← Chapters

အကြီးအကျယ် ကြောက်ရွံ့မိခြင်း

Vol. 30 Ch. 417

အကြီးအကျယ် ကြောက်ရွံ့မိခြင်း

Vol. 30 Ch. 417

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဟဲကျိုးပြည်နယ်တွင် မနက်အစောပိုင်းကတည်းက ပင်လယ်ပြင်တွင် မြူများအုံ့ဆိုင်းနေခဲ့သည်။ ထို့နောက်ပိုင်း အဖြစ်အပျက်အား နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် တာဝန်ကျအစောင့်စစ်သည်များ မေ့နိုင်လိမ့်မည်မဟုတ်ပေ။

ပင်လယ်ပြင်တစ်လျှောက် လွှမ်းခြုံနေသော မီးခိုးရောင်မြူများအတွင်းမှ ဧရာမဝေလငါးကြီးတစ်ကောင် ခုန်ထွက်လာသည်။ ဝေလငါးကြီးက သူတို့အပေါ်မှ ပျံသန်းသွားပြီး တိမ်တိုက်ကြီးပမာ ဟဲကျိုးပြည်နယ်၏ ဆိပ်ကမ်းအပေါ် စိုးမိုးသွား၏။

ထို့နောက် ဝေလငါးကြီးက တဖြည်းဖြည်း သေးငယ်လာကာ မြို့တော်ထဲ ဆင်းသက်လာသည်။

စစ်သည်များ အံ့ဩ၍ပင် မဆုံးသေးခင် ဧရာမအရိပ်ကြီးတစ်ခုက ပင်လယ်ပြင်ထက်ရှိ မြူများကို ထိုးခွဲလာသည်။ ၎င်းက လိပ်ခွံသင်္ဘောတစ်စင်းဖြစ်ကာ အခွံအမျိုးမျိုးက သင်္ဘော၏ကိုယ်ထည်တစ်လျှောက် တွယ်ကပ်လှုပ်ရွနေကြ၏။ မဟူရာလိပ်အလံတစ်ခုက ပင်လယ်လေပြေထဲတွင် တဖတ်ဖတ် လွင့်လျက်ရှိသည်။

ဧရာမသင်္ဘောကြီးက ဆိပ်ကမ်းဆီသို့ တန်းတန်းမတ်မတ် ရွက်လွှင့်လာ၍ ဆိပ်ကမ်းအား ဝင်တိုက်ခါနီးနီးဆဲဆဲမှာပင် ရုတ်တရက် ခြေလေးချောင်းဖြင့် ထရပ်လိုက်သည်။ သင်္ဘောကြီးက ဆိပ်ကမ်း၌ ဆိုက်ထားသော သင်္ဘောများကို ကျော်ကာ မြို့ထဲ ဝင်သွားချေသည်။

စစ်သည်များမှာ လမ်းလျှောက်ဝင်လာသည့် သင်္ဘောကြီးကို ကြည့်ကာ မှင်သက်နေကြသည်။ မြွေပျံကြီးတစ်ကောင်က သင်္ဘောကိုယ်ထည်ကို ရစ်ပတ်ထားပြီး တောင်ပံများ ဖြန့်ထား၏။ သင်္ဘောပေါ်ရှိ စစ်သည်များကလည်း ထူးဆန်းကြသည်။ သူတို့၏ကျောပေါ်တွင် လိပ်ခွံများရှိကြပြီး မြွေပျံများက သူတို့ကို ရစ်ပတ်ထားကြလေသည်။

ကန်ပြည်နယ်တွင်လည်း ထူးဆန်းသောအဖြစ်အပျက်တစ်ခု ဖြစ်ပွားသည်။ ကန်ပြည်နယ်သည် အောက်ခြေကိုပင် မမြင်ရလောက်အောင် အလွန်နက်သော ကန်တစ်ထောင်ရှိသည့်အတွက် ကန်ပြည်နယ်ဟု ကျော်ကြား၏။ ထိုနေ့တွင် ကန်တစ်ထောင်လုံး ရုတ်တရက် ခမ်းသွားသည်။ ရေများသာမက ငါးများလည်း တစ်ပါတည်း ပျောက်ကွယ်သွားခြင်းဖြစ်၏။ ကန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ အနက်ဆုံးကန်ဆီသို့ သွား၍ ကြည့်ကြသည့်အခါ ၎င်း၏အောက်ခြေတွင် ကြေးတံခါးတစ်ချပ်အား မြင်လိုက်ရသည်။

ကန်ပြည်နယ်အုပ်ချုပ်ရေးမှူးက ငယ်သားများကို ကန်ထဲ ဆင်းကြည့်ခိုင်းရာတွင် ငယ်သားများက ပြန်လည်တင်ပြ၏။

“ကန်ခြေက ကြေးတံခါးတွေက စည်းတွေနဲ့ ပိတ်ခံထားရပါတယ်။ ဖွင့်လို့မရပါဘူးခင်ဗျ”

ပြည်နယ်အုပ်ချုပ်ရေးမှူး စိတ်ရှုပ်ထွေးနေစဉ် ကြေးတံခါးက ရုတ်တရက် ပွင့်လာပြီး အကြေးခွံများနှင့် ပုကွကွလူတစ်ယောက် လမ်းလျှောက်ထွက်လာသည်။ သူက တံခါးကို လှည့်ပတ်ကာ အော်လိုက်သည်။ “သိတယ် သိတယ်လို့၊ ဒီစိတ်ပျက်စရာ မိန်းမကတော့။ လူသားဧကရာဇ် ခေါ်လို့ သွားတာပါဆိုနေမှ... ရန်သွားရှာဖို့ သွားတာမဟုတ်ဘူး။ မြေခရီးသွားတွေထဲမှာ ငါက စိတ်အရှည်ဆုံးဆိုတာ မင်းသိတာပဲ။ မင်းရဲ့ ဒူးကို ငါ့လက်သီးတစ်ချက်တည်းနဲ့ အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်တာ မြင်ချင်လား... မင်းကို ပြောနေတာမဟုတ်ဘူး။ အပေါ်က တောသားတွေကို ပြောနေတာပါဟ.... အေးပါ တံခါးပိတ်တတ်ပါတယ် ငါ့ချီး။ မင်းက ငါ့အမေထက်တောင် ပူပူညံညံ လုပ်တာပဲ”

ကန်ပြည်နယ်အုပ်ချုပ်ရေးနှင့် ငယ်သားများမှာ ကန်ဘေးတွင် ရပ်ပြီး တစ်မျက်နှာလုံး မုတ်ဆိတ်မွှေးများ ပြည့်နေသည့် အရပ်ငါးပေ လူပုလေးတစ်ယောက် ကြေးတံခါးကို ဂရုတစိုက် သော့ခတ်နေသည်ကို ကြည့်နေကြသည်။ သူက တံခါးကို‌ သေချာပိတ်ပြီးနောက် ထွက်လာ၏။

ကန်ပြည်နယ်အုပ်ချုပ်ရေးမှူးက ရှေ့တက်ကာ စပ်စုကြည့်လိုက်သည်။ “ဒီက နောင်တော်က...”

အကြေးခွံများ ဖုံးနေသော လူပုလေးက သူ့ကို သတိအနေအထားဖြင့် ကြည့်သည်။ “ဟေ့ကောင် တောသား၊ ငါတို့မြေခရီးသွားတွေကို မျက်စိလာမကျနဲ့။ အစောကြီးကတည်းက မင်းတို့နဲ့ငါတို့ သဘောတူထားပြီးသား။ မြေအပေါ်ပိုင်းက မင်းတို့တောသားတွေအပိုင်၊ မြေအောက်ပိုင်းက ငါတို့အပိုင်ပဲ”

ကန်ပြည်နယ်အုပ်ချုပ်ရေးမှူး အံ့အားသင့်နေစဉ် လူပုလေးက ကန်ထဲ အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။ “မိန်းမ၊ ရေတွေ လွှတ်လိုက်တော့။ ဒီတောသားတွေ ငါတို့မြေအောက်ကမ္ဘာကို မခိုးစေနဲ့”

ကန်ထဲမှ ရေများ ထွက်လာပြီး မကြာခင် ကန်အားလုံး ပြည့်သွားသည်။ ကန်ထဲတွင် အပြာရောင်လှိုင်းကြက်ခွပ်များက အကြေးခွံများပမာ တဖျပ်ဖျပ် ထသွားပြီး ငါးများလည်း ပြန်ရောက်လာ၏။

ကန်ပြည်နယ်အုပ်ချုပ်ရေးမှူး မေးရန်ပြင်နေချိန်မှာပဲ လူပုလေးက ရုတ်တရက် မြေကြီးထဲ ထိုးဖောက်ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

ကန်ပြည်နယ်အုပ်ချုပ်ရေးမှုးနှင့် ကျန်ရှိသူများ ကြက်သေသေလျက် ကျန်ခဲ့ကြသည်။ “မြေအောက်မှာ နေတဲ့ လူတွေရှိတယ်လား။ သူတို့ ဘယ်လို အသက်ရှင်ကြတာလဲ’

ထိုစဉ် တောင်ပိုင်း၌....

မိုးမခနတ်ဝိဇ္ဇာများကို ကိုးကွယ်ပူဇော်သည့် မိုးမခပြည်နယ်တွင် မိုးမခသစ်ပင်ကြီးတစ်ပင် နဂါးစိမ်းတစ်ကောင်အသွင် ပြောင်းကာ ပျံထွက်သွားသည်ကို မြင်တွေ့လိုက်ကြရ၏။

ထူးဆန်းသောအဖြစ်အပျက်များ ကမ္ဘာတလွှား ဖြစ်ပျက်နေရာ သာမန်ပြည်သူများအကြား ပြောစမှတ်တွင်နေတော့သည်။

“မူအာ၊ ဒါ ငါ ကောင်းကင်မှာ မြင်ခဲ့ရတဲ့ ဝင်္ကပါတွေကို ဆွဲထားတာပဲ။ အသေးစိတ် ကြည့်ခွင့်မရလို့ ဒီလောက်ပဲ မှတ်မိတယ်”

စံအိမ်ထဲတွင် သားသတ်သမားက နှစ်ရက်အတွင်း သူ ဆွဲထားသော နေ၊ လနှင့် ကြယ်များကို ချင်မူ့ဆီ ပေးနေသည်။ ချင်မူမှာ ခန်းမထဲ၌ ပြည့်နေသည့် ပန်းချီများကို ကြည့်ကာ ခေါင်းကျိန်းသွား၏။ ကြယ်တစ်စင်းပုံ ဆွဲထားသော ပန်းချီတစ်ခုကို သူ ကောက်ကြည့်လိုက်သည့်အခါ ကြယ်၏ဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးပြီး အနုစိတ်ကြောင်း မြင်တွေ့လိုက်ရသည်။

ကြယ်က ကျုံကြယ်ဖြစ်ပြီး ဝင်္ကပါအခင်းအကျင်းက သရဲနတ်ဘုရားတစ်ပါး၏ မည်းမှောင်နေသောမျက်နှာနှင့် အစွယ်များကို ဝိုးတိုးဝါးတား ပြသထားသည်။ သရဲနတ်ဘုရားက လက်တစ်ဖက်တွင် စုတ်တံတစ်ချောင်း ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ရွှေရောင်တံဆိပ်တော်ကို ကိုင်ထားသည်။ သူ၏ခြေထောက်အောက်တွင် ငါးနဂါးယဇ်ပလ္လင်တစ်ဆူ ရှိ၏။

ချင်မူ ကြယ်ရုပ်ပုံနောက်တစ်ခုကို ကောက်ကြည့်လိုက်သည်။ ၎င်းက ထန်းလျန့်ကြယ်ဖြစ်သည်။ ဝင်္ကပါအခင်းအကျင်းက နဂါးလိပ်တစ်ကောင်ပုံစံကို ပြသထားပြီး သူ၏ခြေထောက်အောက်တွင် ယဇ်ပလ္လင်တစ်ဆူ ရှိသည်။

သူ မျက်င်ကြုတ်ကာ ကျန်ရုပ်ပုံများကိုလည်း ကြည့်ရှုလိုက်သည်။ အများစုတွင် ဝင်္ကပါများမှ ဖွဲ့တည်ထားသည့် ယဇ်ပလ္လင်များ ရှိကြပြီး ကြယ်များအတွင်း၌ နတ်ဘုရား၊ မိစ္ဆာများ၏ ပုံသဏ္ဍာန်များ ကိန်းဝပ်နေသည်။

“ဒီနတ်ဘုရား၊ မိစ္ဆာဝင်္ကပါတွေနဲ့ ယဇ်ပလ္လင်တွေက ဘာအတွက်သုံးတာလဲ။ နက္ခတ်တာရာကို လှည့်ပတ်ဖို့လား တခြားတစ်ခုအတွက်လား”

ချင်မူ ရင်ထဲ ဖိစီးလေးလံလာသည်။ ကောင်းကင်ထဲရှိ နက္ခတ်တာရာအတုကို လည်ပတ်စေရန်အတွက်သာ ဆိုလျှင် ဤမျှရှုပ်ထွေးစရာ မလိုပေ။ ဝင်္ကပါများအနေဖြင့် တောက်ပနေရုံသာ လိုအပ်လိမ့်မည်။

ထိုမျှရိုးရှင်းသော်လည်း အဘယ်သို့ပြု၍ ရှုပ်ထွေးနေသနည်း။

‘တုထျန်းမိစ္ဆာဘုရင်ကို ဆင့်ခေါ်ခဲ့တုန်းက ငါ သုံးခဲ့တဲ့ ယဇ်ပလ္လင်ကလည်း ဒီဟာတွေနဲ့ နည်းနည်းတူတယ်။ ဝင်္ကပါဖွဲ့ပုံကပဲ ကွဲသွားတာ’

ချင်မူ ကျောထဲ စိမ့်အေးသွားသည်။ ကောင်းကင်ထဲတွင် ကြယ်ပေါင်းမရေမတွက်နိုင်အောင် ပျံဝဲနေပြီး ၎င်းတို့အထဲ၌ နတ်ဘုရားများ၊ မိစ္ဆာများကို အသင့်ဆင့်ခေါ်ပေးနိုင်သော ယဇ်ပလ္လင်များ ပုံးကွယ်နေသည်။

တစ်နေ့ သွေးယဇ်ပူဇော်လိုက်၍ ထိုနတ်ဘုရားများ၊ မိစ္ဆာများ ဆင်းသက်လာလျှင် မည်မျှကြောက်စရာကောင်းမည်နည်း။ လူ့ပြည်သို့ နတ်ဘုရား၊ မိစ္ဆာတပ်ကြီး ဆင်းသက်လာလျှင် မည်မျှချောက်ချားဖွယ်ကောင်းမည်နည်း။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ မဆိုထားနှင့်၊ ခိုင်ဧကရာဇ်အင်ပါယာပင် ပျက်စီးသွားနိုင်သည်မဟုတ်လော။

‘ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက်နဲ့ ဒီလောက် လုပ်ဖို့ မတန်ပါဘူး။ ဒီနက္ခတ်တာရာအတု စောင့်ကြပ်နေတာ ဘာများပါလိမ့်’

ချင်မူ့တွင် အဖြေမရှိသော မေးခွန်းများစွာ ပြည့်နေသည်။

သားသတ်သမား ဆွဲခဲ့သော ကြယ်ပန်းချီများထဲရှိ ဝင်္ကပါများက မပြည့်စုံပေ။ သူ့အတွက် နက္ခတ်တာရာအတုကို ‌လေ့လာရန် အချိန်မရခင် စောင့်ရှောက်နေသော နတ်ဘုရားများ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ သို့သော် သူက အကြမ်းဖျင်းတော့ ဆွဲနိုင်ခဲ့၏။

ချင်မူ တုန်လှုပ်ချောက်ချားနေသောစိတ်ကို ပြန်တင်းပြီး ဝင်္ကပါများ၏ ဖွဲ့စည်းပုံကို ဆက်လက်လေ့လာလိုက်သည်။ သူ မျက်မှောင်ကြုတ်သထက် ကြုတ်လာကာ ရုတ်တရက် မေးလိုက်သည်။ “ဘိုးဘိုးသားသတ်သမား၊ ဝင်္ကပါပညာမှာ ဘယ်လိုရှိလဲ”

“သူလိုကိုယ်လိုပဲ။ မျက်ကန်းအောက် နိမ့်ကျတယ်” သားသတ်သမားက ရိုးရိုးသားသား ပြောလိုက်သည်။

“ဒါဆို ဘိုးဘိုးမျက်ကန်းကို လာကြည့်ခိုင်းလိုက်မယ်”

ချင်မူ မျက်ကန်းကို သွားရှာကာ ပန်းချီများအား လာကြည့်ခိုင်းလိုက်သည်။ “ဒီဝင်္ကပါတွေက သိပ်ထူးဆန်းတာပဲ။ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ ဘိုးဘိုးမျက်ကန်း ဒီလိုဟာ‌တွေ မြင်ခဲ့ဖူးလား”

မျက်ကန်းက ပန်းချီတစ်ခုပြီးတစ်ခု ကြည့်ကာ မျက်နှာအမူအရာ လေးနက်သထက် လေးနက်လာသည်။ သူက ခေါင်းယမ်းလိုက်၏။ “ငါလည်း ဒီလိုဝင်္ကပါဖွဲ့ပုံမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ထူးဆန်းတယ် သိပ်ထူးဆန်းတယ်။ ဒီကြယ်တွေထဲက ဝင်္ကပါတွေက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့တည်ပေးဖို့ သုံးတာဆိုပေမယ့် နေ၊လ နဲ့ ကြယ်တွေလို အလင်းတန်းတွေလည်း ထုတ်လွှတ်နိုင်တယ်။ ဒီလိုဝင်္ကပါဖွဲ့စည်းပုံမျိုးက မရိုးရှင်းဘူး။ တစ်ခုမှ မပြည့်စုံတာ ဆိုးတာပဲ”

“အချိန်မရတော့ ငါလည်း ဒီလောက်ပဲ မှတ်မိတယ်”

မျက်ကန်း အသေးစိတ် ပြန်ကြည့်ကာ တွက်ချက်ကြည့်လိုက်သည်။ “ဒီဝင်္ကပါတွေက နတ်ဘုရား၊ မိစ္ဆာခန္ဓာကိုယ်တွေကို တည်ဆောက်ပေးတာဆိုပေမယ့် နတ်ဘုရား၊ မိစ္ဆာခန္ဓာကိုယ်တွေကိုလည်း ဖြိုခွဲနိုင်တယ်။ သားသတ်သမား၊ ဒီအဓိပ္ပါယ်ကို မင်း နားလည်လား”

သားသတ်သမားက စဉ်းစားကာ ပြောလိုက်သည်။ “မင်းဆိုလိုတာက ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ဝင်္ကပါဖွဲ့ပုံအတိုင်း နေရာယူခိုင်းလိုက်ရင် နတ်ဘုရား၊ မိစ္ဆာစွမ်းအားကို ရနိုင်တာမျိုးလား”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွား၏။ ချီစွမ်းအင် ကျင့်ကြံသူများကို ဝင်္ကပါဖွဲ့စည်းပုံအတိုင်း နေရာယူခိုင်းပြီး ဝင်္ကပါကို အသက်သွင်းလိုက်လျှင် နတ်ဘုရား သို့မဟုတ် မိစ္ဆာနှင့် အင်အားညီမျှသွားမည်လော။

ထိုကဲ့သို့ ဝင်္ကပါမျိုး အသက်ဝင်လာလျှင် စွမ်းအားက မည်မျှအံ့ချီးဖွယ်ကောင်းလှမည်နည်း။

“ဝင်္ကပါတွေက မပြည့်စုံတာ ဆိုးလွန်းတာပဲ” မျက်ကန်း ခေါင်းယမ်းကာ ပြောလိုက်သည်။ “မင်းဆွဲထားတာ များပေမယ့် တစ်ခုမှ မပြည့်စုံဘူး။ ဒါ့အပြင် ဖြစ်နိုင်ခြေနောက်တစ်ခု ရှိတယ်”

သူ၏မျက်လုံးများမှ အံ့ဖွယ်အလင်းတန်းများ ဖြာထွက်လာပြီး သူက ခန်းမအပြင် ထွက်သွားသည်။ သူ ကောင်းကင်ယံသို့ မော့ကြည့်ကာ တတွတ်တွတ် ပြောလိုက်၏။ “ဒီဝင်္ကပါဖွဲ့စည်းပုံတွေက အဲဒီနတ်ဘုရားတွေ၊ မိစ္ဆာတွေရဲ့ ချီစွမ်းအင်လှည့်ပတ်ပုံလည်း ဖြစ်လောက်တယ်။ ကြယ်တစ်စင်းစီအထဲမှာ ကိန်းဝပ်နေတဲ့ ဝင်္ကပါတွေက သူတို့ရဲ့ ကျင့်စဉ်ဖြစ်နိုင်တယ်။ ကောင်းကင်ထဲမှာ ရတနာသိုက်ကြီး ရှိနေပေမယ့် ငါ သွားပြီး ကြည့်လို့မရတာ ဆိုးတာပဲ...”

ချင်မူ့ရင်ခုန်သံများ ဆူညံသွားသည်။ ကြယ်တစ်စင်းက နတ်ဘုရားနှင့်မိစ္ဆာတို့၏ ကျင့်စဉ်တစ်ခုကို ကိုယ်စားပြုသည်လား။

ကောင်းကင်ယံတွင် ကြယ်မည်မျှ ရှိသနည်း။

သို့ဆိုလျှင် ကောင်းကင်ပန်းချီထဲတွင် နတ်ဘုရား၊ မိစ္ဆာတို့၏ ကျင့်စဉ်ထောင်ပေါင်းများစွာ ကိန်းဝပ်နေသည်ဟု မဆိုလိုဘူးလား။

တာအိုဂိုဏ်း၊ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းစသည့် အထွတ်အမြတ်မြေကြီးသုံးမြေ၏ ထိပ်တန်းသိုင်းကျင့်စဉ်အားလုံးသည် လူတစ်ယောက်ကို နတ်ဘုရား၊ ဗုဒ္ဓ သို့မဟုတ် မိစ္ဆာအဖြစ် ပြောင်းလဲပေးနိုင်သော ကျင့်စဉ်များဖြစ်ကြသည်။ သူတို့ ယနေ့ထိတိုင်အောင် မပြိုလဲဘဲ ရပ်တည်နိုင်ခြင်းမှာ ထိုကျင့်စဉ်များကြောင့် ဖြစ်သည်။

သို့တိုင်အောင် ကောင်းကင်ထဲတွင် ထိပ်တန်းသိုင်းကျင့်စဉ်များအောက် မနိမ့်ကျသော ကျင့်စဉ်ထောင်ပေါင်းများစွာ ရှိသည်။ တွေးလိုက်ရုံနှင့် ချင်မူ စိတ်လှုပ်ရှားလာမိ၏။

သို့သော် စိတ်လှုပ်ရှားပြီးနောက် ပြင်းထန်သော အကြောက်တရားကို ချင်မူ ခံစားလိုက်ရသည်။

သူ အကြီးအကျယ် ကြောက်လန့်တုန်လှုပ်သွားမိ၏။

‘ဒီကောင်းကင် ဘယ်တော့မှ သွေးမစွန်းစေဖို့ မျှော်လင့်မိတယ်။ မဟုတ်လို့ကတော့...’

သူ့အရိုးများပင် တုန်ရီလာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင် သွေးစွန်းသွားလျှင် ကောင်းကင်ထက်ရှိ နေ၊ လနှင့် ကြယ်တို့သည် ကြောက်မက်ဖွယ်ရာ နတ်ဘုရားများ၊ မိစ္ဆာများအသွင်ပြောင်းကာ ကမ္ဘာပေါ်သို့ ဆင်းသက်လာလိမ့်မည်။

ထိုနေ့က ကမ္ဘာပျက်မည့်နေ့ ဖြစ်လိမ့်မည်။

ရုတ်တရက် ချင်မူ တစ်စုံတစ်ခုကို ခံစားလိုက်ရ၍ အရှေ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ တောင်တန်းများကြားမှ လမ်းလျှောက်လာနေသော ဧရာမလိပ်ခွံသင်္ဘောကြီးတစ်စင်းကို ချင်မူ မြင်လိုက်ရ၏။ ၎င်းက မြွေတောင်ပံများကို တဖျပ်ဖျပ် ခတ်နေပြီး အလံကြီးကလည်း လေထဲတွင် တလူလူ လွင့်လျက်ရှိသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း ထူးဆန်းသော အားလှိုင်းကို ခံစားလိုက်ရ၍ အရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဧရာမလှိုင်းလုံးကြီးတစ်လုံး ရွေ့လျားလာသည်ကို သူ မြင်လိုက်ရပြီး လှိုင်း၏အပေါ်တွင် အပေါ်ပိုင်းအဝတ်ဗလာနှင့် ဗလတောင့်တောင့်လူတစ်ယောက်က ရွှေလှံရှည်တစ်လက်ကို ကိုင်စွဲလျက် ရပ်နေသည်။

တောင်ပံခတ်လျက် ပျံသန်းလာသော မိန်းမတစ်ယောက်လည်း ရှိသည်။ သူ ရွေ့လျားလာသည့်အခါ မိုးထစ်ချုန်းသံများနှင့် လေ၊ မိုးကြိုးများလည်း လိုက်ပါလာသည်။

“သူတို့လာကြပြီ။ တကယ် လာကြပြီ...” ရွာလူကြီးက လေပေါ်ပျံတက်လိုက်ပြီး စိတ်လှုပ်ရှားနေဟန် ရှိသည်။ “ငါ အိုနေပေမယ့် သူတို့က မအိုကြသေးဘူးပဲ။ အကုန်လုံး အသက်ရှင်နေကြသေးတယ်...”

လိပ်ခွံသင်္ဘောကြီးက စံအိမ်အနားသို့ ရောက်လာသည့်အခါ တုံ့ခနဲ ရပ်သွားသည်။ ကျောပေါ်တွင် လိပ်ခွံရှိသည့် လူတစ်ယောက်က ပျံဆင်းလာ၏။ သူက မဟူရာလိပ်မျိုးနွယ် ဖြစ်ချေသည်။

မြွေပျံကြီးက သင်္ဘောကြီးကို ရစ်ပတ်လျက် ရွေ့လျားနေသောကြောင့် သင်္ဘောဦးတစ်ခုလုံး သိမ့်သိမ့်ခါနေသည်။ မြွေနဂါးခေါင်းကြီး ပေါ်လာသည်။ သူ၏ပါးစပ်နှင့် နှာခေါင်းများ မီးတောက်မီးလျှံများနှင့် မီးခိုးငွေ့များ ထွက်နေပြီး သူက ကျယ်‌လောင်စွာ အော်လိုက်၏။ “လိပ်နက်ရွှမ့်ရှန်းဝူ လူသားဧကရာဇ်ကို လာတွေ့ပါတယ်”

ဧရာမလှိုင်းလုံးကြီးကို ထိန်းချုပ်နေသော ဗလတောင့်တောင့်လူလည်း အရှိန်လျှော့ကာ စံအိမ်အရှေ့သို့ ဝှစ်ခနဲ ဆင်းလာသည်။ သူ့အနောက်ရှိ လှိုင်းလုံးကြီး ပျောက်ကွယ်သွား၏။ “ခွန်မျိုးနွယ်ရဲ့ ဘုရင်ခွန် လူသားဧကရာဇ်ကို လာတွေ့ပါတယ်”

ကောင်းကင်ထက်ရှိ အမျိုးသမီးကလည်း တောင်ပံနှစ်ဖက်ကို ရုပ်လိုက်သည်။ လေ၊ မိုးကြိုးအားလုံး သူမ၏အမွှေးအတောင်များအကြား ငုပ်လျှိုးသွား၏။ ထို့နောက် သူမက မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ “လေမျိုးနွယ်ရဲ့ ဘုရင်ရီ ဆင့်ခေါ်မှုကြောင့် ရောက်လာပါပြီ”

ချင်မူ လူသားဧကရာဇ်တံဆိပ်တော်ကို ကပျာကယာ ထုတ်ကာ လက်ဖြင့် ကိုင်မြှောက်၍ ရှေ့တက်သွားပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။ “မိတ်ဆွေတို့ အဝေးကြီး လာပေးတာ ကျွန်တော် ကျေးဇူးတင်လို့မဆုံးပါဘူး။ အိမ်ထဲ ကြွကြပါခင်ဗျာ”

ဘုရင်ခွန်၊ ဘုရင်မရီနှင့် ရွှမ်ရှန်းဝူတို့အားလုံး အံ့အားသင့်သွားကြသည်။ ရုတ်တရက် လိပ်ခွံသင်္ဘောကြီးက လှုပ်ခါသွားပြီး သေးသထက် သေးငယ်သွားတာ ကျောပေါ်တွင် လိပ်ခွံရှိသော ခံ့ခံ့ညားညားလူတစ်ယောက်အသွင် ပြောင်းသွား၏။ မြွေတစ်ကောင်က သူ့ကို ရစ်ပတ်နေသည်။ “လူသားဧကရာဇ်က ငယ်ပြီးရင် ငယ်နေတာပဲ။ ဟိုတုန်းက သက်လတ်ပိုင်းအရွယ်လားလို့...” သူက ခပ်တိုးတိုး ပြောလိုက်သည်။

“နောင်တော်ရှန်းဝူ၊ ခင်ဗျားပြောတဲ့ လူသားဧကရာဇ်က သေနေလောက်ပါပြီ။ လူသားတွေက ကျုပ်တို့လို မဟုတ်ဘူး။ အဲဒီလောက်အကြာကြီး မနေနိုင်ဘူး” ဘုရင်ခွန်က ပြောလိုက်သည်။

ရွှမ်ရှန်းဝူ စိတ်သက်သာရာရသွားပြီး ပြုံးလိုက်သည်။ “ကောင်းတယ် ကောင်းတယ်။ အဲဒီရောင်ရင်းက အလကားနေ ပြဿနာရှာတာ။ သူက အမြဲ မခံချင်ဖြစ်နေလို့ ငါတို့ကို ခေါ်ပြီး ဟိုလာလုပ်ခိုင်း၊ ဒီဟာလုပ်ခိုင်းနဲ့၊ သိပ်အမြင်ကပ်စရာကောင်းတာပဲ”

ရွာလူကြီးမှာ သူ့မိတ်ဆွေဟောင်းများကို တွေ့ချင်သော်လည်း သူတို့ပြောနေသည်ကို ကြားလျှင် တောင့်တင်းသွား၏။ သူ ရှူးရှူးရှားရှား ဒေါသထွက်လာသည်။

ရုတ်တရက် မြေအောက်မှ အသံတစ်သံ ထွက်လာသည်။ “မြေခရီးသွားခေါင်းဆောင် ထုရှင်း .... အိုင်းရား”

မြေကြီး သိမ့်ခနဲ တုန်သွားပြီး စံအိမ်၏အရှေ့မှ ခေါင်းကြီးတစ်ခေါင်း ထွက်လာသည်။ ခေါင်းတွင် ဘုကြီး ထနေပြီး ထိုလူက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ချီး ဘယ်မေနိုးက ကျောက်တုံးကို ဒီလောက် မာ‌အောင် လုပ်ထားတာတုံး”

All Chapters