အကြွင်းမဲ့ စည်းစိမ် နယ်မြေ
Vol. 44 Ch. 612
ရွှေရောင်အသက်နန်းတော်၏ ပိုင်နက်ကို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင်အကြွင်းမဲ့ စည်းစိမ် နယ်မြေ အဖြစ် ရည်ညွှန်းကြ၏။ ရွှေရောင် အသက်နန်းတော်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အကြီးမားဆုံးသော ကုန်သည် အဖွဲ့အစည်းကြီး အဖြစ် ကျော်ကြားကာ ရင်းမြစ်များ၊ အဂ္ဂိရတ် ထုတ်ကုန်များ အပါအဝင် အမျိုးမျိုးသော ကုန်ပစ္စည်းများကို ရောင်းဝယ် ဖလှယ်ကြသည်။
ဝန်ဆောင်မှု အပိုင်းတွင် တိကျသည့် အပြင် နှစ်သောင်းချီ တည်းဟူသော သူတို့၏ တည်ထောင်ချိန်က များစွာသော ဖောက်သည်များ၏ ယုံကြည်မှုကို ပိုမို ရရှိစေသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများမှ အစ... တန်ခိုးရှင် အဆင့် အင်အားစုကြီးများ အဆုံး ရွှေရောင် အသက်နန်းတော်နှင့် ဆက်စပ် လုပ်ကိုင်ရန် လိုလားကြသည်။
ထို့အပြင်... ရွှေရောင် အသက်နန်းတော်မှာ အရောင်အဝယ် လုပ်ငန်းများသာ ပြုသည် မဟုတ်ချေ။ သူတို့က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ဒုတိယ အကြီးဆုံး ဘဏ်ကွန်ယက်ကိုလည်း ပိုင်ဆိုင်ထားသည်။ ကြယ်တာရာ နယ်မြေ၏ ပထမ အကြီးဆုံး ဘဏ်တိုက်ကတော့ အင်ပါယာ ကလန်၏ တိုက်ရိုက် ထိန်းချုပ်မှု အေက်တွင် တည်ရှိနေသည့် ကောင်းကင်အလင်း ဘဏ်တိုက် ဖြစ်သည်။
အကြွင်းမဲ့ စည်းစိမ် နယ်မြေ ပိုင်နက် အတွင်း၌ ဂြိုဟ်သုံးခု တည်ရှိ၏။ ထိုဂြိုဟ် တစ်ခုချင်းစီမှာ အလွန် ကြီးမားလှကာ မိုင်ပေါင်း ဘီလျံနှင့်ချီ ကျယ်ဝန်းလှပေည်။ ဂြိုဟ်သုံးခု၏ ပတ်လည်တွင်တော့ အပြန်အလှန် ဆက်သွယ်ထားသည့် ကွင်းနှစ်ခု ရှိကာ ၎င်းတို့မှာ အလွန် လျှင်မြန်သော အရှိန်ဖြင့် လှည့်ပတ်၍ တောက်ပသော အလင်းတန်းတို့ကို ထုတ်လွှတ်နေ၏။
သို့သော်လည်း... ဂြိုဟ်ကြီး သုံးစင်းမှာ အကြွင်းမဲ့ စည်းစိမ် နယ်မြေအတွင်း တည်ရှိနေသည့် တစ်ခုတည်းသော ကောင်းကင် ခန္ဓာများ မဟုတ်ပါချေ။ ၎င်းတို့ကို ဝန်းရံ လှည့်ပတ်နေသည့် ဂြိုဟ်ရံလများလည်း ရှိသေးကာ ၎င်းတို့ အားလုံးကို စုပေါင်း၍ စည်းစိမ်လများ ဟု ခေါ်၏။ အကြွင်းမဲ့ စည်းစိမ် နယ်မြေပိုင်နက် အတွင်းတွင် စည်းစိမ်လ လေးဆယ့်ငါးစင်း ရှိသည်။ စည်းစိမ်လ တစ်ခုချင်းစီမှာ ဂြိုဟ်အသေးစားများပင် ဖြစ်ကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ မှီခို နေထိုင်ကြပေသည်။
အခြား အင်အားစုကြီးများ ကဲ့သို့ပင် ရွှေရောင် အသက်နန်းတော်မှာ လောကနယ်မြေများကိုလည်း ပိုင်ဆိုင်ထားသေး၏။ အကြွင်းမဲ့ စည်းစိမ် နယ်မြေအတွင်းတွင်ပင် လောကနယ်မြေ ၈၁ ခု ရှိကာ ထိုလောကနယ်မြေများတွင် မှီတင်း နေထိုင်သူ ထရီလျံနှင့် ချီ၍ ရှိသည်။ လောကနယ်မြေ တစ်ခုချင်းစီတွင် ဝင်ဂိတ်၊ ထွက်ဂိတ်များစွာ ရှိကာ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများပင် လွတ်လပ်စွာ ဝင်ထွက်နိုင်ကြပေသည်။
အကြွင်းမဲ့ စည်းစိမ် နယ်မြေ၏ ၃၄ ခုမြောက် မဟာမြင်း လောကနယ်မြေ အတွင်းတွင် ရေချို စမ်းချောင်းများ၊ သစ်တောများနှင့် အမတေ ရင်းမြစ်များ ကြွယ်ဝသည့် ချိုင့်ဝှမ်း တစ်ခု ရှိ၏။ ထိုအနီးအနား တစ်ဝိုက်၌ မီတာ တစ်ရာခန့် မြင့်သော ရေတံခွန် တစ်ခု ရှိကာ ရေမှုန်ရေမွှားများမှာ ဖြာကျ၍ လျှို့ဝှက် ဆန်းကြယ်သည့် မြင်ကွင်း တစ်ခုကို ဖန်တီးနေ၏။
ရေတံခွန်မှာ လှေထားထစ်များ ကဲ့သို့ အဆင့်ဆင့် ဖြစ်နေသည့် ကျောက်ဖြာများထက်သို့ စီးကျနေက အဆင့် တစ်ခုချင်းစီတွင် ကြည်လင် ရှင်းမြသော ရေကန် တစ်ခုစီ ရှိ၏။
ရေတံခွန်၏ အောက်ခြေတွင်တော့ နတ်ဘုရားများ ဒီဇိုင်းဆွဲ တည်ဆောက်ထား သကဲ့သို့ လှပသော စမ်းချောင်းငယ် တစ်ခု ရှိနေခဲ့သည်။ ထိုစမ်းချောင်း၏ ရေပြင်ထဲတွင်တော့ များစွာသော အရိပ်များမှာ လွတ်လပ်စွာ ကူးခပ် နေခဲ့၏။
ဖျပ်... ဖျပ်... ဖျပ်...
ခြေသံ အချို့နှင့် အတူ ပုံရိပ်ကလေး တစ်ခုမှာ စမ်းချောင်း အစပ်သို့ ရောက်ရှိလာခဲ့သည်။ သူမက လူသား မိန်းကလေး တစ်ယောက် ဖြစ်ကာ ကျောက်မျက် ရတနာများ အလား မျက်လုံးစိမ်းများကို ပိုင်ဆိုင်ထားသည်။ ရေကန်စပ်သို့ အရောက်၌ ပုံရိပ်က ခြေစုံရပ်လိုက်၏။
“မိန်းကလေး ရီဖေး..”
စမ်းချောင်း၏ အလယ်တွင် ရေပူးပေါင်းများ ပလုံစီ တက်လာကာ အရိပ် တစ်ခု ပေါ်လာခဲ့၏။ ထိုအရိပ်က တဖြည်းဖြည်း အပေါ်သို့ မြင့်တက်လာကာ ရေမျက်နှာပြင်ထက်တွင် ဘွားခနဲ ပေါ်လာခဲ့သည်။
မိန်းကလေးက ရေစိုနေသည့် အနက်ရောင် ဆံပင်များကို လက်ဖြင့် သပ်တင်လိုက်ရင်း ဟေဇယ်ရောင် မျက်လုံးများဖြင့် ကမ်းစပ်ရှိ ပုံရိပ်ကို လှမ်းကြည့်လိုက်၏။ ထို့နောက် ကမ်းစပ်ဆီသို့ ရွှေငါးကလေး တစ်ကောင်နှယ် ကူးခပ်လာကာ ကုန်းပေါ်သို့ လှမ်းတက်လိုက်သည်။
“ဘာလို့လဲ မာ့ယု...”
သူမက မေးလိုက်ရင်း မီးစွမ်းအင်ကို အသုံးပြုကာ ခန္ဓာကိုယ်ရှိ ရေစက်များကို အငွေ့ပျံသွားအောင် ပြုလုပ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သိုလှောင်လက်စွပ်ထဲမှ ဝတ်စုံတစ်ခုကို ထုတ်ယူ၍ ဆင်မြန်းလိုက်သည်။ ထိုတစ်လျှောက်လုံး၌ အဖြူရောင် မြူမှုန်များမှာ သူမ၏ ခန္ဓာကိုယ်လေးကို ကန့်လန်ကာ တစ်ခု သဖွယ် ကာရံထား၏။
“အဟမ်း... အဟမ်း... မိန်းကလေး ရီဖေး ရှာခိုင်းထားတဲ့ ပစ္စည်းတွေ ရပြီ ဆိုတဲ့ အကြောင်း လာပြောတာပါ”
မာ့ယုက လည်ချောင်းကို အနည်းငယ် ရှင်းလိုက်ရင်း ငွေရောင် သိုလှောင် လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ရွှယ်ရီဖေးထံ ကမ်းပေးလိုက်သည်။
“အခြား လိုအပ်တာ ရှိသေးရင်လည်း အားမနာပါနဲ့ မိန်းကလေး ရီဖေး...”
“လိုအပ်တာလား...”
နောက်ဆုံး၌ ရွှယ်ရီဖေးမှာ ဝတ်စုံ အပြည့်ကို ဆင်မြန်း ပြီးစီးသွားကာ အဖြူရောင် မြူမှုန်းများထဲမှ ထွက်လာခဲ့၏။ မာ့ယုမှာ ရွှယ်ရီဖေး၏ အလှကို ကြည့်ကာ မိန်းကလေး တန်မဲ့ လည်ချောင်းများ ခြောက်ကပ် လာသလို ခံစားလိုက်ရသည်။
“ငါ ဒီကို ရောက်နေတာ ခြောက်လ ရှိပြီ... တစ်ဆိတ်ရှိ စောင့်ဖို့ပဲ ပြောပြီး ဘာလိုသလဲပဲ ထပ်ခါခါ မေးတယ်... ငါ ဘာလိုချင်သလဲ ဆိုတာ နင်တို့ သိတာပဲ... ငါအိမ်ပြန်ချင်တယ်... ငါ့ယောက်ျားနဲ့ တွေ့ချင်တယ်... အဲဒါကို နင်တို့ ပေးနိုင်လား”
ရွှယ်ရီဖေးက မာ့ယုကို စိုက်ကြည့်ရင်း မေးလိုက်၏။ လွန်ခဲ့သည့် ခြောက်လခန့်က သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ သူမ ဤထူးဆန်းသော ကမ္ဘာကို ရောက်ရှိလာခဲ့သည်။ သူတို့၏ အဆိုအရဆိုလျှင် သုံးလွှာ ကြယ်တာရာ နယ်မြေမှာ ကြယ်ဝါးမြိုသူ၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ အယ်ဗန်များ၊ လူသားများနှင့် နတ်ဆိုးများကိုတော့ အခြား အင်အားစု တစ်ခုက ကယ်တင်သွားခဲ့သည်။
မဟာမြင်း လောကနယ်မြေတွင် ကျူးဟိုင် အပါအဝင် အာဏာရှင် အဖွဲ့ဝင် ရှို့ရန်များ၊ နဂါးများနှင့် သူမ ပြန်လည် ဆုံစည်းခဲ့သည်။ အင်ပါယာတောင်၏ မဟာ သူတော်စင် ဖြစ်သည့် ဇင်ကိုပင် သူမ တွေ့ခဲ့ရသည်။
ဘာပဲဖြစ်ဖြစ်... သူတို့က ဝေ့ဝူယင်၏ မျက်နှာကြောင့် သူမကို ကောင်းကောင်း ဆက်ဆံခဲ့ကြပါသည်။ ဤစမ်းချောင်း ပင်လျှင် အလွန် ရှားပါးကာ အဖိုးတန်သည့် ကြယ်တာရာ စမ်းချောင်း တစ်ခု ဖြစ်သည်။ ထိုအထဲတွင် ရေကူးရုံဖြင့်ပင် ခန္ဓာကိုယ်ကို အလိုအလျောက် သန့်စင်ပေးကာ ဒဏ်ရာများကို ကုသ ပေးနိုင်စွမ်း ရှိသည်။
၎င်းကို နေ့စဥ်နေ့တိုင်း သောက်သုံးခြင်းဖြင့် သူမ၏ ကျင့်ကြံခြင်း အခြေခံကလည်း နေ့စဥ် တိုးတက်လာခဲ့သည်။ လွန်ခဲ့သည့် ခြောက်လ အတွင်းတွင် သူမ၏ ကြယ်တာရာ အမြုတေမှာ တစ်ဆယ် မီလီမီတာ အထိပင် ကြီးမား လာခဲ့သည်။ ထို့အပြင် သူတို့က သူမ တောင်းဆိုသမျှကို ဖြည့်ဆည်းပေးရန် ကြိုးစားပေးကြပါသည်။ သို့သော်လည်း ဝေ့ဝူယင် သူမအား ထောက်ပံ့ပေးခဲ့သည့် ရင်းမြစ်များနှင့် ယှဥ်လျှင် ၎င်းတို့က အစွန်အဖျား လောက်ပင် မရှိပါချေ။
မာ့မျိုးနွယ်စုထံမှ သူမ ရရှိသည့် အဂ္ဂိရတ် ထုတ်ကုန် အများစု၏ အရ့ည်အသွေးက အဆင့်နိမ့်၊ သို့မဟုတ် အဆင့်မြင့် တွင်သာ ရှိပေသည်။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ အထွတ်အထိပ် အရည်အသွေး မဟုတ်လျှင် သူမကို ထိတွေ့ခွင့်ပင် မပေးချေ။
မာ့ယုက သက်ပြင်းတစ်ချက် ချလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်၏။
“ကျွန်မ မပေးနိုင်ပါဘူး မိန်းကလေး ရီဖေး...”
သူမ၏ အလုပ်က ရွှယ်ရီဖေးကို စောင့်ရှောက်ကာ နေရထိုင်ရ သက်သာအောင် ကူညီပေးရန်သာ ဖြစ်သည်။
ရွှယ်ရီဖေးက ဟင်းလင်းပြင် လက်စွပ်ကို ကိုင်ကာ အထဲရှိ ပစ္စည်းများကို စစ်ဆေးလိုက်၏။ ထို့နောက် သူမက မျက်မှောင်ကြုတ် လိုက်သည်။
“ကြယ်တာရာ သမုဒ္ဒရာဆေးတွေရော ဘယ်မှာတုံး... နောက်ပြီး ဘာလို့ ဒီသွေးသန့်စင် ဆေးရည်တွေက အရည်အသွေးနိမ့် ဖြစ်နေရတာလဲ...”
ကြယ်တာရာ သမုဒ္ဒရာဆေးမှာ အဆင့်ရှစ် အဆင့်မြင့် ဆေးတစ်မျိုး ဖြစ်ကာ ကြယ်တာရာ အမြုတေကို ပိုမို သန်မာအောင် ကူညီပေးနိုင်စွမ်း ရှိသည်။ ဆေးသန့်စင်ဆေးရည်ကတော့ ရုပ်ပိုင်းဆိုင်ရာကို သန့်စင်ပေးနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန် ဖြစ်သည်။ ၎င်းသည်လည်း အဆင့်ရှစ် အဆင့်မြင့် အဆင့်တွင် ရှိပေသည်။
ဝေ့ဝူယင်၏ ကောင်းကင်နန်းတော်တွင် နေထိုင်ခဲ့စဥ်က ဆိုလျှင်... ဗာကီရီ အဖွဲ့ကို ဝင်ရောက်ပြီးနောက် အချိန်တို အတွင်းမှာပင် အရည်အသွေး အထွတ်အထိပ် အဆင့် ကြယ်တာရာ သမုဒ္ဒရာ ဆေးလုံး ငါးလုံးနှင့် သွေးသန့်စင်ခြင်း ဆေးရည် ငါးပုလင်းကို သူမ လက်ခံ ရရှိကာ သန့်စင် နိုင်ခဲ့သည်။ သို့သော်လည်း... ဤနေရာသို့ ရောက်ရှိပြီးနောက်တွင် သူမ၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းက အတော်ကလေး လျော့ကျသွားသည်ဟု ဆိုနိုင်ပေသည်။
မာ့ယုက နှုတ်ခမ်းကလေးကို အနည်းငယ် စူလိုက်၏။
“ကျွန်မတို့မှာ ကုန်သွားလို့ပါ... အခု မျိုးနွယ်က အဂ္ဂိတ်ရတ် ပညာရှင်တွေက ကြယ်တာရာ သမုဒ္ဒရာဆေးတွေ ထပ်ဖော်စပ်ဖို့ အစွမ်းကုန် ကြိုးစား နေကြပါတယ်... မိန်းကလေး ရီဖေး ဆေးလုံး သန့်စင်တာ အတော်လေး မြန်တယ်... ကျွန်မတို့ အချိန် ပိုလိုပါတယ်”
ရွှယ်ရီဖေးက မျက်မှောင်ကြုတ်လိုက်၏။ ကြယ်တာရာ သမုဒ္ဒရာ ဆေးလုံးများ မည်မျှ တန်ဖိုးကြီးကြောင်း သူမ နားလည်ပါသည်။ သို့သော်လည်း ဤနေရာတွင်တော့ ရှားပါးလွန်းသည်ဟု သူမ ခံစားရသည်။ ခြောက်လ အတွင်း သုံးလုံးသာ သူမ လက်ခံ ရရှိခဲ့သည် မဟုတ်ပါလား။
***