ဧည့်သည်
Vol. 44 Ch. 613
“ရှင်တို့က ရွှေရောင် အသက်နန်းတော်က မဟုတ်ဘူးလား.... အဲဒီလောက်တောင် မစွမ်းဆောင်နိုင်ဘူးလား”
ရွှယ်ရီဖေးက စူအောင့်အောင့်ဖြင့် ပြောလိုက်၏။ သူမ၏ လေသံနှင့် စကားလုံးများကြောင့် မာ့ယုမှာ ရှက်ရွံ့မှုရော အမျက်ဒေါသကိုပါ ခံစားလိုက်ရ၏။
ရှင်က ဒီလောက် တန်ဖိုးကြီးတဲ့ ထုတ်ကုန်တွေကို ချိုချဥ်စားသလို စားချင်နေတာကိုး... အဲဒါတွေကို တွင်းထဲက နှိုက်ထုတ်လို့ရတယ် ထင်နေတာလား... တစ်လုံး ရဖို့တောင် လနဲ့ချီ အချိန်ယူရတာ...
စိတ်ထဲမှ ထိုကဲ့သို့ ရေရွတ်လိုက်မိသည့်တိုင် အပြင်ပန်းတွင်တော့ သူမက စိတ်ရှည်စွာပင် အဖြေပေးလိုက်သည်။
“ကျွန်မတို့ရဲ့ အဂ္ဂိရတ် အင်ပါယာတွေက အကောင်းတကာ့ အကောင်းဆုံးတွေပါပဲ... နောက်ပြီး ကျွန်မတို့မှာ အဆက်အသွယ် ကောင်းတွေလည်း ရှိပါတယ်.. ဒါပေမဲ့ ဆေးဖော်စပ်ရတာက လွယ်တဲ့ အလုပ် မဟုတ်ပါဘူး... မိန်းကလေး တောင်းဆိုတဲ့ ဆေးတွေက အနည်းဆုံးလချီ... ပိုဆိုးရင် နှစ်ချီပြီးတောင် အချိန်ယူ ဖော်စပ်ရတဲ့ ဆေးတွေပါ”
သို့သော်လည်း ရွှယ်ရီဖေး၏ မျက်မှောင်က လျော့ကျသွားခြင်း မရှိပါချေ။
“ရှင်တို့ အဲဒါတွေကို ဝယ်လို့ မရဘူးလား...”
“...”
မာ့ယုမှာ ဘာပြန်ပြောရမှန်း မသိအောင်ကို ဖြစ်သွား၏။ ထိုမိန်းကလေးက မည်ကဲ့သို့သော ဘဝမျိုးတွင် ရှင်သန်ခဲ့သနည်း။
ထိုအရာက ရွှယ်ရီဖေး၏ အမှား မဟုတ်ပါချေ။ သူမမှာ ဝေ့ဝူယင်ထံမှ ရင်းမြစ်များကို အမြဲတမ်း လက်ခံ ရရှိခဲ့ကာ လွန်ခဲ့သည့် ငါးနှစ်လုံးလုံး ဆန္ဒရှိသလို သန့်စင်နိုင်ခဲ့သည်။ ထိုကာလများ အတွင်း၌ သူမ၏ ကျင့်ကြံခြင်း အခြေခံ မတိုးတက်သည့်နေ့ ဟူ၍ မရှိခဲ့ချေ။
“ကြယ်တာရာ သမုဒ္ဒရာဆေးရဲ့ ကုန်ကျစရိတ်ကို ကျွန်မတို့ တတ်နိုင်ပါတယ်... ဒါပေမဲ့ မိန်းကလေး ရီဖေးက အရည်အသွေး အထွတ်အထိပ်ကိုမှ လိုချင်တာမလား... အဲဒါကို ရှာဖွေဖို့ကတော့ နည်းနည်း ခက်ပါတယ်... တကယ်လို့ စျေးကွက်ထဲမှာ ပေါ်ထွက်လာမယ် ဆိုရင်တော့ ကျွန်မတို့ ချက်ချင်း ဝယ်မှာပါ...”
ရွှယ်ရီဖေးက မာ့ယုကို စောင်းကြည့်လိုက်၏။
“ဒါဆို ငါ့ကို ဘာလို့ အရည်အသွေးနိမ့် သွေးသန့်စင် ဆေးရည်ကို ပေးတာလဲ”
“ကျွန်မတို့ ခန်းမခွဲမှာ အရည်အသွေး အထွတ်အထိပ် အဆင့် သွေးသန့်စင် ဆေးရည် ဖော်စပ်တတ်တဲ့လူ မရှိလို့ပါ... ဒါက ကျွန်မတို့ အကောင်းဆုံး လုပ်နိုင်တဲ့ အရာပါပဲ...”
မာ့ယုက ရှင်းပြလိုက်၏။ အဆင့်မြင့် သွေးသန့်စင် ဆေးရည်မှာ ရှို့ရန်နှင့် သားရဲများ အတွက် ထုတ်ကုန် တစ်ခု ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ထိုကဲ့သို့ ထုတ်ကုန်မျိုး ဖော်စပ်လေ့ မရှိချေ။
နောက်ဆုံး၌ ရွှယ်ရီဖေးမှာ စိတ်လျှော့ကာ ပင့်သက် တစ်ချက်သာ ရှိုက်လိုက်မိ၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေက ဤမျှ ရှားပါးရသလော။ သူမ ဝေ့ဝူယင်ကိုပင် သတိရလာခဲ့၏။
“အခု အခြားလူတွေဆီ သွားလည်လို့ရလား...”
သူမက မေးလိုက်သည်။
"ဒါပေါ့... ကျွန်မ နောက်ကို လိုက်ခဲ့ပါ”
မာ့ယုက အပြုံးနှင့် အတူ ခေါင်းညိတ်လိုက်၏။ မိန်းကလေး၏ ရူးသွပ်ဖွယ် မေးခွန်းများကို ဖြေရတာထက် စာလျှင် ၎င်းက ပိုမို ကောင်းမွန်သည် မဟုတ်ပါလား။
မကြာခင်... မာ့ယု အပါအဝင် မိန်းကလေး ကိုယ်ရံတော် ဆယ့်သုံးယောက်၏ ဝန်းရံမှုနှင့် အတူ ရွှယ်ရီဖေးမှာ သူမ နေထိုင်နေသည့် သီးသန့် နေရာမှ ထွက်လာခဲ့ကာ ကမ္ဘာသစ် တစ်ခုကို ဝင်ရောက်လိုက်၏။ ၎င်းက လုံးဝ ခြားနားသည့် နေရာ တစ်ခု ဖြစ်ကာ ကောင်းကင်တွင် သားရဲများစွာမှာ ပျံသန်းနေကြ၏။ ၎င်းတို့ထဲတွင် သိမ်းငှက်၊ လင်းယုန်တို့မှ အစ နဂါးများ အထိ သက်ရှိ မျိုးစုံ ပါဝင်နေပေသည်။
သို့သော်လည်း ထိုအရာက သားရိုင်းတို့၏ ကွင်းပြင် သက်သက်မျှသာ ဖြစ်သည်။ သူမတို့ ဦးတည်နေသည့် နေရာကား ရှို့ရန်နှင့် သားရဲများ နေထိုင်နေသည့် မြို့ကြီးများပင် ဖြစ်သည်။ သားရဲကွင်းပြင်ကို ဖြတ်သန်း ပျံသန်းရင်း မကြာခင်မှာပင် အလွန် ကြီးမားလှသည့် ပုံရိပ်ကြီး တစ်ခု အရှေ့မိုးကောင်းကင်တွင် ပေါ်လာခဲ့၏။
ဝရား...
အလွန် ကျယ်လောင်လှသည့် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် မိန်းကလေး ကိုယ်ရံတော် ဆယ့်နှစ်ယောက်မှာ ကြယ်တာရာ အကာအကွယ်များကို ထုတ်ဖော်လိုက်ကြ၏။ မာ့ယုကတော့ ရွှယ်ရီဖေး၏ နံဘေးတွင် ရပ်နေကာ သေးငယ် ပါးလွှာသည့် အကာအရံ တစ်ခုကို ဖန်တီးလျှက် ရွှယ်ရီဖေးနှင့် သူမကိုယ် သူမ ဝန်းရံလိုက်၏။
ဟိန်းဟောက်သံကြီးက အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ ကောင်းကင်တွင် ပျံသန်းနေသည့် သားရဲများစွာကို လွင့်ပျံသွားစေခဲ့သည်။ သို့သော်လည်း.. နဂါးများကတော့ ပျော်ရွှင်စွာပင် ပြန်လည် ဟိန်းဟောက်ကာ ကြိုလိုက်ကြ၏။ မကြာခင်မှာပင် အရိပ်ကြီးမှာ ပိုမို ကြီးမားလာက မဟာမြင်း လောကနယ်မြေ၏ ကောင်းကင်တွင် ထွန်းလင်းနေသည့် နေကြယ်၏ တစ်စိတ်တစ်ပိုင်းကိုပင် ဖုံးအုပ် သွားခဲ့တော့သည်။
၎င်းကား မီတာ သုံးသောင်းခန့် အထိ ကြီးမားလှကာ အတောင်ပံကိုပါ ဆန့်ထုတ်လိုက်ပါက မီတာ လေးသောင်းကျော် အထိ ရှိပေသည်။ ၎င်း၏ အဇူရာ အကြေးခွံများက နေကြယ်အောက်တွင် တဖျပ်ဖျပ် တောက်ပနေကာ အလွန်တရာ လှပသည့် မြင်ကွင်းတစ်ခုကို ထုတ်ဖော်နေ၏။
ဘုန်း... ဘုန်း...
သတ္တဝါကြီးက အတောင်ပံ နှစ်ဖက်ကို မုန်တိုင်း တိုက်သကဲ့သို့ ရိုက်ခတ်ရင်း လူသား အုပ်စုထံ ကြောက်မက်ဖွယ် အရှိန်နှင့် အတူ ချည်းကပ်လာ၏။
၎င်း၏ ပုံစံက သတ်တော့ဖြတ်တော့မည့်ဟန်မျိုး ရသည့်တိုင် ရွှယ်ရီဖေး၏ ဟေဇယ် မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားသည်။
“အန်နု...”
သူမက ခွင့်တောင်းသည့် ပုံစံဖြင့် ဘေးရှိ မာ့ယုကို ကြည့်လိုက်၏။ မိန်းကလေးက အကူအညီ ကင်းမဲ့စွာ ပြုံးရင်း ခေါင်းညိတ် ပြလိုက်သည်။
ထို့နောက် ရွှယ်ရီဖေးမှာ အုပ်စုထံမှ ခွာကာ အန်နုထံသို့ ဦးတည်ကာ ပျံသန်းသွား၏။ အခြား လူများက နောက်၌ ကျန်ခဲ့သည့်တိုင် မာ့ယုက ကပ်ကာ လိုက်ပါလာသည်။
ရွှယ်ရီဖေးကို တွေ့သည်နှင့် အန်နု၏ အလွန် ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ နှေးကွေးသွား၏။ ၎င်းက အတောင်ပံများကို ရုတ်သိမ်း၍ ခြေထောက်ကို မြေပြင်ထက်သို့ ချလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။
ဘုန်း... ဘုန်း...
မဟာမြင်း လောကနယ်မြေ၏ သားရဲကွင်းပြင်တွင် ငလျင် အသေးစား တစ်ခု လှုပ်ခတ်သွားခဲ့သည်။
မြေပြင်ထက်သို့ ခြေချလိုက်ပြီးနောက်၌ အန်နုက ရွှေရောင် တောက်ပနေသော မျက်လုံးများဖြင့် ရွှယ်ရီဖေးကို စိုက်ကြည့်လိုက်၏။ ထို့နောက် ၎င်းက ရှည်လျားသည့် လက်သည်းကြီးများကို ဆန့်ထုတ်ရင်း မေးစေ့ကို ကုတ်ခြစ်လိုက်သည်။ သို့သော်လည်း ရွှယ်ရီဖေးကတော့ ကုန်းမြေတိုက်ကြီး တစ်ခုကိုပင် ဖျက်ဆီးနိုင်ပုံ ပေါ်သည့် ထိုသားရဲကြီးကို လုံးလုံး ကြောက်လန့်ခြင်း မရှိပါချေ။
မဟာမြင်း လောကနယ်မြေသို့ စတင် နေရာရွှေ့ပြောင်း ခံရသည့်နေ့တွင်ပင် သူမ အခြား နဂါးများနှင့် တွေ့ဆုံခဲ့ရသည်။ သူတို့၏ ခေါင်းဆောင်က အဇူရာ အကြေးခွံနှင့် ဦးချိုပါ နဂါး ဖြစ်သည့် အန်နုပင် ဖြစ်လေသည်။ ရွှယ်ရီဖေးမှာ နဂါးများကို အပြင်တွင် တစ်ခါမှ မမြင်ဖူးသည့်တိုင် ခန္ဓာကိုယ်ထဲတွင် နတ်ဆိုးနဂါး ဝိညာဥ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
နတ်ဆိုးနဂါးမှာ အမြဲတမ်း နတ်ဆိုး နဂါး ဖြစ်ခဲ့သည်တော့ မဟုတ်ပါချေ။ ဦးချိုပါသည့် သာမန် နဂါး တစ်ကောင်သာ ဖြစ်သည်။ ၎င်းသေဆုံးသွားပြီးသည့်နောက် အလောင်းကောင် အဖြစ် လှဲလျောင်းနေစဥ် ကောင်းကင် ဝိညာဥ် နှုတ်ယူခြင်းကျရောက်ပြီး ၎င်း၏ ဂုဏ်သရေကို ဖယ်ရှားသွားသော အခါမှသာ နတ်ဆိုး တစ်ကောင် အဖြစ် အသွင်ပြောင်း သွားခဲ့ခြင်း ဖြစ်သည်။
ဘယ်ပဲဖြစ်ဖြစ်... ၎င်းမှာ ရှေးဟောင်းခေတ်၌ ရှင်သန် ကြီးပြင်းခဲ့သည့် နဂါးမျိုးဆက် တစ်ကောင် ဖြစ်ပေသည်။ ထိုခေတ်ကာလများက အသန်မာဆုံးသော နဂါးမျိုးနွယ်ထဲတွင်ပင် ပါဝင်ခဲ့ကာ ကြယ်အဆင့်လွန် သားရဲ တစ်ကောင် အနေဖြင့် အစစ်အမှန် လျှို့ဝှက် အာဏာရှင်များနှင့်ပင် ယှဥ်နိုင်ခဲ့သည်။
ရွှယ်ရီဖေးမှာ ၎င်း၏ မှတ်ဉာဏ်များကို ဆက်ခံ ရရှိခဲ့ကာ နတ်ဆိုး နဂါး ဝိညာဥ်ကိုပင် အနည်းငယ် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များ အတွင်း၌ မိန်းကလေးမှာ ယင်နှင့်ယန် ဝိညာဥ်တို့ကို အတူတကွ ပေါင်းစည်းပြီး ဝိညာဥ်ကျင့်ကြံခြင်းကို ပြန်လည် စတင်ခဲ့သည်။ ထို့ကြောင့်ပင်... ကျင့်ကြံခြင်း လောကတွင် သူမကို ဝေ့ဝူယင် ကဲ့သို့ ဗန္ဓတ် နှစ်မျိုးစပ် အဖြစ် သတ်မှတ်နိုင်ပေသည်။
ရွှယ်ရီဖေးကို ကြည့်ကာ အန်နု၏ ရွှေရောင် မျက်လုံးများထဲတွင် ချစ်ခင်သည့် အရိပ်အငွေ့များ ထွက်ပေါ်လာ၏။ ထိုအဇူရာ နဂါးကြီးမှာ ရွှယ်ရီဖေးကို သူ၏ အဘွားလေး ပြန်လည် ဝင်စားသူ အဖြစ် ထင်နေခြင်း ဖြစ်သည်။
ဟူး... ဟူး...
မိန်းကလေးက အန်နု၏ နှာခေါင်းထက်သို့ ပျံသန်းလာကာ ထိုင်လိုက်၏။ တောင်ကြီး တစ်လုံးမျှ ကြီးမားသည့် အန်နုနှင့် ယှဥ်ပါက သူမက ယင်ကောင်လေး တစ်ကောင် သဖွယ်ပင် ဖြစ်သည်။ အန်နုက မျက်လုံးများကို မှေးလိုက်ရင်း ဝိညာဥ်အာရုံဖြင့် ရွှယ်ရီဖေးကို ဆက်သွယ်လိုက်၏။
“အဘွားလေး... အဆင်ပြေရဲ့လား”
လွန်ခဲ့သည့် ခြောက်လခန့် အချိန်ကတည်းက သူတို့ အားလုံး ဤနေရာတွင် ပိတ်မိနေခြင်း ဖြစ်သည်။ ထိုအတောအတွင်း မာ့မျိုးနွယ်က ပြည့်စုံစွာ ထောက်ပံ့ ပေးထားသည့်တိုင် အန်နုကတော့ အချုပ်ထဲ ရောက်နေသလို ခံစားနေရဆဲ ဖြစ်သည်။
သူ တိုက်ခိုက်ကာ ထွက်ပြေးဖို့ ကြိုးစားခဲ့သေးသော်လည်း လျှို့ဝှက် ကြယ်တာရာ အဆင့် သုံးယောက် ရောက်ရှိလာခဲ့ကာ သူ့ကို ဖမ်းဆီး၍ တစ်လမျှ မလှုပ်ရှားနိုင်သည် အထိ ရိုက်နှက်ခဲ့ကြသည်။ ထို့နောက်... သူတို့က ရိုင်းစိုင်းစွာ မပြုမူရန်နှင့် ဤအခြေအနေက ယာယီသာ ဖြစ်ကြောင်း ပြောဆိုကာ ထွက်ခွာသွားခဲ့ကြသည်။
သို့သော်လည်း... ထိုလူသားများအား သူ မည်ကဲ့သို့ ယုံကြည်နိုင်မည်နည်း။ သူတို့က နဂါးမျိုးနွယ်ကို ရက်စက်သော အကျဥ်းထောင်ထဲတွင် နှစ်ပေါင်း ထောင်နှင့်ချီ နှိပ်စက်ခဲ့သည့် လူများ ဖြစ်သည်။ သို့သော်လည်း ဘာတတ်နိုင်မည်နည်း။ ခွန်အားများ ပြန်လည် ပြည့်တင်းလာမည့် အချိန်ကို စောင့်ဆိုင်းကာ နောက်တစ်ကြိမ် ထပ်ကြိုးစားရန်သူ တတ်နိုင်ခဲ့သည်။
ထို့နောက်တွင် သူ ရွှယ်ရီဖေးနှင့် တွေ့ဆုံခဲ့ကာ မိန်းကလေး၏ ခန္ဓာကိုယ်ထဲတွင် အဘွားလေး၏ ဝိညာဥ် ရှိနေကြောင်း ခံစားမိခဲ့သည်။ ထို့အပြင် သူမတို့၏ အော်ရာကလည်း အလွန်အမင်း ဆင်တူပေသည်။
အနန္တ ကုန်းမြေတိုက်ကြီးတွင် သူနှင့် ဆုံတွေ့ခဲ့သည့် ငွေရောင် မျက်လုံးများနှင့် ကောင်လေးက သူမ၏ ယောက်ျား ဖြစ်ကြောင်း သိရှိခဲ့ရချိန်၌ အန်နု အလွန် အံ့သြ ခဲ့ရသည်။ ရေစက်ဆိုတာ တကယ်ရှိသည်ဟုပင် သူတွေးခဲ့မိသည်။ ထိုကောင်လေးက သူ့ကို အသက်အင်အားများ လွှဲပြောင်းပေးကာ တစ်ဖန် ပြန်လည် ရှင်သန်စေခဲ့သူ မဟုတ်ပါလား။
ရွှယ်ရီဖေးက လှပစွာ ပြုံးရင်း အန်နု၏ လှပသော အဇူရာ အကြေးခွံများကို ပွတ်သပ် နေခဲ့၏။ ထိုအကြေးခွံ တစ်ခုချင်းစီကပင် သူမထက် ငါးဆမျှ ပိုမို ကြီးမားပေသည်။
“အဆင်ပြေပါတယ်... သူတို့မှာ ရင်းမြစ် သိပ်မရှိဘူး ဆိုပေမဲ့ လက်ခံလို့တော့ ရပါတယ်”
အကယ်၍ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရှိ တစ်စုံတစ်ယောက်သာ သူမ စကားကို ကြားပါက သွေးအတောင့်လိုက်ပင် အန်နေလိမ့်မည် ဖြစ်သည်။ ရွှေရောင် အသက်နန်းတော်က ဘယ်တုန်းက ရင်းမြစ် ရှားပါးခဲ့လို့နည်း။ သူမ၏ တောင်းဆိုမှုက မြင့်မားလွန်းနေခြင်းသာ ဖြစ်သည်။
အန်နုက ဘေးနားရှိ မာ့ယုကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထိုမိန်းကလေးက ပေါ့သေးသေး မဟုတ်ကြောင်း သူ သိပေသည်။ သူမက သူ့ကို ရိုက်နှက်ခဲ့သည့် လျှို့ဝှက် ကြယ်တာရာ အဆင့် ပညာရှင် သုံးယောက်ထဲမှ တစ်ယောက်ပင် ဖြစ်သည်။
“ရှင်ရော... ပေါက်ကရတွေ လျှောက်မလုပ်ဘူး မလား”
ရွှယ်ရီဖေးက စိုးရိမ်စွာဖြင့် မေးလိုက်၏။
“ပေါက်ကရလား မလုပ်ပါဘူး...”
“ဝေ့ဝူယင် မလာမချင်း ဘာမှ လျှောက်မလုပ်နဲ့... နားလည်လား”
သူမက အန်နု၏ နှာခေါင်းကို ပွတ်သပ်ရင်း သတိပေးလိုက်၏။ အန်နုက မျက်လုံးများကို ဖွင့်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော် နားလည်ပါတယ်”
မိန်းကလေးက လှပစွာ ပြုံးလိုက်၏။
“လိမ္မာတယ်... ဝေ့ဝူယင် ရောက်လာရင် နင့်အတွက် အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ ဖော်စပ်ပေးဖို့ ပြောပေးမယ်... သူက အဲဒီ နေရာမှာ အရမ်းကျွမ်းတာ”
ရွှယ်ရီဖေးနှင့် အန်နုတို့ နှစ်ယောက်မှာ ရောက်တတ်ရာရာများ ဆက်လက် ပြောဆိုနေကြ၏။ မာ့ယုကတော့ ဘာမှ ဝင်မပြောပဲ ငြိမ်သက်စွာသာ စောင့်ဆိုင်းနေလိုက်သည်။ လွန်ခဲ့သည့် လများ အတွင်း၌ ထိုကဲ့သို့ စောင့်ဆိုင်းတာ သူမ အတွက် ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် နဂါးတစ်ကောင်နှင့် လူသား တစ်ယောက်ကို ထိုကဲ့သို့ ယှဥ်တွဲတွေ့ရတိုင်း ထူးဆန်းသလို သူမ ခံစားရဆဲ ဖြစ်သည်။ အထူးသဖြင့် အန်နုက မိန်းကလေး အပေါ် အဘယ်ကြောင့် ထိုမျှ ချစ်ချင် လေးစားစွာ ဆက်ဆံနေရသည်ကို သူမ နားမလည်နိုင်ချေ။ ထိုနဂါးကြီးက မည်မျှ ရိုင်းစိုင်းကာ လူသားများ အပေါ် မုန်းတီးကြောင်း သူမ သိပေသည်။
မာ့ယု ရောက်တတ်ရာရာ တွေးတောနေစဥ်မှာပင် ပုံရိပ် တစ်ခုမှာ သူမ နံဘေးတွင် ပေါ်လာခဲ့၏။ မီးခိုးရင့်ရောင် ဆံပင်များကို သတိထားမိသည်နှင့် သူမက ချက်ချင်းပင် ဦးညွှတ်လိုက်သည်။
“လက်ထောက် အုပ်ချုပ်ရေးမှူး ဆုကျင်းကို နှုတ်ဆက်ပါတယ်”
မာ့ဆုကျင်းမှာ ခါတိုင်းလိုပင် ငွေခြည်ထိုးသည့် အနက်ရောင် တာအို ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမက မာ့ယုကို ခေါင်းတစ်ချက် ညိတ်ပြရင်း ရွှယ်ရီဖေးကို လှမ်းကြည့်လိုက်သည်။
“ရွှယ်ရီဖေး... နင့်ဆီကို ဧည့်သည်လာတယ်”
“ဧည့်သည်...”
ရွှယ်ရီဖေးက အနည်းငယ် အံ့အားသင့်သွားကာ မာ့ဆုကျင်းကို လှည့်ကြည့်လိုက်၏။ တစ်စုံတစ်ရာကို တွေးမိသည်နှင့် သူမ၏ မျက်လုံးများက အံ့အားသင့်မှု၊ ပျော်ရွှင်မှု၊ မျှော်လင့်ချက်တို့နှင့် ပြည့်နှက် သွားခဲ့တော့သည်။
***