နယ်မြေမျိုးစေ့
Vol. 44 Ch. 608
ပြင်းထန်သော ခံစားချက်များနှင့် အတူ နာ့ရှင်းရီမှာ မှတ်ဉာဏ်များ အတွင်း၌ နစ်မြုပ်နေခဲ့၏။ ဝေ့ဝူယင်နှင့် ဆက်ဆံမှုက သူမ အတွက် ပထမဆုံး ဖြစ်ခဲ့လေရာ အလွန် ထူးခြားခဲ့သည်။
ပထမ၌ ထိုအရာက ဒဏ္ဍာရီဆန်သည့် ကံကြမ္မာ အလှည့်အပြောင်း ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်ခဲ့သည်။ သူမ သူ့လူ ဖြစ်ချင်ခဲ့သည်။ လောကကြီးကို အတူ ရှာဖွေချင်ခဲ့သည်။
သို့သော်...
သို့သော်လည်း...
ဝေ့ဝူယင်က သူမကို ထွက်သွားခိုင်းခဲ့သည်။ သူမ ရှုံးနိမ့်ခဲ့သည်။
ဒေါသထွက်မှု...
ကြောက်ရွံ့မှု...
စိတ်ကူးယဥ် နတ်သမီး ပုံပြင်လေးက ထိုနေရတွင်ပင် အဆုံးသတ် သွားခဲ့သည်။ သုံးပြီးသား အမှိုက်ထုပ် တစ်ခုလို နတ်ဆိုး၏ နံဘေးမှ သူမ လွင့်စဥ် ခဲ့ရသည်။
ထိုနေ့မှ စ၍ နာ့ရှင်းရီ သူမကို အလွန် မုန်းတီးသွားခဲ့သည်။ သူမ ယောက်ျားတိုင်းကို မုန်းသည်။ လူတိုင်းကို မုန်းသည်။ ထို့နောက် လုံချန်နှင့် ဆုံတွေ့ခဲ့သည်။ နတ်သမီး ပုံပြင်လေးမှာ ပြန်လည် အသက်ဝင်လာခဲ့သည်။ တိမ်မြုပ်နေသည့် ပါရမီကို ရှာဖွေ တွေ့ရှိကာ ကျင့်ကြံခြင်း အဆင့်များကို သူမ ချိုးဖျက်နိုင်ခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်ထံမှ ရရှိခဲ့သည့် ချိုမြိန်မှုများနှင့် ခါးသီးမှုများကို သူမ တစ်ရက်မှ မေ့မရခဲ့။
ဤသို့နှင့် နာ့ရှင်းရီ ဘဝ ခရီးလမ်းကို ဆက်လျှောက်ခဲ့သည်။ အတွေ့အကြုံများနှင့် အတူ ဘဝ အဆစ်အချို့းအကွေ့များကို သူမ ကြုံခဲ့ရသည်။ သိပ်မကြာခင်မှာပင် နတ်သမီး ပုံပြင်က စိတ်ကူးယဥ်မျှသာ ဖြစ်ကြောင်း သူမ တွေ့ရှိခဲ့ရသည်။ သူမ၏ ဘဝက တစ်စုံတစ်ယောက် အတွက် မီးစာ ဖြစ်လာခဲ့သည်။ မည်သည့် လေးစားမှုမျိုးကိုမှ သူမ လက်ခံ မရခဲ့။
နာ့ရှင်းရီ ကိုယ့်ကိုယ်ကို မလိုချင်တော့ချေ။ ကိုယ့်ကိုယ်ကို ဆန္ဒ မရှိတော့ချေ။ ချိန်ခွင်ရှာမှ လုံချန်ကို ဖယ်ထုတ်လိုက်လျှင် သူမက ဘာကောင်မမှ မဟုတ်ခဲ့။
သို့သော်လည်း ဝေ့ဝူယင်က ကတိပေးစကား ပြောခဲ့သော အခါတွင်တော့ သူမ၏ မျှော်လင့်ချက်တို့က ပြန်လည် အသက်ဝင်လာခဲ့သည်။ သူက သူမကို ဇနီး မယား အဖြစ် လက်ထပ်ယူမည်ဟု ကတိပေးခဲ့သည်။ သူမ၏ အိပ်မက်များ၊ ဆန္ဒများကို အသက်ဝင်လာအောင် ထောက်ပံ့ပေးမည်ဟု ဆိုခဲ့သည်။ ထိုနေ့မှာပင် နာ့ရှင်းရီမှာ သူမ လိုချင်သည်က ဘာကို ဖြစ်ကြောင်း နားလည်ခဲ့သည်။
နာ့ရှင်းရီ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ငွေရောင် အလင်းရောင်စဥ်များ အတွင်း နစ်မြုပ်နေ၏။ သူမ သတိမထားမိခင်မှာပင် သူမ၏ ဝိညာဥ် အမတေမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် စတင် ပူးပေါင်းကာ ဝိညာဥ် အော်ရာ တစ်ခုကို အသက်သွင်း နေခဲ့ပြီ ဖြစ်လေသည်။ ထိုကြောင့်ပင် အစစ်အမှန်ဆုံး၊ အနက်ရှိုင်းဆုံး၊ အရေးအပါဆုံး မှတ်ဉာဏ်များမှာ တစ်ခုပြီး တစ်ခု ပေါ်လာကာ သူမကို အမှတ်တရများထဲသို့ ဆွဲချသွားခဲ့ခြင်း ဖြစ်သည်။
ဘုန်း... ဘုန်း...
နာ့ရှင်းရီ မှတ်ဉာဏ်များ အတွင်း ဆက်လက် နစ်မြုပ်နေစဥ်မှာပင် ဒြပ်စင် စွမ်းအင်များ၊ ရောင်စုံ မူလ အလင်းများ၊ မြေဆွဲအား စွမ်းအင်များနှင့် သန့်စင်သော ဟင်းလင်းပြင် စွမ်းအင်များမှာ သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် အရှိန်အဟုန်ဖြင့် စတင် ရစ်ပတ်လာနေခဲ့၏။ ထို့နောက် ၎င်းတို့က ဖြည်းညင်းစွာပင် သူမ၏ ယင် ကြယ်တာရာ ဝိညာဥ်နှင့် သဟဇာတ ဖြစ်စွာ ပူးပေါင်းသွားကာ ပြိုင်စံရှားသော လောက ဖန်တီး ဖန်တီးခြင်း အော်ရာကို ထုတ်လွှတ်လေတော့သည်။
ထိုဖြစ်စဥ် တစ်ခုလုံးကို ဖန်တီးနေခဲ့သည်က သူမ၏ ထျန်းတျန် အတွင်းရှိငွေရောင် ဆေးလုံးတစ်လုံးပင် ဖြစ်လေသည်။ ထို့အပြင်... နယ်မြေမျိုးစေ့က အခြား မဟုတ်ချေ။ အာရုဏ်ဦး နေမီးတောက် ဆေးလုံး ကိုယ်တိုင်ပင် ဖြစ်ပေတော့သည်။
နာ့ရှင်းရီ သတိမထားမိလိုက်ခင်မှာပင် လောကတစ်ခု ဖန်ဆင်းခြင်းကား အောင်မြင်ခဲ့ပြီ ဖြစ်သည်။ ဆေးလုံးအား စတင် သောက်သုံးချိန်မှ စ၍ နယ်မြေ မျိုးစေ့ ဖြစ်ပေါ်လာသည် အထိ အချိန်မှာ မိနစ် အနည်းငယ် ခန့်မျှသာ ကြာမြင့်ခဲ့ပေသည်။
မှတ်ဉာဏ်များထဲမှ ရုန်းထွက်လာနိုင်ပြီးနောက် နာ့ရှင်းရီ၏ အသက်ရှူသံများမှာ ပူပြင်းနေကာ မျက်လုံးများမှာ မျက်ရည်စများဖြင့် စိုရွှဲနေ၏။ သူမက ခန္ဓာကိုယ် အောင်ပိုင်းကို ထိတွေ့ကြည့်လိုက်ရာ ယခုတစ်ကြိမ်တွင်တော့ ထျန်းတျန်ကို ခံစားလိုက်ရသည်။
နာ့ရှင်းရီ ပထမဆုံး သတိထားမိလိုက်သည့် အရာက ကြယ်တာရာ ဝိညာဥ်နှင့် ပေါင်းစပ် တည်ရှိနေသည့် နယ်မြေမျိုးစေ့ပင် ဖြစ်သည်။ ၎င်းက အလွန် တည်ငြိမ် ခိုင်ခံလှကာ မိခင်နို့ရည်ကို သောက်စို့ရန် အဆင်သင့် ဖြစ်နေသည့် မွေးကင်းစ ကလေးငယ် တစ်ယောက်နှင့်ပင် တူနေသေး၏။ ၎င်း အတွက် လိုအပ်သမျှက ပြုစုပျိုးထောင်မှုသာလျှင် ဖြစ်ပေသည်။
ထိုအချိန်အထိ နာ့ရှင်းရီမှာ သူမရှေ့ မီတာ အနည်းငယ်ခန့် အကွာ၌ လူသုံးယောက် ရပ်နေကြကြောင်း သတိမထားမိသေးချေ။ သူတို့က ဟင်းလင်းပြင်ကို ချိပ်ပိတ်ကာ သူမ၏ အာရုံ ခံစားမှုတိုင်းကို ဖုံးကွယ် ထား၏။ သုံးယောက်စလုံး၏ မျက်နှာများက သုန်မှုန်နေကြကာ အထူးသဖြင့် မီးခိုးရင့်ရောင် ဆံပင်နှင့် အမျိုးသမီးမှာ အမူအရာပင် ပျက်ယွင်းနေခဲ့၏။
သူတို့ တိတ်တဆိတ် ဆက်လက် လေ့လာနေကြစဥ်မှာပင် နာ့ရှင်းရီမှာ နယ်မြေမျိုးစေ့ကို သတိထားမိသွားကာ စတင် ချိတ်ဆက်ရန် ကြိုးပမ်းနေသည်ကို တွေ့မြင်လိုက်၏။ ဝိညာဥ် ဆင်းတု ပုံရိပ်ယောင်က သူမ၏ နောက်နားတွင် စတင် ထွန်းလင်းလာကာ ကွင်းကိုးကွင်းကို ထုတ်ဖော် ပြသလာသည်။ မကြာခင်မှာပင် လောကနယ်မြေက စတင် ပြန့်ကား ထွက်လာကာ ကြာပန်း သဏ္ဌာန် ထိုင်နေသည့် သူမ၏ ခန္ဓာကိုယ်မှာ မြေပြင်မှ အပေါ်သို့ ကြွတက်လာခဲ့တော့၏။
ထို့နောက် တဒင်္ဂ အခိုက်အတန့်လေး အတွင်းမှာပင် လောကနယ်မြေမှာ အခန်း တစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့တော့သည်။
“အမလေး...”
ထိုအခါတွင်မှ နာ့ရှင်းရီမှာ သူ့ရှေ့၌ ရပ်နေသည့် လူသုံးယောက်ကို သတိထားမိသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိတော့၏။
...
နာ့ရှင်းရီမှာ အလွန်အမင်း ကြောက်လန့် နေခဲ့၏။ သူမ၏ ရှေ့၌ လူစိမ်း သုံးယောက် ရှိနေခဲ့ကာ ထိုသုံးယောက် စလုံးက အလွန် အစွမ်းထက်ပုံ ရသည်။ အကယ်၍ အသစ် ဖွဲ့စည်း ရရှိလာသည့် လောကနယ်မြေ ကြောင့်သာ မဟုတ်လျှင် သူမ သတိပင် ထားမိခဲ့လိမ့်မည် မဟုတ်ချေ။
စတင် သတိထားမိသည့် အခိုက်အတန့်တွင်ပင် နာ့ရှင်းရီက ကြယ်တာရာ အင်အားကို ဆန့်ထုတ်ကာ အကာအကွယ် အလွှာ တစ်ခု ဖန်တီးခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူတို့သာ သတ်ဖြတ် လုပ်ကြံသူ အုပ်စု တစ်ခု ဆိုပါက သူမ ဒီအတိုင်း အသေခံမည့် အစား သူမ အသက်နှင့် ရင်းကာ တိုက်ခိုက်မည် ဖြစ်သည်။
အခြားတစ်ဖက်၌ ဝူယုကတော့ နာ့ရှင်းရီ၏ လောကနယ်မြေကို ကြည့်ကာ ဆွံ့အ နေခဲ့၏။ သူ၏ နှလုံးသားကတော့ ဝူပိုင်ကျိုး မေးခဲ့ဖူးသော မေးခွန်းနှင့် ဆက်စပ် တွေးတောရင်း တဒိတ်ဒိတ် ခုန်နေသည်။
“သူက ကြယ်တာရာ အမြုတေ အဆင့်ခုနစ်ကို မရောက်ခင် လောကနယ်မြေ တစ်ခု ဖန်တီးနိုင်တဲ့ အဂ္ဂိရတ် ထုတ်ကုန်ကို ဖန်တီးလိုက်တာလား...”
ထိုအတွေး ဝူယု၏ ရင်ဘတ် အတွင်း အရှိန်အဟုန်နှင့် ပေါက်ကွဲနေ၏။ ထိုအရာက ထာဝရ ဧကရာဇ်ခေတ်တွင် ရှင်သန်ခဲ့သည့် သူ့အတွက်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းသော တွေ့ရှိမှု တစ်ခု ဖြစ်သည်။ သူ့ဘဝ တစ်လျှောက်လုံးတွင် ထိုကဲ့သို့ အကျိုးသက်ရောက်နိုင်စွမ်း ရှိသည့် အဂ္ဂိရတ် ထုတ်ကုန်မျိုး တစ်ခါမှ မကြားဖူးခဲ့ချေ။ တစ်မိုးအောက် တစ်ယောက်ထွန်း ထာဝရ ဧကရာဇ် ပင်လျှင် ထိုကဲ့သို့ ထုတ်ကုန်မျိုး မဖော်စပ်ခဲ့ဖူးသလို ကြယ်တာရာ အမြုတေ အဆင့်ခုနစ်ကို မရောက်ခင် လောကနယ်မြေ ဖန်တီးနိုင်သည့် ပါရမီရှင်မျိုး မမွေးထုတ်ခဲ့ဖူးချေ။
သို့သော်လည်း... နာ့ရှင်းရီတော့ ဝိညာဥ်ဆင်းတု အဆင့်ခုနစ်ဖြင့် နယ်မြေမျိုးစေ့ တစ်ခု အောင်အောင်မြင်မြင်ပင် ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းက အတုအယောင် လောကနယ်မြေ မဟုတ်ပဲ ကြယ်တာရာ ဝိညာဥ်နှင့် တစ်သားတည်း ပေါင်းစပ်နေသည့် တကယ့် လောကနယ်မြေ ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်ခုနစ် လောကသခင်များ၏ လောကနယ်မြေပင်လျှင် ၎င်းထက် ပိုကောင်းစရာ အကြောင်း မရှိချေ။
ဝှစ်...
ဝူယုမှာ နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။ မာ့ဆုကျင်းနှင့် ကျွင်းပေ့ယင်တို့က အတားအဆီးများကို ဖယ်လိုက်ကြကာ နာ့ရှင်းရီ ရှေ့သို့ ထွက်လိုက်ကြသည်။ ကျွင်းပေ့ယင်မှာ ဝူယု၏ ပျောက်ကွယ်သွားသည့် ကျင့်စဥ်ကို အံ့အားသင့်နေခဲ့၏။ တစ်ချိန်တည်း၌ မာ့ဆုကျင်းမှာလည်း ဖော်ရွေသည့် စီးပွားရေး သမား အပြုံးကို ဆက်လက် ထိန်းထားနိုင်စွမ်း မရှိတော့ချေ။
သူမ၏ မျက်လုံးများက နာ့ရှင်းရီကို စူးစူးစိုက်စိုက် ကြည့်ကာ ခန္ဓာကိုယ် တစ်ခုလုံးကို အပြန်ပြန် အလှန်လှန် စစ်ဆေးနေသည်။ မာ့ဆုကျင်း ရှေ့သို့ ထပ်တိုးရန် ဝူယုထံမှ ပြင်းထန်သော သတိပေးချက် တစ်ခု ဝင်ရောက်လာ၏။ ထိုမိန်းကလေးမှာ သခင်လေး၏ ဇနီးလောင်း ဖြစ်သည်။ အရိပ်ထဲတွင်သာ နေရန် မှာကြားထားသည့်တိုင် မည်သည့် ထိခိုက်မှုမျိုးကိုမှ သခင်လေးက နှစ်ခြိုက်လိမ့်မည် မဟုတ်ချေ။
မာ့ဆုကျင်းက ချက်ချင်းပင် ကိုယ်ရှိန်သတ်လိုက်ကာ မျက်နှာထက်တွင် ရှက်သည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွား၏။ နာ့ရှင်းရီထံမှ နယ်မြေမျိုးစေ့ကို အတင်းအကြပ် ထုတ်ယူကာ လျှို့ဝှက်ချက်အား တူးဆွရန် သူမ၏ အကြံအစည်က လျှင်မြန်စွာပင် ပြန်လည် ငုပ်လျှိုးသွားသည်။ သူမက ဖော်ရွေသော အပြုံးကို ဆင်မြန်းလိုက်ရင်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်၏။ ထို့နောက် ကျွင်ပေ့ယင်ဘက်သို့ လှည့်ကာ ဝိညာဥ်အာရုံဖြင့် အသံတစ်ချို့ ပို့လွှတ်လိုက်လေသည်။
“...”
မာ့ဆုကျင်းထံမှ ဝိညာဥ်အာရုံကို လက်ခံ ရရှိပြီးနောက် ကျွင်းပေ့ယင်၏ အမူအရာက တောင့်တင်းသွား၏။ နာ့ရှင်းရီ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူမ ခါးသီးစွာ ပြုံးလိုက်မိသည်။
အမည်မသိ လျှို့ဝှက် အာဏာရှင်က ထိုမိန်းကလေး အတွက် လာခဲ့သည်လော သူမ၏ နောက်ခံက မည်ကဲ့သို့နည်း။ ကြည့်ရသည်က ယင်ခန္ဓာနှင့် လှပသော ထိုမိန်းကလေးကို သူမ ပို၍ သတိထား ကာကွယ်ရတော့မည် ဖြစ်သည်။ မဟုတ်လျှင် အမှောင်ယင် နန်းတော် တစ်ခုလုံး မထင်မှတ်ထားသည့် ကပ်ဘေး အတွင်း ကျရောက်သွားနိုင်သည်။
စိတ်နှလုံးအတွင်း ယောက်ယက်ခတ် နေသည့်တိုင် အပြင်ပန်းတွင်တော့ ကျွင်းပေ့ယင်က နာ့ရှင်းရီကို ကြည့်ကာ ချိုသာစွာ ပြုံးပြလိုက်၏။
“ကြောက်စရာ မလိုပါဘူး... ငါက အမှောင်ယင် နန်းတော်သခင်မ ကျွင်းပေ့ယင်ပါ... နင်က ထာဝရ ကြယ်တာရာ နယ်မြေက ရောက်လာတဲ့ နာ့ရှင်းရီ ဟုတ်တယ်မလား”
“ ... “
နာ့ရှင်းရီမှာ ကျွင်းပေ့ယင်၏ စကားကြောင့် အံ့အားသင့်သွား၏။ နန်းတော် သခင်မလား...။ အလွန် သန့်စင်သည့် ယင်အော်ရာ အရဆိုလျှင် ထိုအရာက ဖြစ်နိုင်ချေ ရှိသည်။
သူမက မာ့ဆုကျင်းကို တစ်ချက် လှမ်းကြည့်လိုက်၏။ ဘာကြောင့်မှန်း မသိသော်လည်း ထိုအမျိုးသမီးထံမှ မကောင်းသော ရည်ရွယ်ချက် အငွေ့အသက်တို့ကို သူမ ခံစား၍ ရနေခဲ့သည်။ အကယ်၍ နန်းတော် သခင်မသာ ဤနေရာတွင် ရှိမနေခဲ့ပါက ထိုအမျိုးသမီးမှာ သူမကို အတင်းအကြပ် ဖမ်းဆီး၍ပင် သွားကောင်း သွားနိုင်ပေသည်။
ကျွင်းပေ့ယင်မှာ နာ့ရှင်းရီ၏ မျက်လုံးထဲမှ စိုးရိမ်မှုများကို သတိထားမိလိုက်၏။ သူမက အလိုက်တသိပင် ထိုအရာကို ဖြေလျှော့ပေးရန် ကြိုးပမ်းလိုက်သည်။
“သူက ရွှေရောင် အသက်နန်းတော် တတိယမြောက် ခန်းမရဲ့ လက်ထောက် အုပ်ချုပ်ရေးမှူး အရှင် မာ့ဆုကျင်းပါ... အမှောင်ယင် နန်းတော်ကို အလုပ်ကိစ္စနဲ့ ရောက်လာတာ”
***