← Chapters

စန်းယွန်းလီ

Vol. 44 Ch. 611

စန်းယွန်းလီ

Vol. 44 Ch. 611

“ပိုင်ယုရှီရဲ့ အဘိုး... အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူ...”

လင်းမင်မှာ ထိတ်လန့် သွား၏။ ပိုင်ယုရှီ၏ နောက်ခံက ထိုမျှလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

“သူက ဘယ်လောက် သန်မာလဲ”

လင်းမင်က တုန်လှုပ်သော အသံဖြင့် မေးလိုက်၏။

“သူက မြေကြီး ရှန့်ထို တစ်ယောက်ပဲ... အများကြီး မစဥ်းစားတဲ့... ကိုယ့်လမ်းကြောင်းကို အာရုံစိုက်... ခြေတစ်လှမ်းချင်း လှမ်း”

လင်းရှန်းရှဲ့က လင်းမင်၏ မေးခွန်းကို ပြန်ဖြေရင်း တစ်ခါတည်း သတိပေးလိုက်သည်။ လင်းမင်မှာ ရင်တဒိတ်ဒိတ် ခုန်နေသည့်တိုင် နားလည်ဟန် ခေါင်းညိတ်ပြလိုက်၏။

မြေကြီး ရှန့်ထို... သူတို့က ဘယ်လောက် သန်မာသနည်း။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ... နေဦး...

ရုတ်တရက် လင်းမင်၏ မျက်လုံးများက နားမလည်နိုင်ခြင်းများနှင့် ပြည့်နှက် သွား၏။

“စီနီယာ အမ... ဆရာက ဘယ်မှာလဲ”

ဟန်ယုဟိုင်က အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူဟု ဆိုလျှင် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ကရော...။

လင်းရှန်းရှဲ့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သို့သော်လည်း သူမ ပြန်မဖြေနိုင်ခင်မှာပင် ဒြပ်စင် နယ်မြေ အပြင်ဘက်ရှိ သင်္ဘောကြီးထံမှ ဝိညာဥ် အသံလှိုင်း တစ်ခု ရောက်ရှိလာခဲ့တော့သည်။

“ထန်ကလန်က အကြွေးလာတောင်းတယ်...”

ပိုမို ကြီးမားသော ပြဿနာကား လာနေချေပြီ ဖြစ်လေတော့သည်။

…

လွန်ခဲ့သည့် လအနည်းငယ်မှာ ထာဝရ ကြယ်တာရာ နယ်မြေမှ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေသို့ ပြောင်းရွှေ့လာသူများ အတွက် ဘဝ တစ်ခုလုံး ပြောင်းလဲကာ မျက်စိပွင့် နားပွင့်ကာလ ဖြစ်ခဲ့သည်။ ပိုမို ကြွယ်ဝသည့် ပတ်ဝန်းကျင်၊ တိုးတက်သည့် လူ့အဖွဲ့အစည်းနှင့် များပြားလှသည့် အခွင့်အရေးတို့မှာ ရည်မှန်းချက် ကြီးသူများ အတွက်တော့ အိပ်မက် ကမ္ဘာအလားပင် ဖြစ်လေသည်။

သို့သော်လည်း သူတို့ထဲရှိ တစ်ယောက် အတွက်တော့ ဤကမ္ဘာသစ်က မရင်းနှီးသည့် ပတ်ဝန်းကျင်သစ် တစ်ခု မဖြစ်ခဲ့ချေ။ သူမ၏ ဇာတ်လမ်းက ကြေကွဲ ဝမ်းနည်းဖွယ်ရာ ကောင်းလှသလို ပျော်ရွှင်စိတ်လှုပ်ရှား စရာလည်း ကောင်းခဲ့ပေသည်။ သူမ လျှောက်လှမ်းခဲ့ရသည့် ခရီးစဥ်မှာ မတူကွဲပြားသည့် အတိတ်၏ အချိန်လမ်းကြောင်း နှစ်ခုတွင် ဇာတ်အိမ်တည်ခဲ့သည့်တိုင် မူလစမှတ်ကတော့ အတူတူပင် ဖြစ်သည်။

ထိုအရာ အားလုံးကား လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ့်လေးနှစ်ခန့်၊ သုံးလွှာ ကြယ်တာရာ နယ်မြေရှိ စန်းမျိုးနွယ်တွင် အခြေတည်ခဲ့ခြင်း ဖြစ်သည်။ ထိုစဥ်ကာလက လူအများ၏ ကိုးကွယ်မှုကို ခံရသည့် စန်းကလန်၏ အမျိုးသမီး အတုအယောင် လောကသခင် စန်းယုဝမ် ကိုယ်ဝန် လွယ်ထားရသည် ဆိုသည့် သတင်း ကြယ်တာရဦ နယ်မြေ အနှံ့ ပျံ့လွင့် လာခဲ့သည်။ အသက် တစ်ထောင်ကျော်ကာ သွေးဆုံးချိန်ကို ဖြတ်သန်းပြီးသည့်တိုင် စန်းယုဝမ်မှာ ကိုယ်ဝန် ဆောင်ခဲ့ပေသည်။

ထိုရှာဖွေ တွေ့ရှိမှုက ဆေးသူတော်စင်များနှင့် အဂ္ဂိရတ် ပညာရှင်များကို သွေးပျက် ချောက်ချား သွားစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှာ အသက်အရွယ်ကို ပြောင်းပြန်လှန်နေပုံ ရကာ ကလေး မွေးဖွားနိုင်စွမ်းရည်ကို ထူးခြားစွာ ပြန်လည် ရရှိလာခဲ့သည်။ ဖခင် ဖြစ်သူကိုတော့ လျှို့ဝှက်ချက် တစ်ခု အနေဖြင့် သိမ်းဆည်းထားပြီး ကောလဟလများ သာလျှင် ပျံ့နှံ့ နေခဲ့သည်။

ထိုအထဲမှ အကျော်ကြားဆုံး သီအိုရီ တစ်ခုကား... အင်ပါယာစန်းက ကြယ်တာရာ နယ်မြေ၏ အကြီးကျယ်ဆုံးသော အဂ္ဂိရတ် ပညာရှင်ကြီးများကို မျိုးနွယ်ထံ ဖိတ်ခေါ်ကာ ဆေးတစ်လုံး ဖန်တီးစေလျှက် ညီမ ဖြစ်သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ အသန့်စင်ဆုံးသော သွေးသားပိုင်ရှင် စန်းမျိုးဆက် တစ်ယောက်‌ မွေးဖွားစေခဲ့ခြင်းဟူ၍ပင်။

နောက်ပိုင်းတွင် ကလေးငယ်မှာ မီဖွားစဥ် အတွင်း သေဆုံးသွားခဲ့သည် ဆိုသည့် သတင်းများ ပျံ့နှံ့ လာခဲ့သည်။ အတုအယောင် လောကသခင် ဧကရီစန်းမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ အတွင်းပိုင်း သတင်းများ အရ ဆိုလျှင်တော့ သူမက တံခါးပိတ် ကျင့်ကြံနေသည်ဟု ဆိုသည်။

ဤသို့နှင့် ဆယ်စုနှစ် တစ်ခု ကြာမြင့်ပြီးနောက်တွင် ဧကရီစန်းက သူမ၏ ရင်သွေးနှင့် သက်တူရွယ်တူ ကလေး တစ်ယောက် တစ်ယောက်ကို မွေးစားခဲ့သည် ဆိုသည့် သတင်း ပျံ့နှံ့ လာခဲ့ပြန်သည်။ သူမ၏ နာမည်က စန်းယွန်းလီ ဖြစ်ကာ စန်းမျိုးနွယ်၏ မင်းသမီးလေး ဖြစ်လာခဲ့သည်။ စန်းယွန်းလီမှာ အလွန်ပင် လှပလွန်းကာ သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ ထိပ်တန်း အလှရှင် အဖြစ် ယူဆ ခံခဲ့ရသည်။

သို့သော်လည်း... စန်းမျိုးနွယ်စု ပြင်ပ၌ သူမကို တွေ့မြင်ရခဲသည်။ စန်းယွန်းလီကလေးမှာ သည်လိုနှင့် ကြီးထွား လာခဲ့သည်။ သူမက ကလေးပီပီ ကျင့်ကြံခြင်းထက် ကစားရတာကိုသာ စုံမက်သူကလေး ဖြစ်သည်။ ပါရမီ အားဖြင့် နည်းနည်းလေးမှ မနိမ့်ကျသည့်တိုင် စန်းယွန်းလီကလေးမှာ ကျင့်ကြံခြင်းကို နည်းနည်းလေးမျှ စိတ်မရှိချေ။

ဤသို့နှင့် ဆယ်စုနှစ် သုံးခု ကြာမြင့်သွားခဲ့ပြီးနောက်တွင် စန်းမျိုးနွယ်မှာ ကြီးစွာသော ကျဆင်းမှုများနှင့် ကြုံတွေ့နေရသည်။ မျိုးနွယ် ခေါင်းဆောင် အင်ပါယာစန်းမှာလည်း လုံချန် ဟု ခေါ်သော လူငယ်တစ်ယောက်၏ သတ်ဖြတ်မှုကို ခံလိုက်ရသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် သူတို့၏ အုပ်စိုးမှုက ပျောက်ကွယ်နေပြီ ဖြစ်ကာ ထိုအရာကို တားဆီးရန်လည်း နည်းလမ်း မရှိပါချေ။

စန်းမျိုးနွယ်တစ်ခုလုံး ချောက်ကမ်းပါး အစွန်းသို့ ရောက်ရှိနေသည့် အခိုက်တွင်ပင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ ပင်မ စန်းကလန်မှာ သူတို့ထံ ရောက်ရှိလာခဲ့သည်။ ကပ်ဘေးများအား ချုပ်ငြိမ်းစေခဲ့ကာ မျိုးနွယ်စု တစ်ခုလုံးကို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဆီ ပြောင်းရွှေ့ရန် အစီအမံများ ချမှတ်ခဲ့သည်။

စန်းမျိုးနွယ် တည်ထောင်သူ ဘိုးဘေးမှာ အလွန် ဉာဏ်ရည် ထက်မြက်ကာ ထာဝရ ဧကရာဇ်နှင့် အတူ ထွက်ခွာ မသွားခင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၌လည်း စန်းကလန်ကို ထူထောင်ခဲ့သည်။ ၎င်းက နောက်ပိုင်းတွင် တဖြည်းဖြည်း ကြီးထွားလာကာ ထာဝရ အစည်းအရုံးကို အဓိက ထောက်ပံ့ပေးနေသည့် ထောက်တိုင်ကြီး လေးတိုင်ထဲမှ တစ်ခု ဖြစ်လာစေခဲ့သည်။

သို့သော်လည်း... စန်းယုဝမ်ကတော့ ထွက်ခွာရန် ငြင်းဆန်ခဲ့သည်။ သူမက သုံးလွှာ ကြယ်တာရာ နယ်မြေတွင်ပင် ကျန်ရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သမီးဖြစ်သူ စန်းယွန်းလီကလေးကတော့ အလွန်ပင် စိတ်လှုပ်ရှားနေကာ ကြီးကျယ် ခမ်းနားသော လောက တစ်ခုထံ ခြေဆန့်လိုခဲ့သည်။

သူမ၏ ဇာတ်ကြောင်းက ဆက်လက် တောက်ပနေခဲ့ကာ ထူးခြားလှသော အလှအပတို့နှင့် အတူ အဆုံးမဲ့ ကောင်းကင်တစ်လွှား ကျော်ကြားလာခဲ့သည်။ စန်းကလန်မှာ ပေါ့သေးသေး အင်အားစု တစ်ခု မဟုတ်သလို သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည့် စန်းယုလော့၏ ပံ့ပိုးမှုနှင့် သူမတွင် မည်သည့် အခက်အခဲမှ မရှိခဲ့ချေ။

ဤသို့နှင့် နတ်သမီး ဒဏ္ဍရီ တစ်ခု စတင်ခဲ့သည်။ ရှုပ်ထွေးကာ ခါးသီးသည့် ပဋိပက္ခများကြားမှပင် အင်ပါယာ ကလန်နှင့် ထာဝရ အစည်းအရုံး ကြားတွင် ပန်းကလေး တစ်ပွင့် ပွင့်ဖူး လာခဲ့သည်။

စန်းယွန်းလီမှာ ထာဝရ အစည်းအရုံးကို ခြေစုံကန်ကာ ထန်မျိုးနွယ် တော်ဝင် မင်းသား၏ ဇနီး တစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော်လည်း ကျောထောက်နောက်ခံ ဖြတ်တောက်ခံရပြီး နောက်ပိုင်းတွင် နိမ့်ကျသော ကျင့်ကြံခြင်း အခြေခံကြောင့် သူမ၏ ရာထူးက ကိုလုပ်တော် တစ်ယောက် အဖြစ် လျှောကျ သွားခဲ့သည်။ သို့သော်လည်း စန်းယွန်းလီ၏ အတွေးက ရိုးရှင်းသည်။ သူမ ချစ်ရဲသည်။ စွန့်စားရဲသည်။

သို့သော်လည်း မုန်တိုင်းက ထိုမျှနှင့် မရပ်တန့်ခဲ့။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ဧကရာဇ် ပလ္လင် လုပွဲများမှာ စတင် လာခဲ့တော့သည်။ မင်းသားနှင့် မင်းသမီးများမှာ ရာဇ ပလ္လင် အတွက် ပြင်းထန်စွာပင် တိုက်ခိုက်ကြကာ ကြယ်တာရာ နယ်မြေတစ်ခုလုံး ကပ်ကမ္ဘာ တစ်ခု သဖွယ် ပြောင်းလဲ သွားခဲ့သည်။ ဘီလျံနှင့်ချီသည့် အသက်များ ဆုံးရှုံးခဲ့ရကာ မှီတင်းနေထိုင်ရာ လောကနယ်မြေများစွာ ဖျက်ဆီးခံခဲ့ရသည်။

စန်းယွန်းလီမှာ ကိုယ်လုပ်တော် တစ်ယောက်သာ ဖြစ်လေရာ စစ်ပွဲမှ ရှောင်တိမ်းရန် အတွက် လောကနယ်မြေ တစ်ခုထဲတွင် ခိုလှုံနေခဲ့ရသည်။ ထိုလောကနယ်မြေ ဖျက်ဆီးခံရသည့်နေ့တွင် သူမလည်း ပါသွားခဲ့သည်။

ဤသို့နှင့် အသက် ၉၉ နှစ်တွင် သူမ သေဆုံးခဲ့သည်။

စန်းမျိုးနွယ် ပိုင်ဆိုင်သည့် ဂြိုဟ်တစ်ခုထက်၌ စန်းယွန်းလီမှာ ကျောက်တုံး တစ်ခုပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏ အရှေ့တွင်တော့ ကြည်လင် အေးမြသည့် ရေကန်ကျယ် တစ်ခု ရှိနေခဲ့၏။ စန်းယွန်းလီ ကျောက်ခဲ တစ်ခုကို ‌‌ကောက်ယူကာ ရေပေါ် လျှပ်တိုက် ပစ်လိုက်၏။

သူမမှာ မျက်နှာဖုံးကို ဆက်လက် ဝတ်ဆင်ထားခြင်း မရှိတော့ချေ။ မျက်နှာကို လောကထံ ထုတ်ဖော် ပြသထားခဲ့ပြီ ဖြစ်လေသည်။ သူမက အလွန် လှပလှ၏။ အာရုဏ်ဦး တက်သစ်စ နေတစ်စင်းလို တင့်တယ်လှ၏။ လေတိုက်တမ်း ယိမ်းနွဲ့နေသည့် သူမ၏ အဖြူရောင် ဆံနွယ်ရှည်များက ကောင်းကင်မှ ဖြာကျနေသည့် ရေတံခွန် တစ်ခုနှယ်ပင်။

မိန်းကလေး၏ မျက်လုံးများက အနီရောင် အဆင်းရှိကာ အဖိုးတန် ပတ္တမြားများ အလား တဖျပ်ဖျပ် တောက်ပနေသည်။ သူမ၏ မျက်ခုံးမွေးများက မထူလွန်း၊ မပါးလွန်း အနေတော်ပင် ဖြစ်သည်။ ၎င်းတို့က လုံးဝ နက်မှောင်နေကာ ကောင်းကင် ပန်းပုပညာရှင်များက အပြီးပြည့်စုံဆုံး ရေးခြယ်ထားသလိုပင်။ သူမ၏ ပန်းနုရောင် နှုတ်ခမ်းလေးများမှာလည်း ဖောင်းကြွနေကာ ရေအလား နူးညံ့ဟန် ရလေ၏။

သူမက အနက်ရောင် လက်စက ဝတ်စုံကို ဝတ်ဆင်ထားကာ အနည်းငယ် မှုန်မှိုင်းသည့် အမူအရာကို ဆင်မြန်းထားသည်။ ထိုအရာကပင် သူမ၏ အသွင်အပြင်ကို ပိုမို ခန့်ညားစေကာ ဇာတ်လမ်း ပုံပြင်များတွင် ပုံဖော်လေ့ ရှိသည့် မိန်းကလေး သူရဲကောင်း တစ်ဦး အလား ထင်မှတ်ရစေ၏။ အတိတ်မှ အဖြစ်ပျက်ဆိုးများကြောင့် သူမ၏’ အရိုးများထဲတွင် ပျင်းရိမှု တစ်အောင်စမျှပင် ရှိမနေတော့ချေ။

“အတိတ်က အမှားမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရဘူး...”

သူမက နောက်ထပ် ကျောက်တုံးလေး တစ်ခုကို လျှပ်တိုက်ပစ်လိုက်ပြန်၏။ ၎င်းက မနစ်မြုပ်ခင် အချိန် အထိ ရေပြင်ထက်တွင် ကိုးဆယ့်ကိုးချက် လျှပ်တိုက်သွားသည်။

“ဘယ်လို အမှားမျိုး မလို့လဲ...”

နွေးထွေးသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ စန်းယွန်းလီက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ရင်း အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက်... ချိုသာသော အပြုံးတစ်ခုနှင့် အတူ နောက်သို့ လှည့်ကာ စန်းလော့ယန်ကို ကြည့်လိုက်၏။

“သုံးလွှာ ကြယ်တာရာ နယ်မြေကို ကြယ်ဝါးမြိုသူ ဖျက်ဆီးမှာ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး”

သူမက အဖြေပေးလိုက်သည်။ စန်းလော့ယန်က ဖြည်းညင်းစွာပင် လျှောက်လာကာ သူမ နံဘေးတွင် ရပ်လိုက်၏။

“အဲဒါက မထင်မှတ်ပဲ ဖြစ်လာခဲ့တာပါ... ဘဝ ဆိုတာ အဲဒီလိုပဲ မထင်မှတ်တဲ့ အရာတွေနဲ့ အမြဲ ပြည့်နှက် နေတတ်တယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခု မင်း အသက်ရှင်နေတယ်လေ... မင်း မျက်လုံးထဲမှာ အလင်းရောင် ရှိနေသမျှ ကာလ ပတ်လုံး..”

“မင်း အနေနဲ့ ဘာကိုမဆို ရနိုင်တယ်... မင်းရဲ့ ကံကြမ္မာက မင်းလက်ထဲမှာ ရှိနေတုန်းပဲ”

စန်းယွန်းလီက စိတ်ထဲမှ နေ၍ စန်းလော့ယု၏ စကားကို လိုက်လံ ရေရွတ်လိုက်၏။ ထိုအရာက သူမ ကျင့်ကြံခြင်းတွင် ထစ်ငေါ့မှုများ ကြုံရတိုင်း စန်းလော့ယု မကြာခဏ ဆိုသလို ပြောလေ့ ရှိသည့် အားပေးစကားပင် ဖြစ်သည်။ အချိန်လမ်းကြောင်းများ ပြောင်းလဲသွားသည့်တိုင် လူများကတော့ မပြောင်းမလဲပင်။

စန်းယွန်းလီ တောက်ပစွာ ပြုံးလိုက်၏။ ပုလဲလုံးလေးများ ကဲ့သို့ ညီညာ ဖြူစင်လှသော သွားလေးများက ပြီးပြည့်စုံစွာ ထွက်ပေါ်လာကာ ထူးခြားလှသည့် အလှတစ်ရား တစ်ခုကို ဖန်ဆင်းလိုက်သည်။ စန်း‌လော့ယု ပင်လျှင် မိန်းကလေးကို ကြည့်ကာ တဒင်္ဂမျှ မှင်သက်သွားခဲ့၏။

“မင်းပိုပြီး ပြုံးသင့်တယ်...”

သူက ချောင်းအနည်းငယ် ဆိုးလိုက်ရင်း မှတ်ချက်ချလိုက်သည်။ ဤသည်က လွန်ခဲ့သည့် လေးလအတွင်း စန်းယွန်းလီ ပြုံးသည်ကို ပထမဆုံး အကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ နောက်ပြီး... ၎င်းက အသက်ရှူ မှားလောက်အောင်ပင် လှပပေသည်။

စန်းယွန်းလီမှာ သူမ၏ လုပ်ဆောင်ချက်ကို သတိထားမိသွားကာ အပြုံးမှာ လျှင်မြန်စွာပင် မှေးမှိန် ပျောက်ကွယ် သွား၏။ သူမ မျက်နှာကို ပြန်ထိလိုက်မိသည်။ ထိုလှပသော မျက်နှာကပင် သူမဘဝ အတွက် အချစ်ကို ဆွဲဆောင်ခဲ့ကာ အချစ်စစ်ကို ကြုံတွေ့စေခဲ့သည်။ သို့သော်လည်း အလှတရားက အရာရာ မဟုတ်ကြောင်း ဘဝနှင့် ရင်းကာ သူမ နားလည်ခဲ့ပြီ ဖြစ်သည်။ သူမထံတွင် သတ္တိ၊ ဇွဲနှင့် ယုံကြည်ချက်တို့ ကင်းမဲ့ခဲ့သည်။

သို့သော်လည်း... ယခုတစ်ကြိမ်တွင်တော့ အရာရာမှာ ခြားနားသွားခဲ့ပြီ ဖြစ်လေသည်။ ထိုကဲ့သို့ မိုက်မဲမှုမျိုး သူမ ဘယ်တော့မှ ထပ်လုပ်တော့မည် မဟုတ်ချေ။

***

All Chapters