← Chapters

လူသားဧကရာဇ်တံဆိပ်တော်၏ ဩဇာအာဏာ

Vol. 30 Ch. 416

လူသားဧကရာဇ်တံဆိပ်တော်၏ ဩဇာအာဏာ

Vol. 30 Ch. 416

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အဘွားစစ်၏ အိမ်ဝင်းထဲ ဝင်လာပြီး ဘေးပတ်ဝန်းကျင်ကို တအံ့တဩ ကြည့်ကာ ချီးကျူးလိုက်၏။ “ပြုပြင်ပြောင်းလဲမှု အောင်မြင်လို့ အနားယူတဲ့အချိန်ကျရင် အခုလို အေးချမ်းသာယာတဲ့ နေရာတစ်နေရာ ရှာပြီး အိမ်သူရယ်၊ ကလေးတွေရယ်နဲ့ အေးအေးဆေးဆေး နေသွားချင်မိတယ်”

ချင်မူ သူ့ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြိုဆိုလိုက်သည်။ “ကောင်းကင်နတ်မင်း ဘာအတွက် ဒီကို ရောက်လာတာပါလဲ”

“ငါ ဒီကို ‌ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းအနေနဲ့ ဂိုဏ်းသခင်ကို တွေ့ဖို့လာတာ မဟုတ်ပါဘူး။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ လူသားဧကရာဇ်ကို လာတွေ့တာပါ”

ချင်မူ့အမူအရာ တမုဟုတ်ချင်း လေးနက်သွားသည်။ “ဧကရာဇ်အတိုင်ပင်ခံ ကျေးဇူးပြုပြီး ပြောပါ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဘေးဘီဝဲယာကို အကဲခတ်ကာ ပြောလိုက်သည်။ “လူသားဧကရာဇ်ဟောင်းရော ဘယ်မှာလဲ။ သူ့ကိုလည်း ခေါ်လို့ရမလား”

သူတို့နှစ်ယောက် ရွာလူကြီးကို သွားရှာသည့်အခါ ရွာလူကြီးက ဆေးဆရာနှင့်အတူ ရေနွေးကြမ်းသောက်နေသည်။ မိန်းမများက သူတို့ကို ဝိုင်းအုံလျက်ရှိပြီး သူတို့ လက်ဆန့်စရာမလိုအောင် ရေနွေးကြမ်းပန်းကန်လုံးများအား သူတို့၏နှုတ်ခမ်းနားဆီသို့ တေ့ပေးထားကြသည်။ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်လုံး‌ထောင့်စွန်းများ တွန့်သွား၏။ ဧကရာဇ်မယ်တော်ကြီးလည်း ထိုမိန်းမများကြား၌ ရှိနေသည်။

သူ ကပျာကယာ မျက်နှာကို ကွယ်ကာ သူမအား မမြင်ချင်ယောင်ဆောင်လိုက်သည်။

ဧကရာဇ်မယ်တော်ကြီးက သူ၏အစီအစဉ်များကို ကဖျက်ကယက် အမြဲလုပ်၍ သူနှင့် မတည့်ခဲ့ပေ။ ထို့အပြင် အဆိပ်ဘုရင်ငယ်ဖုယွမ်ချင်း သူမကို အဆိပ်ခတ်ခဲ့သည်မှာလည်း သူ့အကြံ ဖြစ်သည်။

သို့သော် သူက အင်ပါယာ၏ အမှုထမ်းတစ်ဦး ဖြစ်သည့်အတွက် ဧကရာဇ်မယ်တော်ကြီး ယောက်ျားတစ်ယောက်အား ပြုစုနေသည်ကို မြင်လျှင် မမြင်ချင်ယောင်ဆောင်မှ သင့်တော်ပေလိမ့်မည်။

ဧကရာဇ်မယ်တော်ကြီးက သူ့ကို မြင်သည့်အခါ သ‌ရော်တော်တော် ပြုံးကာ မမြင်ချင်ယောင် မဆောင်ပေ။

ဆေးဆရာက အခြေအနေကို မြင်၍ ပြုံးလိုက်သည်။ “ဒီမှာ လူ့ကိစ္စတွေ များလွန်းတယ် တစ်နေရာရာ သွားကြစို့။ ရှုခင်း သိပ်လှတဲ့ နေရာတစ်နေရာ ကိုယ် သိထားတယ်။ ဂီတတူရိယာတွေ သယ်ပြီး အဲဒီမှာ သွားကစားကြရအောင်”

အမျိုးသမီးများက ဝမ်းမြောက်ဝမ်းသာ သီဆိုကခုန်ရင်း သူနှင့်အတူ ထွက်သွားကြသည်။

ထိုအခါမှ ဧကရာဇ်အတိုင်ပင်ခံက အင်္ကျီလက်အိုးကို ဖယ်ကာ ရွာလူကြီးကို နှုတ်ဆက်လိုက်သည်။ ချင်မူ ထိုင်လိုက်သည့်အခါ သူလည်း ထိုင်လိုက်၏။

“ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဖြစ်နေတယ်။ ရတနာတွေ ၊ ကျောက်ရုပ်တုတွေလည်း ပေါ်လာတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို မင်း မကြားဘဲတော့ မနေလောက်ဘူးမလား။ တကယ်တော့ ဒီကိစ္စတွေရဲ့ အန္တရာယ်ကို လူသားဧကရာဇ်နှစ်ယောက်ဆီ ရှင်းပြစရာမလိုပါဘူး”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကွေ့ဝိုက်မနေတော့ဘဲ အဓိကအချက်ကို တည့်ပြောလိုက်သည်။ “ငါ ဒီနေ့ ဒီကိုလာတာက လူသားဧကရာဇ်ကို လူသားဧကရာဇ်တံဆိပ်တော် ထုတ်ဖို့ တောင်းဆိုချင်လို့ပဲ။ တံဆိပ်တော်နဲ့ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ သူရဲကောင်းအားလုံးကို အမိန့်ပေးပါ။ ပြည်သူတွေ ဒုက္ခထပ်မရောက်အောင် ငါတို့အားလုံး သူရဲကောင်းတွေနဲ့အတူ အထက်ကောင်းကင်ဘုံကို တိုက်ခိုက်ကြရမယ်”

ရွာလူကြီးက သူ့ကို ရွဲ့စောင်းကာ ကြည့်သည်။ “ဧကရာဇ်အတိုင်ပင်ခံ အထက်ကောင်းကင်ဘုံကို ရောက်ဖူးလို့လား”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ခေါင်းယမ်းလိုက်သည်။

“အထက်ကောင်းကင်ဘုံရဲ့ အင်အားကို မင်း ဂဃဏန သိရင် ဒီလိုတွေးမှာမဟုတ်ဘူး။ အဲဒီတုန်းက ငါ အမိန့်တော်နဲ့ သူရဲကောင်းတွေကို ခေါ်ပြီး အနောက်ကမ္ဘာမြေမှာ အထက်ကောင်းကင်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ခဲ့ပေမယ့် ငါ့ခြေလက်တွေ ဖြတ်ခံခဲ့ရတာပဲ အဖက်တင်တယ်။ အထက်ကောင်းကင်ဘုံမှာ ဧကရာဇ်လေးပါးတင်မဟုတ်ဘူး၊ နတ်ဘုရားအတုတွေလည်း ရှိသေးတယ်။ ဧကရာဇ်လေးပါးက ကြောက်စရာမဟုတ်ပေမယ့် တကယ့် နတ်ဘုရား၊ နတ်ဘုရားအစစ်နဲ့ တွေ့ရလိမ့်မယ်”

သူ၏အိုမင်းနေသော မျက်နှာတွင် အတွန့်အခေါက်များ တွန့်လိပ်တက်နေသည်။ လယ်သမားအဘိုးအိုကြီးတစ်ယောက် ထယ်ထိုးထားသော မြေတွန့်ခေါက်များအလား ထင်ရ၏။

“နတ်ဘုရားအစစ်ဆိုတာ ဘယ်အပိုင်းမှာမဆို နတ်ဘုရားဖြစ်နေတဲ့သူပဲ” ရွာလူကြီးက အေးအေးဆေးဆေး ပြောလိုက်သည်။ “ငါ့ဓားသိုင်းက သူ့ဓားသိုင်းကို ရှုံးသွားလို့ သူ ငါ့ခြေလက်တွေကို ဖြတ်ပစ်နိုင်ခဲ့တာ။ မင်းလား လူသားဧကရာဇ် ထွီ လို့ ပြောခဲ့ပြီး ငါ့ကို အမှိုက်လို လွှင့်ပစ်ခဲ့တာပဲ”

သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ကြည့်လိုက်သည်။ “အဲဒီအချိန်တုန်းက မင်း မွေးတာ မကြာသေးတော့ ဒီအကြောင်း သိမှာမဟုတ်ဘူး။ ငါ့နောက် လိုက်လာတဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေအားလုံး သေသူကသေ၊ ထွက်ပြေးသူက ပြေး၊ ဒုက္ခိတဖြစ်သူက ဖြစ်ကုန်တာပြီ။ ဒီလူသားဧကရာဇ် ငါက မရှုမလှ ရှုံးနိမ့်ခဲ့ပြီးပြီ။ အပြတ်အသတ်ကို ရှုံးနိမ့်ခဲ့တာ။ မင်းရဲ့ ဓားသိုင်းက ငါ့ထက် သာနေပြီဆိုပေမယ့် မင်းရဲ့ ဓားလမ်းစဉ်က ငါ့အောက် နိမ့်ကျနေသေးတယ်။ ဒါပေမဲ့ မင်း အထက်ကောင်းကင်ဘုံကို သွားတိုက်ရင် မင်းရဲ့အဆုံးသတ်က ငါ့လိုပဲ ဖြစ်မှာ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မျက်မှောင်ကြုတ်သွားသည်။ “အဲ့ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ”

“အထက်ကောင်းကင်ကို မသွားနဲ့။ ကြားဖြတ်တိုက်” ရွာလူကြီး ပြောလိုက်သည်။ “ဆင်းလာတဲ့ကောင်မှန်သမျှ သတ်ပစ်မယ်။ တစ်ယောက် ဆင်းလာရင် တစ်ယောက်သတ်မယ်။ အကုန်လုံး ဆင်းလာရင် အကုန်သတ်မယ်။ နတ်ဘုရားအစစ်ကို စိတ်မပူနဲ့။ သူ ဆင်းလာဖို့ဆို အသွေးအသားတွေ ယဇ်ပူဇော်ပေးဖို့ လိုတယ်။ အဲဒီတုန်းက အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတစ်ပါးကို ယဇ်ပူဇော်လိုက်လို့သာ သူ ဆင်းလာနိုင်ခဲ့တာ”

“ဒါဆို...” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချင်မူ့ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “လူသားဧကရာဇ်ရဲ့ တံဆိပ်တော်ကို ထုတ်လို့ရမလား”

ချင်မူ အမည်းရောင်သံတုံးတစ်တုံး ထုတ်လိုက်သည်။ သံတုံးက တံဆိပ်တော်ဟု ထင်ရက်စရာမရှိသော်လည်း မျိုးနွယ်စုတိုင်း၊ ဂိုဏ်းတိုင်း၏ အကောင်းဆုံးရတနာများဖြင့် သွန်းလုပ်ထားခြင်းဖြစ်၏။ အားလုံးကို တံဆိပ်တော်တစ်ခုတည်းအဖြစ် သွန်းလုပ်ထားခြင်းဖြစ်ရာ လူသားဧကရာဇ်၏ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်စားပြုပေသည်။

ချင်မူ မျက်ခုံးပင့်ကာ တံဆိပ်တော်ကို ကြည့်လိုက်သည်။ ဤအပြုအမူက လူသားဧကရာဇ် သူသည် နောက်တန်းမှ ရှေ့တန်းသို့ တက်ရမည်ဖြစ်၍ အန္တရာယ်များကို လက်ယပ်ခေါ်ရလိမ့်မည်။

ရွာလူကြီးကဲ့သို့ လူသားဧကရာဇ်တစ်ယောက်အနေဖြင့် သူ့တွင် လူသားမျိုးနွယ်၏ သေရေးရှင်ရေးကို ကိုင်တွယ်ဖြေရှင်းပေးရမည့် တာဝန်ရှိသည်။ ဤကိစ္စအတွက် သူ့ဆီ ဦးတည်လာမည့် မြားအစင်းပေါင်းများစွာ ပုန်းအောင်းနေသည်။

ရွာမှ လူကြီးများ၏ သင်ကြားမှုများအရ လူသားဧကရာဇ်တံဆိပ်တော် ဆိုသည်မှာ ဝေးနိုင်သမျှ ဝေးဝေးသို့ လွှတ်ပစ်ရမည့်အရာ ဖြစ်သော်လည်း သူတို့သည် သူ့ကို တာဝန်ယူတတ်ရန်လည်း ဆုံးမသွန်သင်ပေးခဲ့၏။

ရွာရှိ လူကြီးကိုးယောက်လုံး သူ့ကို သင်ပေးခဲ့သည့် အရာများက တစ်ခုနှင့်တစ်ခု မတူသဖြင့် တစ်ခါတရံ ဆန့်ကျင်နေသော သဘောတရားများလည်း ရှိသည်။ ထို့ကြောင့် သူ့အနေဖြင့် သူ့နှလုံးသားကိုသာ ရွေးချယ်ပြီး သူ့နှလုံးသားနောက် လိုက်ရလိမ့်မည်။

ချင်မူ အသက်ပြင်းပြင်း ရှူကာ မေးလိုက်သည်။ “ရွာလူကြီး ဒီတံဆိပ်တုံးကို ကျွန်တော် ဘယ်လိုသုံးရမှာလဲ”

“ချီစွမ်းအင်ကို အထဲပို့လွှတ်လိုက်၊ ငါတို့ ကူညီပေးမယ်”

ချင်မူ ချီစွမ်းအင်ကို အထဲတွန်းပို့လိုက်သည့်အခါ ချီစွမ်းအင်က လူသားဧကရာဇ်၏ တံဆိပ်တုံးထဲ စီးဆင်းသွားသည်။ အမည်းရောင်သံတုံးက အသိစိတ်အလျဉ် ရှိလာသကဲ့သို့ အသက်ဝင်လာပြီး ချီစွမ်းအင်ကို ပိုင်ရှင်ဆီ ပြန်လည်ပို့လွှတ်ပေးလိုက်၏။

သံတုံးထဲ၌ ငုပ်လျှိုးနေသည့် ပြိုင်ဘက်ကင်းသိုင်းသမားများနှင့် သူတို့၏ အနိုင်မခံအရှုံးမပေးသော စိတ်ဝိညာဉ်များ နိုးထလာပြီး သူ့ဆီ တဟုန်ထိုး ပြေးဝင်လာကြသကဲ့သို့ ချင်မူ သူ့ခေါင်းထဲတွင် ပေါက်ကွဲသွားခြင်းကို ခံစားလိုက်ရသည်။

သူ မူးဝေသွားပြီး အဝတ်အစားအစုတ်အပြတ်များနှင့် လူတစ်စု သူ့ဆီ လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရသယောင် ဖြစ်သွားသည်။ သူတို့အနောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မျိုးနွယ်စုတိုင်း၊ ဂိုဏ်းတိုင်းမှ အမျိုးအနွယ်ခြားပြည်သူများ ရှိကြသည်။ သူတို့က ဤနယ်မြေသားတို့၏ ဘိုးဘေးများ ဖြစ်ပေသည်။

သူတို့၏မျက်နှာများက ချောင်ကျနေပြီး ဆင်းရဲဒုက္ခများနှင့် စစ်မီးဒဏ်ကို အလူးအလဲ ခံစားခဲ့ရကြောင်း ပေါ်လွင်နေသည်။ သူတို့၏အကြည့်များတွင် ဝမ်းနည်းမှု၊ ကြောက်လန့်မှုတို့ ပြည့်နေသည်။ နတ်ဘုရားများနှင့် မိစ္ဆာများက ကပ်ဘေးများ စေလွှတ်ခဲ့၍ ဆင်းရဲဒုက္ခတွင်းထဲမှ သူတို့အားလုံးကို ခေါ်ထုတ်ကာ ဤနယ်မြေအသစ်သို့ ခေါ်ဆောင်လာခဲ့သူမှာ လူသားဧကရာဇ် ဖြစ်ခဲ့သည်။

တစ်ဦးတစ်ယောက်ချင်းစီတိုင်း သူတို့၏ရတနာများကို ထုတ်၍ အသိစိတ်အလျဉ်များဖြင့် ခတ်နှိပ်ခဲ့သည်။ ထို့နောက် ရတနာများကို အရည်ဖျော်ကာ တံဆိပ်တုံးကြီးတစ်တုံး သွန်းလုပ်၍ ထိုပုဂ္ဂိုလ်အား ရိုသေလေးစားစွာ ပေးအပ်ခဲ့၏။

“ဒီတံဆိပ်တော်ကို ကိုင်ဆောင်ထားတဲ့သူဟာ လူသားဧကရာဇ်ပဲ” သူတို့၏အသိစိတ်အလျဉ်များက ချင်မူ၏စိတ်ထဲတွင် အသံများအော်ဟစ်နေသကဲ့သို့ ဆူညံသွားသည်။ “လူသားဧကရာဇ်တံဆိပ်တော်ကို ထုတ်ရင် မည်သူမဆို မနာခံဘဲ မနေရ”

ချင်မူ ရင်ထဲတွင် တုန်ရီသွားသည်။ ထိုအခိုက်အတန့်တွင် ဧကရာဇ်အတိုင်ပင်ခံနှင့် ရွာလူကြီးက သူတို့၏ချီစွမ်းအင်များကို ထုတ်လွှတ်ကာ လူသားဧကရာဇ်တံဆိပ်တော်ကို ကူညီအသက်သွင်းပေး၏။ ၎င်းက ဝှမ်ခနဲ ကောင်းကင်ယံသို့ မြောက်တက်သွားပြီး တောက်ပလင်းလက်နေသည်။

အနိုင်မခံအရှုံးမပေးသော အသိစိတ်အလျဉ်များသည် ရုပ်အသွင် ဖွဲ့တည်လာပြီး ဂိုဏ်းတည်ထောင်ခဲ့သော ဂိုဏ်းချုပ်များ၊ နိုင်ငံထူထောင်ခဲ့သော ဧကရာဇ်များ၏ ပုံရိပ်များအသွင် ပြောင်းသွား၏။

ကြောက်မက်ဖွယ်အသိစိတ်အလျဉ်များက အရပ်လေးမျက်နှာသို့ တဟုန်ထိုး ဖြာထွက်သွားကာ တစ်မျိုးနွယ်တည်းမှ ဆက်ခံသူများကို ဆင့်ခေါ်နေသည်။

လူသားဧကရာဇ် သူတို့ကို ကယ်ပေးခဲ့သည့်အတွက် သူတို့ ကတိပေးခဲ့ကြသည်။

လူသားဧကရာဇ်တံဆိပ်တော် ထုတ်လိုက်လျှင် မည်သူမဆို မနာခံဘဲ နေမည်မဟုတ်။

လွန်ခဲ့သော နှစ်နှစ်သောင်းက ပေးခဲ့သော ကတိသည် အချိန်များစွာ ကုန်လွန်ပြီးနောက်တွင်ပင် တည်မြဲနေမည်ဖြစ်၏။

တခဏကြာသော် ရွာလူကြီးနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မှော်စွမ်းအင်များကို ပြန်နုတ်ယူလိုက်သည်။ ချင်မူလည်း ချီစွမ်းအင်ကို ပြန်သိမ်းလိုက်၏။ သူ၏စိတ်ထဲတွင်မူ လှိုင်းတံပိုးများ ထနေသကဲ့သို့ တဝေါဝေါ အုံကြွလျက်ရှိသေးသည်။

လူသားဧကရာဇ်တံဆိပ်တော်သည် မျိုးနွယ်စုတိုင်း၊ ဂိုဏ်းတိုင်းမှ လူသားဧကရာဇ်ဆီ ပေးအပ်ခဲ့သော ရတနာတစ်ပါးဖြစ်၏။ ၎င်းတွင် ကိုယ်ပိုင်စွမ်းအား မရှိသော်လည်း ထောက်ခံသူများကို ဆင့်ခေါ်နိုင်သော အစွမ်းအစ ရှိသည်။

“ဒီမှာ ရက်ပိုင်းလောက် စောင့်ကြစို့။ လာမယ့်သူတွေ လာလိမ့်မယ်” ရွာလူကြီးက ခပ်အေးအေး ပြောလိုက်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ သဘောတူလိုက်၏။ “ပညာရှင် ဘယ်လောက်များများ လာမလဲ မေးခွင့်ရှိမလား။ သာမန်ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်တွေဆိုရင် သိပ်အသုံးဝင်မှာမဟုတ်ဘူး။ သူတို့လာရင်တောင်မှ အသေခံသလိုပဲ ဖြစ်လိမ့်မယ်”

ရွာလူကြီး ပြောလိုက်သည်။ “လာရဲတဲ့လူတွေက ပညာရှင်တွေပဲ ဖြစ်မှာပေါ့ကွာ”

ထာဝရငြိမ်းချမ်းအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ စိတ်မအေးနိုင်သေးပေ။ ဤလောက၏ သိုင်းပညာရှင်များသည် များသောအားဖြင့် အထွတ်အမြတ်မြေများတွင် ရှိကြပြီး သူတို့နှင့်ယှဉ်နိုင်သူများမှာ တထာဂတဟောင်း၊ တာအိုသခင်ဟောင်းနှင့် ကျောက်စိမ်းမြို့တော်ငယ်မှ နတ်ဝိဇ္ဇာများသာ ဖြစ်၏။ သို့ရာတွင် ကျောက်စိမ်းမြို့တော်ငယ်က လောကီကိစ္စများ၌ ဝင်မပါသည့်အပြင် တထာဂတဟောင်းနှင့် တာအိုသခင်ဟောင်းကလည်း အနားယူထားသည်။ လာနိုင်မည့်သူ အရေအတွက်က သိပ်များလောက်မည်မဟုတ်ပေ။

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ “စောစောက ကျွန်တော် ပုံရိပ်တွေ မြင်လိုက်တုန်းက အကုန်လုံးက လူမဟုတ်ဘူး။ တချို့က တခြားမျိုးနွယ်က”

“ငါလည်း ထူးဆန်းတဲ့မျိုးနွယ်တွေကို မြင်လိုက်တယ်” ဧကရာဇ်အတိုင်ပင်ခံလည်း ပြောလိုက်သည်။

“အဲဒီတုန်းက လူသားဧကရာဇ် ကယ်တင်ပေးခဲ့တဲ့ မျိုးနွယ်တွေက လူ့မျိုးနွယ်တွေတင် မဟုတ်ဘူး။ တချို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ထွက်သွားပြီး တခြားနေရာတွေမှာ အိုးအိမ်ထူထောင်ကြတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ အကြီးအကျယ် အံ့အားသင့်သွားသည်။ “ထွက်သွားကြတာလား”

အရှေ့ပင်လယ်တွင် ကျွန်းကြီးတစ်ကျွန်း တရွေ့ရွေ့ မျောနေသည်။ ကျွန်းပေါ်၌ ထူးဆန်းသောမျိုးနွယ်တစ်စု နေထိုင်၏။ ယောက်ျားများက ခေါင်းပေါ်တွင် ချိုကြီးများ ရှိကြပြီး အသက်ရှင်နေထိုင်ရေးအတွက် ငါးမျှားကြသည်။ မိန်းမများတွင်မူ ချိုမရှိပေ။

ယောက်ျားများ ပင်လယ်ထဲ ခုန်ဆင်းလိုက်သည့်အခါ သူတို့၏ခန္ဓာကိုယ်များ လှုပ်ခါသွားပြီး ဝေလငါးကြီးများအသွင် ပြောင်းသွားတတ်ကြသည်။ သို့သော် သူတို့၏ခေါင်းတွင်မူ လွန်သွားကဲ့သို့ ချိုကြီးများ ရှိနေဆဲဖြစ်ပြီး သူတို့က ချိုကြီးများဖြင့် ရေကို ထိုးခွဲကာ အလွန်လျင်မြန်စွာ ကူးခတ်သွားကြသည်မှာ ပျံသန်းနေသည့်အလား ထင်ရပေသည်။ ပင်လယ်ထဲရှိ မကောင်းဆိုးဝါးများမှာ သူတို့၏ပြိုင်ဘက်မဟုတ်ပေ။

သားကောင်ဖမ်းမိတိုင်း ဝေလငါးကြီးများက ကျွန်းပေါ် ပြန်ခုန်တက်ကာ မြေကြီးနှင့် ထိသည်နှင့် ယောက်ျားများအသွင် ပြန်ပြောင်းသွားကြသည်။ ထို့နောက် သားကောင်ကို ရွာထဲ သယ်သွားကြမည်။

ရုတ်တရက် ကျွန်းသူကျွန်းသားအားလုံး အသွေးအသားထဲမှ လှုံ့ဆော်နေမှုကို ခံစားလိုက်ကြရသည်။ သူတို့အားလုံး အဝေးရှိ ကုန်းမြေဆီသို့ ကြည့်လိုက်ကြ၏။

“လူသားဧကရာဇ်တံဆိပ်တော်ရဲ့ ဆင့်ခေါ်သံ”

ကျွန်းအလယ်ရှိ ကျောင်းဆောင်ထဲတွင် အဖြူရောင်ဝတ်ရုံများ ဝတ်ထားသော အကြီးအကဲများ ရင်တဒိန်းဒိန်း ခုန်လာကြပြီး ကျယ်‌လောင်စွာ အော်ဟစ်လိုက်ကြသည်။ “မြန်မြန်၊ ဘိုးဘေးကြီးကို နှိုးကြ”

“အန်းးးး....”

ပင်လယ်ကြမ်းပြင်မှ ဝေလံငါးတစ်ကောင်၏ သာယာကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ကျွန်းတစ်ကျွန်းမှာ ဝေလငါးကြီး၏ကျောပြင် ဖြစ်သည့်အတွက် တသိမ့်သိမ့် လှုပ်ခတ်သွား၏။ ဝေလငါးကြီးက နိုးလာသောအခါ ကိုက်ပေါင်းရာချီ မြင့်မားသော ရေပန်းကြီးကို ပန်းထုတ်လိုက်သည်။

အဝေးမှကြည့်လျှင် ဝေလငါးကြီးများ၏အပိုင်ဖြစ်သော ကျွန်းများစွာ မျောနေသည်ကို မြင်ကြရလိမ့်မည်။

ဝေလငါကြီး၏ ကျောပေါ်ရှိ လူများ၊ နန်းဆောင်များ မြောက်တက်သွားပြီး တခြားကျွန်းများအပေါ် ကျရောက်သွားသည်။ ထိုဝေလငါးကြီးက တဖြည်းဖြည်း ရေအောက်နစ်မြုပ်သွားပြီး တခဏကြာသော် အပေါ်ပိုင်းအဝတ်ဗလာနှင့် ဆံပင်ရှည်ရှည်၊ ဗလတောင့်တောင့်လူတစ်ယောက် ပင်လယ်ထဲမှ လမ်းလျှောက်ထွက်လာကာ ကျွန်းပေါ် ခြေချလိုက်သည်။

ပင်လယ်ဘုရင်ခန်းမထဲတွင် ဝတ်ရုံဖြူအကြီးအကဲများ စောင့်နေကြသည်။ ဗလတောင့်တောင့်လူကို မြင်လျှင် သူတို့အားလုံး ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ “ဘုရင်ခွန်”

“လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက ခွန်မျိုးနွယ်ရဲ့ ဘိုးဘေးကြီး ပေးခဲ့တဲ့ ကတိဟာ ငါတို့ရဲ့သွေးကြောထဲမှာ ဒီနေ့အထိ စီးဆင်းနေတုန်းပဲ။ ငါတို့နဲ့အတူ ရှိနေသေးတယ်” ဘုရင်ခွန်က ပတ်ဝန်းကျင်ကို ကြည့်ရှုကာ ပြောလိုက်သည်။ “လူသားဧကရာဇ်တံဆိပ်တော်က ငါ့ကို ဆင့်ခေါ်နေတယ်။ ငါ ကိုယ်တိုင်သွားမှဖြစ်မယ်။ အထွတ်အမြတ်ရတနာကို ဆင့်ခေါ်လိုက်”

ဝတ်ရုံဖြူအကြီးအကဲများက ပင်လယ်ဘုရင်ခန်းမထဲရှိ ယဇ်ပလ္လင်တစ်ဆူအရှေ့တွင် လူနှစ်စုခွဲကာ နှစ်တန်းစီလိုက်သည်။ ယဇ်ပလ္လင်ပေါ်၌ ခရုပတ်ကဲ့သို့ ရစ်ခွေနေသော ဦးချိုရှည်ကြီးတစ်ခုက ရွှေရောင်လှံရှည်တစ်လက်ပမာ ရှိနေ၏။

ဘုရင်ခွန်က အရိုအသေပြု၍ ဦးချိုကို ဆွဲထုတ်လိုက်သည်။ ရုတ်ခြည်းဆိုသလို ကျွန်းပတ်ပတ်လည်မှ လှိုင်းလုံးကြီးများ မြောက်တက်လာကာ အထက်ကောင်းကင်သို့တိုင် ရိုက်ခတ်သွား၏။ ဝတ်ရုံအဖြူအကြီးအကဲများက ဘုရင်ခွန်ကို ခန်းမအပြင်သို့ ရိုရိုသေသေ လိုက်ပို့ကြသည်။

ဘုရင်ခွန်က ရွှေရောင်လှံရှည်ကို ကိုင်ကာ ပင်လယ်ပြင်တစ်လျှောက် ပြေးသွားပြီး အလွန်ရှည်လျားသော ချိုကြီးဖြင့် ဝေလငါးတစ်ကောင်အသွင် ပြန်ပြောင်းကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ကူးခတ်သွား၏။ ဘုရင်ခွန် လှိုင်းလုံးများကြားမှ ခုန်ထွက်လိုက်သည့်အချိန်မှာပဲ ဧရာမငှက်ကြီးတစ်ကောင်က သူ့ဘေးမှ ဖြတ်သွားသည်။ ငှက်ကြီး၏ တောင်ပံနှစ်ဖက်က ဧကပေါင်းများစွာကို လွှမ်းခြုံလျက် ရှိချေသည်။

ထိုငှက်ကြီးက သူ့ကို မြင်လျှင် ချာခနဲ လှည့်ကာ မြားတစ်စင်းပမာ ပျံသန်းလာသည်။ ငှက်မွှေးများ လေတွင် တဖပ်ဖပ် လှုပ်ခတ်သွားပြီး ငှက်ကြီးက မိန်းမတစ်ယောက် ဖြစ်လာ၏။ သူမက ဘုရင်ခွန်အရှေ့သို့ ဆင်းသက်လိုက်သည်။ သူမခြေထောက်များက ငှက်ခြေထောက်ဖြစ်ပြီး သူမခေါင်းအပေါ်တွင် ငှက်မွှေးငှက်တောင်များဖြင့် ပုံ‌ဖော်ထားသော ခေါင်းဆောင်းကို ဆောင်းထားသည်။

ဘုရင်ခွန် ပြုံးကာ ပြောလိုက်သည်။ “ဘုရင်မရီလည်း လာတာလား”

“လူသားဧကရာဇ်က ကျွန်မတို့ကို ဆင့်ခေါ်နေတာဆိုတော့ ဘိုးဘေးတွေရဲ့ ကတိကို တည်ရမယ်မဟုတ်ဘူး။ ကျွန်မ မလာဘဲ မနေဝံ့ပါဘူး”

ရုတ်တရက် ပင်လယ်ရေများ ဆူပွက်လာပြီး မည်းနက်နေသော လိပ်ခွံသင်္ဘောကြီးတစ်စင်း ပင်လယ်ကြမ်းပြင်မှ ခုန်ထွက်လာပြီး လေပေါ်မြောက်တက်ကာ ရေမျက်နှာပြင်ထက်သို့ ဝုန်းခနဲ ကျလာသည်။ သင်္ဘောတစ်စင်းလုံး အတန်ငယ် ယိမ်းထိုးလှုပ်ခတ်သွားပြီးနောက်မှ ငြိမ်သက်သွားသည်။

“အလံတွေ လွှင့်” အသံတစ်သံက သင်္ဘောအပေါ်မှ အော်လိုက်၏။

ဝှစ်

လိပ်တစ်ကောင်နှင့် မြွေတစ်ကောင်ပုံ ရေးဆွဲထားသော ရေစိုအလံကြီးတစ်ခု ပွင့်လာသည်။

ကျောက်စိမ်းမြို့တော်ငယ်တွင် တထဂတဟောင်းက အတန်ငယ် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။ “ငြိမ်းချမ်းမှု ရှာဖွေနိုင်မယ်ထင်ခဲ့ပေမယ့် ကိုယ်တော်တို့ မကြာခင် ဒီတောင်ကနေ ပြန်ဆင်းရဦးမယ်”

တာအိုသခင်ဟောင်းလည်း ပြုံးကာ ပြောလိုက်၏။ “မဆင်းရင် ဆက်ခံသူတွေ သွားရလိမ့်မယ်။ သူတို့အတွက် သေမင်းကို လက်ယပ်ခေါ်နေသလို မဖြစ်ချေဘူးလား။ သွားကြစို့”

တထာဂတလည်း ခေါင်းညိတ်၍ သက်ပြင်းချပြီး သူနှင့်အတူ ကျောက်စိမ်းမြို့တော်ငယ်မှ ထွက်သွားရန် ထလိုက်သည်။

All Chapters