ကြယ်ကြွေလှေကြီး ရောက်ရှိလာခြင်း
Vol. 66 Ch. 916
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှသာ လှမ်းကြည့်လိုက်ခြင်းဖြစ်ပါသော်လည်း ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး ကျင့်ကြံခြင်းစွမ်းအားများ မတည်မငြိမ်ဖြစ်သွားရ၏။ ထိုလူကြီးမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။
အဆုံးမဲ့တာအိုနယ်မြေထဲတွင် ဂြိုဟ်အဆင့် ကျင့်ကြံသူများအား သာမန်ကျင့်ကြံသူများထက် ပို၍ အစွမ်းထက်ကြသည့် အစွမ်းထက် ပုဂ္ဂိုလ်သူများအဖြစ် သတ်မှတ်နိုင်ပေသည်။ သူတို့မှာ သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများထဲတွင် အဆင့်မြင့်ရာထူးများကို ပိုင်ဆိိုင်ထားကြသူများဖြစ်၏။ သို့ဖြစ်ရာ သူတို့ထက်ပို၍ အစွမ်းထက်သည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူများအား.... အရှင်သခင်များအဖြစ် သတ်မှတ်နိုင်ပေသည်။
ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်ထားသည့် လူမှုအဖွဲ့အစည်းတစ်ခုမှာ နယ်မြေတစ်ခုထဲရှိ အခြား လူမှုအဖွဲ့အစည်းများထက် ပို၍ ဘေးကင်းလုံခြုံမှု ရှိနေမည်ဖြစ်သည်။ ထို လူမှုအဖွဲ့အစည်းမှာ အခြားသော လူမှုအဖွဲ့အစည်း တစ်ခုခုအား အန္တရာယ်မပြုသရွေ့ မည်သူကမှ သူတို့အား အလွယ်တကူ ပစ်မှတ်ထားရဲကြမည် မဟုတ်ပေ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ မဟာလက်ဝဲတာအိုနယ်မြေ၏ နယ်မြေဆယ့်ကိုးထဲတွင် တန်ခိုးအာဏာကြီးမားသည့် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သည့်တိုင်အောင် ထာဝရကြယ်အဆင့် ကျင့်ကြံသူသုံးယောက်ကိုသာ ပိုင်ဆိုင်ထားသည်။ သို့သော် ထို လူမှုအဖွဲ့အစည်းထဲမှ ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းအဆင့်မှာမူ ကြယ်နယ်မြေအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
သို့ဖြစ်ရာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ရာထူးအဆင့်အတန်းအား ခန့်မှန်းကြည့်နိုင်ပေသည်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ ပေါ်ပေါက်လာသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးမဟုတ်ဘဲ အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပေသည်။
ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲရှိ ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများမှာ ထိုကျင့်ကြံသူကြီးအား တာအိုပညာရှင်လင်ဟေ့ဟု ခေါ်ဆိုကြ၏။ သူသည် သူနှင့်အတူ စစ်တပ်ကြီးတစ်ခုကို ခေါ်ဆောင်လာခဲ့ခြင်းမရှိဘဲ လူတစ်ယောက်တည်းသာ ခေါ်ဆောင်လာခဲ့သည်။ ထို့အပြင် သူသည် စကြဝဠာကြီးအား ကျော်ဖြတ်လာခဲ့ခြင်းမဟုတ်ဘဲ အခကြေးငွေ အမြောက်အမြား အကုန်ကျခံကာ တည်နေရာပြောင်းရွှေ့ခွင့်တစ်ခုအား ဝယ်ယူ၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ ပေါ်ပေါက်လာသည်နှင့် ထာဝရကြယ်မျက်လုံးကြီးအား လှမ်းကြည့်လိုက်၏။ သူ၏ မျက်ဝန်းများမှာ အေးစက်နေသည်။ ထို့နောက် သူသည် ထာဝရကြယ်မျက်လုံးအား အထူးတလည် ဂရုစိုက်နေခြင်းမရှိဘဲ တည်ကြည်စွာဆိုလိုက်၏။
" မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး၊ ရှေ့ကိုထွက်ခဲ့ "
သူ၏ စကားသံမှာ ကျယ်လောင်နေခြင်း မရှိသလို စွမ်းအားများကိန်းအောင်းနေခြင်း မရှိပါသော်လည်း နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးထဲ၌ ပျံ့နှံ့သွားပြီး သက်ရှိတိုင်း၏ အသိစိတ်ထဲ၌ မိုးခြိမ်းသံများကဲ့သို့ ပဲ့တင်ထပ်သွား၏။
ထာဝရကြယ်မျက်လုံးပေါ်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့ပင်လျှင် သူ၏ နားထဲ၌ ထိုစကားလုံးများကို ကြားလိုက်ရသည်။ ထိုအခါ သူသည် မျက်စိမျက်နှာ ပျက်သွားရ၏။ သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီသို့ စေလွှတ်နိုင်သည်ဖြစ်ကြောင်း ခန့်မှန်းထားခဲ့ပြီးသား ဖြစ်ပါသော်လည်း သူ၏ ခန့်မှန်းချက် မှန်ကန်သွားသောအခါ အမူအရာ ပျက်သွားရဆဲပင်။
" ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူသည် ထာဝရကြယ်အပြင်ဘက်၌ ဖြစ်ပျက်နေသည့် အရာများကို သတိကြီးကြီးထား၍ စောင့်ကြည့်နေခြင်းမရှိတော့ဘဲ ခပ်လှမ်းလှမ်းမှ နေ၍သာ အကဲခတ်နေလိုက်သည်။ ထို့အပြင် သူသည် သူ၏ အစီအစဉ်များအား ပြောင်းလဲမှုများ ပြုလုပ်ရန် သင့်မသင့် စဉ်းစားတွေးတောနေ၏။ ထိုအခိုက်အတန့်တွင် တာအိုပညာရှင်လင်ဟေ့၏ စကားသံကြီးမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးထဲ၌ ပျံ့နှံ့သွားပြီ ဖြစ်သည်။
နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ကျင့်ကြံသူတိုင်းမှာ သူ၏ စကားသံကြီးကို ကြားလိုက်ရသောအခါ ခန္ဓာကိုယ်များ တုန်ရီသွားကြ၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးပင်လျှင် တစ်ကိုယ်လုံး တုန်ရီသွားရပြီး အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ထို့ကြောင့် သူသည် ချက်ချင်း ခေါင်းမော့လာပြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်းအထက်ရှိ ကောင်းကင်ကြီးအား လှမ်းကြည့်လိုက်သောအခါ နောက်ထပ် နေမင်းတစ်စင်း ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။
လူမှုအဖွဲ့အစည်းထဲရှိ လူတိုင်း ကြောက်ရွံ့တုန်လှုပ်ကာ ရင်တမမ ဖြစ်နေကြစဉ် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ အရှိန်ကုန်မြင့်တင်ကာ ရှေ့သို့ ပြေးထွက်သွားလိုက်၏။ သူသည် သူ၏ ထာဝရဝိညာဉ်အဆင့် လက်အောက်ငယ်သားများကိုပင် ဆင့်ခေါ်နေရန် အချိန်မရှိသဖြင့် တစ်ယောက်တည်း ပျံထွက်သွားလိုက်ရ၏။ ထိုသို့ဖြင့် ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် တာအိုပညာရှင်လင်ဟေ့၏ ရှေ့၌ ပေါ်ပေါက်လာတော့သည်။ သူသည် သူ၏ရှေ့သို့ ရောက်သွားသည်နှင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေ ဦးညွှတ်လိုက်၏။
" ကျွန်တော်မျိုး ယွမ်လင်းကျစ် တာအိုပညာရှင်လင်ဟေ့ကို ဂါရဝပြုပါတယ် "
" မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး၊ ခဗျားရဲ့ အပြစ်တွေကို ဝန်ခံဖို့အဆင်သင့်ပဲလား " ထိုမေးခွန်းအား မေးလိုက်သည့်လူမှာ တာအိုပညာရှင်လင်ဟေ့ မဟုတ်ဘဲ သူ၏ ဘေးတွင်ရပ်နေသည့် ဝတ်ကောင်းစားလှများကို ဆင်မြန်းထားသော လူငယ်လေး ဖြစ်ပေသည်။ ထို လူငယ်လေးမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲ၌ လူအများက ရိုသေလေးစားရသည့် လူတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ သူသည် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသလို သူ၏ စကားများမှာလည်း ပြတ်သားမှုအပြည့် ရှိနေ၏။ သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးအား ရိုသေလေးစားမှု လုံးဝမရှိသည့်ပုံပင်။
ထို့ကြောင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ အမျက်ချောင်းချောင်းထွက်သွားရပါတော့လည်း သူ၏ရှေ့တွင် ရှိနေသည့် ကျင့်ကြံသူအား အပြစ်မလုပ်ရဲပေ။ ထို့ကြောင့် သူသည် ခေါင်းငုံ့ကာ အလောတကြီး ပြန်ပြောလိုက်၏။
" ကြီးမြတ်လှပါသော တာအိုဂိုဏ်းသားခဗျား။ ကျွန်တော်တို့တွေ နတ်မျက်လုံး လူမှုအဖွဲ့အစည်းတိုက်ပွဲထဲမှာ မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့ ကြုံခဲ့ရတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီ စစ်ပွဲကြီးရဲ့ ရလဒ်က ပြောင်းလဲမသွားပါဘူး။ ကျွန်တော်တို့တွေ ကြယ်သုဿာန် ဝင်ခွင့်နေရာတစ်နေရာကို ရယူနိုင်ခဲ့ပါတယ် " ဂိုဏ်းချုပ်ကြီးမှာ ထိုသို့ဆိုလိုက်ပြီး အသက်မပါသည့် မျက်နှာအမူအရာဖြင့် ရပ်နေသော တာအိုပညာရှင်လင်ဟေ့အား အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် သူ၏ဂိုဏ်း နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲသို့ ရောက်ရှိလာပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို အစီရင်ခံတင်ပြလိုက်သည်။ သူသည် တာအိုပညာရှင်လင်ဟေ့ဆီမှ မည်သည့်အရာကိုမှ ထိမ်ချန်ထားရဲခြင်း မရှိပေ။
တာအိုဂိုဏ်းသားမှာ သူ၏ ကြယ်သုဿာန်ဝင်ခွင့်နေရာကိုသာ စိတ်ဝင်စားနေမည်ဖြစ်ကြောင်း သူက သိထား၏။ သို့သော် တာအိုပညာရှင်လင်ဟေ့မှာမူ... ညာလက်ရုံးအကြီးအကဲကြီး သေဆုံးသွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်နေလောက်ပေသည်။ ထိုကိစ္စထဲတွင် ရှဲ့မိသားစု ပါဝင်ပတ်သက်နေသည် မဟုတ်ပါလော။
လူငယ်လေးမှာ ဂိုဏ်းချုပ်ကြီး၏ စကားများကိုကြားလိုက်ရသောအခါ စိတ်အေးသွားရပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သူသည် အခြားမည်သည့်အရာကိုမှ ဂရုမစိုက်ပေ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း သုတ်သင်ရှင်းလင်းခံလိုက်ရလျှင်တောင် သူသည် အရေးလုပ်နေမည် မဟုတ်ပေ။ သူ၏ အတွေးထဲတွင် ကြယ်သုဿာန်ဝင်ခွင့်နေရာတစ်ခုသာလျှင် စိုးမိုးနေ၏။ သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲ၌ ရာထူးအဆင့်အတန်း မြင့်မားသည့်တိုင်အောင် ထိုအခွင့်အရေးအား ရရှိနိုင်ရန် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသည် မဟုတ်ပါလော။ ၎င်းမှာ သူ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အခွင့်အရေးကြီး ဖြစ်ပေသည်။
ထို့ကြောင့် သူသည် သူ လိုချင်သည့် အဖြေအား ရလိုက်ပြီးနောက် နှုတ်ဆိတ်သွားပြီး ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုကာ နတ်မျက်လုံးမှုအဖွဲ့အစည်းအား အကဲခတ်နေလိုက်တော့သည်။ သူ၏ အမြင်၌ ဤ လူမှုအဖွဲ့အစည်းမှာ ဆင်းရဲမွဲတေကာ ချွတ်ခြုံကျနေသည့်ပုံ ပေါက်နေ၏။ အကယ်၍ ကြယ်ကြွေအမှတ်အသားအား နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင်သာ လွှဲပြောင်းပေး၍ရသည့် အချက်ကြောင့်သာ မဟုတ်ပါက သူသည် ဤ လူမှုအဖွဲ့အစည်းထဲသို့ပင် ရောက်ရှိလာခဲ့မည် မဟုတ်ပေ။
သူ ထိုကဲ့သို့ စိတ်ထဲ၌ နှာခေါင်းရှုံ့နေစဉ် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ တာအိုပညာရှင်လင်ဟေ့အား ဤ လူမှုအဖွဲ့အစည်းထဲ၌ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို ရှင်းပြလိုက်၏။ တာအိုပညာရှင်လင်ဟေ့မှာလည်း ဂိုဏ်းချုပ်ကြီး၏ စကားများကို အစအဆုံး နားထောင်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် အခြားတစ်ဖက်သို့ လှည့်သွားပြီး အဓိပ္ပါယ်လေးနက်သည့် အကြည့်ဖြင့် ထာဝရကြယ်မျက်လုံးအား လှမ်းကြည့်နေလိုက်တော့သည်။
" ဒီ လူမှုအဖွဲ့အစည်းထဲမှာ သူ့ရဲ့ မိတ်ဆွေတွေ ဒါမှမဟုတ် မိသားစုဝင်တွေ ရှိလား။ မရှိဘူးဆိုရင်တော့ ငါတို့တွေ သူ့ကို သတ်လိုက်ရုံပါပဲ။ ဒီ ကိစ္စကြီးတစ်ခုလုံး ပြီးသွားရင် ငါ ထာဝရကြယ်မျက်လုံးကို သန့်စင်ပြီးတော့ သူ့ကို ဇီဝိန်ချုပ်ပေးလိုက်မယ် "
" လုံနန်ကျစ်က နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာ မိသားစုရှိတဲ့ပုံတော့ မပေါ်ဘူးဗျ။ သူ့ဆီမှာ မိတ်ဆွေအချို့ ရှိပေမယ့် သူတို့ထဲက အများစုက နတ်ဧကရာဇ် တရားမျှမှုဂိုဏ်းထဲကလူတွေ.... တစ်ခုတော့ ရှိတယ်။ သူ့ကို သတ်လိုက်မယ်ဆိုရင် ရှဲ့မိသားစုကို ဘယ်လိုလုပ်မလဲဗျ... " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် တာအိုပညာရှင်လင်ဟေ့ဘက်သို့ လှည့်ကာ ဆိုလိုက်၏။ သူသည် အလိုက်သိတတ်သော လက်အောက်ငယ်သားတစ်ယောက် အနေနှင့် ထိုမေးခွန်းအား မေးမှရမည်ဖြစ်သည်။ သို့မှသာ သူ၏ အထက်လူကြီးမှာလည်း သူ၏ အမြော်အမြင်ရှိမှုကို ထုတ်ပြခွင့်ရမည် မဟုတ်ပါလော။
" ရှဲ့မိသားစုက စည်းမျဉ်းစည်းကမ်းတွေကို စာအုပ်ကြီးအတိုင်း လိုက်နာတဲ့လူတွေ။ တကယ်လို့ ငါတို့ဘက်ကသာ သတိကြီးကြီးထားပြီးတော့ ဘာအမှားမှ မလုပ်မိဘူးဆိုရင် သူတို့က ငါတို့ကို ပြဿနာရှာနိုင်မှာ မဟုတ်ပါဘူး။ မင်းရဲ့ ညာလက်ရုံး အကြီးအကဲကြီးက မစဥ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့လို့ သေသွားခဲ့ရတာ။ ပြီးတော့ အဲဒီကိစ္စထဲမှာ ရှဲ့မိသားစုက လူငယ်လေးတစ်ယောက်ပဲ ပါတာ။ အခုလောလောဆယ် ရှဲ့ဟေးရန်ရဲ့အဖေက အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်နဲ့ ပြဿနာတက်နေလို့ သူက အဲဒီ ပုဂ္ဂိုလ်ကြီးနဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ကို လိုက်ရှာနေရတာလေ။ အဲတာမလို့ သူက အဆင့်နိမ့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက်လောက်နဲ့ အချိန်ကုန်ခံနိုင်မှာ မဟုတ်ပါဘူး " တာအိုပညာရှင်လင်ဟေ့မှာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်ပြီးနောက် သူ၏ဘေးတွင် ရပ်နေသည့် လူငယ်လေးအား လှည့်ကြည့်လိုက်၏။
" ရှင်လင်း။ မင်း အဆင်သင့်ပြင်ထား။ ကြယ်ကြွေလှေက သိပ်မကြာခင်မှာ ရောက်လာတော့မှာ "
ထိုအခါ ရှင်လင်းဟု အမည်ရသည့် ထိုလူငယ်လေးမှာ ရိုသေလေးစားမှု အပြည့်ရှိသော အမူအရာအဖြင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ တာအိုပညာရှင်လင်ဟေ့အား သူ၏ စခန်းထဲသို့ ခေါ်ဆောင်သွားလိုက်သည်။ တာအိုပညာရှင်လင်ဟေ့မှာ စခန်းထဲသို့ ရောက်သွားသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့ ရှိနေသည့် ထာဝရကြယ်မျက်လုံးအား ချက်ချင်း ဖိနှိပ်ချုပ်တည်းလိုက်တော့သည်။ ထိုအခါ ထို ထာဝရကြယ်ကြီး၏ အလင်းရောင်များမှာ သိသိသာသာ မှေးမှိန်သွားရသဖြင့် ဝမ်ပေါင်လဲ့မှာလည်း ပို၍ပင် သတိကြီးကြီး ထားလိုက်ရ၏။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ ထို အတောအတွင်းတွင် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ စခန်းအား ထပ်၍ မစောင့်ကြည့်ရဲခဲ့ပေ။ သို့သော်ငြားလည်း သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး ထိုစခန်းထဲသို့ ဝင်သွားခဲ့သည်ကို မြင်ခဲ့ရ၏။ သို့သော် ထို ခေါင်းဆောင်ကြီးမှာ ပြန်လည်ထွက်ခွာလာခဲ့ခြင်းတော့ မရှိပေ။ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ သူ့အား မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ စခန်းထဲသို့ဆင့်ခေါ်ခဲ့ပြီးနောက် ထိုစခန်းထဲတွင်သာ ဆက်ရှိနေခိုင်းခဲ့ခြင်း ဖြစ်ရပေမည်။
ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး ရောက်ရှိလာပြီးနောက် နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ အခြေအနေများမှာ တင်းမာလာ၏။ အများပြည်သူလူထုမှာ သူ၏ ရောက်ရှိလာမှုကြောင့် စိုးရိမ်စိတ်များ ကြီးထွားလာကြသည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်ထားခြင်းဖြစ်ကြောင်း သိထားသည်။ သူသည် ဝမ်ပေါင်လဲ့အား ခြိမ်းခြောက်နိုင်ရန်နှင့် စိတ်လိုက်မာန်ပါ မပြုမူနိုင်အောင် ဖိနှိပ်ချုပ်တည်းထားနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
" ဒါပေမဲ့ သူက ငါ့ရဲ့ဝှက်ဖဲကို မသိထားသေးပါဘူး " ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ စခန်းအား လှမ်းကြည့်နေရင်း မျက်လုံးများ မှေးသွား၏။ သူသည် စိတ်ဖိအားများ ခံစားနေရပါသော်လည်း အကဲဖြတ်သုံးသပ်မှုအချို့ ပြုလုပ်လိုက်ပြီးနောက် သူ၏အစီအစဉ်မှာ အလုပ်ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။
" သူ အဲဒီလှေပေါ်ကို တက်နိုင်မှာ မဟုတ်လောက်ပါဘူး "
" အဲတာဆိုရင် ငါ အဲဒီ လှေပေါ်ကို တက်ပြီး သူ့ရဲ့ လူမှုအဖွဲ့အစည်းထဲက ပါရမီရှင်ကို သူ့ရဲ့ရှေ့မှာ သတ်ပြလိုက်ရင်တောင် သူက ငါ့ကို ဘာမှ ပြန်လုပ်နိုင်မှာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ ထိုအစီအစဉ်မှာ အရဲစွန့်ရာ ကျပါသော်လည်း သတ္တိကြောင်နေပါက မည်သည့်အရာကိုမှ ရရှိပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။
" ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က ခေါင်းတလားကြီးထဲမှာဆိုတော့ ဒီအဘိုးကြီး ရှာမတွေ့လောက်ပါဘူး။ အဲဒီ ခေါင်းတလားကြီးက နှယ်နှယ်ရရမှ မဟုတ်ဘဲ။ အဲတာဆိုရင် ငါ တိုက်ပွဲထဲမှာ ရှုံးသွားရင်တောင် ကိုယ်ပွားတစ်ခုကိုပဲ ဆုံးရှုံးလိုက်ရမှာ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်၏။ သူသည် သူ၏ အစီအစဉ်အတိုင်း ကျား၏ခံတွင်းဝမှ အစာအား လုယူရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ထိုသို့ဖြင့် နှစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၊ နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ဝမ်ပေါင်လဲ့တို့မှာ အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။ ယခုတွင် သူတို့မှာ ကြယ်သုဿာန် ပွင့်မည်အချိန်ကို စောင့်ဆိုင်းနေရန်သာ လိုတော့ပေသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့ လမ်းခုလတ်၌ ကြုံတွေ့ခဲ့ဖူးသည့် ဝိညာဉ်လှေကြီးမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ တိတ်တဆိတ်ဝင်ရောက်လာ၏။
၎င်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အတွင်းပိုင်းထဲအထိ ဝင်ရောက်လာခြင်းမရှိဘဲ ၎င်း၏ နယ်စပ်ဒေသထဲတွင်သာ ရစ်ဝဲနေသည်။ ယခုတွင် ထို လှေကြီးပေါ်ရှိ ပါရမီရှင် အရေအတွက်မှာ အယောက်ငါးဆယ်နီးပါး ရှိနေပြီးဖြစ်သည်။ ထို ဝိညာဥ်လှေကြီး စကြဝဠာကြီးထဲ၌ ရပ်တန့်သွားချိန်တွင် လူပုံစံစက္ကူရုပ် လှေသမားကြီးမှာ ခေါင်းမော့လာ၏။ ၎င်းမှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ စခန်း ရှိနေသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် ၎င်း၏ ညာဘက်လက်ကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ငိုကြွေးသံနှင့် ဆင်တူသည့် ဆင့်ခေါ်သံကြီးတစ်သံမှာ စကြဝဠာကြီးထဲ၌ ပြည့်နှက်သွားတော့သည်...
စကားသံတစ်သံမှ ထွက်ပေါ်လာခြင်းမရှိဘဲ ငိုကြွေးသံကြီးသာလျှင် စကြဝဠာကြီးထဲ၌ ပဲ့တင်ထပ်နေ၏။ ထို့အပြင် ထိုအသံအား လူတိုင်း မကြားနိုင်ပေ။ တော်ဝင် သွေးမျိုးဆက်အား ပိုင်ဆိုင်ထားသည့် နတ်ဧကရာဇ် တရားမျှမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တာအိုပညာရှင်လင်ဟေ့တို့သာလျှင် ထိုအသံအား ကြားနိုင်ပေသည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် အခြားသူများအားလုံးမှာ ထိုအသံအား လုံးဝ မကြားရပေ။
ဝမ်ပေါင်လဲ့မှာ ထိုလှေပေါ်သို့ တက်ခဲ့ဖူးသည်ဖြစ်ရာ သူသည်လည်း ထို အသံအား ကြားနေရ၏။ ထို့ကြောင့် သူသည် ထာဝရကြယ်မျက်လုံး၏ အကူအညီဖြင့် သူ၏ နတ်ဘုရားစိတ်ဆန္ဒအား စကြာဝဠာကြီးထဲသို့ ထုတ်လွှတ်လိုက်သောအခါ ဝိညာဉ်လှေကြီးပေါ်ရှိ လူပုံစံစက္ကူရုပ်အား မြင်လိုက်ရတော့သည်။
" ရောက်လာပြီပဲ " ထိုအခါ ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ တက်ကြွသွား၏။