← Chapters

အမှောင်ယင် နန်းတော်

Vol. 44 Ch. 604

အမှောင်ယင် နန်းတော်

Vol. 44 Ch. 604

“ကောင်းကင် တာအိုက မတိကျဘူး...”

မင်ရှုဖုန်းမှာ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ကောင်းကင်တာအိုက အမြဲတမ်း ပြောင်းလဲနေတတ်ကြောင်း အစောကြီးတည်းကပင် သူမ သတိထားမိပြီး ဖြစ်သည်။ မဟုတ်လျှင် ဝေ့ဝူယင်နှင့် ပတ်သက်နေသမျှ သူမ၏ ဟောကိန်း အားလုံး လွဲမှားခဲ့လိမ့်မည် မဟုတ်ချေ။

“တစ်ခုခု မှားနေလို့လား...”

ရုတ်တရက် မဟာ ပုရောဟိတ်၏ မေးခွန်းကြောင့် မင်ရှုဖုန်းမှာ အတွေးများမှ ပြန်လည် နိုးထာလာ၏။ သို့သော်လည်း ထိုမေးခွန်းက သူမ မဟုတ်ပဲ ဝမ်မင်ယာကိုသာ ဦးတည် နေခြင်း ဖြစ်ကြောင်း သူမ ခပ်မြန်မြန်ပင် သဘောပေါက်လိုက်သည်။

ထိုအခိုက်၌ ဝမ်မင်ယာ၏ မျက်လုံးများက ရှုပ်ထွေးမှု အငွေ့အသက် အချို့ ပြည့်နှက်နေ၏။ အတန်ကြာ တိတ်ဆိတ်ပြီး နောက်၌ သူမက မဟာ ပရောဟိတ်၏ အဖြူရောင် မျက်ဝန်းများကို ကြည့်လိုက်ရင်း...

“ဒါဆိုရင် မဟာ ပရောဟိတ်ရဲ့ စကားက ကောင်းကင်တာအိုရဲ့ အလိုဆန္ဒကို ပြောင်းလိုက်တာပေါ့”

မင်ရှုဖုန်း၏ နှလုံးသားမှာ ရိုင်းစိုင်းစွာ ခုန်ပေါက်သွား၏။ ထိုအရာက ဖြစ်နိုင်ပါ၏လော။ ကောင်းကင် နိမိတ်ဖတ် ပညာရပ်နှင့် အတူ ကောင်းချီးခံ ဖြစ်စဥ်များထံမှ အကျိုးအမြတ် ရယူရန် အတွက် သူမ ကြိုးစားခဲ့ဖူးသည်။ အကြိမ်ကြိမ်လည်း အောင်မြင်ခဲ့ဖူးသည်။

သို့သော်လည်း ကောင်းကင်၏ အလိုဆန္ဒကို ပြောင်းလဲရန် သူမဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးသလို စဥ်းပင် မစဥ်းစားခဲ့ဖူးချေ။

“...”

မဟာ ပုရောဟိတ်က တိတ်တဆိတ်ဖြင့် လဝန်းဂိတ်တံခါး အတွင်းရှိ အဆုံးမဲ့ အမှောင် ဟင်းလင်းပြင်ကို စိုက်ကြည့်လိုက်၏။

“အဲဒါက မေးခွန်းလား...”

“မဟုတ်ဘူး...”

ဝမ်မင်ယာ၏ လေသံက လုံးဝ တုံးတိ ဖြစ်နေသည်။ သို့သော်လည်း မဟာ ပုရောဟိတ်က အသာအယာပင် ပြုံးလိုက်၏။

“ငါတို့တွေက ကံကြမ္မာကို ကျင့်ကြံတယ်... ကောင်းကင်တာအိုကို မဟုတ်သလို သူ့ရဲ့ ဆန္ဒကိုလည်း မဟုတ်ဘူး... ငါတို့က ကျွန်တွေ မဟုတ်တဲ့ ကျင့်ကြံသူတွေ... အမှန်တရားကို နားလည်တဲ့ အချိန်ကျရင် ပုရောဟိတ်က ဘာကို ဆိုလိုသလဲ ဆိုတာ နင်နားလည်လာလိမ့်မယ်”

ဝမ်မင်ယာ တိတ်တဆိတ်ပင် လဝန်းဂိတ်တံခါးကို လှမ်းကြည့်လိုက်၏။ သိပ်မကြာခင် အချိန်တုန်းက ဂိတ်တံခါး၏ မျက်နှာပြင်ထက်တွင် ဟင်းလင်းပြင် သင်္ဘောပေါ်ရှိ လင်မင်၊ ပိုင်ယုရှီနှင့် လင်းရှန်းရှဲ့တို့၏ မြင်ကွင်းတစ်ခု ပေါ်နေခဲ့သည်။

ဆန်းကြယ်စွာပင် ထိုမြင်ကွင်း အတွင်း၌ ‌ရွှေရောင် အလင်းတန်းများက လင်းမင်၏ ခန္ဓာကိုယ် ပတ်လည်တွင် တောက်ပနေကာ ၎င်းတို့ကို လင်းရှန်းရှဲ့နှင့် ပိုင်ယုရှီတို့ထံမှ အနီရောင်၊ ရွှေရောင် ချည်ကြိုးတို့က ဆက်သွယ်ထားသည်ကို တွေ့မြင်ရသည်။ သို့သော်လည်း... ထိုချည်ကြိုးလေးများမှာ အလွန် ပါးလွှာကာ ကျိုးပဲ့လွယ်ပုံ ပေါ်၏။

တစ်ချိန်တည်း၌ လင်းရှန်းရှဲ့၏ ခန္ဓာကိုယ် အထက်ပိုင်းတွင်လည်း အလွန်အမင်း ထူထဲလှသော ရွှေရောင်နှင့် အနီရောင် ချည်ကြိုးများမှာ ရစ်ပတ်ထားသည်ကို မင်ရှုဖုန်း တွေ့ရသည်။။ သို့သော်လည်း ၎င်းတို့က သူမ ခန္ဓာကိုယ်ကို ကပ်ကာ ချိတ်ဆက် မနေချေ။ အပြည့်အဝ မဖွဲ့စည်းရသေးသည့် ပိုးချည်များ အလား အနားမှာကပ်၍ ရစ်ဝဲ နေခြင်းသာ ဖြစ်သည်။

သို့သော်လည်း... မဟာ ပု‌ရောဟိတ်၏ စကား ထိုးနှက်မှုများ အပြီး၌ ထူထဲသော ရွှေရောင် ချည်မျှင်များမှာ လင်းရှန်းရှဲ့’ အနားမှ ပြန်လည် ဆုတ်ခွာသွားကာ အနီရောင် ချည်မျှင်များသာ ကျန်ရစ်ခဲ့၏။ သူမ၏ စကားလုံးများက ကံကြမ္မာကို တစ်နည်းနည်းဖြင့် အကျိုး သက်ရောက်စေခဲ့ကာ ဝေ့ဝူယင်နှင့် လင်းရှန်းရှဲ့တို့ အကြား၌ ထူးဆန်းသော ချိတ်ဆက်မှု တစ်ခုကို ဖန်တီးလိုက်ပုံ ပေါ်သည်။ သို့သော်လည်း လင်းမင်ထံသို့ ဦးတည်နေသည့် ရွှေရောင်နှင့် အနီရောင် ကြိုးများက‌တော့ တွန်းအားပေးခံလိုက်ရပုံ ပေါ်ကာ ရွှေရောင် ပိုမို၍ပင် တောက်ပလာခဲ့သည်။

“...”

ဝမ်မင်ယာမှာ မျက်မှောင်ကြုတ်ကာ တိတ်တဆိတ်ပင် စဥ်းစားနေခဲ့၏။ ထိုအခိုက်တွင်ပင် မဟာ ပုရောဟိတ်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ကျင့်ကြံသူတွေက ပြင်ပ ဆန္ဒကို မွေးရာပါ ဆန့်ကျင်ကြတဲ့ လူတွေပဲ... တကယ်လို့ ဆုပ်ကိုင်စရာ အခွင့်အရေး တစ်ခု ပေးမယ် ဆိုရင် သူတို့က ကိုယ်၊ စိတ်၊ ဝိညာဥ် သုံးခုလုံးနဲ့ ဆန့်ကျင်ကြလိမ့်မယ်... အဲဒါက လက်ရာမြောက်ပြီး လှပလွန်းသလို ကံမကောင်းစွာနဲ့ပဲ ကျဥ်းမြောင်းတဲ့ စိတ်ထား လို့လည်း ရည်ညွှန်းနိုင်တယ်”

"ရှင် သူ့ကို မုန်းလား…"

ဝမ်မင်ယာက စိတ်ဝင်တစားဖြင့် မေးလိုက်၏။

မဟာ ပုရောဟိတ်က သူမဘက်သို့ လှည့်မကြည့်ချေ။ ထို့အစား တွေဝေ စိတ်ရှုပ်ထွေး နေပုံပေါ်သည့် မင်ရှုဖုန်းဘက်သို့သာ လှည့်လိုက်သည်။ ထိုအခိုက်အတန့်၌ သူမ၏ အဖြူရောင် မျက်ဝန်းများထဲတွင် စိတ်ပျက်သည့် အရိပ်အမြွက် အချို့ ဖြစ်ပေါ် နေခဲ့လေသည်။

"မုန်းတယ်… အဲဒါက ပြင်းထန်တဲ့ စကား အသုံးအနှုန်းပဲ… ဒါပေမဲ့ သူ့ရဲ့ အချိန်ကို ငါ့ရဲ့ သွေးမျိုးဆက်ဆီ ပေးဖို့ တန်ဖိုး မရှိဘူးလို့ ယုံကြည်နေမှတော့ သူက ကောင်းတဲ့ ဘယ်အရာနဲ့ မထိုက်တန်ဘူး"

ဝမ်မင်ယာက ရှင်းပြချက်ကို လက်ခံသည့် အလား ခေါင်းညိတ် လိုက်သည်။ တစ်ခါတစ်ရံ၌ ကျင့်ကြံသူများမှာ တစ်ကိုယ်ကောင်းဆန်ကာ အလွန် အငြိုးကြီး ကြသည်။ အကယ်၍ ကောင်းကင် ပုရောဟိတ် တစ်ယောက်ကိုလည်း ကျင့်ကြံသူ အဖြစ် ယူဆမည် ဆိုလျှင်… မကျေနပ်မှုကို သူတို့ ဖော်ပြသော နည်းလမ်းများမှာ အလွန် ကြောက်စရာ ကောင်းလွန်းကာ ကောင်းကင်ဘုံကိုပင် ပြောင်းလဲ စေလိမ့်မည် ဖြစ်သည်။

…

အမှောင်ယင် နန်းတော်...

အမှောင်ယင် နန်းတော်မှာ မိန်းကလေးများကိုသာ ရွှေအဆင့် အင်အားစု တစ်ခု ဖြစ်သည်။ သို့သော်လည်း အခြားဂိုဏ်း အများစု ကဲ့သို့ပင် ဂိုဏ်းကို ရှုပ်ထွေးသော ဆက်သွယ်မှုများ၊ ကလန်များ၊ အဆင့်အတန်းများနှင့် ပေါင်းစပ် ဖွဲ့စည်းထားသည်။ ဂိုဏ်းအတွင်း မွေးဖွားလာသော ယောက်ျားများကတော့ နောက်ပိုင်းတွင် သူတို့နှင့် နက်ရှိုင်းသော ဆက်သွယ်မှုရှိသည့် အဖွဲ့အစည်းများ အတွင်းသို့ ဝင်ရောက်ကာ အမှောင်ယင် နန်းတော်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာကြသည်။

အမှောင်ယင် နန်းတော် တစ်ခုလုံးမှာ “အမှောင်ယင် ဝိညာဥ် နည်းလမ်း” ဟု ခေါ်သည့် ပြိုင်စံရှား ကျင့်ကြံခြင်း နည်းလမ်း တစ်ခုပေါ်၌ အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ချီပျစ်ခဲခြင်း အဆင့်ခုနစ် ဝိညာဥ် ဆက်သွယ်ခြင်း အဆင့်တွင် အမှောင်ယင်ဂိုဏ်းသားများမှာ သူတို့၏ မူလယင်များကို ဝိညာဥ် ကျင့်ကြံခြင်းနှင့် ပေါင်းစပ်ကာ ယင်ဇာတိဝိညာဥ်ကို တည်ဆောက်ကြသည်။

ထိုနည်းလမ်း၏ အကောင်းဆုံး အကျိုးသက်ရောက်မှုမှာ အမျိုးသမီးများ၏ ခန္ဓာကိုယ် ပါရမီကို အမြင့်ဆုံးထိ ရောက်အောင် မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် အမှောင်ယင် ဝိညာဥ် နည်းလမ်းအား ကျင့်ကြံကြသည့် အမျိုးသမီး ကျင့်ကြံသူများမှာ ယင်စွမ်းအင်၏ အဆက်မပြတ် သန့်စင်မှုကို ရရှိကြရာ ကျက်သရေရှိသည့် အော်ရာ၊ အပြစ်အနာအဆာ ကင်းမဲ့သော အသားအရေ၊ စွဲမက်ဖွယ် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပိုင်ဆိုင်ကာ လှပသော မိန်းကလေးများ ဖြစ်လာကြသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ရွှေအဆင့် အင်အားစုများ ကြားတွင် အမှောင်ယင် နန်းတော်မှာ အထူးချွန်ဆုံး အမျိုးသမီး ကျင့်ကြံသူ အချို့ကို မွေးထုတ် ပေးနိုင်ခဲ့သည်။

သို့သော်လည်း အမှောင်ယင် ဝိညာဥ် နည်းလမ်းမှာ ချို့ယွင်းချက် ကင်းမဲ့သည်တော့ မဟုတ်ချေ။ ၎င်းက အသန့်စင်ဆုံး ယင်စွမ်းအင်များကို ယင်ဇာတိ ဝိညာဥ်အား မွမ်းမံရန် ကျင့်ကြံခြင်း ဖြစ်လေရာ သွေးဆုံးချိန်ကို ပိုမို၍ မြန်ဆန်စေသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်ခဲ့လျှင်လည်း ယင်နှင့်ယန် မညီမျှမှုကြောင့် မိခင်၏ လှပမှုနှင့် ပါရမီတို့ အပါအဝင် ကျင့်ကြံခြင်း အခြေခံ ဆုံးရှုံးရခြင်းမျိုး မကြာခဏ ဆိုလို ဖြစ်ပေါ်တတ်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများမှာ သူတို့ ကလေး မွေးဖွားနိုင်စွမ်းကို ပျမ်းမျှ အသက် ၄၀ မှ ၅၀ အတွင်း ဆုံးရှုံးကြသည်။ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများ၏ သွေးဆုံးချိန်ကတော့ အနည်းငယ် ပိုမို၍ ရှည်လျားကာ ၁၂၀ မှ ၁၄၀ အတွင်း ဖြစ်ပြီး ကြယ်တာရာ အမြုတေ အဆင့်များကတော့ ပျမ်းမျှ ၆၀၀-၇၀၀ ဖြစ်သည်။

လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ ထိုချို့ယွင်းချက်ကို ကျော်ဖြတ်နိုင်သည့်တိုင် ကောလဟလများ အရ သေမျိုး အဆင့်ကို ကျော်လွန်ပြီးသည့် ကျင့်ကြံသူများမှာ မီးဖွားရန် အလွန် ခက်ခဲသည်ဟု ဆိုသည်။ သို့သော်လည်း ကောလဟလက ကောလဟလသာ ဖြစ်ပြီး အမှန်တရားကို ကာယကံရှင်များသာ သိရှိလိမ့်မည် ဖြစ်သည်။

ခေတ်အဆက်ဆက်၌ အဂ္ဂိရတ် ပညာရှင်များ၊ ဆေးသူတော်စင်များနှင့် ကျင့်ကြံသူ ကျောင်းတော်သား များစွာမှာ ထိုချို့ယွင်းချက်ကို ပြင်ဆင်နိုင်ရန် အတွက် အဖြေရှာဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း ဘယ်တုန်းကမှ အပြီးပြည့်စုံဆုံး အဖြေကို မတွေ့ခဲ့ကြချေ။

ထိုကဲ့သို့သော ချွတ်ယွင်းချက်ကြောင့်ပင် ယင်ဝိညာဥ် နည်းလမ်း ဟူသော နာမည် ပျောက်ဆုံးကာ အရှေ့တွင် “အမှောင်” ဆိုသော ဝေါဟာရကို ထည့်သွင်း ခေါ်ဆိုခဲ့ကြသည်။ အချို့က ဆိုလျှင် ၎င်းကို မိစ္ဆာနည်းလမ်းဟုပင် ရည်ညွှန်းခဲ့ကြသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... အမှောင်ယင် နန်းတော်မှ မိန်းကလေး ကျင့်ကြံသူများမှာ အဆုံးမဲ့ ‌ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ရေပန်းစား နေကြဆဲ ဖြစ်သည်။ သူတို့က ရွှေအဆင့် အင်အားစုများ အကြားတွင် အစွမ်း အထက်ဆုံး အမျိုးသမီး ကျင့်ကြံသူများအား မွေးထုတ်ပေးနိုင်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့၏ နာမည် ကျော်ကြားမှုက ထိုမျှ မကသေးချေ။

....

ရွှေအဆင့်နှင့် ငွေအဆင့် အင်အားစုများ၏ တပည့် ရွေးချယ်ပွဲများ အဆုံးသတ်ခဲ့သည်မှာ ရက်သတ္တပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ များစွာသော လူငယ်များမှာ အသီးသီးသော အင်အားစုများထဲသို့ ဝင်ရောက်ကာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ကျင့်ကြံနှင့် အသိုက်အဝန်းနှင့် ထိတွေ့ခွင့် ရရှိခဲ့သည်။

ထိုကဲ့သို့ ရွေးချယ်ခံရသော လူငယ်များ အတွင်းတွင် အမှောင်ယင် နန်းတော်၏ တန်ခိုးရှင်ယင်ဂြိုဟ်ထက်သို့ ရောက်ရှိနေသည့် မိန်းကလေး တစ်ယောက်လည်း ပါရှိ၏။ သူမက ဘုံကြိုးပြတ် နတ်မိမယ် တစ်ယောက်လို အလှတရားကို ပိုင်ဆိုင်ထားကာ ခန္ဓာကိုယ် အမို့အမောက်၊ အရှိုက်အငင်၊ အချိုးအကွေ့ ကောက်ကြောင်း အားလုံးမှာ အနက်ရောင် ခပ်ကြပ်ကြပ် ဝတ်စုံနှင့် အတူ ပေါ်လွင်နေသည်။ လက်ရှိ၌ သူမက အမှောင်ယင် နန်းတော်၏ ခန်းမ ဆယ့်နှစ်ခု အနက် တစ်ခု ဖြစ်သည့် သန့်စင်သောယင် နန်းတော်ခန်းမ ထဲ၌ ရောက်ရှိနေခြင်း ဖြစ်ပေသည်။

အမှောင်ယင် နန်းတော်မှာ အမှောင်ယင် ဝိညာဥ် နည်းလမ်းဖြင့် ကျော်ကြားသည့်တိုင် သူတို့ထံတွင် ထိုနည်းလမ်း တစ်ခုတည်းသာ ရှိသည် မဟုတ်ချေ။ အတိအကျ ပြောရလျှင် သူတို့ထံတွင် ယင်အခြေပြု ကျင့်ကြံခြင်း နည်းလမ်းပေါင်း ဆယ့်နှစ်သွယ် ရှိသည်။ ဂိုဏ်းက အချို့ အဖွဲ့ဝင်များကို ဆိုလျှင် ကလေးများ မွေးဖွားရန်ပင် ခွင့်ပြုထားသည်။

နန်းတော်ခန်းမ တစ်ခုချင်းစီမှာ ယင်နည်းလမ်း တစ်ခုကျစီကို ပိုင်ဆိုင်ထားကြကာ သန့်စင်သောယင် နန်းတော်ခန်းမမှ လူများကတော့ သန့်စင်သော ယင်စုစည်းခြင်း နည်းလမ်းကို ကျင့်ကြံကြသည်။ ထိုနည်းလမ်းမှာ အမှောင်ယင် ဝိညာဥ် နည်းလမ်းထက် များစွာ ပိုမို၍ သိမ်မွေ့ကာ ကျင့်ကြံခြင်း အခြေခံနှင့် ရင်းမြစ်များကို သုံး၍ သန့်စင်မှုကို ဖြည်းညင်းစွာ ကျင့်ကြံသည့် နည်းလမ်း တစ်ခု ဖြစ်သည်။

စောစောက ဖော်ပြထားခဲ့သည့် မိန်းကလေးကတော့ နာ့ရှင်းရီပင် ဖြစ်သည်။ ဆုံးမှတ် ‌လေးခု ယင်ခန္ဓာကိုယ်နှင့် အတူ သူမမှာ အလိုအလျောက်ပင် ဂိုဏ်း၏ အဓိက တပည့် တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက်တွင် သူမက သန်စင်သောယင် စုစည်းခြင်း နည်းလမ်းကို ကျင့်ကြံရန် ရွေးချယ်ခဲ့ကာ သန့်စင်သောယင် နန်းတော် ခန်းမ၏ အဓိက တပည့် တစ်ယောက် ဖြစ်လာခဲ့သည်။

ထိုအခိုက်အတန့်၌ မိန်းကလေးမှာ ကိုယ်ပိုင် ကျင့်ကြံခြင်း အခန်း တစ်ခုထဲတွင် ရှိနေခဲ့ကာ ဝေ့ဝူယင် ပေးအပ်ခဲ့သည့် လက်စွပ်ကို စစ်ဆေးနေခဲ့လေသည်။ သူမ၏ အာရုံစူးစိုက်မှု တစ်ခုလုံးကို ဆွဲဆောင် သွားခဲ့သည်ကတော့ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် ၎င်း၏ မယုံကြည်နိုင်လောက်‌သော အာနိသင်ပင် ဖြစ်လေသည်။

လောကနယ်မြေ အဆင့်သို့ မရောက်ခင် နယ်မြေမျိုးစေ့ တစ်ခု ထုဆစ်ခြင်း...

ထိုအယူအဆက မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။ ခေတ်အဆက်ဆက် ပါရမီရှင်များ ဖြစ်သည့် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၊ အထွတ်အမြတ် အယ်ဗန် ဧကရီတို့ပင် ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သည်ဟု မကြားဖူးချေ။ သို့သော်လည်း ဝေ့ဝူယင်က ဘယ်တော့မှ လိမ်တတ်သူ တစ်ယောက် မဟုတ်ကြောင်း သူမ သိသည်။ အထူးသဖြင့် ယခုလို ကိစ္စမျိုးတွင် သူလိမ်လိမ့်မည် မဟုတ်ချေ။ ငွေရောင် တောက်ပနေသည့် ဆေးလုံးလေးကို ကြည့်ရင်း သူမ ခံစားနေရသည့် ဖိအားများမှာ ဖြည်းညင်းစွာပင် ပြေလျော့ သွား၏။

နာ့ရှင်းရီ ဆေးလုံးအား အသုံးပြုရန် ဆုံးဖြတ်လိုက်သည့် အခိုက်အတန့် တွင်ပင် ဝူယုမှာ ဂြိုဟ်အတွင်း ဝင်ရောက်ရန် စတင် ကြိုးပမ်းနေခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters