ဒြပ်စင်နယ်မြေ
Vol. 44 Ch. 609
“ကျွန်မက နာ့ရှင်းရီပါ... နန်းတော် သခင်မ ချွင်းပိုင်ကို ဂါရဝ ပြုပါတယ်”
နာ့ရှင်းရီက လေးစားစွာပင် ဦးညွှတ်လိုက်၏။ ထို့နောက် မာ့ဆုကျင်းဘက်သို့ လှည့်လိုက်သည်။ အညိုရောင် မျက်ဝန်းလေးများက စိုးရိမ်မှုတို့ဖြင့် ဆက်လက် ပြည့်နှက်နေဆဲ ဖြစ်သည့်တိုင် ယဥ်ကျေးမှု အတိုင်းပင် ဦးညွှတ် လိုက်၏။
“ဒီနောက်ပေါက်လေးက အရှင် မာ့ဆုကျင်းကို ဂါဝရ ပြုပါတယ်”
စိတ်ထဲ၌ ထူးဆန်းသည့် ခံစားချက် အချို့ ရှိနေစေကာမူ... သေမျိုး အဆင့်ထက် ကျော်လွန်နေသည့် ပုဂ္ဂိုလ်များကို နာ့ရှင်းရီ မလေးမစား မပြုဝံ့ချေ။ တတိယမြောက် ပုံရိပ်အကြောင်းပင် သူမ မမေးဝံ့ချေ။
ကျွင်းပေ့ယွင်က နာ့ရှင်းရီကို နောက်တစ်ကြိမ် ပြုံးပြလိုက်၏။ သူမ၏ လှပသော ပြာလဲ့လဲ့ မျက်ဝန်းကလေးများက ချစ်ခင်မှု အရိပ်အငွေ့တို့ဖြင့် တောက်ပနေသည်။ မသိပါက မိခင် တစ်ဦးက ရှုမငြီးသည့် ချစ်သမီးလေးကို ကြည့်နေသည့် အတိုင်းပင်။
“ရှင်းရီလေး... သမီးရဲ့ လောကနယ်မြေကို နောက်တစ်ခေါက် ထပ်ပြပါလား... ဘယ်လို ဖွဲ့စည်းထားသလဲ ဆိုတာ တကယ် စိတ်ဝင်စားနေလို့”
နာ့ရှင်းရီမှာ မျက်မှောင်ကြုတ် သွား၏။ ထိုလောကနယ်မြေက ဝေ့ဝူယင်ကို တစ်စုံတစ်ရာ ဒုက္ခ ဖြစ်စေမည်လား သူမ မသိချေ။ မည်သို့ပင် ဆိုစေ... ဝိညာဥ်ဆင်းတု အဆင့်ဖြင့် လောကနယ်မြေ တစ်ခု ဖန်တီးနိုင်ခြင်းက ကမ္ဘာတုန်လောက်သည့် ကိစ္စကြီး တစ်ခု မဟုတ်ပါလား။
သို့သော်လည်း... အကြိမ်ကြိမ် စဥ်းစားပြီးနောက်၌ ထိုအရာကို လျှို့ဝှက် မထားတော့ရန်သာ သူမ ဆုံးဖြတ်လိုက်၏။ ဝေ့ဝူယင်မှာ သူမကို အာရုဏ်ဦး နေမီးတောက်ဆေးလုံး ပေးကတည်းက ထိုပြဿနာကို ကြိုတင် စဥ်းစားခဲ့ပြီး ဖြစ်နိုင်ပေသည်။
သူမ၏ အတွေး မှန်ကန်ပေသည်။ လက်ရှိ၌ ဝူယုမှာ သူမကို စောင့်ကြပ်နေသည်။ သူ၏ တည်ရှိမှုက နာ့ရှင်းရီ အတွက် လတ်တလော ဒုက္ခများကို ပြေလည်စေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထိုအရာက ရေတို ဖြေရှင်းနည်း တစ်ခုမျှသာ ဖြစ်ကာ သူ့တွင် ပိုမို ကြီးမားသော အစီအစဥ်များ ရှိပြီး ဖြစ်သည်။
ထို့အပြင်... ရွှေရောင် အသက်နန်းတော်နှင့် ဆက်ဆံရေးကလည်း ဤနေရာ၌ အလွန် အရေးပါသည်။ အကယ်၍ သူတို့သာ ဝေ့ဝူယင်နှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ချင်လျှင် သူနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများကို ဘယ်လိုနည်းနှင့်မှ ထိခိုက်ခံလိမ့်မည် မဟုတ်ချေ။
နာ့ရှင်းရီ များများစားစား စဥ်းစား မနေတော့ပဲ လောကနယ်မြေကို စတင် ထုတ်ဖော်လိုက်၏။ ၎င်းက တဖြည်းဖြည်း ကျယ်ပြန့်သွားကာ မကြာခင်မှာပင် အချင်း မီတာ ငါးဆယ်ခန့် အထိ ရောက်ရှိသွားသည်။ ထိုအတွင်းတွင်တော့ ပြင်းထန်သည့် လောကဖိအား တစ်ခုမှာ နေရာယူ နေ၏။
“...”
ကျွင်းပေ့ယင်၏ မျက်လုံးများက မသိမသာ ထိတ်လန့် အံ့သြခြင်းများနှင့် ပြည့်နှက်သွား၏။ ထိုလောကနယ်မြေက သူမတို့ အဆင့် ကျင့်ကြံသူ တစ်ယောက် အတွက် ဘာမဟုတ်သည့်တိုင် လွှမ်းမိုး နိုင်စွမ်းကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
တစ်ချိန်တည်း၌ မာ့ဆုကျင်းမှာ မျက်မှောင်ကြုတ် သွားကာ သူမ၏ နှုတ်ခမ်းထက်ရှိ အပြုံးမှာလည်း လျှင်မြန်စွာပင် မှေးမှိန် ပျောက်ကွယ်သွား၏။
ထိုအရာက အတုအယောင် လောကနယ်မြေ လုံးဝ မဟုတ်ချေ။ အခြေခံ ဝါးမြိုခြင်း မိစ္ဆာ နည်းလမ်း အကြောင်း သူမတို့ ကြားဖူးသည့်တိုင် မိန်းကလေး၏ လောကနယ်မြေက လားလားမျှ မဆိုင်ချေ။ မည်ကဲ့သို့သော နည်းလမ်းဖြင့် ၎င်းကို ဖန်တီးထားသနည်း။
ကျွင်းပေ့ယင်နှင့် မာ့ဆုကျင်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ သူတို့ ထိုထက် ပိုမို၍ တူးဆွရန် လိုအပ်နေချေပြီ ဖြစ်သည်။
“ဒီလောကနယ်မြေကို သမီး ဘယ်လို ဖန်တီးထားတာလဲ ရှင်းရီလေး...”
ပိုင်ကျွင်းယင်က မေးလိုက်၏။ နာ့ရှင်းရီက အဖြေပြန်ဖြေရန် တုန့်ဆိုင်းခြင်း မရှိပါချေ။
“အာရုဏ်ဦး နေမီးတောက် ဆေးလုံးလို့ ခေါ်တဲ့ ဆေးတစ်မျိုးကို ကျွန်မ သန့်စင်ထားတာပါ... အဲဒါက နယ်မြေမျိုးစေ့ ဖြစ်ပေါ်လာအောင် ကူညီပေးတာပါ”
ကျွင်းပေ့ယင်၏ မျက်လုံးများက တောက်ပသွား၏။ အခြားတစ်ဖက်၌ မာ့ဆုကျင်း၏ ရင်ခုန်သံကတော့ ထိန်းချုပ် မရနိုင်အောင် ပေါက်ကွဲ နေခဲ့ပြီ ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။ ထိုအရာက ငွေရောင် မျက်လုံးနှင့် အဂ္ဂိရတ် ပညာရှင်လေး၏ ထုတ်ကုန် တစ်ခုလော။ မိသားစု ဘိုးဘေးထံမှ တစ်ဆင့် ဝေ့ဝူယင်၏ အခြားအမည်က အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဖြစ်ကြောင်း သူမ ကြားဖူးသည်။
ဝှစ်...
မာ့ဆုကျင်းမှာ မူလနေရာမှ ပျောက်ကွယ်သွားကာ ကောင်းကင်အလွှာအစွန်း ဝူယု၏ နံဘေးတွင် ပြန်လည် ပေါ်လာခဲ့၏။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မျက်လုံးချင်းဆုံ ကြည့်လိုက်ကြသည်။
“အဲဒါက ဘယ်လောက် အရေးပါလဲ ဆိုတာ ရှင်သိတယ် မလား”
မာ့ဆုကျင်းက မေးလိုက်၏။ ဝူယုက တည်ငြိမ်စွာပင် ခေါင်းညိတ် ပြလိုက်သည်။ သို့သော်လည်း အတွင်းပိုင်းတွင်တော့ သူ့နှလုံးသားက စစ်ဗုံတစ်ခုလို တဒုန်းဒုန်း မြည်ဟည်းနေခဲ့ပြီ ဖြစ်လေသည်။ အမှန်တရားက အတော်လေး များလွန်းလှသည်။
“တို့ သူ့ကို သတ်ပစ်ကြမလား”
မာ့ဆုကျင်းက မေးလိုက်၏။ ဝူယုက အမှောင်ယင် နန်းတော်ဘက်သို့ လှည့်လိုက်ကာ ကျွင်းပေ့ယင်နှင့် နာ့ရှင်းရီတို့ ရှိနေသည့် အခန်းကို ကြည့်လိုက်သည်။ မာ့ဆုကျင်း၏ စကားထဲမှ “သူ” ဆိုသည်က နာ့ရှင်းရီကို မဟုတ်ပဲ မာ့ဆုကျင်းကိုသာ ရည်ညွှန်းခြင်း ဖြစ်ကြောင်း သူ သိပေသည်။
ဝူယု ခေါင်းကိုသာ ခါလိုက်၏။ ဝေ့ဝူယင်က ထိုအကြောင်းကို လျှို့ဝှက်ချက် အဖြစ် ထိန်းသိမ်းပေးထားရန် သူ့ကို အမိန့်ပေး မထားခဲ့ချေ။ ထို့အပြင် ဝေ့ဝူယင် အာရုဏ်ဦး နေမီးတောက် ဆေးလုံး ပေးခဲ့သည်က နာ့ရှင်းရီ တစ်ယောက်တည်း မဖြစ်နိုင်ချေ။ တစ်ယောက် မဟုတ် တစ်ယောက်ကတော့ ထပ်မံ သတိထားမိဦးမည် ဖြစ်သည်။
မာ့ဆုကျင်းက မျက်မှောင်ကြုတ်လိုက်၏။
“သူက အဲဒီ ဆေးလုံးရဲ့ တန်ဖိုးကို မသိတာလား... အဲဒါက ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို ကိုင်လှုပ်ပစ်နိုင်တယ် ဆိုတာ နားမလည်တာလား... “
ဝူယုက မာ့ဆုကျင်း၏ အတွေးများကို ထွင်းဖောက် မြင်နိုင်သည့် အလား သူမ ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြုံးလိုက်၏။
“ငါ့အထင် မင်း ကိုယ့်ကိုယ်ကိုပဲ စိတ်ပူသင့်တယ်”
“ဘာလို့လဲ...”
မာ့ဆုကျင်းမှာ ရင်တဒိတ်ဒိတ် ဖြစ်သွား၏။
“မင်းတို့ ရွှေရောင် အသက်နန်းတော် အနေနဲ့ သခင်လေးနဲ့ ပူးပေါင်းပြီး စီးပွားရေး လုပ်ချင်တယ် ဆိုရင် ထိုက်တန်ကြောင်း သက်သေပြဖို့ကို ပြောတာပါ”
ထို့နောက် ဝူယုမှာ ခြေတစ်လှမ်း လှမ်းကာ ပျောက်ကွယ်သွား၏။ အစောကြီးကတည်းပင် နာ့ရှင်းရီ၏ ခန္ဓာကိုယ် ထက်၌ အကာအကွယ် အစီအရင်များ သူ ချမှတ်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ မာ့ဆုကျင်း သူမကို အန္တရာယ် ပေးချင်လျှင်ပင် ထိုအရာက ခက်ခဲလိမ့်မည် ဖြစ်သည်။
“သက်သေပြဖို့...”
မာ့ဆုကျင်းမှာ တွေဝေသွား၏။
...
ထိုအခိုက်အတန့်တွင်ပင် မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူအိုကြီး တစ်ယောက်မှာ ရွှေရောင် အသက်နန်းတော် အုပ်ချုပ်နေသည့် အကြွင်းမဲ့စည်းစိမ် နယ်မြေ တတိယမြောက် ခန်းမခွဲ ဂိတ်တံခါး အနီးသို့ ရောက်ရှိလာခဲ့၏။ သူ၏ နဖူးက ချွေးစများဖြင့် စိုရွှဲနေကာ အလွန် မောပန်းနေပုံ ပေါ်လေသည်။
“မာ့ကျန်း...”
မီးခိုးရောင် အင်္ကျီ လက်အိုးများကို မတင်လိုက်ရင်း နောက်ဆုံးသော ပန်းတိုင်ကို သူ ခြေချလိုက်လေတော့၏။
...
အမှောင် ဟင်းလင်းပြင် အတွင်းရှိ သည်ခရီးစဥ်ကား အလွန် ရှည်လျားလွန်းလှပေသည်။ လောကကိုးပါ နယ်မြေမှသည် ဒြပ်စင် နယ်မြေဆီသို့ ရောက်သည် အထိ စုစုပေါင်း သုံးလတာ ကြာမြင့်ခဲ့သည်။ ခရီးစဥ် တစ်လျှောက်လုံး၌ တမန်တော်ယုက သူတို့ နောက်မှ တကောက်ကောက် လိုက်ပါခဲ့သည်။ မမြင်နိုင်သော တစ်ချို့ အန္တရာယ်များကို တားဆီးပေးခဲ့သည်။
သို့သော်လည်း သူ၏ ရည်ရွယ်ချက်ကတော့ ရှင်းလင်းပေသည်။ ဝိညာဥ် လမ်းလျှောက်သူ ရစရာ ရှိသည့် အကြွေးများအား မပေးနိုင်ခင် သူတို့ သေဆုံးသွားမည်ကို မလိုလားခြင်း ဖြစ်သည်။
လင်းမင်မှာ ရှုပ်ထွေးပွေလီလှသော ထိုလူမှု အဖွဲ့အစည်းနှင့် အစိမ်းသက်သက် ဖြစ်ကာ လင်းရှန်းရှဲ့နှင့် ပိုင်ယုရှီတို့မှာလည်း ကြယ်တာရာ နယ်မြေကို ထိုကဲ့သို့ ဟင်းလင်းပြင် သင်္ဘောဖြင့် တစ်ခါမှ မဖြတ်သန်းခဲ့ဖူးချေ။ အမှောင် ဟင်းလင်းပြင် အတွင်း လှည့်ပတ်သွားလာနေသည့် များစွာသော ဟင်းလင်းပြင် သင်္ဘောများကို တွေ့ရသော အခိုက်၌ သူတို့ အလွန် အံ့အားသင့် ခဲ့ကြသည်။ အချို့ သင်္ဘောများ ဆိုလျှင် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများကိုပင် သယ်ဆောင်ထားကြသည်။ ထိုအထဲ၌ နယ်မြေ ပိုင်နက်များ၊ လများ၊ ဂြိုဟ်များကို ကင်းလှည့်နေသည့် ယာဥ်များလည်း အပါအဝင်ပင် ဖြစ်သည်။
မိုင်တစ်သောင်း ခရီးသွားခြင်းက စာအုပ် တစ်သောင်း ဖတ်တထက် ပိုအကျိုးရှိသည်ဆိုသည့် စကားက အမှန်ပင် ဖြစ်သည်။ သုံးလတာ ခရီးစဥ် အတွင်း လင်းမင် အမျိုးမျိုးသော ဂြိုဟ်များကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့က အရွယ်အစားစုံ၊ အရောင်စုံ တည်ရှိကာ အချို့ဆိုလျှင် ထာဝရ ဧကရာဇ် ကြယ်တာရာ နီးနီး အထိ ကြီးမားလှသည်။ လင်းရှန်းရှဲ့၏ အဆိုအရဆိုလျှင် ဂြိုဟ်များမှာ အရွယ်အစား ပုံသေ မရှိဟု ဆိုသည်။ ဂြိုဟ်ပေါ်၌ မှီတင်းနေထိုင်သည့် ထိပ်တန်း ကျင့်ကြံသူများမှာ သူတို့၏ စွမ်းအင် ရင်းမြစ်ဖြင့် ဂြိုဟ်များကို မွမ်းမံကာ ပိုကြီးအောင် လုပ်နိုင်သည်ဟု ဆိုသည်။
“နောက်ဆုံးတော့ ငါတို့ ရောက်ပြီ...”
ဟင်းလင်းပြင် သင်္ဘော ဒြပ်စင်နယ်မြေထဲ စတင် ဝင်ရောက်သည်နှင့် လင်းရှန်းရှဲ့က ပြောလိုက်၏။ နယ်မြေကြီး အတွင်းရှိ အမျိုးမျိုးသော ဂြိုဟ်များ၊ လများကို ငေးမောရင်း သူမ၏ မျက်လုံးများထဲတွင် အမည်မသိ စိတ်လှုပ်ရှားမှု အချို့ ဖြစ်ပေါ်လာသည်။
လင်းမင်၏ နှလုံးသားကတော့ ရိုင်းစိုင်းစွာပင် ခုန်ပေါက် နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများက တောက်ပနေကာ လက်သီးများကို တင်းတင်းဆုပ်လိုက်မိ၏။ ထိုအရာက သူ၏ လက်ကျန်ဘဝ အတွက် ပထမ ခြေလှမ်း ဖြစ်ပေလိမ့်မည်။
ပိုင်ယုရှီ၏ သိုလှောင် လက်စွပ်မှာ အပြောရောင် ခပ်ဖျော့ဖျော့ စတင် တောက်ပလာ၏။ သူမ၏ လက်များက အနည်းငယ် တုန်ရီလာကာ ထိုလက်စွက်ကို ဆုပ်ကိုင်လိုက်သည်။ လင်းရှန်းရှဲ့၊ လင်းမင်တို့နှင့် သုံးလတာ ခရီးစဥ်မှာ ပျော်ရွှင်စရာ အတိပြီးခဲ့ကာ သူမ အတွက်တော့ မမေ့နိုင်သော မှတ်ဉာဏ်များ ဖြစ်ပေသည်။ သို့သော်လည်း ယခုတွင်တော့ လက်စွပ်က သူမ၏ စိတ်ကူးယဥ် အိပ်မက်ကမ္ဘာကို ဖျက်ဆီးသွားခဲ့ပြီ ဖြစ်လေသည်။ ပိုင်ယုရှီ၏ အမူအရာမှာ ယခင်ကထက် ပို၍ပင် ဖြူရော် သွားခဲ့၏။
လင်းရှန်းရှဲ့မှာ ပိုင်ယုရှီ၏ တုန်ရီနေသော အမူအရာကို သတိထားမိလိုက်ရာ ဝိညာဉ် အင်အားဖြင့် မိန်းကလေး၏ ပခုံးကို ဆုပ်ကိုင်လိုက်၏။ ဝိညာဉ် ထိခိုက်မှုကြောင့် ပိုင်ယုရှီမှာ မည်သည့် စိတ်ပိုင်း ဆိုင်ရာ အခြေအနေကိုမှ တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ စိတ်လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက သူမ အတွက်တော့ နှလုံးဖောက် နေသလိုပင် ဖြစ်သည်။
ဝိညာဉ်အင်အားက ခန္ဓာကိုယ်ထဲ ဖြည်းညင်းစွာ စီးဝင်လာသည်နှင့် အမျှ ပိုင်ယုရှီ၏ မျက်တောင်ရှည်များမှာ လေးပင်လာကာ ဖြည်းညင်းစွာပင် မှိတ်လာ ခဲ့၏။
"လင်း…. လင်းမင်… နင် လုပ်နိုင်…"
ခပ်ဖျော့ဖျော့ လေသံ တစ်ခု ထွက်ပေါ်လာသော်လည်း စကားဆုံးအောင် မပြောနိုင်ခင်မှာပင် မိန်းကလေးမှာ လုံးဝ သတိလစ် သွားခဲ့တော့သည်။ သူမ၏ ခန္ဓာကိုယ်လေးက ညင်သာစွာပင် လင်းရှန်းရှဲ့၏ လက်မောင်းများ အတွင်း လဲပြိုကျ သွားတော့သည်။
***