← Chapters

ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာခြင်း

Vol. 66 Ch. 915

ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာခြင်း

Vol. 66 Ch. 915

ထို အော်လံကြီးမှာ ဝမ်ပေါင်လဲ့အတွက် သက်တော်ရှည် အဖော်မွန်ကြီးတစ်ယောက်ကဲ့သို့ပင်။ သူသည် ကောင်းကင်တာအိုကျောင်းထဲတွင် ရှိနေခဲ့စဉ်ကတည်းက ၎င်းအား ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။ ထို အော်လံကြီးမှာ ယခင်တုန်းက သူ့အား ကြိမ်ဖန်များစွာ အကူအညီပေးခဲ့ပြီး သူသည် ၎င်းအား ထပ်ခါတလဲလဲ သန့်စင်ကာ အဆင့်မြှင့်တင်ခဲ့၏။ နောက်ဆုံးတွင် လိုအပ်သည့် ပစ္စည်းများ အလုံအလောက်မရှိတော့သဖြင့် သူသည် ၎င်းအား ထပ်၍ မသန့်စင်နိုင်ခဲ့တော့ပေ။ သူသည် ၎င်းအား နောက်ဆုံးအဆင့်အထိ အဆင့်မြှင့်တင်ပြီးသွားပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို အော်လံကြီးအား လက်ထဲတွင်ကိုင်ရင်း ၎င်းအား အချိန်အကြာကြီး စိုက်ကြည့်နေ၏။ ထို့နောက် သူသည် ၎င်းအား ဘေးသို့ချကာ သူ၏ သိုလှောင်အိတ်အား လှန်လှောရှာဖွေလိုက်ပြန်သည်။ နောက်ဆုံးတွင် သူသည် ဓားပျံသုံးလက်အား ထုတ်ယူလိုက်၏။ ၎င်းတို့မှာ အရောင်တစ်မျိုးစီ ရှိနေကြသည်။ ထိုဓားများ၏ ပုံပန်းသွင်ပြင်များကို ကြည့်လျှင် ၎င်းတို့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ဓမ္မလက်နက်စနစ်များအတိုင်း သန့်စင်ခံထားရခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ၎င်းတို့မှာ အသွားထက်ပြီး နဝမအဆင့် လက်နက်များ ဖြစ်ကြပါသော်လည်း ယွမ်ယင်အဆင့်တွင်သာ ရှိနေသေးသည့် ဓမ္မရတနာများသာ ဖြစ်ကြပေသည်။

၎င်းတို့မှာ ပျက်စီးယိုယွင်းနေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံး လူ့အဖွဲ့အစည်းထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ထိုလူမှုအဖွဲ့အစည်း၏ ဓမ္မလက်နက်စနစ်များကို လေ့လာရာ၌ ၎င်းတို့အား အစမ်းသပ်ခံပစ္စည်းများအဖြစ် အသုံးပြုကာ ပြန်လည်ပြုပြင်ခဲ့သည်။

ထို့နောက် ရှေးဟောင်း ကြေးဒင်္ဂါးပြား ငါးပြားလည်း ရှိနေသေးသည်။ ၎င်းတို့မှာလည်း သူ့အား ကူညီပေးနိုင်ခဲ့ပါသော်လည်း ယခုတွင် အသုံးမဝင်တော့ပေ။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့၏ တမူထူးခြားသော ပုံပန်းသွင်ပြင်များကြောင့်သာ ၎င်းတို့အား သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူသည် ၎င်းတို့အား ထုတ်ယူလိုက်ပြီးနောက် သေသေချာချာ ကြည့်ရှုလိုက်၏။ သူသည် ၎င်းတို့အား ဘေးတွင်ချထားရန် ပြန်လိုက်စဉ်မှာပင် နှုတ်မှ အလိုလို ရေရွတ််မိလိုက်၏။

" ဒီ ဒင်္ဂါးပြားတွေက မူမမှန်ပါ့လား " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။ ထို့နောက် သူသည် ထို ဒင်္ဂါးပြားများအား မျက်လုံးနားသို့ ကပ်ကာ သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်တော့သည်။ သူသည် ထို ဒင်္ဂါးပြားများအား မည်သို့မည်ဖုံ ရရှိခဲ့မှန်း အတိအကျ မမှတ်မိတော့ပေ။ ၎င်းတို့မှာ သူ ကျယ်ပြန့်တာအိုနန်းတော် ရှေးဟောင်းနယ်မြေထဲ၌ ရှာတွေ့ခဲ့သည့် အတွင်းစည်းဂိုဏ်းသားတစ်ယောက်၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းများ ဖြစ်နိုင်ပေသည်။ ယခင်တုန်းက သူသည် ထို ဒင်္ဂါးပြားများနှင့် ပတ်သတ်၍ မည်သည့်အရာကိုမှ သတိမထားမိခဲ့ပါသော်လည်း ယခုတွင် သူသည် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်ရာ ၎င်းတို့မှာ တမူထူးခြားနေကြောင်း သတိထားမိလိုက်၏။

အထူးသဖြင့် ထို ဒင်္ဂါးပြားများအား သွန်းလုပ်ရာ၌ အသုံးပြုထားသည့် ပစ္စည်းမှာ အံ့ဩဖွယ်ရာ ကောင်းပေသည်။

" ကြယ်စင်စုကျောက်မှုန့်တွေလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရ၏။ သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင် ရှိနေခဲ့စဉ်တုန်းက ထိုကုန်ကြမ်းပစ္စည်းအား မမြင်ဖူးခဲ့ပါသော်လည်း ရှဲ့မိသားစု ပိုင်သည့် ဈေးထဲ၌ ၎င်းတို့အား ရောင်းချနေခဲ့သည်ကို မြင်ဖူးထားပြီးသား ဖြစ်သည်။ ၎င်းမှာ ထာဝရကြယ်များ ဖန်တီးတည်ဆောက်ရာ၌ မရှိမဖြစ်လိုအပ်သည့် အဖိုးတန် ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်ကြောင်း သူက သိထားသည်။ သို့ဖြစ်ရာ ၎င်းမှာ အလွန်အင်မတန်မှ ဈေးကြီးကာ ရှားပါးပေသည်။ ပြည်ထောင်စုကြီးထဲတွင် အသုံးပြုသည့် တိုင်းတာမှု စံနှုန်းများနှင့် တွက်ချက်ကြည့်လိုက်မည်ဆိုပါက ကြယ်စင်စုကျောက်မှုန့် တစ်ဂရမ်မှာ အနည်းဆုံး သလင်းကျောက်နီ အတုံးတစ်သိန်းဝန်းကျင်ခန့် တန်ကြေးရှိပေသည်။

ထို့အပြင် ဆယ်ဂရမ် ဝယ်ယူပြီးတိုင်း ၎င်း၏ တန်ကြေးမှာ ပိုမိုမြင့်မားလာမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ လက်ထဲရှိ ဒင်္ဂါးပြားငါးပြား၏ အလေးချိန်အား မှန်းဆကြည့်လိုက်သောအခါ ၎င်းတို့၏ အလေးချိန်မှာ ဂရမ်ငါးရာကျော် ရှိနေကြောင်း သိလိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ သူ အမြင်မှား‌နေခြင်း ဖြစ်သည်လောဟု စိုးရိမ်စိတ်များ ဝင်လာသောကြောင့် နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် စိတ်လှုပ်ရှားမှုများကို ချုပ်တည်းကာ မျက်လုံးနှစ်ဖက်အား လက်ဖြင့်ပွတ်လိုက်ပြီး ထို ဒင်္ဂါးပြားများအား နောက်ထပ်တစ်ကြိမ် ထပ်၍ သေသေချာချာ အကဲခတ်ရှုလိုက်ပြန်သည်။ နောက်ဆုံးတွင် သူသည် မျက်လုံးများပြူးသွားရပြီး အသက်ရှူသံများ လေးလံလာတော့သည်။

" တကယ်ကြီးဟ။ ဘုရားရေ။ ငါ ဒီလောက်အထိ ချမ်းသာနေမှန်း ငါ့ကိုယ်ငါတောင် မသိခဲ့ရပါလား " ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားလွန်းနေသောကြောင့် လေထဲသို့ ထခုန်လုမတတ် ဖြစ်သွားရ၏။ ထို့နောက် သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ထို ဒင်္ဂါးပြားများအား သူ၏ သိုလှောင်အိတ်ထဲသို့ သေသေချာချာ ပြန်ထည့်လိုက်တော့သည်။ ထိုသို့ ထည့်ပြီးသွားသောအခါ သူသည် ထိုသိုလှောင်အိတ်အား လက်ဖြင့်ပုတ်ကာ သပ်ပြင်းအရှည်ကြီး ချလိုက်၏။

" ဒီ ဒင်္ဂါးပြားတွေကို ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆောင်ထားရတာ အန္တရာယ်များတယ်။ ငါ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်မရှိတာ နာတယ်ကွာ။ အဲဒီလို သွားလာခွင့်သာရှိနေရင် ဒီ ဒင်္ဂါးပြားတွေကို ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ဆီမှာ သွားထားလိုက်ရုံပဲ " ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်နေရဆဲပင်။ သူသည် ထို ဒင်္ဂါးပြားများအား မည်သို့မည်ဖုံရှာတွေ့ခဲ့မှန်း အတိအကျ မမှတ်မိတော့ပါသော်လည်း ယခုတွင် ၎င်းတို့၏ တန်ကြေးအား သိလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထို ဒင်္ဂါးပြားများ၏ မူလဇစ်မြစ်အား အလွန်အင်မတန်မှ စိတ်ဝင်စားသွားရတော့သည်။

" ဒီ ဒင်္ဂါးပြားတွေကို အဖိုးတန် ကုန်ကြမ်းပစ္စည်းတွေနဲ့ သွန်းလုပ်ထားတာဆိုတော့ နောက်ထပ် အသုံးတစ်ခု ရှိနေဦးမှာ သေချာတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်မိလိုက်ပြီးနောက် ခေါင်းထဲ၌ အတွေးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။ သူ၏ သိုလှောင်အိတ်ထဲ၌ သူ ယခင်တုန်းက သတိမထားမိခဲ့သည့် အဖိုးတန်ရတနာများ ထပ်၍ ရှိနေနိုင်ပေသည်။ ထို့ကြောင့် သူသည် သူ၏ သိုလှောင်အိတ်အား ဖွင့်ကာ ပစ္စည်းတစ်ခုချင်းစီတိုင်းကို သေသေချာချာ အကဲခတ်ကြည့်ရှုစစ်ဆေးနေလိုက်တော့သည်။

သို့သော်ငြားလည်း ထို ဒင်္ဂါးပြားများသာလျှင် ခြွင်းချက်ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်အား အိတ်သွန်ဖာမှောက် လှန်လှောရှာဖွေပြီးခဲ့သည့်တိုင်အောင် ထို ဒင်္ဂါးပြားများလောက် အဖိုးတန်သည့် ပစ္စည်းများကို ထပ်၍ ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် သူသည် သက်ပြင်းချမိသွားပြီး ဓားပျံများနှင့် အော်လံကြီးအား ပြန်ကြည့်လိုက်၏။ သူ၏ သိုလှောင်အိတ်ထဲတွင် အဆောင်ပစ္စည်း သန့်စင်ရာ၌ အသုံးပြုနိုင်သည့် ကုန်ကြမ်းပစ္စည်းအချို့ ရှိပါသော်လည်း အများကြီးတော့မရှိပေ။ သို့ဖြစ်ရာ သူသည် ဓမ္မအဆောင်တစ်ခုကိုသာ သန့်စင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဓားပျံများကို ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ပြီး အော်လံကြီးအား ကောက်ယူလိုက်တော့သည်။

" မင်းကို သန့်စင်ရတာပေါ့ " ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံခြင်းအဆင့်၊ သူ၏ ဓမ္မအဆောင်ပစ္စည်းသန့်စင်ခြင်း ကျွမ်းကျင်မှုများနှင့် သူ လက်ရှိရောက်နေသည့် နေရာတို့ကြောင့် ထို အော်လံကြီးအား သန့်စင်နိုင်ရန်မှာ သူ့အတွက် အခက်အခဲတစ်ခု မဟုတ်ပေ။ သူသည် အော်လံကြီးထဲသို့ ထည့်သွင်းမည့် ကုန်ကြမ်းပစ္စည်းများကိုသာ ပြောင်းလဲကာ ၎င်းပေါ်၌ ကမ္ဗည်းစာလုံးအသစ်များ ရေးထိုးလိုက်ရုံပင်။

ဝမ်ပေါင်လဲ့၏ ထာဝရကြယ်မီးတောက်ကြောင့် ထို အော်လံကြီးမှာ မီးစွမ်းရည်အား ထင်မှတ်မထားဘဲ ရရှိသွား၏။ သူသည် ထိုစွမ်းရည်အား အပြည့်အဝ အားဖြည့်ပေးထားနိုင်ရန် ထို အော်လံကြီးအား ဝါးမျိုကာ ၎င်းအား သူ၏ ခန္ဓာကိုယ်ထဲ၌ တောက်လောင်နေသည့် ထာဝရကြယ်မီးတောက်ထဲ၌ သိမ်းဆည်းထားလိုက်တော့သည်။

သူသည် ဝူလေး၏ ကျင့်ကြံခြင်းပညာရပ်ကြောင့် သူ၏ ၏ ခန္ဓာကိုယ်ထဲမှ ထာဝရကြယ်မီးတောက်အား ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အဆောင်ပစ္စည်းများအား သန့်စင်ရာ၌ ဝမ်ပေါင်လဲ့အား အများဆုံး အကူအညီပေးနိုင်သည့်အရာ ဖြစ်ပေသည်။

သူသည် အော်လံကြီးအား သူ၏ ထာဝရကြယ်မီးတောက်ဖြင့် သေသေချာချာ အားဖြည့်ပေးနေ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်အား ထပ်၍ အကဲခတ် ကြည့်ရှုလိုက်ပြန်သည်။ သိုလှောင်လက်စွပ်မှာ ထို သိုလှောင်အိတ်ထဲ၌ ရှိနေ၏။ ထို သိုလှောင်လက်စွပ်ထဲတွင်မူ အခြား အဖိုးတန်ရတနာတစ်ခု ရှိနေသည်။

ထိုရတနာမှာ... ကြယ်စင်စုလေး ဖြစ်ပေသည်။

" လောလောဆယ်တော့ ဒီလေးကို အသုံးပြုလို့ ရဦးမှာမဟုတ်ဘူး။ နှမြောစရာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းလိုက်၏။ သူသည် လျှပ်စီးတန်းများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် အပြန်ခရီးတွင် ထိုလေးအား စမ်း၍ အသုံးပြုကြည့်ခဲ့သေးသည်။ သူ မည်မျှပင် အားအကုန်ထုတ်ကာ ဆွဲခဲ့စေကာမူ ထို လေးကြိုးမှာ တုတ်တုတ်မျှ မလှုပ်ခဲ့ပေ။ သူ၏ သုံးသပ်ချက်များအရဆိုလျှင် အနိမ့်ဆုံး ဂြိုဟ်အဆင့်တွင် ရှိနေမှသာလျှင် ထိုလေးအား အသုံးပြုနိုင်မည်ဖြစ်သည်။

" ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ဓားအိမ်လေးနဲ့ အဲဒီ ဓားအိမ်ထဲက ခြင်တွေလည်း ရှိနေသေးတယ်လေ... ပြီးရင် အချုပ်အနှောင်ကြီး‌တွေနဲ့တူ‌တဲ့ အဲဒီ ဓားအိမ်ထဲက အမျှင်အတန်းတွေလည်း ရှိသေးတယ်။ ဒါပေမဲ့ ဓားအိမ်လေးက ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ဆီမှာ ကျန်ခဲ့တာ " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်ရပြန်သည်။ ထို့ကြောင့် သူသည် သူ၏ ဓမ္မရတနာများအကြောင်း မတွေးတော့ရန် ဆုံးဖြတ်လိုက်ပြီး သူပိုင်ဆိုင်ထားသည့် နတ်ဘုရားစွမ်းရည်များ အကြောင်းကိုသာ စတင် စဉ်းစားတွေးတောနေလိုက်တော့သည်။

" အရင်ဆုံး နတ်ဆိုးမျက်လုံးပညာရပ် ရှိမယ်... အဲဒီစွမ်းရည်က ရန်သူတွေကို ချုပ်နှောင်နိုင်စွမ်း ရှိပြီးတော့ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အန္တရာယ်ပြုနိုင်စွမ်းရှိတယ်။ တကယ်လို့ ငါ အောင်အောင်မြင်မြင် ချုံခိုတိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင် နတ်ဆိုးမျက်လုံးပညာရပ်ကို သုံးပြီးတောာ့ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်လို့ရတယ်။ ပြီးရင် အဲဒီပညာရပ်က ရန်သူတွေရဲ့ ဝိညာဉ်စွမ်းအင်တွေကိုလည်း စုပ်ယူနိုင်သေးသည်။ အဲတာကြောင့်မလို့ ငါ သတ်ဖြတ်နိုင်တဲ့ ရန်သူအရေအတွက် ပိုများလာလေလေ ငါ အစွမ်းပိုထက်လာလေလေ ဖြစ်နေမှာပဲ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောသုံးသပ်လိုက်ပြီးနောက် တိုက်ပွဲထဲတွင် သူ့အတွက် အားအထားရဆုံး ပညာရပ်မှာ နတ်ဆိုးမျက်လုံးပညာရပ်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

" ပြီးရင် ‌ဆွေ့ရှင်းပေါင် ရှိသေးတယ်... အဲဒီ ပညာရပ်က ရိုးရှင်းပြီးတော့ တခြားနတ်ဘုရားစွမ်းရည်တွေလောက် အစွမ်းမထက်ဘူး။ ပြီးရင် သူ့ကို အသုံးပြုနိုင်ဖို့အတွက် ကျင့်ကြံခြင်းစွမ်းအားတွေအများကြီး ပေးဆပ်ဖို့လိုတယ်။ ဒါပေမဲ့ တခြားရွေးချယ်စရာမရှိတော့လို့ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ အကုန်လုံးကို ကုန်ခန်းသွားအောင် အသုံးပြုချင်ရင် ‌ဆွေ့ရှင်းပေါင်က အသင့်တော်ဆုံးပဲ "

" ပြီးရင် အမှောင်ပညာရပ်။ ငါ အဲဒီ ပညာရပ်ကိုတော့ မသုံးဘဲ အတတ်နိုင်ဆုံး ရှောင်ရှားမှဖြစ်မယ်။ တာအိုဂါထာတော်လည်း တူတူပဲ " ဝမ်ပေါင်လဲ့မှာ သူ တာအိုဂါထာတော်အား နောက်ဆုံးအကြိမ် ရွတ်ဖတ်ခဲ့စဉ်တုန်းက ဖြစ်ပျက်သွားခဲ့သည့် အရာများကို ပြန်သတိရသွားသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။

" ပြီးရင် ကောင်းကင်တာအိုကျောင်းရဲ့ တိမ်လွှာလက်ချောင်းပညာရပ်နဲ့ လျှပ်စီးနယ်မြေထဲက ရခဲ့တဲ့ အလင်းကွေးပညာရပ်နဲ့ လျှပ်စစ်သံလိုက် သွေးခုန်နှုန်းပညာရပ်တို့လိုမျိုး တခြား နတ်ဘုရားစွမ်းရည်တွေလည်း ရှိသေးတယ်... "

သူသည် တစ်ခဏမျှ အတွေးများထဲတွင် နစ်မျောသွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည်။ ထိုအခါ သူ၏ လက်သည်းခွံအောက်တွင် လျှပ်စီး အလင်းကွေးတစ်ခု ပေါ်ပေါက်လာပြီး စတင် လူးလွန့်လာတော့သည်။ ၎င်းမှာ အမြုတေအဆင့် မန္တန်တစ်ခုအဖြစ် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး တဖြည်းဖြည်းနှင့် ထာဝရဝိညာဉ်အဆင့်အထိ ရောက်ရှိလာ၏။ ထိုအချိန်တွင် ထို လျှပ်စီးအလင်းကွေး၏ အရောင်မှာ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ ၎င်းမှာ ကြက်သွေးရောင် ဖြစ်နေ၏။

ထို လျှပ်စီးအလင်းကွေးလေး၏ စွမ်းအားများနှင့် အရောင်များ ပြောင်းလဲသွားရခြင်းမှာ ဝမ်ပေါင်လဲ့ ထို ကျင့်ကြံခြင်းပညာရပ်အား အဆင့်မြှင့်တင်လိုက်သောကြောင့် ဖြစ်ပေသည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကြောင့် သူသည် ရိုးရှင်းသော မန္တန်များအား အလွယ်တကူ အဆင့်မြှင့်တင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

" အစွမ်းတော့ထက်သားပဲ " ဝမ်ပေါင်လဲ့မှာ ထို လျှပ်စီးအလင်းကွေး၏ စွမ်းအားများအား အာရုံခံကြည့်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ လက်ဖျောက်တီးလိုက်သည်။ ထိုအခါ သူ၏ ဘေးပတ်ပတ်လည်ရှိ အပူလှိုင်းများထဲ၌ ကြက်သွေးရောင် လျှပ်စီးတန်းပေါင်း မြောက်မြားစွာ ချက်ချင်းဆိုသလို ပေါ်ပေါက်လာကြတော့သည်။ ၎င်းတို့မှာ သူ၏ လက်ဖဝါးထဲ၌ အတူတကွ စုဝေးသွားကြပြီးနောက် လျှပ်စီးစက်လုံးတစ်လုံးအသွင် ပြောင်းလဲသွား၏။

သူသည် ထိုစက်လုံး၏ စွမ်းအားများကို အာရုံခံမိနေသည်။ ၎င်းသာ ပေါက်ကွဲသွားမည်ဆိုပါက ထို ပေါက်ကွဲမှု ပြင်းအားများမှာ ပေတစ်ရာပတ်ပတ်လည်အထိ ပျံ့နှံ့သွားနိုင်ပေသည်။ ထို့နောက် ထို လျှပ်စီးစက်လုံးမှာလည်း လျှပ်စစ်သံလိုက် မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားမည် ဖြစ်သည်။ ၎င်းဆီမှ ထွက်ပေါ်လာနိုင်သည့် ပြင်းအားမှာ ဆုတောင်းပြည့်ပုလင်းကြောင့် ပေါ်ပေါက်လာရသည့် လျှပ်စီးပင်လယ်ကြီးလောက် ပြင်းထန်နေမည် မဟုတ်ပါသော်လည်း ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်နိုင်ရန် လုံလောက်ပေသည်။

" တစ်ခါတည်းနဲ့ သတ်မရရင် နောက်ထပ်တစ်ခါ ထပ်သုံးမယ်ကွာ။ နှစ်ခါနဲ့မှ မရရင် ဆယ်ခါလောက်အထိ ထုတ်သုံးပစ်မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ထိုလျှပ်စီးစက်လုံးအား ပြန်ဖျောက်လိုက်၏။ ထို့နောက် သူ၏ လက်ချောင်းများပေါ်တွင် မြူခိုးများ ပေါ်ပေါက်လာကြသည်။ ၎င်းတို့မှာ အလျင်အမြန် စုဝေးလာကြပြီးနောက် လက်ချောင်းတစ်ချောင်းပုံစံ ပြောင်းလဲသွားသည်။ ထို လက်ချောင်းထဲမှ လျှပ်စစ်သံလိုက် မုန်တိုင်းကြီးထက် အများကြီးပို၍ အစွမ်းထက်သည့် စွမ်းအင်လှိုင်းတစ်မျိုး ထွက်ပေါ်လာ၏။ သို့ဖြစ်ရာ တစ်စုံတစ်ယောက်မှာ ထိုလက်ချောင်းပေါ်ရှိ အချုပ်အနှောင်ကြီးတစ်ခုအား ဖယ်ရှားလိုက်သောကြောင့် စွမ်းအားများ အလုံးအရင်း ထိုးထွက်လာသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ ထို အငွေ့အသက်များကို အာရုံခံမိလိုက်သောအခါ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ရီသွားရပြီး မျက်ဝန်းများထဲ၌ သံသယစိတ်များနှင့် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် ထို အငွေ့အသက်အား သေသေချာချာ အကဲခတ်လေ့လာလိုက်၏။

" တိမ်လွှာလက်ချောင်းက ကောင်းကင်တာအိုကျောင်းရဲ့ နာမည်ကြီး နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပေမဲ့ အဲလောက်ကြီး အစွမ်းမထက်ပါဘူး။ အဲတာကို ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ထုတ်သုံးကြည့်လိုက်တော့ ဆွေ့ရှင်းပေါင်းပညာရပ်ထက်ကို ပိုပြီးတော့ အစွမ်းထက်နေတာပါလား။ ဘာလို့လဲဟ " ဝမ်ပေါင်လဲ့မှာ သူ၏ တိမ်လွှာလက်ချောင်းထဲမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သောအခါ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူ၏မေးခွန်းအတွက် အဖြေတစ်ခုသာ ရှိနိုင်ပေသည်။

" ကောင်းကင်တာအိုကျောင်းရဲ့ ကျင့်ကြံခြင်း ပညာရပ်တွေက .... ထင်ထားသလောက် မရိုးရှင်းဘူးပဲ " ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် တစ်ခဏမျှ နစ်မျောသွားပြီးနောက် ပြည်ထောင်စုကြီးဆီသို့ ပြန်ရောက်လျှင် ကောင်းကင်တာအိုကျောင်း၏ ခေါင်းဆောင်ကြီးအား အသေးစိတ်မေးမြန်းရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ခေါင်းဆောင်ကြီး ထို ကျင့်ကြံခြင်းပညာရပ်များကို ဖန်တီးခဲ့သည်လော သို့မဟုတ် ရှေးဟောင်းနယ်မြေများထဲမှ ရရှိခဲ့သည်လော ကွဲကွဲပြားပြား သိရှိရန် လိုအပ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းလမ်းစဉ် တစ်လျှောက်လုံး၌ တတ်မြောက်ခဲ့သမျှ နတ်ဘုရားစွမ်းရည် အမျိုးမျိုးကို စမ်း၍ အသုံးပြုကြည့်လိုက်၏။ ထိုအခါ သူသည် တိမ်လွှာလက်ချောင်းသာလျှင် ခြွင်းချက်တစ်ခု ဖြစ်နေသည်ဖြစ်ကြောင်း သိလိုက်ရ၏။ အခြား နတ်ဘုရားစွမ်းရည်များမှာ တမူထူးခြားသော စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း မရှိပေ။

" နတ်ဆိုးမျက်လုံးပညာရပ်ကလွဲလို့ အမှောင်အိပ်မက်ထဲမှာ ငါ လေ့လာခဲ့တဲ့ တခြား နတ်ဘုရားစွမ်းရည်တွေ အကုန်လုံး အမှောင်ပညာရပ် အငွေ့အသက်တွေ ပိုင်ဆိုင်ထားတာ နှမြောစရာပဲ။ ပြီးရင် ငါက ဂြိုဟ်အဆင့်အထိ ရောက်ပြီးမှ အဲဒီပညာရပ်တွေကို တတ်မြောက်နိုင်မှာ " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ရေရွတ်မိလိုက်၏။ ထို့နောက် တစ်အောင့်ခန့်အကြာတွင် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားသည်။

" ဒါပေမဲ့ ငါ့ဆီမှာ စွမ်းရည်တစ်ခု ရှိတယ်လေ။ တခြားနေရာတွေမှာဆိုရင် အဲဒီ စွမ်းရည်က အစွမ်းမထက်နိုင်ပေမဲ့ ကြယ်သုဿာန်ထဲမှာဆိုရင် အဲဒီ ပါရမီကို ကောင်းကောင်းအသုံးချနိုင်မှာ သေချာတယ် "

" အဲဒီ စွမ်းရည်က... ငါ ငါ့ရဲ့ ကြယ်တာရာယွမ်ယင်ဝိညာဉ်ကို ရခဲ့တုန်းက ရရှိပိုင်ဆိုင်သွားခဲ့တဲ့ စွမ်းရည်ပဲ။ ငါ့ရဲ့ ဘေးပတ်ပတ်လည်မှာ ရှိနေတဲ့ ဂြိုဟ်‌တွေကို အသုံးချပြီးတော့ ငါ့ရဲ့ စွမ်းအားကို မြှင့်တင်နိုင်တဲ့ စွမ်းရည်ပဲ "

" ဂြိုဟ်တွေရဲ့ အရွယ်အစား ပိုကြီးလေလေ ငါလည်း ပို အစွမ်းထက်လာလေလေ ဖြစ်နေမှာ။ ဂြိုဟ်နဲ့ နီးနေရင်လည်း အတူတူပဲ။ ငါ့ရဲ့ ဘေးပတ်ပတ်လည်မှာ ဂြိုဟ်တွေအများကြီး ရှိနေရင် ငါ အများကြီးပိုပြီးတော့ အစွမ်းထက်လာမှာ " ဝမ်ပေါင်လဲ့မှာ ထိုအကြောင်း တွေးမိလိုက်သောအခါ ယုံကြည်ချက်များ ပြင်ထန်လာတော့သည်။ သူသည် ကြယ်သုဿာန်ထဲ၌ အောင်မြင်မှုများ ဆွတ်ခူးနိုင်လိမ့်မည်ဟု ခံစားနေရ၏။ သူသည် ထိုကဲ့သို့ အတွေးများထဲ၌ နစ်‌မျောနေစဉ်မှာပင် ရုတ်တရက်ဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ထို့နောက် သူသည် ဆတ်ခနဲ ခေါင်းမော့လာပြီး ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးအား လှမ်းကြည့်နေလိုက်တော့သည်။

သူသည် ထာဝရကြယ်မျက်လုံး၏ အကူအညီဖြင့် သူလှမ်းကြည့်နေသည့် အရပ်မျက်နှာဘက်မှနေ၍ အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။ ၎င်းမှာ ထာဝရကြယ်တစ်လုံးကဲ့သို့ စူးရှတောက်ပနေပြီး ၎င်းဆီမှ ထွက်ပေါ်လာသည့် အလင်းရောင်ပင်လယ်ကြီးမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ တစ်ဝက်တိတိအား ဖုံးလွှမ်းသွားသည်။

နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ နယ်စပ်ဒေသနှင့် ထို အလင်းရောင်ပင်လယ်ကြီး၏ အစွန်အဖျားပိုင်းတွင်မူ လူရိပ်နှစ်ခု ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။

ထို လူရိပ်နှစ်ခုထဲမှ တစ်ခုမှာ မောက်မာဝင့်ကြွားသည့် မျက်နှာအမူအရာများကို ပိုင်ဆိုင်ထားသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ အခြား လူရိပ်တစ်ခုမှာမူ ရွှေရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက်ဖြစ်၏။

ထို အဘိုးကြီးမှာ နေမင်းကြီးတစ်စင်းနှင့် တူပေသည်။ သူသည် ရုပ်လုံးပေါ်လာသည်နှင့် တစ်စုံတစ်ခုအား အာရုံခံမိသွားသည့်ပုံဖြင့် ဝမ်ပေါင်လဲ့ရှိနေသည့် ထာဝရကြယ်ကြီးအား လှမ်းကြည့်လိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားရ၏။ ထိုအချိန်တွင် သူရှိနေသည့် ထာဝရကြယ်ကြီးမှာလည်း ချက်ချင်းဆိုသလိုပင် တုန်ရီသွားပြီး ထိုအဘိုးကြီး၏ အားကောင်းသော အကြည့်အား ခုခံတွန်းလှန်လိုက်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုအကြည့်ကြောင့် တုန်ရီသွားရပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း မတည်မငြိမ် ဖြစ်သွားရဆဲပင်။

" ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ "

All Chapters