← Chapters

ကောင်းသော ရည်ရွယ်ချက်

Vol. 44 Ch. 606

ကောင်းသော ရည်ရွယ်ချက်

Vol. 44 Ch. 606

ကျွင်းပေ့ယင်မှာ အနည်းငယ် ကြောင်အသွားသည်။ သူ့ကို ဖိတ်ခေါ်ရမည်လား။ အကယ်၍ သူ့တွင် အကြံဆိုး ရှိပါက မည်ကဲ့သို့ လုပ်မည်နည်း။

သို့သော်လည်း အခြားတစ်ဖက်တွင်တော့... မာ့ဆုကျင်း၏ ဖော်ရွေသည့် စကားက ပေါက်ကွဲလုနီးပါး ဖြစ်နေသည့် ဝူယု၏ အော်ရာများကို ပြန်လည် မှေးမှိန်သွားစေ၏။ သူက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ရင်း ပထမဆုံး အကြိမ် စကားပြောလိုက်သည်။

“ကောင်းသားပဲ...”

သူ၏ ရည်ရွယ်ချက်က နာ့ရှင်းရီကို ရှာဖွေကာ သူမ လုံခြုံစေရန် အစီအမံများ ချမှတ်ပေးရန် ဖြစ်သည်။ အမှောင်ယင် နန်းတော်ကို တိုက်ခိုက်ဖို့ မဟုတ်သလို ဖျက်ဆီးဖို့လည်း မဟုတ်ပါချေ။ သို့သော်လည်း သူတို့က တားဆီးရန် ကြိုးပမ်းလျှင်တော့ သူ့ဘက်က လုပ်သင့်တာ လုပ်ရမည် ဖြစ်သည်။

“ ...”

ကျွင်းပေ့ယင်မှာ ဘာပြောရမှန်း မသိ ဖြစ်နေ၏။ မာ့ဆုကျင်းက ကျွင်းပေ့ယန်၏ တွေဝေ နေမှုကို သဘောပေါက် လိုက်ရာ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။

“သူက ဒီကို တိုက်ခိုက်ဖို့ ရောက်လာတာ မဟုတ်ဘူး... တကယ်လို့ သူသာ တိုက်ခိုက်မယ် ဆိုရင် ဒီအစီအရင်ကလည်း ရှင့်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး... သူက အရမ်း သန်မာတယ်... အရမ်း အရမ်းကို သန်မာတယ်... သူက ဒီကို ကိစ္စတစ်ခုခု ရှိလို့ ရောက်လာတာ နေမယ်... ဒီတော့ အသက်ကို ရင်းမယ့် အလောင်းအစား လုပ်မယ့် အစား အေးအေးဆေးဆေး ညှိနှိုင်းကြည့်ကြတာပေါ့”

ကျွင်းပေ့ယင်မှာ ငြိမ်သက်နေ၏။ မာ့ဆုကျင်းမှာ ရွှေရောင် အသက်နန်းတော်မှ ပြုစု ပျိုး‌ထောင် ပေးထားသည့် လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော လူကပင် အလွန် သန်မာသည်ဟု သုံးနှုန်းရလျှင် သူက မည်သည့် အဆင့်၌ ရှိနေသနည်း။

မာ့ဆုကျင်းက ဆက်ပြောလိုက်၏။

“ငါ သူ့ကို ယှဥ်နိုင်လား ဆိုတာ မမေးနဲ့... ငါ ကိုယ်တိုင်လည်း မပြောနိုင်ဘူး... ဒါပေမဲ့ သူက ရှင်တို့ဂြိုဟ် အစီအရင်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်တာထက် ပိုတယ် ဆိုတာတော့ သေချာတယ်”

“ ...”

ကျွင်းပေ့ယွင်မှာ ဆက်လက် စဥ်းစားနေခြင်း မပြုတော့ချေ။ သူက မီးခိုးရောင် မြူမှုန်များထဲမှ ထွက်ခွာကာ ဝူယုကို လှပစွာ ပြုံးပြလိုက်၏။

“ကျွန်မတို့ အမှောင်ယင် နန်းတော်က အရှင့်ကို ဧည့်သည်တော် တစ်ယောက် အနေနဲ့ ဖိတ်ခေါ်ပါတယ်... အရှင့်လို လူမျိုး တစ်ယောက် အလည်အပတ် ရောက်လာတာ ကျွန်မတို့ အမှောင်ယင် နန်းတော် အတွက် ဂုဏ်ယူစရာပါပဲ”

ဝူယုမှာ သူတို့ မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို တကူးတက တွေး မနေပါချေ။ သူက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ရှေ့သို့သာ ခြေတစ်လှမ်း တိုးလိုက်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူက မူလ နေရာမှ ပျောက်ကွယ်ကာ မာ့ဆုကျင်းတို့ အနားကို ရောက်ရှိလာသည်။

“သွားကြတာ‌ပေါ့...”

ကျွင်းပေ့ယင်မှာ ဝူယု၏ အမြန်နှုန်းကို ကြည့်ကာ အံ့အားသင့် သွားခဲ့၏။ သို့သော်လည်း သူမက ဟန်မပျက်ပင် ပြုံးရင်း ဦးတစ်ချက် ညွှတ်လိုက်သည်။

“ကျွန်မက အမှောင်ယင် နန်းတော်သခင်မ ကျွင်းပေ့ယင်ပါ... ကြိုဆိုပါတယ်”

မာ့ဆုကျင်းက ကျွင်းပေ့ယင်၏ နံဘေးတွင် ကပ်၍ ရပ်ကာ ဝိညာဥ် အာရုံဖြင့် ကာကွယ်ထား၏။ ကျွင်းပေ့ယင်အား ဝူယု တစ်စုံတစ်ရာ ပြုလုပ်ရန် ကြိုးပမ်းပါက ခွင့်ပြုမည် မဟုတ်ကြောင်း ရှင်းလင်းစွာပင် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ဝူယုကတော့ ထိုပြကွက်ကို စိတ်မဝင်စားပါချေ။ တည်ငြိမ်စွာပင် တန်ခိုးရှင်ယင် ဂြိုဟ်ထက်သို့ သူတို့ နှစ်ယောက်နောက်မှ ဦးတည်လိုက်လေသည်။ ထိုအခိုက်အတန့်တွင်ပင် မာ့ဆုကျင်းဆီမှ ဝိညာဥ်အသံ တစ်ခုမှာ ဝူယုထံသို့ တိတ်တဆိတ် ပျံလွင့်လာ၏။

“ရှင့်ကို ငွေရောင် မျက်လုံး ပိုင်ရှင် အဂ္ဂိရတ် ပညာရှင်လေး ဝေ့ဝူယင်က လွှတ်လိုက်တာလား”

မာ့ဆုကျင်း၏ မေးခွန်းကို ပြန်မဖြေနိုင်ခင် ဝူယု၏ အတွေးများမှာ မီးတောက်များလို တဟုန်းဟုန်း ထတောက် သွားခဲ့တော့၏။ ရွှေရောင် အသက်နန်းတော် တတိယ ခန်းမ၏ လက်ထောက် အုပ်ချုပ်ရေးမှူးက မည်ကဲ့သို့ သူ့ကို ဝေ့ဝူယင် လွှတ်လိုက်ကြောင်း သိနေရသနည်း။ သူ သိထားသည့် အချက်အလက်များထဲတွင် ကွက်လပ်များ ရှိနေကြောင်း ဝူယု သတိထားမိလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း သူ ထိုအရာကို ဖော်ပြရန် မဝံ့ရဲပါချေ။

ရင်တဒိတ်ဒိတ် ခုန်နေသည့်တိုင် ဝူယု၏ အပြင်ပန်း အမူအရာက အလွန်အမင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက မာ့ဆုကျင်းကို သူသိသည် ဆိုသည့် အကြည့်မျိုးဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။

မကြာခင်မှာပင် သူတို့မှာ တန်ခိုးရှင်ယင်ဂြိုဟ်၏ ပထမ ကောင်းကင် အလွှာဆီသို့ ရောက်ရှိလာခဲ့သည်။ ကျွင်းပေ့ယင်က အသာအယာပင် လက်တစ်ဖက် ဝှေ့ယမ်းကာ လမ်းကြောင်း တစ်ခုကို ဖော်ဆောင် လိုက်၏။ ယခု၌ မာ့ဆုကျင်းနှင့် ရွှေရောင် အသက်နန်းတော်၏ ကာကွယ်မှု ရှိနေပြီ ဖြစ်လေရာ ထိုပုဂ္ဂိုလ် အတင့် မရဲလောက်ဟု ယုံကြည်မှု တစ်ဝက် ရှိနေခဲ့ပြီ ဖြစ်သည်။

“အရှင်... ကျွန်မတို့ အမှောင်ယင် နန်းတော်က တစ်ချို့ နေရာတွေမှာ ချို့ယွင်းချက် ရှိပေမဲ့ ဧည့်ဝတ်ကျေတဲ့ နေရာမှာတော့ ထိပ်တန်းပါပဲ... တကယ်လို့ ကျွန်မတို့က နံပတ်နှစ်လို့ ပြောရင် ရွှေအဆင့် အင်အားစုတွေထဲမှာ နံပတ်တစ်လို့ ပြောရဲတဲ့လူ မရှိဘူး”

နောက်ဆုံး ကောင်းကင်အလွှာကို ဖြတ်ကျော်၍ အမတေများ ပြည့်နှက်နေသည့် ပတ်ဝန်းကျင်ကို ဝင်ရောက် ပြီးနောက်တွင် ကျွင်းပေ့ယင်က စတင်ကာ စကားပြောလိုက်၏။

ဝူယုမှာ ငြိမ်သက်နေသည့် ဂြိုဟ်၏ အတွင်းပိုင်းကို ကြည့်ကာ ထိတ်လန့် အံ့အားသင့် နေခဲ့သည်။ သူ ဤကြယ်တာရာ နယ်မြေတွင် ဂြိုဟ်နှစ်ခုကိုသာ ရောက်ဖူးသည်။ တစ်ခုက ထာဝရဂြိုဟ်နှင့် နောက်တစ်ခုက ၎င်းနှင့် အိမ်နီးချင်း တုကန်ဂြိုဟ်တို့ ဖြစ်သည်။ ထိုဂြိုဟ်ထက်တွင် သူ လောကသခင် တစ်ပါးကို တွေ့ရှိ ဖမ်းဆီးကာ သုံးလွှာ ကြယ်တာရာ နယ်မြေနှင့် ပတ်သက်သမျှ သတင်း အချက်အလက်တို့ကို စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဂြိုဟ်အတွင်းပိုင်းသို့ ဝင်ရောက်ပြီးနောက်တွင် ထိုလောကသခင်၏ စကားက တကယ် မှန်ကန်ကြောင်း သူ မှတ်ချက်ချလိုက်မိသည်။ တန်ခိုးရှင်ယင် ဂြိုဟ်မှာ မရေမတွက်နိုင်သည့် မိန်းမလှများနှင့် ပြည့်နှက်နေကာ ယောက်ျားသားတို့ အတွက် နိဗ္ဗာန်ဘုံပင် ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်‌၏ အမိန့်ကြောင့်သာ မဟုတ်ပါက ကျွင်းပေ့ယွင်၏ စကားတွင် နစ်မြောကာ ဤနေရာ၌ တစ်သက်လုံး နေခွင့်ပြုရန်ပင် တောင်းဆိုမိမလား မပြောတတ်ချေ။ ဘာပဲဖြစ်ဖြစ်... ယခုတွင် သူ့၌ ဦးစားပေး လုပ်စရာများ ရှိနေပေသည်။

ထိုအထဲမှ နံပတ်တစ်က နာ့ရှင်းရီကို ရှာဖွေရန်ပင်။

ဝူယု ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ တန်ခိုးရှင်ယင်ဂြိုဟ် တစ်ခုလုံးကို လွှမ်းခြုံရန် ဟန်ပြင်လိုက်စဥ်မှာပင် မာ့ဆုကျင်းက သူ့ကို နောက်တစ်ကြိမ် ဆက်သွယ်လိုက်၏။

“တကယ်လို့ သူ့ရဲ့ ဇနီးလောင်းကို လာရှာတာ ဆိုရင် စိတ်အေးအေးထားပါ... သူ လုံခြုံ ဘေးကင်းပါတယ်”

မာ့ဆုကျင်း၏ ခန့်မှန်းနိုင်စွမ်းကို ဝူယု နည်းနည်းလေးမျှ အထင် မသေးဝံ့တော့ချေ။ သူက ကျွင်းပေ့ယင်ကို တစ်ချက် လှမ်းကြည့်ကာ အမိန့်ပေးလိုက်၏။

“ကျုပ်တို့ကို ခဏထားခဲ့ပါ...”

ဝူယု၏ လေသံက ကြီးကျယ် ခမ်းနားလှသည့် မဟာ ဧကရာဇ်ကြီး တစ်ပါးမှ အစေခံ တစ်ယောက်ကို အမိန့်ပေး လိုက်သလိုပင်။ ရှင်းလင်းစွာပင် ဝူယုမှာ ကျွင်းပေ့ယင်ကို နည်းနည်းလေးမှ မျက်နှာသာ မပေးချေ။

ကျွင်းပေ့ယင်၏ မျက်လုံးများက ကျဥ်းမြောင်းကာ သုန်မှုန်မှုများနှင့် ပြည့်နှက်သွားသည်။ သူမ၏ ပြာလဲ့လဲ့ မျက်ဝန်းများထဲတွင် ဒေါသ အရိပ်အငွေ့များ ပေါ်လာခဲ့၏။ ဤနေရာက သူမ၏ အိမ် ဖြစ်သည်။ သူမ၏ ဂြိုဟ် ဖြစ်သည်။ နောက်ပြီး... သူမက အလွန် လှပသည်။ သူမက ဘယ်တုန်းက ထိုကဲ့သို့ ဆက်ဆံခံရဖူးသနည်း။ အထူးသဖြင့် မည်သည့် ယောက်ျားက သူမကို ထိုလေသံဖြင့် ပြောဖူးသနည်း။

မာ့ဆုကျင်းမှာ ကျွင်းပေ့ယင်၏ ဒေါသကို ရိပ်မိလိုက်ရာ ဝိညာဥ်အာရုံဖြင့် ဆက်သွယ် လိုက်၏။

“ရှင် အခု ခဏ ထွက်သွားလိုက်ပါ... ဒေါသကြောင့် အသက် မဆုံးရှုံးစေနဲ့”

သူမ၏ လေသံက ကျွင်းပေ့ယင်မှာ ဝူယု၏ ပြိုင်ဘက် မဟုတ်ကြောင်း သတိပေးမှုများနှင့် ပြည့်နှက် နေသည်။ ဘာမဟုတ်သည့် ကိစ္စဖြင့် အသက်ဆုံးရှုံးရမည်ကို မာ့ဆုကျင်း မလိုလားချေ။

“...”

ကျွင်းပေ့ယင်မှာ ဒေါသထွက်နေသည့်တိုင် အခြေအနေကို နားလည် သဘောပေါက်ပေသည်။ သူမက ဝင်သက် ထွက်သက်ကို ခပ်ဖြေဖြေး ရှူရှိုက်ရင်း မကြာခင် တည်ငြိမ်မှုကို ပြန်လည် ရရှိလာ၏။ ထို့နောက် လှပသော အပြုံးကို ပြန်လည် ဆင်မြန်းလိုက်ရင်း ဦးတစ်ချက် ညွှတ်လိုက်သည်။

“လိုအပ်တာ ရှိရင် ပြောပါ...”

ထိုကဲ့သို့ ပြောလိုက်ပြီးနောက်... သူမ၏ ခန္ဓာကိုယ်လေးမှာ တံခါးမှ တရွေ့ရွေ့ ထွက်ခွာကာ ပျောက်ကွယ် သွားတော့၏။

ကျွင်းပေ့ယင် ပျောက်ကွယ်သွားပြီးနောက် ဝူယုက မာ့ဆုကျင်းဘက်သို့ ပြန်လှည့်လိုက်သည်။ မာ့ဆုကျင်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် အလင်းနံရံ တစ်ခုမှာ သူတို့ကို ဝန်းရံသွား၏။ ၎င်းက တန်ခိုးရှင် အဆင့် အတားအဆီး အစီအရင် တစ်ခု ဖြစ်ကာ ထူးထွေ ဆန်းပြားသော စကားလုံးနှင့် သင်္ကေတများ ရောနှော ပျော်ဝင်နေ၏။

“ကောင်းကင် နိမိတ်ဖတ် ကာကွယ်ရေး အစီအရင်လား...”

ဝူယုက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ မာ့ဆုကျင်းက တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်သည်။

“ရှင် ဘယ်သူ့ကိုမှ စိတ်မချဘူး ဆိုတာ ကျွန်မ သိပါတယ်... အဲဒါကြောင့် ကူညီလိုက်တာပါ”

စကားအဆုံး၌ သူမက အင်္ကျီလက်အိုးကို လှန်ကာ သုံးလက်မခန့် ရှိသည့် ငွေရောင် တက်တူး ကလေးကို ပြသ လိုက်သည်။ ၎င်းက ထူးဆန်းသော စကားလုံး တစ်ခု ပုံသဏ္ဌာန်ဖြင့် ရှိနေကာ လျှို့ဝှက် အာဏာရှင် အဆင့်များသာ ဖတ်နိုင်သည့် ဘာသာစကား တစ်ခုလည်း ဖြစ်သည်။

ဝူယုက ၎င်းကို တစ်ခဏမျှ စိုက်ကြည့်လိုက်၏။ ထို့နောက် သူကလည်း ညာဘက် အင်္ကျီလက်ကို မတင် လိုက်သည်။ ခပ်အုပ်အုပ် မိုးကြိုး ထစ်ခြုန်းသံများနှင့် အတူ ရောင်စုံ အလင်းတန်းများမှာ သူ့လက်ဖျံတွင် လင်းလက်လာ၏။ ထို့နောက် သုံးလက်မ အရွယ်အစားရှိသည့် တက်တူး တစ်ခု ပေါ်လာခဲ့ပြန်သည်။ သို့သော်လည်း ၎င်းက ငွေရောင် မဟုတ်ချေ။ အဖြူရောင် ဆွတ်ဆွတ် ဖြစ်ကာ အတွင်းတွင် ရောင်စုံကြယ်များက လှပစွာ လှုပ်ရှားနေသည်။

မာ့ဆုကျင်းမှာ တက်တူးကို ငြိမ်သက်စွာ ကြည့်နေခဲ့၏။ သို့သော်လည်း... သူမ၏ မျက်လုံးများကတော့ စိတ်လှုပ်ရှားမှု လှိုင်းများဖြင့် အဆက်မပြတ် လှုပ်ရှားနေခဲ့လေသည်။

“လုံလောက်လား...”

ဝူယုက မေးလိုက်၏။ သူ၏ တက်တူးမှ ထွက်ပေါ်နေသည့် အော်ရာက မာ့ဆုကျင်း၏ အော်ရာနှင့် အတူတူပင် ဖြစ်သည်။

မာ့ဆုကျင်းက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း တန်ခိုးရှင် အဆင့် အစီအရင်ကို ပြန်သိမ်းလိုက်သည်။ ထို့နောက် အသံနှင့် အမြင်လုံ အစီအရင် တစ်ခု ချလိုက်သည်။

“ရှင့်ကို ဝေ့ဝူယင်က လွှတ်လိုက်တယ်... နောက်ပြီး ရှင့်ရဲ့ တာဝန်က သူ့ရဲ့ ဇနီးလောင်းကို ကာကွယ် ပေးရမယ် ဟုတ်တယ်မလား”

ဝူယုက မငြင်းချေ။ ခေါင်းညိတ်ပြလိုက်၏။

“သူ့ရဲ့ နောက်ခံနဲ့ ပတ်သက်နေတဲ့ သီအိုရီတွေက တကယ် မှန်တာပဲ... သာမန် သေမျိုး မိန်းကလေး တစ်ယောက် အတွက်တောင် ရှင့်လို လျှို့ဝှက် အာဏာရှင် တစ်ယောက်ကို လွှတ်လိုက်နိုင်တယ်”

မာ့ဆုကျင်းက ဖြူရော်စွာ ပြုံးရင်း မှတ်ချက်ချလိုက်လေသည်။

***

All Chapters