုံးသတ်ပစ်နိုင်သည့် အချက်အလက်ကို ရယူနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သူမ၏ ဆရာ ပြောခဲ့တာ မှန်သည်။ ရွှေရောင် အသက်နန်းတော်သားတို့မှာ အများပြည်သူ စိတ်ထွေပြားမှုမှ အမြတ်ထုတ်ရန် အမြဲတမ်း ချောင်းနေသည့် ဝံပုလွေများသာ ဖြစ်သည်။ အသံပိုင်ရှင်မှာ သူမကို သဘောတူညီမှု တစ်ခု ပြုလုပ်ရန် အတွက် သူမကို တွန်းအားပေးခဲ့သည်။ ထို့နောက် ရရှိလာ‌သော အမှန်တရားကား ရက်စက် လွန်းလှသည်။

ထာဝရ ကြယ်တာရာ နယ်မြေမှ သားရဲများကို ကယ်တင်ရန် မည်သည့် အင်အားစုက လှုပ်ရှားခဲ့ကြောင်း သူမ ရှာဖွေ တွေ့ရှိလာသည့်တိုင် ဝေ့ဝူယင်ကတော့ ဤကြယ်တာရာ နယ်မြေတွင် ရှိမနေခဲ့ချေ။ သူက မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကြီး အတွင်းတွင်ပင် မရှိချေ။

ထို့အပြင် ဝေ့ဝူယင်က လောကရွှေ့ပြောင်းခြင်း ကွန်ယက်ဖြင့်လည်း ပါမလာခဲ့ပြန်ချေ။ အကယ်၍ သူ့ကို အခြား အင်အားစု တစ်ခုခုက ဖမ်းဆီးသွားခဲ့ခြင်း ဆိုလျှင် အသတ်ခံရတာ၊ သို့မဟုတ် ချိပ်ပိတ်ခံထားရတာမျိုး ဖြစ်နိုင်သည်။ ဒြပ်စင် ရတနာသိုက်မှာလည်း ပါသွားတာ ကြာလောက်ပြီ ဖြစ်သည်။

“စီနီယာ အမလင်း... ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ”

လင်းမင်က မေးလိုက်၏။ သူ၏ အသံက စိတ်ပျက် အားလျော့မှုများနှင့် ပြည့်နှက်နေသည်။

“ငါတို့ အိမ်ပြန်ကြမယ်...”

လင်းရှန်းရှဲ့က သက်ပြင်းတစ်ချက်လိုက်ရင်း ဟင်းလင်းပြင် သင်္ဘော လမ်းကြောင်းကို ချိန်ညှိလိုက်၏။ သူမ၏ ဦးတည်ရာကား ဒြပ်စင် နယ်မြေပင် ဖြစ်လေတော့သည်။

...

လောကကိုးပါး နယ်မြေမှာ အလတ်အလတ် အရွယ်အစား ရှိသည့် ဂြိုဟ်ကိုးလုံးဖြင့် ပေါင်းစပ် ဖွဲ့စည်းထားကာ ထိုဂြိုဟ်များမှာ တစ်ခုကို တစ်ခု ထူးဆန်းကာ လျှို့ဝှက် ဆန်းကြယ်‌သော အမူအရာများနှင့် လှည့်ပတ် နေကြ၏။ ၎င်းတို့က စက်ဂီယာများနှင့်ပင် ဆင်တူကာ အလည် တည့်တည့်တွင်တော့ အခြားဂြိုဟ်များထက် ပိုမို သေးငယ်ကာ ငြိမ်သက်နေသော ဂြိုဟ်တစ်ခု တည်ရှိ၏။ သေးရွယ်သော အရွယ်အစားနှင့် အပင်၊ တိရစ္ဆာန်တို့ ကင်းမဲ့မှုတို့ကြောင့် ၎င်းကို ဂြိုဟ်တစ်ခု ဟုပင် သတ်မှတ်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ၎င်းက အပြင်ပန်း အသွင် သဏ္ဌာန် သက်သက်မျှသာ ဖြစ်ကာ ဂြိုဟ်ငယ်၏ မတူကွဲပြားသော အရပ်မျက်နှာများ၌ ကောင်းကင်ကို ထိလုမတတ် ထောက်တိုင်ကြီး ကိုးခု ရှိနေခဲ့၏။ ၎င်းတို့ တစ်ခုချင်းစီမှာ သေမျိုးများ၏ မြို့ကြီးများထက်ကင် ပိုမို ထူထပ်လှကာ ထိပ်ဖျား၌ နံရံ မပါရှိသည့် လဝန်း ဂိတ်တံခါး တစ်ခုစီ ပါရှိ၏။ ၎င်းတို့၏ မျက်နှာပြင် တစ်ခုလုံးကတွင် မရေမတွက်နိုင်သော ရွှေရောင်၊ ငွေရောင် စာလုံးများဖြင့် ပြည့်နှက်နေသည်။

လဝန်းဂိတ်တံခါးများမှာ ဘာမှ ထူးခြားပုံ မပေါ်သော်လည်း အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက ဂိတ်တံခါး တစ်ဖက်၌ အပြင်နှင့် လုံးဝ မတူညီသည့် လောကတစ်ခုကို တည်ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

လင်းမင်တို့ ပြန်လည် ထွက်ခွာသွားခဲ့သည့် တစ်ချိန်တည်းတွင်ပင် စတုတ္ထမြောက် လဝန်းဂိတ်တံခါး၏ ရှေ့၌ လူသုံးယောက်မှာ တိတ်တဆိတ်ပင် ရပ်နေခဲ့၏။

ရှေ့ဆုံး၌ ရပ်နေခဲ့သည့် တစ်ယောက်က အရပ် အလွန်ရှည်သည့် အသက်လတ် မိန်းမကြီး တစ်ယောက် ဖြစ်သည်။ သို့သော်လည်း... သူမ၏ မျက်လုံးများက သူအိမ်ငယ် ကင်းမဲ့၍ အဖြူရောင် ပင်လယ် အဖြစ်သာ တည်ရှိနေရာ ရင့်ကျက်မှုတို့ ကင်းမဲ့နေသယောင် ထင်ရ၏။

“မဟာ ပုရောဟိတ် ခုနက ပြောခဲ့တာတွေက အမှန်ပဲလား”

ရုတ်တရက်... နောက်မှ ရပ်နေသည့် နှစ်ယောက်ထဲမှ တစ်ယောက်က မေးလိုက်၏။ သူမက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ရွှေရောင် ဆံနွယ်ရှည်များနှင့် ပြာလဲ့လဲ့ မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေး တစ်ယောက် ဖြစ်၏။ အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိပါက သူမမှာ မင်ရှုဖုန်း ဖြစ်ကြောင်း တန်းကာ မှတ်မိလိမ့်မည် ဖြစ်သည်။

အခြား တစ်ယောက်လား.. သူမကလည်း ဝေ့ဝူယင်နှင့် စိမ်းသူ တစ်ယောက် မဟုတ်ချေ။ ဗာကီရီ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည့် ဝမ်မင်ယာပင် ဖြစ်ပေသည်။

မဟာ ပုရောဟိတ်ဟု အခေါ်ခံရသည့် အသက်လတ် မိန်းမကြီးက မျက်တောင် တဖျပ်ဖျပ် ခပ်လိုက်၏။ ထို့နောက် သူမက ခပ်မြန်မြန်ပင် အဖြေပေးလိုက်လေသည်။

“ငါတို့ လေ့လာနိုင်သမျှ အရာအားလုံးက ကောင်းကင်ဘုံရဲ့ ဆန္ဒ အတိုအထွာမျှသာပဲ ရှိတယ်... လောက စီးဆင်းမှု ပြောင်းလဲရင် အဲဒါကလည်း ပြောင်းလဲသွားလိမ့်မယ်... နောက်ထပ် အမှန်တရား ဖြစ်နေတော့မှာ မဟုတ်ဘူး”

အကယ်၍ လင်းမင်တို့သာ ဤနေရာတွင် ရှိနေပါက ထိုမိန်းမကြီး၏ အသံနှင့် ရှေးဟောင်း အသံတို့က ထူးဆန်းစွာပင် တစ်ထပ်တည်း တူညီနေကြောင်း သတိထားမိလိမ့်မည် ဖြစ်သည်။

***

All Chapters