← Chapters

အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ဖော်စပ်ခြင်း

Vol. 20 Ch. 267

အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ဖော်စပ်ခြင်း

Vol. 20 Ch. 267

‌ရှေးခေတ်နတ်ဘုရားသားရဲများထဲ၌ မိုးကြိုးလျှပ်စီးအားထိန်းချုပ်နိုင်သူ အနည်းငယ်သာလျှင် ရှိသည်။

ရှေးခေတ်အခါက ခြေတစ်ချောင်းနှင့် နဂါးခန္ဓာကိုယ်ရှိသော နတ်ဘုရားသားရဲခွေသတ္တဝါသည် မိုးကြိုးနတ်ဘုရား၏ စီးတော်သားရဲဖြစ်ခဲ့သည်ဟု ပြောကြသည်။

သို့သော်လည်း ထိုနတ်ဘုရားသားရဲမျိုးက အချိန်မြစ်ထဲတွင် ပျောက်ကွယ်သွားပြီး ဖြစ်သည်။ နတ်ဘုရားသားရဲ၏သားမွေးသည် အဘယ်ကြောင့် ပြန်လည်ထွက်ပေါ်လာသနည်း။

“ကမ္ဘာပေါ်မှာရှိတဲ့လူတချို့က အရမ်းကံကောင်းပြီး ဘယ်ရတနာကိုမဆို ရနိုင်တယ်လို့ ပြောကြတယ်”

ကျိုးယွင်လုံက ဟန်မူယဲ့ကိုကြည့်လိုက်သည်။

“သခင်က အဲဒီလို လူမျိုးလား”

တာအိုဆရာတယန်က လောကတွင် ထိုသို့သောလူမျိုးမရှိကြောင်း ပြောချင်မိသည်။

သို့သော်လည်း ခွေသားရဲ၏သားမွေးကိုကြည့်လိုက်ပြီး သူက ဓားဆေးလုံးနှင့် ဓမ္မရတနာများအကြောင်းကို ဆက်တွေးမိသည်။ ဟန်မူယဲ့မှာ လိုအပ်နေသောအရာမျိုး မရှိပါ။ သူသည် အင်မော်တယ်အဆင့်ဆေးလုံးများကို သကြားလုံးသဖွယ် စားနိုင်သည်။ သူသည် ကောင်းကင်ဘုံ၏ကောင်းချီပေးခြင်းကို ခံထားရသောလူ မဟုတ်လျှင် တခြားလူ မဖြစ်နိုင်ပေ။

‘ဒီလိုလူမျိုးကို သခင်အဖြစ်အသိအမှတ်ပြုရတာ သိပ်မဆိုးလောက်ပါဘူး’ သူက တွေးမိသည်။

ဟူး…

မီးပြင်းဖိုသည် တုန်ခါလာပြီး တာအိုဆရာတယန်၏အတွေးများကို နှောင့်ယှက်လိုက်သည်။

တုန်ခါနေသောမီးပြင်းဖိုသည် အထဲတွင်ရှိနေသည့် ဝိညာဉ်ဆေးလုံးကို ဖိနှိပ်မထားနိုင်တော့ပါ။

ဟန်မူယဲ့က တုံ့ဆိုင်းမနေပေ။ သူက လက်ဖြန့်လိုက်ပြီး သားမွေးကို မီးပြင်းဖိုပေါ်သို့ ပစ်ထည့်လိုက်သည်။

ဝုန်း...

မိုးကြိုးတစ်စင်းသည် မီးပြင်းဖိုထဲသို့ ကျဆင်းသွားသည်။ သုံးချောင်းထောက်မီးပြင်းဖိုထဲတွင် ပြန့်ကျဲနေသော ဆေးစွမ်းအားဝဲကတော့မှာ မိုးကြိုးကြောင့် ပျောက်ကွယ်သွားပြီး ပြန်လည်စုစည်းလာသည်။

၎င်းသည် အလုပ်ဖြစ်၏။

ဟန်မူယဲ့က ပြုံးလျှက် လက်ညိုးဖြင့် ထိုးလိုက်သည်။ မိုးကြိုးမှာ မီးပြင်းဖိုထဲသို့ လမ်းကြောင်းပြောင်းခံလိုက်ရ၏။

မီးပြင်းဖိုထဲတွင် ဆေးစွမ်းအားဝဲကတော့သုံးခုသည် စုစည်းသွားပြီးနောက် တောက်ပနေသော ‌ဆေးလုံးများအဖြစ် စုစည်းသွားကြသည်။

အာကာသဝိညာဉ်သူငယ်ဆေးလုံး…။

အာကာသဝိညာဉ်သူငယ်ဆေးလုံးသုံးလုံးသည် မီးပြင်းဖိုထဲတွင် လှည့်ပတ်၍ ကစားနေကြသည်။

ဟန်မူယဲ့က မီးပြင်းဖိုထဲတွင်ရှိသော အာကာသဝိညာဉ်သူငယ်ဆေးလုံးများကို ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် မြင်ကွင်းများ ပေါ်လာသည်။

မိုးကြိုးစွမ်းအားဖြင့်ဆိုလျှင် သာမန်အဆင့် အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ရရှိရန် အာမခံနိုင်သည်။

သို့သော်လည်း ဟန်မူယဲ့က သာမန်အဆင့်ဖြင့် ကျေနပ်တတ်သောလူမျိုးမဟုတ်ပေ။

ထိုဆေးလုံးများက အင်မော်တယ်အဆင့်ဖြစ်မလာလျှင်ပင် အထွတ်အထိပ်အဆင့်အရည်အသွေး ဖြစ်လာရမည်။

ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲမှ ဓားချီများ ပေါ်ထွက်လာသည်။

ဓားဆန္ဒတစ်ခုက မီးပြင်းဖိုကို ဝင်တိုက်လိုက်သည်။

ခလွမ်…

မီးပြင်းဖိုသည် တုန်ခါသွားပြီး စုစည်းနေသောဆေးလုံးများမှာ ပြိုကွဲ၍ ဆေးလုံးချီစွမ်းအားများအဖြစ် ပြောင်းလဲသွားကြသည်။

ဘေးတွင် ရပ်ကြည့်နေသော ကျိုးယွင်လုံက နှုတ်ခမ်းများတွန့်သွားပြီး တီးတိုးပြောသည်။

“ဒီဓားချီက ကုန်ဆုံးသွားတာလား”

‘ကမ္ဘာမြေဝိညာဉ်နိုးထခြင်းအဆင့်နဲ့ အမြုတေစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် ဓားဆန္ဒတစ်ခုကို ပျိုးထောင်ဖို့ သုံးနှစ်ကနေ ငါးနှစ်အထိ ကြာတယ် မဟုတ်လား’ သူက တွေးမိသည်။

‘သူက အဖိုးတန်တဲ့ဓားဆန္ဒကို ဒီလိုမျိုးပဲ သုံးလိုက်တာလား’

တိမ်တိုက်နဂါးဓားကို ဓားဆန္ဒဖြင့် အမြဲမပြတ်ပျိုးထောင်ပေးပါလျှင် အချိန်အတော်ကြာကတည်းက အဆင့်တက်သွားပြီး ဖြစ်ပေမည်။

တာအိုဆရာတယန်က ကျိုးယွင်လုံကို လှည့်ကြည့်သည်။ ထို့နောက် သူက တည်ငြိမ်စွာပြောသည်။

“နောက်ပိုင်းကျရင် သူ့ဆီမှာအပေါဆုံးအရာက ဓားဆန္ဒတွေဆိုတာကို မင်း နားလည်သွားလိမ့်မယ်”

‘ဓားဆန္ဒမလိုတဲ့လူ ရှိတာလား’

ကျိုးယွင်လုံက မယုံပေ။

သို့သော်လည်း တာအိုဆရာတယန်သည် ရိုးသား‌‌သောလူဖြစ်ပြီး သူ့ကို လိမ်မည် မဟုတ်ပေ။

ဟန်မူယဲ့က မီးပြင်းဖိုကို စိုက်ကြည့်နေပြီး ပြောင်းလဲမှုများကို နတ်အာရုံဖြင့် စောင့်ကြည့်နေသည်။

ခဏအကြာတွင် မီးပြင်းဖိုထဲတွင် ဆေးလုံးတစ်လုံး ဖြစ်ပေါ်လာသည်။

ဆေးလုံးပေါ်တွင် အပိုအင်းကွက်တစ်ခု ရှိနေသည်။

ထိုအင်းကွက်သည် ဆေးလုံး၏အလယ်တွင်ရှိနေပြီး သဘာဝစွမ်းအင်အလင်းများတောက်ပလျက် ထူးခြားဆန်းကြယ်မှုကို ထုတ်လွှတ်ပေးနေသည်။

ထိုအရာမှာ ပြောင်းလဲခြင်းနည်းလမ်း ဖြစ်သည်။

ဆေးလုံးကို ထပ်မံသန့်စင်လိုက်လျှင် အပိုအင်းကွက်တစ်ခု ထပ်ပေါ်လာလိမ့်မည်။ အကယ်၍ ကိုးကြိမ်သန့်စင်နိုင်လျှင် နဝင်းကိုးပါးဆေးလုံးကို ရပေမည်။

ယခုအချိန်တွင် အာကာသဝိညာဉ်သူငယ်ဆေးလုံးသည် ဒုတိယပြောင်းလဲခြင်းအဆင့်သို့ ရောက်နေသည်။

ဒုတိယပြောင်းလဲခြင်း၌ ‌ဆေးလုံး၏အဆင့်သည် ပိုမြင့်လာပြီး ဆေးစွမ်းအားများ ပိုမိုများပြားလာသည်။

ထိပ်တန်းအဆင့်ဆေးလုံး…။

မီးပြင်းဖိုထဲတွင်ရှိနေသော ဆေးလုံးသုံးလုံးသည် ထိပ်တန်းအဆင့်ဆေးလုံးများဖြစ်သည်။

‘ဒါက လုံလောက်ပြီလား’

ဟန်မူယဲ့က မီးပြင်းဖိုကို ကြည့်ပြီး စဉ်းစားနေသည်။

သူက ဆေးစွမ်းအားကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ချက် သိပ်မရှိပေ။ သို့သော်လည်း လက်လျော့လိုက်ရန် တွန့်ဆုတ်နေသည်။

အာကာသဝိညာဉ်သူငယ်ဆေးလုံးအတွက် လိုအပ်သောဝိညာဉ်ဆေးပင်များက ရှာရခက်သည်။

ခေါင်းဆောင်တောက်ရင်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အစွမ်းကုန်ရှာဖွေခဲ့သည့်တိုင် သုံးဖုံစာသာ ရခဲ့သည်။

ယနေ့ပြီးသွားလျှင် အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ထပ်မံဖော်စပ်နိုင်ရန်အတွက် အချိန်အတော်ကြာပေလိမ့်မည်။

သူက ‌‌ဆေးလုံးကိုလိုအပ်နေသောအချိန်၌ ဝိညာဉ်ဆေးပင်များ တစ်စုံစာထပ်ရရန် မသေချာပေ။

“ကြိုးစားကြည့်ရအောင်”

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် ရေရွတ်သည်။ သူက လက်မြှောက်လိုက်သောအခါတွင် ကျောက်စိမ်းရောင်အလင်းလုံးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။

“ဒါက ဝိညာဉ်သူငယ်အတုရဲ့ စွမ်းအားပဲ ....”

တာအိုဆရာတယန်က စုတ်သပ်လိုက်ပြီး မသိစိတ်အလျောက် နောက်ဆုတ်မိသည်။

ထိုအရာက သူဖမ်းယူခဲ့သော ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူ၏ ဝိညာဉ်သူငယ် ဖြစ်သည်။

ဝိညာဉ်သူငယ်သည် မူလခန္ဓာကိုယ်နှင့် ကင်းကွာသွားပြီဖြစ်သောကြောင့် သေဆုံးသွားပြီး သန့်စင်သော ချီစွမ်းအင်များကိုသာ ချန်ရစ်ခဲ့သည်။

ထိုချီစွမ်းအင်သည် နဝမအဆင့်ရွှေအမြုတေထက် အဆပေါင်းများစွာသိပ်သည်းထူထပ်သည်။

ဝိညာဉ်သူငယ်ပေါက်ကွဲသွားလျှင် ပတ်ဝန်းကျင်တစ်ခုလုံး အပျက်အစီး ဖြစ်သွားပေမည်။

မီးပြင်းဖိုရှေ့တွင် ထိုင်နေသော ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်မြှောက်၍ ဝိညာဉ်သူငယ်အတု၏စွမ်းအားများကို မီးပြင်းဖိုထဲသို့ လမ်းညွှန်လိုက်သည်။

သူက ကျန်ရှိနေသော အလင်းလုံးကို သိမ်းဆည်းလိုက်သည်။

ဝုန်း...

ဝိညာဉ်သူငယ်အတု၏စွမ်းအားများက ဆူပွက်နေပုံရသော မီးပြင်းဖိုနှင့် ထိတွေ့သွားသည်။

ပုံစံဖြစ်ပေါ်ထားသောဆေးလုံးများက ထပ်မံလည်ပတ်သွားပြီး ဝဲကတော့အသွင်ပြောင်း၍ ချီစွမ်းအားများကို စုပ်ယူလိုက်သည်။

ရွှေရောင်ဆေးလုံးများပေါ်တွင် မည်းနက်နေသောအင်းကွက်တစ်ခု ထပ်မံ၍ ပေါ်လာသည်။

ဆေးလုံးများမှာ ပျောက်ကွယ်သွားပြီး အဝါဖျော့ရောင် ပုံရိပ်တစ်ခုကိုသာ ချန်ရစ်ခဲ့၏။

ဒုတိယမြောက်ဝိညာဉ်အင်းကွက် ပေါ်လာသည်။

ဝုန်း...

ဤတစ်ကြိမ်မှာတော့ မီးပြင်းဖို၏ပတ်ပတ်လည်တွင် ရှိနေသော သားမွေးပေါ်၌ တောက်ပနေသော လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာပြီး လျှပ်စီးပင်လယ်အဖြစ် ကူးပြောင်း၍ မီးပြင်းဖိုကို လွှမ်းခြုံလိုက်သည်။

လျှပ်စီးပင်လယ်ထဲတွင် တိမ်တိုက်အင်းကွက်နှစ်ခုနှင့် ဆေးလုံးသုံးလုံးသည် အပြည့်အဝဖြစ်ပေါ်လာသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး တိမ်တိုက်နှင်းစက်လက်ချောင်းကို အသက်သွင်း၍ ဆေးလုံးသုံးလုံးကို လှမ်းယူသည်။

သွယ်ယှက်နေသော ဝိညာဉ်အင်းကွက်များကြောင့်မဟုတ်လျှင် ဆေးလုံးသုံးလုံးကို မြင်နိုင်မည် မဟုတ်ပေ။ ဆေးလုံးများသည် ပုံရိပ်ယောင်အဖြစ် အပြည့်အဝပြောင်းလဲသွားကြသည်။

“အာကာသဝိညာဉ်သူငယ်ဆေးလုံး”

“အင်မော်တယ်အဆင့်နှစ်လုံးနဲ့ အထွတ်အထိပ်အဆင့်တစ်လုံး”

တာအိုဆရာတယန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်၍ တီးတိုးပြောသည်။

“ငါတို့က မူလမီးတောက်ကမ္ဘာမှာရှိနေပြီး ကောင်းကင်တာအိုက မပြည့်စုံတဲ့အတွက် ကောင်းကင်ကပ်ဘေး ကျဆင်းမလာတာပဲ”

တာအိုဆရာတယန်က ဟန်မူယဲ့ကိုကြည့်ပြီး ခေါင်းခါသည်။

“မင်းက ကောင်းကင်ကပ်ဘေးကို ခုခံနိုင်မှာမဟုတ်ဘူး”

ဟန်မူယဲ့က ပြုံးသည်။

တာအိုဆရာတယန်၏စကားများက မှန်ကန်သည်။

သူက ကောင်းကင်ဘုံကပ်ဘေးနှစ်ခု၏စွမ်းအားကို မခုခံနိုင်ပေ။

အနာဂတ်တွင် ဆေးလုံးများဖော်စပ်လျှင် သတိထားရပေမည်။

သို့သော်လည်း သူ့တွင် မိုးကြိုးကပ်ဘေးကို ခုခံနိုင်သော ရတနာတစ်ခု ရှိသည်။

မိုးကြိုးလျှပ်စီးစွမ်းအားများ အများအပြားကုန်ဆုံးသွားသော သားမွေးကို ကြည့်လိုက်ပြီး ဟန်မူယဲ့က ပြုံးသည်။

ခလွပ်….

ထိုအချိန်၌ သူ့ရှေ့တွင် ရှိနေသော မီးပြင်းဖိုက အသံပေးလိုက်သည်။

မီးပြင်းဖို အက်ကွဲသွားသည်။

ဟန်မူယဲ့၏မျက်နှာထားက တောင့်တင်းသွားသည်။

သူက မီးပြင်းဖိုအများအပြားကို ဖျက်ဆီးလိုက်ပြီး ဖြစ်သည်။

ပိုင်စုကျန်းဆီမှ မီးပြင်းဖိုနောက်တစ်လုံး ထပ်တောင်းရန်အတွက် သူ ရှက်ရွံ့နေသည်။

သူက နဝင်းကိုးပါးရွှေကြာစေ့‌ဆေးလုံးကို ထပ်မံဖော်စပ်ရန် စီစဉ်ထားသော်လည်း ယခုအချိန်တွင်တော့ မီးပြင်းဖိုမှာ အက်ကွဲသွားပြီဖြစ်သောကြောင့် လက်လျော့လိုက်ရသည်။

သူက သားမွေးနှင့် ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။ ဝင်္ကပါပြား၏အကာအကွယ်ကို ရုတ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်၍ အပြင်ဘက်သို့ ပျံထွက်သွားသည်။

အခန်း၏အပြင်ဘက်တွင် လုကောနှင့် လူအများအပြားတို့သည် စိုးရိမ်စွာဖြင့် အခန်းကို ကာကွယ်နေကြ၏။

ခေါင်းမော့ကြည့်လိုက်လျှင် အဝေးတစ်နေရာမှာ ပေါက်ကွဲထွက်နေသော ဓားချီနဲ့ ဝိညာဉ်စွမ်းအင်အလင်းများကို မြင်နိုင်သည်။

“စီနီယာအစ်ကိုဟန်”

ဟန်မူယဲ့ ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် လုကောက လျင်မြန်စွာ ရှေ့တိုးလာသည်။

“စီနီယာအစ်ကိုဟန်၊ ခုန်းလင်တာအိုဂိုဏ်းက အပြင်းအထန် ထိုးစစ်ဆင်လာတယ်။ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူသုံးယောက်က ခေါင်းဆောင်တောက်ရင်ကို ဝိုင်းတိုက်နေတယ်”

“ခေါင်းဆောင်က စီနီယာအစ်ကိုဟန်ထွက်လာတဲ့အထိ ကာကွယ်ထားဖို့ ပြောတယ်”

“သူက ရန်သူတွေကိုခုခံထားပြီး ဆေးဖော်နေတာကို မနှောင့်ယှက်ဖို့ ဆုံးဖြတ်ထားတယ်”

‘ခုခံတာလား’

သူက မျက်လုံးများ ကျဉ်းမြောင်းလိုက်သည်။

အဝေးတစ်နေရာတွင် ရှိနေသောမီးတောက်များသည် ဖိနှိပ်ခံနေရပြီး အပြင်းအထန်ခုခံနေရကြောင်း ထင်ရှား၏။

“နန်းတော်သခင်၊ အကြီးအကဲတောက်ရင်က နန်းတော်သခင်ကို ဒီကမ္ဘာကနေ အရင်ထွက်သွားဖို့ မှာကြားလိုက်ပါတယ်”

ဓားဆန္ဒများဖြင့် ပြည့်နှက်နေပြီး အဝတ်အစားများ ဖရိုဖရဲဖြစ်နေသော ဝမ်လော့ရှန်က လျင်မြန်စွာရောက်လာပြီး အော်ပြောလိုက်သည်။

“ကျုပ်တို့ကို ခုန်းလင်တာအိုဂိုဏ်းက ဝိုင်းထားပြီဖြစ်တဲ့အတွက် ချိုးဖျက်ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး။ ဒီကနေ ထွက်သွားဖို့ပဲ လုပ်ရတော့မယ်”

ဝမ်လော့ရှန်သည် မကျေမနပ်ဖြစ်နေပုံရပြီး ဝေခွဲမရ ဖြစ်နေသည်။

အစီအရင်ပြားနှင့် လူအများအပြားထွက်သွားရန် မဖြစ်နိုင်ပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အာကာသလမ်းကြောင်းကို ထောက်ပံ့ထားသောစွမ်းအားများ သိပ်မရှိတော့ပါ။

မူလမီးတောက်နန်းတော်၏ ကျန်ရစ်သောတပည့်များမှာ သေချာပေါက် အသတ်ခံရပေမည်။

မူလမီးတောက်နန်းတော်၏ ခေါင်းဆောင်ဖြစ်နေသောကြောင့် သူက ထိုဆုံးဖြတ်ချက်ကို ချလိုက်ရန် ခက်ခဲနေသည်။

“သွားရမှာလား”

ဟန်မူယဲ့က‌ တောက်ပနေသောမျက်လုံးများဖြင့် ကောင်းကင်ကို ကြည့်သည်။

All Chapters