ဆိုက်ရောက်ခြင်း
Vol. 44 Ch. 614
ရွှယ်ရီဖေး တစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့၏။ ထိုအရာက ခြောက်လ အတွင်း ဧည့်သည်လာသည် ဆိုသည့် စကားကို ပထမဆုံး အကြိမ် ကြားရခြင်း ဖြစ်သည်။
သူမထံသို့ ရောက်လာနိုင်သည့် ဧည့်သည် များများစားစား မရှိချေ။ ဝေ့ဝူယင်နှင့် စုမေ့တို့ ကဲ့သို့ သူ့ လက်အောက်ငယ်သားများသာ ရှိသည်။ သူမကတော့ ထိုဧည့်သည်က ဝေ့ဝူယင် ဖြစ်ပါစေဟု မျှော်လင့်မိသည်။ သို့သော်လည်း သူမ၏ နှလုံးသားက ဝေ့ဝူယင် မဖြစ်နိုင်ကြောင်း ပြောပြနေသည်။ ရွှေရောင် အသက်နန်းတော်၏ ရည်ရွယ်ချက်ကို မသိရသေးသည့်တိုင် သူတို့က ဝေ့ဝူယင်ကို တန်ဖိုးထားကြောင်း သူမ သိပေသည်။ မဟုတ်လျှင် သူတို့က သူမကို ထိုမျှ တန်ဖိုးထားလိမ့်မည် မဟုတ်ချေ။
မာ့ဆုကျင်းက မာ့ယုဘက်သို့ လှည့်လိုက်၏။
“နယ်လာရှားနဲ့ ကျူးဟိုင် ဆိုတဲ့ နှစ်ယောက်ကိုပါ ရှာလိုက်... အခုသွား...”
မာ့ယုက ခေါင်းတစ်ချက် ညိတ်လိုက်ကာ နေရာမှ ပျောက်ကွယ်သွား၏။
“နယ်လာရှားနဲ့ ကျူးဟိုင်...”
ရွှယ်ရီဖေးမှာ အံ့သြသွား၏။ သူတို့က ဝေ့ဝူယင်နှင့် အလွန် နီးကပ်သည့် အာဏာရှင် အဖွဲ့ဝင် နှစ်ယောက် မဟုတ်ပါလား။ ဝေ့ဝူယင်က ဤနေရာကို တကယ် ရောက်လာသည်လား။ ကြည့်ရသည်က သည်ကိစ္စမှာ သိပ် ရိုးရှင်းပုံ မရချေ။
အန်နုကတော့ တိတ်တဆိတ်ပင် မာ့ဆုကျင်းကို အကဲခတ်နေခဲ့၏။ သူ၏ မျက်လုံးများထဲတွင်တော့ စိုးရိမ်မှု အလင်းတန်း အချို့ ရှိနေခဲ့သည်။ ထိုအမျိုးသမီးမှာ သေမျိုး အဆင့်ကို ကျော်လွန်နေဟန် ရကာ သူ့ကိုပင် ကြက်သီးထစေသည့် ခံစားချက် တစ်မျိုး ပေးနေသည်။ သူမက သူတို့ကို ဖမ်းဆီးခဲ့သည့် လူအိုကြီးနှင့် မတိမ်းမယိမ်း ဟုပင် အန်နု တွေးလိုက်မိ၏။
မာ့ဆုကျင်းက အန်နု၏ အကြည့်ကို သတိထားမိသည့် အလား သူ့ဘက်သို့ လှည့်လာခဲ့၏။
“နင်လည်း ပါတယ်...”
သူမက ပြောလိုက်ရင်း သူ့နောက်သို့ လိုက်လာရန် ခြေဟန်လက်ဟန် ပြလိုက်သည်။ အန်နုမှာ အံ့သြသွား၏။ သူလည်း ပါသည်လား။
ဟူး... ဟူး...
အန်နုက ဧရာမ အတောင်ပံကြီးများကို ခတ်လိုက်ရင်း မာ့ဆုကျင်း၏ နောက်မှ ပျံသန်းလိုက်၏။ တစ်ချိန်တည်း၌ ရွှယ်ရီဖေး တစ်ယောက်ကတော့ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သို့သော်လည်း သူမက မည်သည့် မေးခွန်းမှ မမေးပါချေ။ သူမက အန်နု၏ နှာခေါင်းထက်မှာ ငြိမ်သက်စွာ ထိုင်၍သာ လိုက်ပါလာခဲ့လေ၏။
...
လွန်ခဲ့သည့် နာရီ အနည်းငယ်ခန့်က...
ခြောက်လခန့် အပြင်းအထန် ခရီးနှင်ပြီးနောက်၌ ထို့ပိဟန် တစ်ယောက် ၃၄ ခုမြောက် မဟာမြင်း လောကနယ်မြေသို့ ရောက်ရှိခဲ့ပြီ ဖြစ်လေသည်။ အိပ်ပျက်ညပေါင်းများစွာနှင့် အတူ ထိုခရီးစဥ်က နဖူးကချွေး၊ ခြေမ အထိ ကျရောက်အောင် ပင်ပန်းခဲ့ရသည်။ သို့သော်လည်း ဝေ့ဝူယင်က ယုံယုံကြည်ကြည်နှင့် ပေးအပ်ထားသည့် တာဝန်ကို သူ မည်ကဲ့သို့ လစ်ဟင်း ရမည်နည်း။
ကံကောင်းတာ တစ်ခုက မာ့မျိုးနွယ်နှင့် တတိယမြောက် ခန်းမခွဲမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် မသိသူ မရှိ ကျော်ကြားခြင်း ဖြစ်သည်။ မဟုတ်ပါက သူတို့၏ တည်နေရာကို ထိုမျှ မြန်မြန် ခြေရာခံနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
မဟာမြင်း လောကနယ်မြေထဲသို့ စတင် ဝင်ရောက်သည်နှင့် အံ့မခန့် မြင်ကွင်း တစ်ခုမှာ ထို့ပိဟန်ကို စီးကြို နေခဲ့လေ၏။ သူ ပထမဆုံး သတိထားမိသည့် အရာက မျက်စိတစ်ဆုံး ကြီးမားလှသော ဧရာမ ကျွန်းကြီး ဖြစ်ကာ ၎င်းမှာ လောကနယ်မြေ၏ သုံးဆယ် ရာခိုင်နှုန်းခန့်ကို သိမ်းပိုက် စိုးမိုးထားသည်။ ထိုကျွန်းကြီး၏ ပတ်လည်တွင်တော့ ရေထုက ဝန်းရံထား၏။ သို့သော်လည်း... ထိုရေများက ထူးဆန်းစွာပင် လုံးဝ ငြိမ်သက်နေကာ လှိုင်းတစ်ခုမျှ ထွက်ပေါ်နေခြင်းပင် မရှိချေ။
ကမ်းစပ်၌ ရှိစဥ်က ခဲလုံး တစ်လုံးကို ရေထဲသို့ ပစ်ချကာ ထို့ပိဟန် စမ်းသပ်ခဲ့သော်လည်း ၎င်းက ထူးဆန်းစွာပင် မည်သည့် လှုပ်ရှားမှုကို မဆို ခံနိုင်စွမ်း ရှိပုံ ပေါ်သည်။ ခဲလုံးမှာ စုံးစုံးပင် နစ်မြုပ်သွားခဲ့ကာ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်း တစ်ခုသာ ထွက်ပေါ်လာခဲ့သည်။ သူ သိချင်စိတ် ပြင်းပြစွာဖြင့် ထိုရေကို သောက်သုံးရန် ကြံစည်ခဲ့သေးသော်လည်း ဒေသခံ တစ်ယောက်က အသက်မဆုံးရှုံးချင်လျှင် ထိုကဲ့သို့ မပြုလုပ်ရန် တားမြစ်ခဲ့သည်။
ထိုရေက အဆိပ်တော့ မဟုတ်ချေ။ သို့သော်လည်း ခန္ဓာကိုယ် အတွင်း ဝင်ရောက်သည်နှင့် ကလီစာများကို အကျိုးသက်ရောက်ကာ သဘာဝ ခန္ဓာ ဖွဲ့စည်းပုံကို ပျက်ယွင်းစေလိမ့်မည် ဖြစ်သည်။ ၎င်းက သင်၏ သွေးစီးဆင်းမှု ရပ်တန့်သွားအောင်ပင် ပြုလုပ်နိုင်သည်။
ဒေသခံ၏က ထိုရေများကို သွေးရေဟု ခေါ်ကြောင်းနှင့် ၎င်းတို့မှာ တန်ခိုးရှင် အဆင့် ရင်းမြစ် တစ်ခု ဖြစ်ကြောင်း သူ့ကို ပြောပြခဲ့သည်။ ရေပြင် တစ်ခုလုံးကိုတော့ ခြုံငုံ၍ အဆုံးမဲ့ ပင်လယ်သေဟု ခေါ်ပေသည်။
ထို့ပိဟန် အလွန် အံ့အားသင့်ခဲ့ရ၏။ ထိုအရာက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို ရောက်ပြီးနောက်တွင် တန်ခိုးရှင် အဆင့် ရတနာ တစ်ခုကို ပထမဆုံး တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ ရေကန်၏ အစပ်တွင်တော့ ဖြတ်မပျံသန်းရ ဆိုင်းပုဒ်များကို နေရာအနှံ့ ချိတ်ဆွဲထား၏။ ရေကန်ကို ဖြတ်သန်းရန် မာ့မျိုးနွယ်မှ သင်္ဘောများ စီစဥ်ပေးကာ မနိမ့်ပါးသော စျေးနှုန်းဖြင့် ဖြတ်သန်းနိုင်ပေသည်။ ကံကောင်း ထောက်မစွာပင် ထို့ပိဟန် ထိုတန်ဖိုးကို တတ်နိုင်ပေသည်။
ကျွန်းပေါ်သို့ ရောက်ရှိပြီးနောက် မာ့မျိုးနွယ် အချို့မှာ ဧည့်သည်များကို ဖော်ရွေစွာပင် ဆီးကြိုနေကာ ကျွန်းပေါ်သို့ လာရောက်လာရသည့် ရည်ရွယ်ချက်ကို မေးမြန်းကြသည်။ အများစုက မာ့မျိုးနွယ်နှင့် စီးပွားရေး တွဲဖက် လုပ်ကိုင်ရန် သို့မဟုတ် ရွှေရောင် အသက်နန်းတော်မှ ပစ္စည်း ဝယ်ယူရန် ရောက်ရှိလာကြသူများ ဖြစ်သည်။
“ဒီက သခင်ကြီးက ဘာကိစ္စနဲ့ ကျုပ်တို့ မျိုးနွယ်လေးကို လာရောက် လည်ပတ်တယ် မသိဘူး”
မကြာခင်မှာပင်... ထို့ပိဟန် ထံသို့လည်း ဧည့်ကြိုတစ်ယောက် ရောက်ရှိလာ၏။ သူမက လှပသော မိန်းကလေး တစ်ယောက် ဖြစ်ကာ အာကာသ ပဲ့တင်သံ အဆင့်တွင် ရှိနေပေသည်။ ခန္ဓာကိုယ် အော်ရာ အရ သူမက အသက် နှစ်ရာခန့် ရှိ၏။
ထိုအသက်အရွယ်ဖြင့် အာကာသ ပဲ့တင်သံလှိုင်း လေးခု ရရှိအောင် ကျင့်ကြံနိုင်ခြင်းက ထို့ပိဟန် အတွက်တော့ အံ့အားသင့်စရာ ကောင်းလွန်းလှသည်။ အနာဂတ်၌ သူမက လောကသခင် တစ်ယောက် ဖြစ်လာရန် အလွန် အခွင့်အရေး များသည်။
အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတွင် ဆိုလျှင် သူမက ကျိန်းသေပင် ပါရမီရှင် တစ်ယောက် ဖြစ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်းသို့ ဝင်ရောက်ပါက သူမက ကောင်းကင် ဧကရာဇ် တစ်ယောက် ဖြစ်လာမှာ ဧကန် မလွဲပင်။ သို့သော်လည်း ဤနေရာတွင်တော့ သူမက ဘာမျသာမန် ဧည့်ကြို တစ်ယောက်သာ ဖြစ်ပေသည်။
“သခင်ကြီး... သခင်ကြီး...”
မိန်းကလေး၏ အသံကို ကြားသော အခါတွင်မှ ထို့ပိဟန်မှာ အတွေးအာရုံမှ ပြန်လည် နိုးထလာခဲ့၏။ သူက ယဥ်ယဥ်ကျေးကျေးပင် လက်နှစ်ဖက်ကို ယှက်လိုက်ရင်း...
“ကျုပ် ရွှေရောင် အသက်နန်းတော်ရဲ့ တတိယ အုပ်ချုပ်ရေးမှူး မာ့ကျန်းကို လာရှာတာပါ... ကျုပ်ဆီမှာ သူ့အတွက် အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဝေ့ဝူယင်ရဲ့ သတင်းစကား ပါလာပါတယ်”
ထို့ပိဟန်က ဝေ့ဝူယင်၏ နာမည်ကို တိုက်ရိုက်ပင် အသုံးပြုလိုက်၏။
"အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဝေ့ဝူယင်...”
ဧည့်ကြို မိန်းကလေးက ခပ်တိုးတိုး လိုက်လံ ရေရွတ်လိုက်၏။ နာမည်က အတော်လေး နားထောင်လို့ ကောင်းသော်လည်း သူမ တစ်ခါမှ မကြားဖူးပါချေ။
ထို့ပိဟန်ကို ကြည့်ရင်း မိန်းကလေး၏ မျက်လုံးများက သံသယများဖြင့် ပြည့်နှက်သွား၏။ ထိုလူက ဘိုးဘိုကြီးမာ့နှင့် တိုက်ရိုက် တွေ့ဆုံချင်သည်ဟု ဆိုသည်။ သူမ၏ အမြင်သာ မမှားလျှင် ထိုလူက လောကသခင် အဆင့်တွင်သာ ရှိပေသည်။ နောက်ပြီး... ဘိုးဘိုးကြီးမာ့နှင့် တိုက်ရိုက် တွေ့ဆုံခွင့် ရှိသူများမှာ ထိုလမ်းမှ လာလိမ့်မည် မဟုတ်ချေ။
ထို့ပိဟန်မှာ မိန်းကလေး၏ မျက်လုံးများထဲမှ သံသယများကို နားလည်လိုက်၏။ ထို့ကြောင့် သူက ယဥ်ကျေးစွာပင် တောင်းဆိုလိုက်သည်။
“ဒီကိစ္စကို အရေးကြီးတဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက်ဆီ အကြောင်းကြားပေးလို့ ရမလား... မာ့ကျန်းနဲ့ အဆက်အသွယ် ရှိတဲ့ လူဆိုရင် ကျုပ် ဘယ်သူ့ကို ကိုယ်စားပြုပြီး လာသလဲ နားလည်မှာပါ... နောက်ပြီး မိန်းကလေးလည်း ဒီအားထုတ်မှု အတွက် ဆုလာဒ်တွေ ရမယ် ဆိုတာ ကျုပ် အာမခံပါတယ်”
ဧည့်ကြို မိန်းကလေးမှာ အနည်းငယ် တွေဝေသွား၏။ ဆုလာဒ် ဆိုသော စကားလုံးက ဆွဲဆောင်မှု ရှိသည့်တိုင် ဘိုးဘိုးကြီးမာ့နှင့် တိုက်ရိုက် တွေ့ဆုံခွင့် တောင်းခြင်းက ယုတ္တိတန်လွန်းသည်ဟု သူမ ခံစားရသည်။ ဧည့်ကြို လုပ်ခဲ့သည့် သက်တမ်း တစ်လျှောက် ထိုကဲ့သို့ လူပေါင်းများစွာကို သူမ ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။
“အဲဒါက မဖြစ်နိုင်ပါဘူး... ကျွန်မ...”
မိန်းကလေးက ငြင်းဆိုရန် ပြင်လိုက်သော်လည်း လမ်းခုလတ်တွင်ပင် လည်ချောင်းမှာ အစာနင်သည့် အလား တစ်ဆို့သွား၏။ သူမ၏ မျက်လုံးများက ပြူးကျယ်သွားကာ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် သွားသည်။
“သူ့ကို ဒုတိယမြောက် လေ့ကျင့်ရေး ကွင်းပြင်ဆီ ခေါ်ခဲ့လိုက်...”
အသံတစ်ခုက ကောင်းကင် တစ်ခုလုံးကို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ဧည့်ကြို မိန်းကလေးမှာ နည်းနည်းမျှ တုန့်ဆိုင်းဝံ့ခြင်း မရှိတော့ချေ။သူမက အလျှင်အမြန်ပင် ထို့ပိဟန်ကို ဦးတစ်ချက် ညွှတ်ရင်း လမ်းပြ လိုက်လေတော့၏
“ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ...”
***