← Chapters

ဟန်ယုဟိုင်

Vol. 44 Ch. 610

ဟန်ယုဟိုင်

Vol. 44 Ch. 610

"သူ အဆင်ပြေရဲ့လား…"

လင်းမင်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။ လင်းရှန်းရှဲ့က ပင့်သက် တစ်ချက် ရှိုက်ရင်း ခေါင်းညိတ်ပြ လိုက်သည်။

ဝိညာဉ် ထိခိုက်ခြင်းက ပြန်လည် ကုသရန် မလွယ်သည့် ဒဏ်ရာ ဖြစ်သည်။ သို့သော်လည်း မိန်းကလေး၏ အဆင့်အတန်း ဖြင့် ကျိန်းသေ ကုသနိုင်လိမ့်မည် ဖြစ်သည်။ ပြဿနာက ဒဏ်ရာကို ပြန်လည် ကုသရန် မဟုတ်ပဲ ထိုကဲ့သို့ ဖြစ်လာစေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ပိုင်ယုရှီ သေဆုံး သွားမည်ကို လင်းရှန်းရှဲ့ ဘယ်တုန်းကမှ မစိုးရိမ် ခဲ့ချေ။ သူမ စိုးရိမ်သည့် အရာက အရှုပ်တော်ပုံများအား ရှင်း မရမှာကိုပင်။

ထိုအခိုက်တွင်ပင် တမန်တော်ယုထံမှ ဝိညာဉ် ဆက်သွယ်မှုမှာ သူမတို့ ဟင်းလင်းပြင် သင်္ဘောဆီသို့ ပျံ့လွင့်လာ၏။

"ထန်မျိုးနွယ် ရောက်လာပြီ…"

လင်းရှန်းရှဲ့နှင့် လင်းမင်တို့ နှစ်ယောက်စလုံး မျက်လုံးများကို ပင့်တင်ကာ ဒြပ်စင်နယ်မြေ အပြင်ဘက်ကို လှမ်းကြည့် လိုက်မိကြ၏။ ကီလိုမီတာ ရာဂဏန်းခန့် အကွာ၌ မြောလွင့် နေသည့် ဟင်းလင်းပြင် သင်္ဘောကြီး တစ်ခုကို တွေ့လိုက်ရသော အခိုက်၌ သူတို့၏ မျက်လုံးများက ပေါက်ထွက်မတတ် ပြူးကျယ် သွားခဲ့တော့သည်။

သင်္ဘောကြီး၏ ကိုယ်ထည်ထက်၌ ဒဏ္ဍာရီထဲမှ ဗာမီလီယန် မီးငှက် သင်္ကေတကို ထွင်းထု ထား၏။ ၎င်းက မီးတောက်များကို ထုတ်လွှတ်၍ လှပစွာ ပျံသန်းနေကာ သင်္ဘောကို ထွင်းဖောက် တော့မည့်ဟန် ရလေသည်။ သို့သော်လည်း ထိုလက်ရာမြောက် ပန်းချီကား၏ အလှအပကို ယခုအချိန်တွင် သူတို့ မည်ကဲ့သို့ ခံစားနိုင်ပါမည်နည်း။

လင်းမင်နှင့် လင်းရှန်းရှဲ့တို့ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ပုံရိပ်တစ်ခုမှာ သူတို့ သင်္ဘော၏ အပေါ်တည့်တည့် ဟင်းလင်းပြင် ထဲတွင် ပေါ်လာခဲ့၏။ သူက လေဟာနယ်ထက်တွင် ကျောက်စိုင် ကျောက်သား တစ်ခုလို ရပ်ရင်း ထက်ရှသော မျက်လုံးများဖြင့် အောက်သို့ ငုံ့ကြည့် လိုက်သည်။

ထိုပုံရိပ်ကို မှတ်မိသည်နှင့် လင်းရှန်းရှဲ့၏ ခန္ဓာကိုယ် ကလေးမှာ တဆတ်ဆတ် တုန်ရီ သွားခဲ့တော့၏။

"အရှင် စောင့်ရှောက်သူ… ကျွန်မ…"

လင်းမင်၏ နှလုံးသားက ရေခဲထဲ ပြုတ်ကျသွားသလို ခံစား လိုက်ရသည်။ ထိုအရာက စီနီယာ အမလင်း ကြောက်ရွံ့ တုန်လှုပ်နေသည်ကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

လင်းမင် ကောင်းကင်ကို မော့ကြည့် လိုက်မိ၏။ ပုံရိပ်မှာ ဟင်းလင်းပြင် အတွင်း ရပ်နေသည့်တိုင် လောကနယ်မြေကို ဖြန့်ကျက်ထားခြင်း မရှိချေ။ သူက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်ရပေမည်။

"စိတ်ဝင်စားစရာတော့ ကောင်းနေပြီ…"

တမန်တော်ယုမှာ ပြုံးစစ မျက်နှာထားနှင့် ရေရွတ်လိုက်ရင်း အသစ်ရောက်လာသည့် ပုဂ္ဂိုလ်ကို လှမ်းကာ အကဲခတ်လိုက်၏။

သူက မျက်နှာ အမူအရာကို ဖုံးကွယ်နိုင်သည့် ခေါင်းစွပ်ပါ ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ဆင်ယင်မှုက သူ၏ အဆင့်အတန်း အကြောင်း ကျယ်လောင်စွာ စကားပြောနေပေသည်။ အထူးသဖြင့် ရင်ဘတ်တွင် ခန့်ညား ထည်ဝါသော အဖြူရောင် သင်္ကေတဖြင့် ရေးထွင်းထားသည့် “စောင့်ရှောက်သူ” ဟူသော စကားလုံးပင် ဖြစ်လေသည်။

ဒြပ်စင်နယ်မြေ တစ်ခုလုံး၊ အစစ်အမှန် ဒြပ်စင်ဂိုဏ်း တစ်ခုလုံးတွင် ထိုကဲ့သို့ သင်္ကေတကို ရေးထွင်းခွင့်ရှိသူ တစ်ယောက်သာ ရှိ၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ စောင့်ရှောက်သူ ဟန်ယုဟိုင်ပင်။

ဟန်ယုယုရှီ၏ ထွက်ပေါ်လာမှုက ထန်မျိုးနွယ်၏ သင်္ဘောကိုပင် ရပ်တန့် သွားစေ၏။ တစ်ချိန်တည်း၌ လင်းရှန်းရှဲ့မှာ အောက်နှုတ်ခမ်းကို တင်းတင်း ကိုက်ထားကာ ရင်ခုန်သံကို ထိန်းချုပ်မရနိုင်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အဆိုးဆုံး အခြေအနေများကို မျှော်လင့်ထားပြီး ဖြစ်သည့်တိုင် ယခုလောက် မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့တာတော့ အမှန်ပင် ဖြစ်သည်။

ထန်ကလန်နှင့် ဒြပ်စင် စောင့်ရှောက်သူ ဟန်ယုဟိုင်တို့ မဆိုထားနှင့် ဝိညာဥ် လမ်းလျှောက်သူ ပင်လျှင် လင်းမင် ရင်ဆိုင်နိုင်သည့် အရာ မဟုတ်ချေ။

ပိုင်ယုရှီ၏ သတိလစ် မေ့မြောနေသည့် ခန္ဓာကိုယ်ကို သတိထားမိသွားသော အခိုက်၌ ခေါင်းစွပ်အောက်ရှိ ဟန်ယုဟိုင်၏ မျက်လုံးများမှာ ဝိညာဥ် အလင်းများနှင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တောက်ပလာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က မူလ နေရာမှ ပျောက်ကွယ်သွားကာ ဟင်းလင်းပြင် သင်္ဘော အတွင်း ပြန်လည် ပေါ်လာခဲ့သည်။ လင်းရှန်းရှဲ့ တစ်ယောက်ကတော့ ခြေလက်များ တုန်ရီနေသည် အထိ ကြောက်ရွံ့၍ပင် နေခဲ့ပြီ ဖြစ်လေသည်။

လင်းမင်မှာ လက်သီးကို တင်းတင်း ဆုပ်လိုက်မိ၏။ ထိုကောင်က မည်သူနည်း။ စီနီယာ အမလင်းက အဘယ်ကြောင့် ထိုမျှ ကြောက်နေရသနည်း။

ဟန်ယုဟိုင်၏ ခြေလှမ်းများက လေပေါ်တွင် မြောလွင့်နေသည့် အလား လုံးဝ အသံ ကင်းမဲ့လှ၏။ သူက လက်များကို ဆန့်ထုတ်လိုက်ကာ လင်းရှန်းရှဲ့၏ လက်ထဲမှ ပိုင်ယုရှီကို ယူလိုက်သည်။ ထို့နောက် ညင်သာစွာပင် သူက သူမကို ပခုံးထက်သို့ တင်လိုက်၏။ ချက်ချင်းပင် ပိုင်ယုရှီ၏ ဖြူရော်နေသော မျက်နှာလေးမှာ ပြန်လည် ကျန်းမာလာဟန်ရကာ နှင်းဆီရောင် သမ်းလာခဲ့၏။

ပိုင်ယုရှီ၏ အခြေအနေ စိတ်ချရပြီးနောက်၌ ဟန်ယုဟိုင်က လင်းမင်ဘက်သို့ လှည့်လိုက်၏။ ထိုအခိုက်အတန့်၌ လင်းမင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အမျိုးအမည် မသိ ချောက်နက်ကြီး တစ်ခုထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရသည်။ သူ၏ လျှို့ဝှက်ချက်များ၊ အတွေးများ၊ ခံစားချက်များ အားလုံးက ထိုအကြည့်‌တစ်ချက် အောက်၌ လုံးလုံး ဖော်ထုတ်ခံလိုက်ရသလိုပင်။

လင်းမင်၏ မီးခိုးရောင် မျက်လုံးများမှာ အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွား၏။ သူက အကြောက်အလန့် ကင်းမဲ့စွာဖြင့် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရင်း ကြယ်တာရာ အင်အားကို ဆန့်ထုတ်ကာ ခုခံရန် ကြိုးစားလိုက်သည်။ ဘဝတွင် သူ ဘယ်သူ့ကိုမှ ဦးမညွှတ်ဖူးချေ။ ဘယ်သူ့ကိုမှ အညံ့မခံဖူးချေ။ သူ့တွင် မာန ရှိသည်။

သို့သော်လည်း... ထိုအင်အားက ကြောက်မက်ဖွယ် ကောင်းအောင် သန်မာလွန်းလှ၏။ သူ ခုခံရန်၊ တွန်းလှန်ရန် ကြိုးစားသမျှ ခွန်အား အားလုံးက ဆင်ကြီးတစ်ကောင်ကို တိုက်ခိုက်ရန် ကြိုးစားနေသည့် ပုရွက်ဆိတ် တစ်ကောင် အလားပင်။ သူ အားထားသမျှ၊ ဂုဏ်ယူရသမျှ အရာအားလုံးကား လုံးလုံး ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်၌ လင်းမင်မှာ ကျင့်ကြံခြင်း အခြေခံ မရှိသည့် သေမျိုး တစ်ယောက်လိုပင် ခံစားနေရ၏။

ဘုန်း...

ထို့နောက် သူ သတိမထားမိခင်မှာပင် ဒူးများမှာ ကြမ်းပြင်ထက်သို့ ‌ထောက်လျှက် ပြုတ်ကျသွား၏။ ဟန်ယုဟိုင်က လင်းမင်ကို ဘာမှ မပြောချေ။ ထို့အစား သူ့ အကြည့်များကို လင်းရှန်းရှဲ့ဘက်သို့သာ ပို့လွှတ် လိုက်၏။ မိန်းကလေးမှာ ခန္ဓာတစ်ခုလုံး ကြောက်ရွံ့မှုကြောင့် တုန်ရီသွားသည့်တိုင် လင်းမင် ကဲ့သို့ ဖိအားမျိုးကိုတော့ ခံစားရခြင်း မရှိပါချေ။

“အခြားတစ်ယောက်ရော...”

ဟန်ယုဟိုင်က မေးလိုက်၏။ သူ၏ အသံက ခွန်အား ကြီးမားလှကာ မယိမ်းယိုင်သော မာန၊ အကန့်အသတ်မဲ့ စွမ်းအားတို့နှင့် ပြည့်နှက်နေသည်။

လင်းရှန်းရှဲ့က လေးစားစွာပင် ဦးတစ်ချက် ညွှတ်လိုက်၏။

“ဒုတိယ ရွေးချယ်ခံ ဝေ့ဝူယင်က လောက ရွှေ့ပြောင်းခြင်း ကွန်ယက်နဲ့ ပါမလာပါဘူး.. ရွှေရောင် ဂိတ်နန်းတော် မဟာ ပုရောဟိတ်ရဲ့ အဆိုအရ ဆိုရင် သူက မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာတောင် ရှိမနေဘူး လို့ ပြောပါတယ်”

ဟန်ယုဟိုင်၏ မျက်လုံးများက အရောင် ပြောင်းလဲခြင်း မရှိ‌သေးချေ။ ကြောက်မက်ဖွယ် ကောင်းသည့် အငွေ့အသက်တို့ဖြင့် ဆက်လက် ပြည့်နှက်နေဆဲ ဖြစ်သည်။ တစ်မိနစ်ခန့်မျှ တိတ်ဆိတ်ပြီးနောက် သူက ဆက်လက် မေးလိုက်၏။

“သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံက တစ်စိတ်တစ်ပိုင်း ဆုံးရှုံးထားတယ်... ဝိညာဥ်မှာလည်း ထိုခိုက်ထားတယ်... အဲဒါက ဘယ်လို ဖြစ်တာလဲ”

ထိုမေးခွန်းက လင်းမင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို တုန်ရီသွားစေခဲ့၏။ ထိုပုဂ္ဂိုလ်က အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အဆင့်မြင့် ဂိုဏ်းဝင် တစ်ယောက်ဆိုတာ သေချာသည်။ အကယ်၍ အဖြစ်မှန်များကိုသာ သိသွားပါက သူ အသတ်ခံရတော့မည်လော။ သူ့ ဘဝ တစ်လျှောက်လုံး တစ်ခါမှ ယခုလောက် မကြောက်လန့် ဖူးခဲ့ချေ။

လင်းရှန်းရှဲ့မှာ ထိုမေးခွန်း အတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

“သူ့ စိတ်ဆန္ဒအတိုင်း ဖြစ်ပျက်ခဲ့တာပါ...”

သူမက ပြောလိုက်လိုက်ရင်း ပိုင်ယုရှီ ကိုယ်တိုင် ရေးသားထားသည့် မှတ်တမ်း သလင်းကျောက်ကို ဟန်ယုဟိုင်ထံ တရိုတသေ ကမ်းပေးလိုက်၏။ သလင်းကျောက်မှာ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ မူလ နေရာမှ ပျောက်ကွယ်သွားကာ ဟန်ယုဟိုင်ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

သလင်းကျောက်ကို စစ်ဆေးပြီးနောက် ဟန်ယုဟိုင်၏ အမူအရာက အနည်းငယ် ငြိမ်သက်သွား၏။ ထို့နောက် ဖြည်းညင်းစွာပင် သူ၏ ခန္ဓာကိုယ်က အမှုန်အမွှားများ အဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင် သင်္ဘောအတွင်းမှ ပျောက်ကွယ် သွားခဲ့တော့သည်။ ထိုအခါတွင်မှ လင်းမင်မှာ ပင့်သက်ရှိုက်နိုင်တော့၏။ ပြဿနာက မပြီးဆုံးသေးကြောင်း သိသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ်... သူ အသက်ချမ်းသာရာ ရခဲ့ပြီ မဟုတ်ပါလား။

တမန်တော်ယု တိတ်တဆိတ် လေ့လာနေစဥ်မှာပင် ဟန်ယုဟိုင်မှာ သူ့ သင်္ဘောထက်တွင် ပြန်လည် ပေါ်လာခဲ့၏။ ဝိညာဥ် လမ်းလျှောက်သူ၏ အမျိုးမျိုးသော အကာအကွယ်၊ အစီအရင်များကား ထိုပုဂ္ဂိုလ်ကြီး၏ ရှေ့မှောက်၌ လုံးဝ အသုံးမဝင်သလောက်ပင် ဖြစ်သည်။

သို့သော်လည်း တမန်တော်ယု မကြောက်ပါချေ။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်က ဤနေရာတွင်ပင် ရှိမနေခဲ့သည် မဟုတ်ပါလား။

“အဲဒီခွေးမက လာတောင်းဆိုရဲသေးတယ်ပေါ့ ဟုတ်လား...”

ဟန်ယုဟိုင်၏ အသံက ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ဟင်းလင်းပြင် သင်္ဘောတစ်ခုလုံးမှာ တုန်ရီ ယိမ်းထိုးသွားကာ နေရာအနှံ့ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွား၏။

တမန်တော်ယုမှာ ခြေထောက်များ ယိုင်းယိုင်သွားသည့်တိုင် သွေးပျက် ခြောက်ခြားသွားခြင်း မရှိပါချေ။ သူက တည်ငြိမ်စွာပင် တောက်ပသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။

“ကျုပ်ဆီမှာ ဝိညာဥ် ကျိန်ဆိုမှု ရှိပါတယ်...”

သူက ပြောလိုက်ရင်း သလင်းကျောက် တစ်ခုကို ထုတ်ယူကာ ‌ရှေ့သို့ တွန်းပို့လိုက်၏။ သူက ဤနေရာကို အလုပ်ကိစ္စ အတွက် ရောက်လာခြင်း ဖြစ်သည်။ သူ၏ တာဝန်က ဒြပ်စင် ရတနာသိုက်ထဲမှ ပစ္စည်း ရှစ်ဆယ် ရာခိုင်နှုန်း သို့မဟုတ် ၎င်းနှင့် ညီမျှသည့် တန်ဖိုးကို တောင်းယူရန် ဖြစ်သည်။

ဟန်ယုဟိုင်မှာ တမန်တော်ယု၏ ကိုယ်ပွားကို စူးစူးရဲရဲပင် စိုက်ကြည့်နေခဲ့၏။ ထို့နောက် သူ၏ မျက်လုံးများက ဖြည်းညင်းစွာပင် သလင်းကျောက်ထံ ရွေ့လျား သွား၏။ တစ်ခဏကြာပြီးနောက် သူက အေးစက်စွာပင် နှာ‌ခေါင်းရှုံ့လိုက်သည်။

“လုံးဝ မဖြစ်နိုင်ဘူး”

တမန်တော်က အံ့အားသင့်ခြင်း မရှိပါချေ။

“အဲဒီ ထုတ်ကုန်တွေက ထာဝရ ဧကရာဇ်ကိုယ်တိုင် ဖန်တီးထားတဲ့ ထုတ်ကုန်တွေပါ... နောက်ပြီး အဲဒီ စာရင်းကို ထာဝရ အစည်းအရုံး ကိုယ်တိုင် အတည်ပြုထားတာ... မယုံဘူး ဆိုရင် စန်းမျိုးနွယ်ဆီကို ကိုယ်တိုင် သွားမေးလို့ ရတယ်... ဒီအထဲမှာ ရေးထားတဲ့ စျေးနှုန်းက သူတို့ ပြောတာထက် ဆယ်ရာခိုင်နှုန်းတောင် ပိုနည်းနေသေးတယ်”

“...”

ဟန်ယုဟိုင်မှာ တိတ်ဆိတ်သွား၏။ သူ၏ အသက်ရှူသံများက ပြင်းထန်သော ခွန်အားကို သယ်ဆောင်ထားကာ အမှောင် ဟင်းလင်းပြင် ပင်လျှင် တုန်ရီနေ၏။ အကယ်၍ ထိုလူကြီး ဒေါသထွက်ပါက တစ်လောကလုံး ပျက်စီး သွားလိမ့်မည် ဖြစ်သည်။

"ကောင်းပြီလေ...”

နောက်ဆုံး၌ ဟန်ယုဟိုင်မှာ စိတ်ကို လျှော့ချလိုက်ပုံ ရ၏။ တမန်တော်ယု၏ အမူအရာက ချက်ချင်းပင် တောက်ပသွားသည်။ သူက မြူးထူးစွာပင် ပြုံးလိုက်ရင်း ခေါင်းညိတ်လိုက်၏။

“အရှင် ဝိညာဥ် လမ်းလျှောက်သူက နှစ်အနည်းငယ် အတွင်းမှာ ဆက်သွယ်ပါလိမ့်မယ်... အဆင်သင့် လုပ်ထားပါ”

စကားဆုံးသည်နှင့် တမန်တော်ယု၏ ကိုယ်ပွားမှာ ဝေဝါးကာ ပျောက်ကွယ်သွား၏။ သူ စီးနင်းလာသည့် ဟင်းလင်းပြင် သင်္ဘောကတော့ မူလ နေရာတွင်ပင် ကျောက်ချ ရပ်နားထားသည့် အလား ကျန်ရစ်ခဲ့ပေသည်။ ၎င်းမှာ ကိုယ်ထည် တစ်ခုလုံး အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေကာ အတွင်းရှိ မောင်းနှင်ရေး ဝင်္ကပါများ၊ ယန္တရား လုပ်ဆောင်ချက်များမှာလည်း ကြီးမားစွာ ထိခိုက်သွားခဲ့သည်။ ၎င်းကို ပြန်လည် ပြုပြင်ရန် အတွက် လပေါင်းများစွာ အချိန်ယူရဖွယ် ရှိသည်။

ဟန်ယုဟိုင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ပိုင်ယုရှီနှင့် အတူ ပျောက်ကွယ်သွားသည်။ အခကြေးငွေက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လက်ရှိ ဘဏ္ဍာရေး အခြေအနေထက် ကျော်လွန်နေသည့်တိုင် ဝိညာဥ် လမ်းလျှောက်သူက ပိုင်ယုရှီကို အဓိက တည်ကြက် အဖြစ် သတ်မှတ်ထားလေရာ သူ ဘာတတ်နိုင်မည်နည်း။

တမန်တော်ယုနှင့် ဟန်ယုဟိုင်တို့ ပျောက်ကွယ်သွားပြီး အတန်ကြာခါမှ လင်းမင်နှင့် လင်းရှန်းရှဲ့တို့မှာ တည်ငြိမ်မှုကို ပြန်လည် ရရှိလာကြ၏။ လင်းမင်က နှာခေါင်းကို တစ်ချက် ပွတ်လိုက်ရင်း လူအိုကြီး ပျောက်ကွယ် သွားသည့် အရပ်ကို လှမ်းကြည့်လိုက်သည်။

“သူက ဘယ်သူလဲ စီနီယာ အမ...”

လင်းရှန်းရှဲ့က ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။

“ပိုင်ယုရှီရဲ့ အဘိုး အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူ... ဒြပ်စင်နယ်မြေ တစ်ခုလုံးရဲ့ စောင့်ရှောက်သူပဲ”

***

All Chapters