← Chapters

ဖိတ်ခေါ်မှု

Vol. 44 Ch. 605

ဖိတ်ခေါ်မှု

Vol. 44 Ch. 605

ဝူယုမှာ ပျံသန်းရင်း ဂြိုဟ်ဆီသို့ တဖြည်းဖြည်း ချည်းကပ်လာနေခဲ့၏။ သို့သော်လည်း လေထုအလွှာ နယ်နိမိတ်နားသို့ ရောက်သည်နှင့်...

ဝေါ... ဝရော...

ဂြိုဟ်ကို လှည့်ပတ်နေသည့် မီးခိုးရောင် ကွင်းကြီးမှာ ရေများ အလား ပြင်းထန်စွာ စီးဆင်းလာကာ သူ့ထံသို့ တဒင်္ဂအတွင်း ရောက်ရှိလာ၏။ ထို့နောက် ဗိုက်ဆာနေသည့် စပါးကြီးမြွေ တစ်ကောင် အလား စတင် ရစ်ပတ် ဝါးမြိုဖို့ ကြိုးစားတော့သည်။

ဝူယုက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်က မူလ နေရာမှာ ပျောက်ကွယ်သွားကာ နောက်ဖက် ကီလိုမီတာ ရာဂဏန်းခန့် အကွာ၌ ပြန်ပေါ်လာသည်။ မီးခိုးရောင် မြူများကတော့ သားကောင်ကို ဆုံးရှုံးသွားသည့် အလား မူလ နေရာသို့ ပြန်သွားကာ ဂြိုဟ်ကြီးကိုသာ ငြိမ်သက်စွာ ဆက်လက် လှည့်ပတ် နေခဲ့တော့၏။

ဝူယုက မျက်မှောင်ကြုတ် လိုက်သည်။

“ငါဖမ်းဆီးရမိတဲ့ လောကသခင်လေးရဲ့ အဆိုအရဆိုရင် ဒီနေရာက အဆင့်တက်ဖို့ ကျဆုံးခဲ့တဲ့ လူတွေပဲ ရှိတဲ့ ရွှေအဆင့် အင်အားစု တစ်ခုတဲ့... ဒါပေမဲ့ သူတို့ရဲ့ ဂြိုဟ်အကွာအကွယ် အစီအရင်ကိုတော့ ငါနဲ့ အဆင့်တူ လူတစ်ယောက်က တည်ဆောက်ထားတာပဲ... ‌သေမျိုးတွေဆီက အချက်အလက်တွေကို မှီခို မနေသင့်ဘူး ဆိုတာ တကယ် မှန်တယ်... ဘယ်လောက် ဒုက္ခရောက်လိုက်သလဲ”

အခြေအနေကို အကဲခတ်ရင်း ဝူယုက ဝင်ရောက်ရန် နောက်တစ်နည်းကို စဥ်းစားလိုက်၏။ ထိုအခိုက်အတန့် တွင်ပင် ဂြိုဟ်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရလေသည်။

“ဘယ်အရှင်က ကျွန်မရဲ့ အမှောင်ယင် နန်းတော်ကို အလည်လာသလဲ ဆိုတာ မေးပါရစေ...”

နူးညံ့ကာ ယဥ်ကျေးခြင်းများ ပြည့်နှက်နေသည့် အသံကလေးမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဝူယုထံသို့ တိုက်ရိုက်ပင် ရောက်ရှိလာ၏။

ထိုအသံနှင့်အတူ မီးခိုးရောင်ကွင်းဆီမှ ထွက်ပေါ်လာသည့် ပုံရိပ် နှစ်ခုကို ဝူယု မြင်တွေ့လိုက်ရလေသည်။ ကျင့်ကြံခြင်း စံနှုန်းအရ ဆိုလျှင်တော့ စကားပြောလိုက်သည့် တစ်ယောက်မှာ ထူးထူးခြားခြား သိပ်မရှိလှချေ။ သူမက အဆင့်တက်ရန် ကျရှုံးထားသည့် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်သာ ဖြစ်ပေသည်။ သို့သော်လည်း ရုပ်ရည် အရဆိုလျှင်တော့ သူမမှာ အသက်ရှူမှားလောက်အောင် လှပသူကလေး ဖြစ်သည်။

သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေကာ ကျောက်စိမ်း ပန်းပုရုပ် တစ်ခုလို အပြစ်အနာအဆာ တစ်ခုမှ မရှိလှချေ။ အထူးသဖြင့် ပါးပြင်ထက်ရှိ ပန်းရောင်ဖျော့ဖျော့နှင့် သွေး‌ကြောစိမ်းလေးများက သူမ၏ အလှကို ပို၍ပင် တိုးစေ၏။ သူမမှာ အရပ်ရှည်သည် ဆိုသော်လည်း အရမ်းကြီး ရှည်လွန်းသူ တစ်ယောက် မဟုတ်ချေ။ ဝူယု မြင်ဖူးသမျှ မိန်းကလေးများထဲတွင် သူမက အပြီးပြည့်စုံဆုံး ဆိုသည့် ဂုဏ်ပုဒ်ပိုင်ရှင် တစ်ယောက်ပင် ဖြစ်လေသည်။

မိန်းကလေး၏ မျက်လုံးများက လူတစ်ယောက်၏ တည်ရှိမှုကို အနက်ရှိုင်းဆုံးထိ ကြည့်နိုင် သကဲ့သို့ ပြာလဲ့လဲ့ တောက်ပနေကာ ရှည်လျားသော မျက်တောင်ရှည်များကတော့ တစ်ချက် ခပ်လိုက်တိုင်း ချစ်ဇော ဆန္ဒများကို လှုံ့ဆော် ပေးနိုင်ဟန် ရလေသည်။ သူမ၏ ပန်းနုရောင် နှုတ်ခမ်းလွှာ ထက်တွင်တော့ အပြုံးတစ်ခု ရှိ၏။ ထိုအပြုံးက အရမ်း မတောက်ပချေ။ မကြီးမားချေ။ သို့သော်လည်း အကြွင်းမဲ့ ဆွဲဆောင်မှု ရှိလှပေသည်။

သူမ၏ တင်ပါးထိ ‌ရောက်သော ဆံပင်ရှည်များက မဟူရာ ညအလား နက်မှောင်နေကာ ဆံနွယ် တစ်ချောင်းချင်းစီတိုင်းမှာ နုပျို သန်စွမ်းမှုတို့နှင့် အတူ တောက်ပနေ၏။ သူမက ခြေဗလာနှင့် ဖြစ်ကာ တိကျ သေချာစွာ ညှပ်ထားသော ခြေသည်းလေးများနှင့် သွယ်လျ လုံးဝန်းသော ခြေချောင်းလေးများကို လှစ်ဟာ ဖော်ပြထားသည်။ မိန်းကလေး၏ ခြေတစ်လှမ်းချင်းစီတိုင်းက ကျက်သရေ ရှိလှကာ လောကကြီးနှင့် မည်သည့် ထိတွေ့မှုကို မဆို မနာလိုသည့် အလား ယင်စွမ်းအင်နှင့် မန်နာများမှာ အလိုအလျောက်ပင် သူမ ခြေထောက် အောက်၌ လာရောက် ခိုနားနေကြ၏။

မရေမတွက်နိုင်သော လူများနှင့် ဆုံတွေ့ခဲ့ဖူးသည့် ဝူယုကဲ့သို့ ပုဂ္ဂိုလ်ကြီး ပင်လျှင် သူမ၏ အလှအပကို ကြည့်ကာ အမူအရာ အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။ သို့သော်လည်း သူ သတိထားရမည့် ပုဂ္ဂိုလ်က သူမ မဟုတ်ပဲ ဘေးနားရှိ တစ်ယောက်သာ ဖြစ်ကြောင်း ဝူယု သတိမလစ်ပါချေ။

ထိုတစ်ယောက်ကလည်း သူ့နည်း သူ့ဟန်နှင့် လှပသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက ကျန်းမာ သန်စွမ်းသည့် မီးခိုးရောင် ဆံပင်၊ အသက် နှစ်ဆယ်ကျော် အရွယ် နုပျိုသော ရုပ်ရည်တို့ကို ပိုင်ဆိုင်ထားကာ ငွေရောင်ပိုးချည် ထိုးထားသည့် အနက်ရောင် တာအို ဝတ်စုံကို ဝတ်ဆင်ထားသည်။

အော်ရာအရ သူမက လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် မဟုတ်ချေ။ လျှို့ဝှက် အာဏာရှင် အဆင့်နှစ် လျှို့ဝှက် ဝိညာဥ် အဆင့်၌ ရှိနေသူ တစ်ယောက် ဖြစ်သည်။ လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက်သာလျှင် အမှောင် ဟင်းလင်းပြင်ထဲ၌ အသက်ရှူနိုင်စွမ်း ရှိပေသည်။

စော‌စောက စကားပြောလိုက်သည့် လျှို့ဝှက် ကြယ်တာရာ အဆင့် မိန်းကလေးမှာ နတ်မိမယ် ချွင်းပိုင် (သန့်စင်သော အဖြူ‌ရောင်) အဖြစ် လူသိများသည့် ကျွင်းပေ့ယင်ပင် ဖြစ်သည်။ သူမက နန်းတော်ခန်းမ ဆယ့်နှစ်ခု၏ သခင်မ ဖြစ်ကာ အမှောင်ယင် နန်းတော်၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အလွန် သန့်စင်သော ယင်အော်ရာနှင့် လှပလွန်းသော ရုပ်ရည် သွင်ပြင်တို့ အရ သူမမှာ ဒဏ္ဍာရီလာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အမှောင်ယင် ဝိညာဥ် နည်းလမ်းကို ကျင့်ကြံထားကြောင်း ရှင်းလင်းလှပေသည်။

ကျွင်းပေ့ယင်က မျက်မှောင်ကြုတ်ကာ သူမတို့ အရှေ့၌ ရပ်နေသည့် အသက်လတ် ပုဂ္ဂိုလ်ကို လေ့လာလိုက်၏။ အထူးသဖြင့် သူက သူမ၏ ဆွဲဆောင်မှု အပေါ် တုန့်ပြန်မှု သိပ်မရှိလှရာ သူမ စိတ်ဝင်စား နေမိသည်။ ထိုကဲ့သို့ စိတ်ဓာတ်ခိုင်မာသူ များများစားစား သူမ မတွေ့ဖူးပါချေ။

သို့သော်လည်း ကျွင်းပေ့ယင် မကြောက်ချေ။ သူမတို့ထံတွင် ကောင်းကင်ယင်ကွင်း အစီအရင်နှင့် ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက် ရှိပေသည်။ မီးခိုးရင့်ရောင် ဆံပင်နှင့် မိန်းကလေးကို တစ်ချက် စောင်းကြည့်လိုက်ပြီးနောက် သူမက ဝူယုဘက်သို့ ပြန်လှည့်လိုက်၏။

“...”

ဝူယုမှာလည်း ငြိမ်သက်စွာပင် အကဲခတ်နေခဲ့၏။ လျှို့ဝှက် ဝိညာဥ် အဆင့်၌ ရှိနေသည့် မိန်းကလေးမှာ တူညီသည့် အော်ရာကို ပိုင်ဆိုင် မထားရာ ထိုအချက်က ယင်အခြေပြု ကျင့်စဥ်ကို ကျင့်ကြံ မထားကြောင်း ဖော်ပြနေသည်။ ထို့ကြောင့် သူမက ကျိန်းသေပင် ဧည့်သည် တစ်ယောက် ဖြစ်ရပေမည်။

ဝေ့ဝူယင်က နာ့ရှင်းရီကို အရိပ်များထဲမှ စောင့်ရှောက်ပေးစေချင်ခဲ့သည်။ ဝူယု ကိုယ်တိုင်ကလည်း ပေါ်ပေါ်ထင်ထင် နေရန် စိတ်ကူး မရှိခဲ့ချေ။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းမှာ တိုးတက်နေဆဲ အချိန်အခါ ဖြစ်ကာ ဤနေရာကလည်း ရေခြားမြေခြား ဖြစ်သည်။ သူက ရေခြားမြေနားမှ လာသည့် လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ အမျိုးမျိုးသော အင်အားစုများမှာ သူ့ကို လျစ်လျူထားလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ယခု ကြည့်ရသည်က လွယ်လွယ်ကူကူနှင့် နောက်ဆုတ်၍ ရတော့မည့်ပုံ မပေါ်ချေ။ ထို့အပြင် သူက မဟာ ဧကရာဇ် ဝူယု ဖြစ်သည်။ သူ့ဘဝ တစ်ယောက်လုံး ဘယ်တုန်းကမှ နောက်ဆုတ် မပြေးခဲ့ဖူးချေ။ အသူရာ နတ်ဆိုး တောင်တန်းသခင်ပင်လျှင် သူ့ထံ၌ ရှုံးနိမ့်ကာ ဒူးထောက်ခဲ့ရဖူးသည်။ သူက ထာဝရ ဧကရာဇ် ပြုစုပျိုးထောင်ပေးခဲ့သူများတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။ ထို့အပြင် ထာဝရ ဧကရာဇ်က သူ့ကိုသာလျှင် အကောင်းဆုံး ပျိုးထောင်ပေးခဲ့သည်ဟု ဝူယု ယုံကြည်သည်။

အဆင့်တူသူများထဲတွင် သူ့အတွက် တစ်ခုတည်းသော ပြဿနာ ဖြစ်ခဲ့သည်က အထွတ်အမြတ် အယ်ဗန် ဧကရီ ဖြစ်သည်။ ဝူယု၊ အထွတ်အမြတ် အယ်ဗန် ဧကရီနှင့် ထာဝရ ဧကရာဇ်တို့ အကြား ပတ်သက်မှုများက ရှုပ်ထွေး လှသည်။ သို့သော်လည်း... သူမနှင့် တစ်ဦးချင်း ယှဥ်ပြိုင်ရမည် ဆိုလျှင် ဝူယု နောက်တွန့်လိမ့်မည် မဟုတ်ပါချေ။

“ ...”

ဝူယု တိတ်ဆိတ်နေသည်ကို ကြည့်ကာ ကျွင်းပေ့ယင်က မျက်တောင်ရှည်များကို ခပ်လိုက်၏။

“အရှင်... ကျွန်မရဲ့ အမှောင်ယင် နန်းတော်က ရှင့်ကို ဆန့်ကျင်မိလို့များလား”

သူမ၏ လေသံက ရန်လိုခြင်း ကင်းမဲ့ကာ ဆက်လက် ညင်သာ နေဆဲ ဖြစ်သည်။ လက်ရှိ၌ ကျူးကျော်သူ၏ ရည်ရွယ်ချက်ကို မသိရသေးသည့်တိုင် အမည်မသိ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ရန်ငြိုးဖွဲ့ခြင်းက ကောင်းသော အရာ မဟုတ်ချေ။

“တကယ်လို့ ဆန့်ကျင်ခဲ့မိတာ ရှိရင် ကျွန်မတို့ဘက်က အရှင့်ကို တစ်နည်းနည်းနဲ့ လျော်ကြေးပေးလို့ ရပါတယ်”

ကျွင်းပေ့ယန်၏ အသံနှင့် စကားလုံးများက အလွန်တရာပင် နှစ်လိုဖွယ် ကောင်းလှကာ မည်သည့် ယောက်ျားမဆို၏ ဒေါသအမျက်ကို အရည်ပျော်သွားအောင် စွမ်းဆောင်နိုင်ပေသည်။ ဝူယုသည်လည်း ချွင်းချက် မဟုတ်ချေ။ သို့သော်လည်း သူ၏ တုန့်ပြန်မှုကတော့ မပြောင်းမလဲ တည်ငြိမ်နေဆဲ ဖြစ်သည်။

ဝူယုက ဘာမှ ပြန်မဖြေသေးပဲ လျှို့ဝှက် ဝိညာဥ် အဆင့် မိန်းကလေးကိုသာ လှမ်းကြည့်လိုက်၏။ ထိုအကြည့်မှ တစ်ဆင့်... ကျွင်းပေ့ယင်မှာ သူမ၏ ဆွဲဆောင်မှုများက ဝူယု အပေါ် သိပ် မသက်ရောက်နိုင်ကြောင်း နားလည်လိုက်သည်။ သူ၏ စိတ်ဝင်စားမှုက သူမ၏ နံ‌ဘေးတွင် ရှိနေပေသည်။ စိတ်ထဲမှ ပင့်သက် တစ်ချက် ရှိုက်လိုက်ရင်း သူမက ခပ်မြန်မြန်ပင် မိတ်ဆက်ပေးလိုက်၏။

“ဒါက ကျွန်မတို့ အမှောင်ယင် နန်းတော်ရဲ့ အထူး ဧည့်သည်တော်ပါ... ရွှေရောင် အသက်နန်းတော် တတိယမြောက် ခန်းမရဲ့ လက်ထောက် အုပ်ချုပ်ရေးမှူး အရှင် မာ့ဆုကျင်းပါ”

ကျွင်းပေ့ယင်၏ အတင်းအကြပ် မိတ်ဆက်ပေးမှုက မာ့ဆုကျင်း အပေါ် တစ်စုံတစ်ရာ မသက်ရောက်ပါချေ။ သူမက အဝေး၌ ရပ်နေသည့် ဝူယုကိုသာ ကြည့်နေ၏။ သူမ၏ မျက်နှာထက်တွင်တော့ ချည်းကပ်ရ လွယ်သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်၏ စံပြအပြုံးမျိုး ဆင်မြန်းထားသည်။ ထိုအပြုံးက ယုံကြည်ရသည့် ခံစားချက် တစ်မျိုးကို သယ်ဆောင်ထားကာ သူမက သင့်ကို ဘယ်တော့မှ လိမ်လိမ့်မည် မဟုတ် ဟု အာမခံ နေသယောင်ပင်။

ဝူယုမှာ လောကသခင်ထံမှ တစ်ဆင့် ရွှေရောင် အသက်နန်းတော် အကြောင်းကို သိရှိပြီး ဖြစ်သည်။ သူတို့၏ ခွန်အားက ခန့်မှန်း၍ မရနိုင်အောင်ပင်။

တစ်မိနစ်ခန့် ကြာအောင် ဆက်လက် ငြိမ်သက်ပြီးနောက်၌ အခြေအနေက စတင်ကာ မငြိမ်မသက် ဖြစ်လာ၏။ မျက်နှာချင်းဆိုင် ရပ်နေကြသည့် လူသုံးယောက်မှာ တစ်ဖက်နှင့် တစ်ဖက် စကား မပြောပဲ ငြိမ်သက်စွာ လေ့လာ နေခဲ့ကြသည်။

“သူ တိုက်ခိုက်တော့မှာလား...”

ကြောက်မက်ဖွယ် အတွေးနှင့် အတူ ဖိအားများက ကျွင်းပေ့ယင်၏ စိတ်အတွင်း ပိုမို၍ နိုးထလာ၏။ အမှောင်ယင် ဝိညာဥ် နည်းလမ်းကို ကျင့်ကြံခဲ့သည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ယောက်ျားတို့၏ သရဲ ဘီးလူး အလား အနုအကြမ်း စီးရန် ကြိုးပမ်းမှုများကို သူမ ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ သူမက ခပ်ဖြည်းဖြည်းပင် နောက်သို့ ဆုတ်သွားကာ တစ်ချိန်တည်း၌ မီးခိုးရောင် မြူနှင်းကွင်းမှာ ခပ်မှိန်မှိန် စတင် တောက်ပလာ၏။

မာ့ဆုကျင်းကတော့ ဖော်ရွေသော အပြုံးကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ဝူယု၏ အော်ရာမှာ တဖြည်းဖြည်းချင်း မြင့်တက်လာ၏။ ရှင်းလင်းစွာပင် သူက ရွှေရောင် အသက်နန်းတော်၏ အကြောက်အလန့် ကင်းမဲ့သော ကျင့်ကြံသူကို ချေမှုန်း ပစ်တော့မည် ဖြစ်သည်။ သို့သော်လည်း... အခြေအနေ တစ်ခုလုံး ပေါက်ကွဲ မထွက်သေးခင်မှာပင် မာ့ဆုကျင်းက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်၏။

“သွေးထွက်သံယိုတွေ ဖြစ်စရာ မလိုပါဘူး... နတ်မိမယ် ချွင်းပိုင်က ရှင့်ကို ဧည့်သည်တော် တစ်ယောက် အနေနဲ့ ဖိတ်ခေါ်ပါလိမ့်မယ်”

ထိုကဲ့သို့ ပြောလိုက်ပြီးနောက် သူမက သုန်မှုန်နေသည့် ကျွင်းပေ့ယင် ဘက်သို့ လှည့်လိုက်လေ၏။

***

All Chapters