အမှာစာ
Vol. 44 Ch. 616
စိတ်လှုပ်ရှားနေသည့် နယ်လာရှားကို ပထမဆုံး တစ်ယောက် အဖြစ် ထို့ပိဟန် ရွေးချယ်လိုက်၏။ နယ်လာရှားမှာ ရှေ့သို့ တိုးလာာ စာကို လက်ခံရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ထို့ပိဟန်က လွယ်အိတ်ထဲမှ ငွေရောင် သေတ္တာလေးကို ဖြည်းညင်းစွာ ထုတ်ယူလိုက်၏။ အဝေး တစ်နေရာရှိ မာ့ဆုကျင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ ထိုသေတ္တာထဲကို သူမ အာရုံခံ၍ မရချေ။ အဆုံးမဲ့ ခြောက်နက်ကြီး တစ်ခုထဲကို ကျရောက်သွားသည့် အလား အဆုံးမဲ့ အမှောင်ထုကိုသာ သူမ ခံစားရ၏။ သူမဘေးရှိ မာ့ယုမှလည်း ထပ်တူပင် ဖြစ်လေသည်။
သူတို့ ကြည့်နေကြစဥ်မှာပင် ထို့ပိဟန်က သေတ္တာကလေးကို ဖြည်းညင်းစွာ ဖွင့်လိုက်ကာ “နယ်လာရှား” ဟု ရေးထားသည့် လက်စွပ်ကလေးကို ထုတ်ယူလိုက်၏။
“လက်ပေး...”
သူက ပြောလိုက်၏။ လက်စွပ်ကလေးကို တွေ့သည်နှင့် နယ်လာရှား၏ မျက်လုံးများမှာ တောက်ပသွား၏။ သူမသာလျှင် မက ရွှယ်ရီဖေး၏ ဟေဇယ် မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်တို့နှင့် ပြည့်နှက် သွားသည်။
နယ်လာရှားက လက်ကို ဆန့်ထုတ်ပေးသည်နှင့် ထို့ပိဟန်က အစီအရင်ကို စတင်ကာ လွှဲပြောင်းပေးလိုက်၏။ လက်စွပ်ထဲမှ ဝိညာဥ် အလင်းတစ်ခု တောက်ပလာကာ နယ်လာရှား၏ လက်ဖဝါး အတွင်း ဝင်ရောက် သွားသည်။ မကြာခင်မှာပင် မိန်းကလေးမှာ အလွန် ရင်းနှီးပြီးသား ဖြစ်သည့် အသံတစ်ခုကို ကြားလိုက်ရလေတော့၏။
“ငါ့ရဲ့ အခါးဓာတ်လေး... မတွေ့ရတာ ကြာပြီပေါ့... ဟဟ”
သူ၏ နိဒါန်းပျိုးမှုက စနောက်လိုမှုများဖြင့် ပြည့်နှက်နေ၏။
“သူတို့ မင်းကို ဘယ်လို ရှင်းပြထားကြသလဲ ဆိုတာတော့ ကိုယ်လည်း မသိဘူး... ဒါပေမဲ့ ဒီစာကို မင်း လက်ခံ ရရှိတဲ့ အချိန်မှာ ငါတို့ရဲ့ ကြယ်တာရာ နယ်မြေကြီးက ပျက်စီးသွားခဲ့ပါပြီ.. သူတို့ကို ဒေါသ မထွက်ပါနဲ့... အဲဒီလူတွေက ငါ မလုပ်နိုင်တဲ့ ကိစ္စကို လုပ်ပေးခဲ့ကြတာပါ...”
နယ်လာရှားမှာ တစ်ခဏမျှ ငြိမ်သက်သွား၏။ ကြယ်တာရာ နယ်မြေ ပျက်စီးသွားသည့် သတင်းကို အခြားလူများ ထံမှ သူမ ကြားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... သူမ အတွက်တော့ ထိုသတင်းက လက်ခံရ ခက်ခဲခဲ့၏။ ဝေ့ဝူယင် ထုတ်မပြောခင် အချိန် အထိ သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက် ရေးရေးကလေး ရှိနေခဲ့သေးသည်။
“အဲဒါက လက်ခံရခက်ခဲမယ် ဆိုတာ ငါ သိပါတယ်... ပိုကောင်းဖို့ အတွက် ဖြစ်လာတာ လို့ပဲ မှတ်လိုက်ပါ... ငါကတော့ အဆင်ပြေပါတယ်... တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံပြီး ဗာကီရီ အဖွဲ့ရဲ့ တာဝန် အသက်ဝင်လာတဲ့ အထိ စောင့်နေပါ... ငါ နင့်ကို လိုအပ်တယ်... နင့်ရဲ့ ခွန်အားကို လိုအပ်တယ်”
"ဒီလက်စွပ်ထဲမှာ မင်းအတွက် သင့်တော်တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေနဲ့ ဗာကီရီ အဖွဲ့ကို ချဲ့ထွင်နိုင်မယ့် ကျင့်ကြံခြင်း ရင်းမြစ်တွေ ပါတယ်... အဲဒါတွေကို ဖြုန်းတီး မပစ်နဲ့”
“ငါ ဘယ်နေရာကို ရောက်ရောက် မင်းကို သတိရနေမှာပါ... ဒီတော့ လုံခြုံအောင်နေ... ကိုယ့်ကိုယ်ကို ဂရုစိုက်... ငါ ပြန်မလာမချင်း ဘာမှ လျှောက်မလုပ်နဲ့... အဲဒီ တစ်ခု ကတိပေးနော်”
နယ်လာရှားမှာ တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်မိ၏။ သူမ၏ မျက်ဝန်းတွင်တော့ မျက်ရည်စ အချို့က ဝေ့သီနေပေသည်။ သူမ ဝေ့ဝူယင်ကို သတိရသည်။
ထို့ပိဟန်ကို ဦးတစ်ချက် ညွှတ်လိုက်ပြီးနောက် သူမက ဖြည်းညင်းစွာပင် ထွက်ခွာလိုက်၏။ ဝေ့ဝူယင်၏ စကားလုံးများက သူမ ရင်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ သူ ပြန်မလာခင် အချိန် အထိ လုံခြုံစွာ နေမည်ဟု သူမ စိတ်ထဲမှ ကျိန်ဆိုလိုက်မိ၏။
“ကျူးဟိုင်...”
ထို့ပိဟန်က နောက်ထပ် တစ်ယောက် အဖြစ် ကျူးဟိုင်ကို ရွေးချယ်လိုက်၏။ ကျူးဟိုင်က အပိုစကား မပြောပဲ ရှေ့သို့ လျှောက်လာကာ လက်ဝါးကို ဖြန့်လိုက်သည်။
ထို့ပိဟန်က အစီအရင်နှင့် အတူ လက်စွပ်ကို ကမ်းပေးလိုက်၏။ လက်စွပ်တွင် ကျူးဟိုင်ဟု ရေးမထားချေ။ ထို့အစား “ငါ့လက်သည်းနဲ့ ငါ့အစွယ်တွေ...” ဟုသာ ထွင်းထား၏။
ထိုစကားလုံးများကို ကြည့်ရင်း ကျူးဟိုင်၏ သွေးရောင် မျက်လုံးများထဲတွင် ခံစားချက် အရိပ်အငွေ့ အချို့ ဖြတ်ပြေးသွား၏။ ၎င်းတို့ပင် သူ၏ ဘဝကို ပြန်လည် အဓိပ္ပာယ် ဖွင့်ခဲ့ကာ ဒုတိယမြောက် အခွင့်အရေးကို ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနေ့၌ သခင်၏ လက်သည်းနှင့် အစွယ်များ ဖြစ်လာစေရမည် ဟု ကျူးဟိုင် လောကတစ်ခုလုံးကို တိုင်တည်ကာ ကျိန်ဆိုခဲ့သည်။
ဝိညာဥ်အလင်းမှာ ကျူးဟိုင်၏ လက်ဖဝါးမှ နေ၍ စိတ်အတွင်း အရှိန်အဟုန်ဖြင့် ပြေးလွှားသွား၏။ ထို့နောက်... စာက ကျူးဟိုင်၏ စိတ်အတွင်း ဗုံးတစ်လုံးလို ပေါက်ကွဲသွားသည်။
"ရှင်သန်ပါ”
ကျူးဟိုင်၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်သွားသည်။ သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လာကာ မိုးကြိုးထစ်ချုန်းသံ ခပ်ဖျော့ဖျော့ပင် ထွက်ပေါ်လာသည်။ အန်နု၏ ခန္ဓာကိုယ်ကြီးက အနည်းငယ် တုန်ရီသွားကာ ဟိန်းဟောက်သံ ခပ်ဖျော့ဖျော့ ထုတ်လွှတ်၍ ကျူးဟိုင်ကို ထိတ်လန့်စွာ ကြည့်လိုက်မိ၏။
ကျူးဟိုင်က လက်စွပ်နှင့် အတူ လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။ သူ၏ မျက်လုံးများက အပြင်းအထန် ထက်ရှနေကာ ကြောက်မက်ဖွယ် အလင်းတန်းများနှင့် ပြည့်နှက်နေ၏။
“ကောင်းပြီ...”
သူက ကောင်းကင်ကို မော့ကြည့်ကာ အဖြေပေးဟန် ရေရွတ်လိုက်သည်။ ရွှယ်ရီဖေးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေခဲ့၏။
လွန်ခဲ့သည့် လအနည်းငယ် ကတည်းက ကျူးဟိုင်ကို သူမ စတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုအတောအတွင်း သူက စကားတစ်ခွန်းမှ မပြောသလို မည်သည့် ခံစားချက် အရိပ်အယောင်ကိုမှလည်း မပြချေ။ မဟာ ဝိညာဥ် စမ်းသပ်ပွဲ အဖြစ်အပျက်ကြောင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပျက်စီးကာ ဆွံအသွားသည်ဟုပင် သူမတွေးလိုက်မိသေးသည်။ သို့သော်လည်း သူမ၏ အထင်များက တက်တက်စင်အောင် လွဲမှား နေခဲ့ပုံပင်။
ကျူးဟိုင်က ထို့ပိဟန်ကို ဦးတစ်ချက် ညွှတ်ကာ ထွက်ခွာသွား၏။
"အန်နု…"
ထို့ပိဟန်က ခေါင်းကို မော့ရင်း ရွှေရောင် မျက်လုံးများနှင့် ဧရာမ သတ္တဝါကြီးကို ကြည့်လိုက်သည်။
ထိုအခိုက်၌ အန်နု၏ အာရုံစူးစိုက်မှု အားလုံးက ကျူးဟိုင် အပေါ်တွင် ကျရောက်နေ၏။ ၎င်း၏ ရွှေရောင် မျက်လုံးများ အတွင်းရှိ စိုးရိမ်မှုများကို သတိထားမိသော အခိုက်၌ ထို့ပိဟန်မှာ အံ့အားသင့် သွားခဲ့သည်။ ထိုနဂါးကြီးကပင် ကျူးဟိုင်ကို ထိတ်လန့် ရသည်လား။
"အန်နု…"
ထို့ပိဟန်က နောက်တစ်ကြိမ် ထပ်ခေါ်လိုက်၏။ သို့သော်လည်း အန်နုကတော့ မကြားသည့် အလား ကျူးဟိုင်ကိုသာ ငေးကြည့်နေဆဲ ဖြစ်သည်။
သံသယ အငွေ့အသက်များက ထို့ပိဟန်၏ မျက်နှာထက်တွင် ဖြတ်ပြေးသွား၏။ ၎င်းက သူ့စကားကို နားမလည်နိုင်သည်လား။ ထို့ပိဟန် ဝိညာဉ် အာရုံကို ဆန့်ထုတ်လိုက်ရင်း သားရဲများအား ဆက်သွယ်သည့် အစီအရင်ကို အသက်သွင်း လိုက်သည်။ သို့သော်လည်း ၎င်းက တုန့်ပြန်မှု မရှိ ငြိမ်သက် နေဆဲပင် ဖြစ်လေသည်။
"အန်နု…"
ရွှယ်ရီဖေးက အန်နု၏ လက်သည်းများကို ထိလိုက်ရင်း ဝိညာဉ်အာရုံကို ခန္ဓာကိုယ် အတွင်း ပို့လွှတ်လိုက်သည်။ .
"ဟမ်…"
ထိုအခါတွင်မှ အန်နုမှာ ပြန်လည် သတိရလာ၏။ ကျူးဟိုင်ကို နောက်ဆုံး တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် သူက ထို့ပိဟန်ဘက်ကို လှည့်လိုက်သည်။
ထို့ပိဟန်မှာ အန်နု၏ လက်ကို ဆုပ်ကိုင်စရာ မလိုပါချေ။ သူက "အန်နု" ဟု ရေးထားသည့် လက်စွပ်ကိုသာ ပေးလိုက်၏။ ဝိညာဉ် အလင်းက သူ့ အကြေးခွံများထဲသို့ စီးဆင်းကာ ပျောက်ကွယ်သွားသည်။
ထို့နောက် အန်နုမှာ ရင်းနှီးပြီးသား အသံ တစ်သံကို ကြားလိုက်ရ၏။ ထိုအသံ၏ ပိုင်ရှင်က ဝေ့ဝူယင်ပင် ဖြစမလေသည်။
"မတွေ့ရတာ အတော်လေးတောင် ကြာသွားပြီနော် အန်နု… ကျုပ်ဆီမှာ ခင်ဗျားကို ပြောစရာ စကား သိပ်မရှိပါဘူး… လောကနယ်မြေရဲ့ အမြုတေကို ဖျက်ဆီးပြီး ကျုပ် နဂါးတွေ အားလုံးကို လွှတ်ပေးလိုက်ပြီ ဆိုတဲ့ တစ်ခုက လွဲလို့ ပေါ့လေ… အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်း ကျုပ်ကို ပေးခဲ့တာ အဲဒီ ရည်ရွယ်ချက် အတွက်လား မသိပေမဲ့ ဟုတ်တယ် ဆိုရင်တော့ ဂုဏ်ယူပါတယ်… ခင်ဗျား ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်"
"ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်း ဘယ်တုန်းကမှ မပေးခဲ့ဘူး ဆိုရင်တောင် ဆိုရင်တောင် နဂါးမျိုးနွယ် အဲဒီလို ထိခိုက် ခံစားနေရတဲ့ အဖြစ်မျိုးကို ကျုပ် ခွင့်ပြုမှာ မဟုတ်ဘူး… ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ကျေးဇူးတင်ပါတယ်… အဲဒီ နည်းလမ်းသာ မရှိဘူး ဆိုရင် ကျုပ် ခုလောက်အထိ အောင်မြင်မှုတွေ ရရှိမှာ မဟုတ်ဘူး"
"ဒီ လက်စွပ်ထဲမှာ ခင်ဗျားနဲ့ နဂါးတွေ အတွက် ရင်းမြစ်တွေ ပါတယ်… နဂါးမျိုးနွယ် အနေနဲ့ တစ်နေ့မှာ အထွတ်အထိပ်ကို ပြန်ရောက်နိုင်လိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်… ကောင်းကောင်း အသုံးပြုပါ"
စာက ထိုနေရာတွင် အဆုံးသတ်သွား၏။
မျက်လုံးရှေ့တွင် မြောလွင့်နေသည့် ဟင်းလင်းပြင် လက်စွပ်ကို ကြည့်ရင်း သူ အချိန် အတန်ကြာအောင် တိတ်ဆိတ် နေခဲ့သည်။ ထို့နောက်… မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သဘောပေါက် သွား၏။ ကြည့်ရသည်က အဘွားလေး၏ အစီအစဉ်မှာ အလုပ်ဖြစ်ခဲ့ဟန် ရသည်။ သူ ရွှယ်ရီဖေးကို လှမ်းကြည့် လိုက်မိ၏။
ထိုအရာက ကံကြမ္မာလော။ နဂါးမျိုးနွယ်ကို လွတ်မြောက်အောင် အစီအမံများ ချမှတ် ခဲ့သည့် အဘွားလေးမှာ ယခုတွင်တော့ လွတ်မြောက်အောင် လုပ်ပေးခဲ့သူ၏ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာခဲ့သည်။
အတန်ကြာအောင် တိတ်တဆိတ် တွေးတောပြီးနောက် သူ လက်စွပ်ကလေးကို ကိုယ်ပိုင် လောကထဲသို့ စုပ်ယူ သိမ်းဆည်းလိုက်၏။
နောက်ဆုံး၌ တစ်ယောက်သာ ကျန်ပေတော့သည်။ နောက်ပြီး… သူမက ဝေ့ဝူယင် အတွက် အရေး အပါဆုံး တစ်ယောက် ဖြစ်ကြောင်း ထို့ပိဟန် သိပေသည်။
"ရွှယ်ရီဖေး…"
***