ငလျင်ဒယ်အိုး
Vol. 30 Ch. 418
ခေါင်းကြီးက အလွန်ကြီးမားပြီး ဘုကြီးကလည်း သေးသေးမွှားမွှား မဟုတ်ပေ။ သို့သော် မြေကြီးကို တူးထွက်လာသော လူကား အရပ်သိပ်မမြင့်။ ငါးပေသာ ရှိပြီး သူ့မျက်နှာတွင် မုတ်ဆိတ်မွှေးများ ပြည့်နေသည်။
“မြေခရီးသွားခေါင်းဆောင်၊ ဒီစံအိမ်ကို အထက်ကောင်းကင်ဘုံရဲ့ ဧကရာဇ်လေးပါး တည်ဆောက်ခဲ့တာပါ။ သူတို့၏ရတနာအတော်များများကို ဒီစံအိမ်အတွက် အကုန်အကျ ခံထားကြတာ” ချင်မူ ရှင်းပြလိုက်သည်။
“အဲဒီသူတောင်းစားတွေပဲလား” လူပုလေးက ခုန်ထွက်လိုက်ပြီး မြေပြင်ပေါ် ဘုန်းခနဲ ဆင်းသက်လိုက်သည်။ အရပ်ပုသော်လည်း သူ့ခန္ဓာကိုယ်သည် အံ့အားသင့်ဖွယ်ရာ လေးလံ၏။ သူက ခေါင်းမော့ကာ ပြောလိုက်သည်။ “တောသား..... မင်းက လူသားဧကရာဇ်လား။ မာနကြီးတစ်ခွဲသားနဲ့ ဟိုလူသားဧကရာဇ်ကြီး သေပြီလား”
သူက ချင်မူ့အဖြေကို မစောင့်ဘဲ မဖုံးမဖိနိုင်အောင် ပျော်သွားသည်။ “ကောင်းတယ်။ သူ အသေဆိုးနဲ့ သေသွားလား။ အသေဆိုးနဲ့ သေသွားတာပဲ ဖြစ်မယ် ဟုတ်တယ်မလား။ ဟားဟားဟား နေ့တိုင်း မာနကြီးတစ်ခွဲသားနဲ့ ငါတို့ကို ခဏခဏ ခေါ်ပြီး တိုက်ခိုက်ခိုင်းနေမှတော့ အဲဒီလူ အသေဆိုးနဲ့ သေမယ်မှန်း ငါ သိနေတာပဲ။ စဉ်းစားကြည့်ကွာ၊ တစ်ခါနှစ်ခါဆို ဘာမှမဖြစ်သေးဘူး။ မြစ်ကမ်းဘေး ခဏခဏ သွားရပ်နေမှတော့ ဖိနပ်တွေ ရေမစိုဘဲ နေတော့မလား။ ကစားလေလေ၊ လမ်းပျောက်လေလေ ဆိုသလိုပေါ့။ အခုတော့ သေနေလောက်ပါပြီ ဟုတ်တယ်မလား”
ချင်မူ ခေါင်းလှည့်ကြည့်လိုက်သော်လည်း ရွာလူကြီးကို မတွေ့ပေ။ ‘စောစောကလေးတင် ဒီနားမှာ ရွာလူကြီး ရှိနေတာပါ၊ အခု ဘယ်ပြေးသွားတာပါလိမ့်’
“ငါက မြေခရီးသွားခေါင်းဆောင် ထုရှင်းဖုန်း၊ လက်ရှိခေါင်းဆောင်ပေါ့လေ။ ငါ့ဘိုးဘေးကြီးက ခိုင်ဧကရာဇ်ခေတ်က မြေအရှင်သခင်ပဲ။ ငါတို့ဒီမိသားစုလုံး ဟော့ဒီလောက် ပုကြတယ်။ မင်း မဟာမြို့ပျက်ထဲက မြေကျောင်းဆောင်ကို မြင်ဖူးလောက်ပါတယ် ဟုတ်တယ်မလား။ သူတို့ ကိုးကွယ်နေတာ ငါတို့မိသားစုရဲ့ ဘိုးဘေးကြီးပဲ”
လူပုလေးက ရေပက်မဝင်အောင် စကားများပြီး စကားပြောလည်း မြန်သည်။ “ငါတို့မျိုးရိုးက ကလေးသိပ်မွေးနိုင်တာကွ။ ဒါကြောင့် ခိုင်ဧကရာဇ်ခတ်တုန်းကဆိုရင် ဘယ်နေရာမှာမဆို မြေအရှင်သခင်တွေချည်းပဲ။ မြေကျောင်းဆောင်တွေလည်း ပေါချက်။ တောင်တိုင်းမှာ ငါတို့မြေခရီးသွားတွေရဲ့ နတ်ဘုရားတွေ ရှိခဲ့ကြတာ
“ဒါပေမဲ့ ငါတို့ကြားမှာ လူကောင်သေးလေ၊ ကောင်းလေပဲ။ ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်သွားကတည်းက ငါတို့သွေးဆက်က မသန့်တော့ဘဲ ငါတို့တွေ အရပ်ရှည်သထက် ရှည်လာကြတယ်။ ငါ့အရပ်နဲ့ဆို မြေခရီးသွားတွေကြားမှာ လူထွားကြီး ဖြစ်နေမှာ။ ဘိုးဘေးတွေကတော့ စိတ်ပျက်မိကြမှာပဲ။ ငါ့မှာ ညီအစ်ကိုနှစ်ဆယ့်ရှစ်ယောက် ရှိတယ်။ ငါကတော့ အကြီးဆုံး၊ ဒုတိယညီက ...”
ချင်မူ ချောင်းဟန့်ကာ ပြောလိုက်သည်။ “အားလုံး အထဲကြွကြပါခင်ဗျာ”
ရုတ်တရက် မိစ္ဆာလေတစ်ချက် ဝှေ့တိုက်လာသည်။ ထူးဆန်းသော ပုံပန်းသွင်ပြင်များဖြင့် ယောက်ျားငါးယောက်၊ မိန်းမငါးယောက်က အနက်ရောင်မိစ္ဆာလေပေါ်တွင် ရပ်နေကြ၏။ “မိစ္ဆာမျိုးနွယ်ခေါင်းဆောင်၊ မိစ္ဆာနတ်မင်းငါးဦး လူသားဧကရာဇ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ရောက်လာကြပြီ”
ချင်မူ အံ့အားသင့်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ဘေး၌ လာရပ်ကာ ပြောလိုက်၏။ “ဒီငါးဦးလုံးက မိစ္ဆာမျိုးနွယ်ပဲ၊ သူတို့အစွမ်းအစက တော်ရုံတန်ရုံ မဟုတ်ဘူး”
ချင်မူ၏ ရင်ထဲတွင် အတန်ငယ် လှုပ်ခတ်သွားသည်။ လူ့ပြည်တွင် မြေခွေး၊ အဝါ၊ အဖြူ၊ မိုးမခ နှင့် ကြွက်ဟူသည့် နတ်မင်းငါးပါးအကြောင်း ဒဏ္ဍာရီများ ရှိကြသည်။ မြေခွေးနတ်မင်းက မြေခွေး၊ အဝါနတ်မင်းက မြွေပါ၊ အဖြူနတ်မင်းက ဖြူကောင်၊ မိုးမခနတ်မင်းက မြွေဖြစ်ပြီး ကြွက်နတ်မင်းက ကြွက်ဖြစ်၏။ ငါးဦးစလုံးသည် မိစ္ဆာမျိုးနွယ်၏ ခေါင်းဆောင်များ ဖြစ်ကြကာ မိစ္ဆာများအကြား ထင်ပေါ်ကျော်ကြားသည့် မျိုးနွယ်စုငါးစုကို ကိုယ်စားပြုကြသည်။
ပထမမျိုးဆက် လူသားဧကရာဇ်က လူသားများကိုသာမက မိစ္ဆာများကိုပင် ကယ်တင်ပေးခဲ့သည့်အတွက် မိစ္ဆာခေါင်းဆောင်ငါးဦးသည်လည်း လူသားဧကရာဇ်တံဆိပ်တော် သွန်းလုပ်ရာတွင် ရတနာများ ဆက်သခဲ့ကြသည်။
“ဧည့်သည်ငါးဦးတို့ ၊ ကြွပါ”
ချင်မူ အကုန်လုံးကို စံအိမ်ထဲ ဖိတ်ခေါ်လိုက်ပြီး ပင်မခန်းမထဲတွင် ထိုင်စေလိုက်သည်။ ရွာလူကြီးလည်း ရောက်လာသော်လည်း အကုန်လုံးက တုတ်ချောင်းတစ်ချောင်းသဖွယ် ဖြစ်နေသော အဘိုးကြီးကို ကြည့်ကာ မမှတ်မိကြပေ။
ရွာလူကြီးအပြင်၊ သားသတ်သမား၊ ရွှေအ၊ မျက်ကန်း၊ အဘိုးကြီးမာ၊ ထော့ကျိုး၊ နားကန်း၊ ဆေးဆရာနှင့် အဘွားစစ်တို့လည်း ခုံအသီးသီးတွင် ဝင်ထိုင်ကြ၏။ ထုရှန်းဖုန်းက ရွာလူကြီးကို ရင်းရင်းနှီးနှီး ခံစားမိ၍ တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေရာ ရွာလူကြီး အနေရခက်နေတော့သည်။
တခဏကြာသော် ရသေ့ကြီးချင်းယိုက ရုံဟယ်နှင့် ရုံယွင်ကို ခေါ်လာကာ ချင်မူ့ကို နှုတ်ဆက်ပြီးနောက် ရွာလူကြီးကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သည်။ “ငါတို့နောက်ကျသွားတယ်”
“ချင်းကလေး၊ ရုံကလေးတစ်၊ ရုံကလေးနှစ်” ထုရှင်းဖုန်းက ဝမ်းသာအားရ ထခုန်ပြီး အော်ဟစ်လိုက်သည်။ “မင်းတို့တွေ အသက်ရှိသေးတယ်ပေါ့။ ငါက သေကြပြီတောင် ထင်နေတာကွ။ ချင်းကလေး၊ မင်းနဲ့ လူသားဧကရာဇ်က တော်တော်ရင်းနှီးတယ်မလား။ အဲဒီအုတ်ကြားမြက်ပေါက် သေပြီလား”
ရသေ့ကြီးချင်းယိုက အတန်ငယ် အနေရခက်စွာဖြင့် ရွာလူကြီးကို လက်ညှိုးထိုးပြလိုက်သည်။ “လူသားဧကရာဇ်ဟောင်း အသက်ရှိသေးတယ် မဟုတ်ဘူးလား”
ရွာလူကြီး ရှက်လွန်း၍ ပြေးပုန်းချင်စိတ် ပေါက်လာသည်။ ထုရှင်းဖုန်းနှင့် ကျန်ရှိသူများက တဟားဟား ရယ်ပြီး သူ့ကို နှုတ်ဆက်လိုက်ကြ၏။ “ငါတို့ မင်းကို မြင်သားပဲ။ ဒီတိုင်း စချင်လို့ စနေကြတာ”
“မင်း ငါတို့ကို ခဏခဏ ခေါ်တတ်ပေမယ့် မင်းနဲ့အတူ နေခဲ့ရတဲ့အချိန်တွေကို ငါတို့ သတိရနေတာပါ”
“ရှင်နဲ့အတူတူ တိုက်ခိုက်ခွင့်ရခဲ့တာက ကျွန်မတို့အတွက် ဂုဏ်ယူစရာပါပဲ”
ရွာလူကြီး မျက်ရည်များဝိုင်းလာပြီး မည်သည်ကိုပြောရမှန်း မသိတော့ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရင်ထဲတွင် လှုပ်ရှားသွားမိ၏။ မျိုးဆက်ဟောင်း ဓားနတ်ဘုရားတွင် မိတ်ဆွေရင်းချာများစွာ ရှိသည်။ ယင်းက သူ လိုက်မမှီနိုင်သော အရာပင် ဖြစ်ချေသည်။
တထာဂတဟောင်းနှင့် တာအိုသခင်ဟောင်းလည်း ရောက်လာကြ၍ အကုန်လုံး သိုက်သိုက်ဝန်းဝန်း ဖြစ်သွားကြသည်။
“မြေပြင်ကို အုပ်စိုးနိုင်တဲ့ မျိုးနွယ်ဆိုတဲ့အတိုင်း လူသားတွေက ဆက်လက်တိုးတက်နေတာပဲ” ဘုရင်ခွန်က လူသားပညာရှင်များ ရောက်လာသည်ကို မြင်လျှင် ချီးကျူးလိုက်သည်။ ကျန်မျိုးနွယ်များကို ပေါင်းလိုက်မှ လူသားမျိုးနွယ်နှင့် ယှဉ်နိုင်သည်ကိုလည်း မြင်လိုက်ရ၍ သူ သက်ပြင်းချလိုက်မိ၏။
မိုးမခနတ်မင်းက ချင်မူ့ကို ကြည့်လိုက်သည်။ “လူသားဧကရာဇ်က လူသားဧကရာဇ်တံဆိပ်တော်ကို ထုတ်လိုက်ဆိုတော့ ဒီတစ်ခေါက် ကျွန်မတို့ တာဝန်က ဘာများပါလဲ”
မိုးမခနတ်မင်းသည် မိန်းမတစ်ယောက် ဖြစ်၏။ နာမည်အရ မိစ္ဆာဖြစ်လာသော မိုးမခသစ်ပင်ဟု ထင်မှတ်နိုင်သော်လည်း သူမက နဂါးစိမ်းသွေးဆက်မှ မိစ္ဆာပြောင်းသွားသည့် မြွေစိမ်းတစ်ကောင် ဖြစ်သည်။ သူမ အသက်ရှင်နေထိုင်ခဲ့သည်မှာ မည်မျှကြာပြီမှန်း မသိသော်လည်း သူမရုပ်သွင်က ဇရာအရေးအကြောင်း အနည်းငယ်မျှမရှိပေ။
လူသားမျိုးနွယ်အနေဖြင့် နှစ်ရှစ်ရာသာ အလွန်ဆုံး နေနိုင်သော်လည်း ကျန်မျိုးနွယ်များ၏ သက်တမ်းက ထိုအကန့်အသတ်ထက် ကျော်လွန်သည်။ မိုးမခနတ်မင်း မည်မျှကြာမြင့်စွာ နေထိုင်နိုင်ခဲ့မှန်း ချင်မူ မခန့်မှန်းနိုင်ပေ။ သို့သော် အများစုသည် ရွာလူကြီးနှင့်အတူ တိုက်ခိုက်ခဲ့ကြသော အဆင့်မြင့်သိုင်းသမားများ ဖြစ်သောကြောင့် ငယ်တော့မငယ်နိုင်။
ကျန်မိစ္ဆာနတ်မင်းများအနက် အဖြူနတ်မင်း၊ အဝါနတ်မင်းနှင့် ကြွက်နတ်မင်းတို့က ယောက်ျားများ ဖြစ်ကြကာ မြေခွေးနတ်မင်းသာ မိန်းမဖြစ်၏။
“အထက်ကောင်းကင်ကို ကြားဖြတ်တိုက်ခိုက်ဖို့ပါ” ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်သည်။ “နောင်တော်တို့၊ အစ်မတော်တို့၊ လာတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲမှာ ကျောက်ရုပ်တုတွေ၊ ရတနာတွေ မြင်ခဲ့ကြတယ်မလား။ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေက ရတနာတွေထဲက ကပ်ဘေးတွေကို လွှတ်ပေးဖို့ ဆင်းလာကြလိမ့်မယ်။ မြေငလျင်၊ မြေပြိုမှု၊ လေမုန်တိုင်း၊ မီးတောင်ပေါက်ကွဲမှုနဲ့ လေဆင်နှာမောင်းတွေအားလုံး အင်ပါယာကို ရိုက်ခတ်ကြလိမ့်မယ်။ နောင်တော်တို့၊ အစ်မတော်တို့ရဲ့ မျိုးနွယ်တွေလည်း အလားတူ ဒုက္ခရောက်ပါလိမ့်မယ်”
အကုန်လုံး မျက်မှောင်ကြုတ်သွားကြသည်။ လမ်းတွင် ကျောက်ရုပ်တုများကို သူတို့ အမှန်တကယ် သတိထားမိခဲ့၏။ ချင်မူပြောသည့်အတိုင်း ကပ်ဘေးများ ထွက်လာလျှင် သူတို့မျိုးနွယ်များလည်း ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။
“ကျုပ် မြေကြီးအောက်ကနေ ထွက်လာတဲ့ ရတနာတစ်ခု ယူလာပါတယ်။ လူကြီးမင်းတို့ တစ်ချက် ကြည့်ပေးပါ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။
သူက ထောင်ကျယ်အိတ်တစ်အိတ် ထုတ်ကာ ဂရုတစိုက် ဖွင့်လိုက်ပြီး မှော်စွမ်းအင်ကို လှည့်ပတ်လျက် ခပ်ဝိုင်းဝိုင်း ဒယ်အိုးအနီတစ်လုံးအား ပင့်မ၍ မြေပြင်ပေါ် ဂရုတစိုက် ချလိုက်သည်။
အားလုံး ဒယ်အိုးအနီကို ဝိုင်းအုံကာ ကြည့်ရှုကြ၏။ ဒယ်အိုး၏အရောင်က မီးရောင်ကဲ့သို့ နီစွေးနေပြီး ဒယ်အိုး၏ ဧရိယာက ခြောက်ဧက ရှိကာ ဧရာမအဖုံးကြီးဖြင့် တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ အဖုံးကြီး၏ အနားမှ မီးလျှံများ လျှံကျနေပြီး ဒယ်အိုး၏ပတ်ပတ်လည်၌ မီးလုံးများလည်း တစ်ချက်တစ်ချက် ဖွဲ့တည်လာတတ်သည်။ ချိတ်ပိတ်ထားသော သင်္ကေတများက အဖုံးကြီး၏ မျက်နှာပြင်တစ်လျှောက် ပြည့်နေသည်။
ဒယ်အိုးအတွင်းထဲ၌ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတစ်ရပ် ကိန်းဝပ်နေသည့်အလား ဒယ်အိုးသည် အဆက်မပြတ် တုန်ခါနေ၏။ ခန်းမတစ်ခုလုံးလည်း တုန်ခါနေ၍ အမိုးအုတ်ပြားများမှ တချောက်ချောက် မြည်သံများပင် ထွက်နေသည်။
စံအိမ်တစ်ခုလုံး တုန်ရီနေပြီး ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များလည်း ယိမ်းခါနေကြသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဒယ်အိုးထဲရှိ စွမ်းအားကို အသက်သွင်းမိမှာ စိုး၍ အတိုင်းထက်အလွန် သတိထားနေ၏။
“ဒါ ငလျင်ဒယ်အိုးပဲ” ထုရှင်းဖုန်းက ဒယ်အိုးကြီးကို နှစ်ပတ်ပတ်ကြည့်သည်။ သူ့အသံက မိုးခြိမ်းသံသဖွယ် ထွက်လာသည်။ “ငလျင်ဒယ်အိုးမှာ ငလျင်စွမ်းအား ကိန်းဝပ်နေတယ်။ အဲဒီစွမ်းအား လွတ်လာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိတဲ့ တောင်ထောင်ပေါင်းများစွာ ပြိုကျသွားလိမ့်မယ်။ တစ်ခါတုန်းက ဧကရာဇ်ရဲ့ အမိန့်တော်ကြောင့် ဒီလိုရတနာမျိုးကို ငါ့ဘိုးဘေးကြီး သွန်းလုပ်ပေးခဲ့ပြီး နေရာအနှံ့အပြားက ငလျင်စွမ်းအားတွေကို စုဆောင်းဖို့ သုံးခဲ့ဖူးတယ်”
သူက တူကြီးတစ်လက် ထုတ်လိုက်သည်။ တူ၏ခေါင်းအရှေ့ပိုင်းက ပြားနေပြီး အနောက်ပိုင်းကမူ ချွန်ထက်နေသော ချိုကြီးတစ်ခု ဖြစ်သည်။ သူက ငလျင်ဒယ်အိုးကို ဒေါင်ခနဲ ထုရိုက်လိုက်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ တားရန် ပြင်လိုက်သော်လည်း နောက်ကျသွားသည်။
စံအိမ်က မည်သို့မျှ မဖြစ်သော်လည်း ကိုက်သုံးရာပတ်ဝန်းကျင်ရှိ တောင်တန်းများ သိမ့်သိမ့်ခါသွားပြီး ကခုန်နေသကဲ့သို့ ယိမ်းထိုးကုန်ကြသည်။ မြေကြီးသည်လည်း လှိုင်းအလိပ်လိပ် ထသွား၏။ ကျောက်ခဲများ တမုဟုတ်ချင်း အစိတ်စိတ်အမြွှာမြွှာ ကြေကုန်ကာ သစ်ပင်များစွာ ပြိုလဲကုန်သည်။
ရသေ့ကြီးချင်းယို ဒေါသထွက်သွားပြီး တူကို လုလိုက်သည်။ တူ၏အလေးချိန်ကြောင့် သူ့မှာ မြေကြီးထဲ ဝင်တော့မလို ဖြစ်သွား၍ ကပျာကယာ လွှတ်ချကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ “သုံးလက်မသံချောင်း၊ မင်း ရူးနေလား”
ထုရှင်းဖုန်းက အေးအေးလူလူ တူကြီးကို ကောက်ကိုင်လိုက်သည်။ “ဒီလိုပစ္စည်းမျိုးကို ငါ့ထက် ရင်းနှီးတဲ့လူမရှိဘူး။ တစ်ချက်လောက် ခေါက်ကြည့်လို့ ဘာမှမဖြစ်ပါဘူး။ အနားတစ်ဝိုက်တော့ ပျက်စီးသွားပေမယ့် ဘယ်သူမှ မရှိတာလေ... ဘယ်သူမှ မရှိပါဘူးနော် ဟုတ်တယ်မလား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ဒီနားမှာ ဘယ်သူမှ မနေပါဘူး။ ဒါပေမဲ့ ခေါင်းဆောင်ထုရှင်း မဆင်မခြင် မလုပ်တာ အကောင်းဆုံးပါပဲ”
“ငါ စမ်းကြည့်မယ်” လိပ်နက်ခေါင်းဆောင် ရွှမ့်ရှန်းဝူက ရှေ့တက်ကာ အလေးအနက် ပြော၏။ “သုံးလက်မသံချောင်း၊ မင်း ငလျင်ဒယ်အိုးကို ခေါက်ကြည့်။ တုန်ခါလှိုင်းတွေကို ငါ ဖိနှိပ်နိုင်မလား ကြည့်ချင်တယ်”
ထုရှင်းဖုန်း မျက်လုံးများအရောင်တောက်သွားပြီး ပြုံးလိုက်သည်။ “လိပ်နက်ဒိုင်းက အခိုင်မာဆုံးအကာအကွယ်လို့ ကျော်ကြားတယ်။ ဒီငလျင်ဒယ်အိုးကို မင်း ဖိနှိပ်နိုင်လောက်ပါတယ်။ ကဲ စမ်းကြည့်ကြတာပေါ့”
ချင်မူ သူတို့ကို တားရန် ပြင်လိုက်စဉ် အဘွားစစ်က သူ့ကို လှမ်းဆွဲပြီး ခေါင်းယမ်းပြသည်။ သူမက ခပ်တိုးတိုး ပြောလိုက်၏။ “မူအာ၊ သူတို့လေးစားတာက လူသားဧကရာဇ်ရဲ့ တံဆိပ်တော်။ မင်းကို မဟုတ်ဘူး။ ဒါကြောင့် မင်းစကားကိုလည်း နားထောင်ကြမှာ မဟုတ်ဘူး။ လွှတ်ပေးထားလိုက်။ သူတို့ကို မထိခိုက်ရင် မင်းနဲ့အတူ အထက်ကောင်းကင်ဘုံကို တိုက်ခိုက်မပေးဘဲ နေလိမ့်မယ်”
ချင်မူ တားရန် ပြင်နေသည်ကို ချက်ချင်း ရပ်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ ဒီဒယ်အိုးကို အပြင်ထုတ်ပြီး သူတို့ကို စမ်းကြည့်ခိုင်းလိုက်ပါ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မှော်စွမ်းအင် ထွက်လာပြီး သူက ငလျင်ဒယ်အိုးကို ခန်းမအပြင်သို့ ဂရုတစိုက် သယ်သွားသည်။
အားလုံး အနောက်မှ လိုက်သွားကြ၏။ မြွေပျံတစ်ကောင် ခန္ဓာကိုယ်ကို ရစ်ပတ်လျက် ရှိသည့် ရှုရှန်းဝူက ရှေ့တက်လိုက်သည်။ သူ မာန်သွင်းအော်ဟစ်လိုက်သည့်အခါ ငလျင်ဒယ်အိုး၏ ပတ်ပတ်လည်သို့ လိပ်ခွံသင်္ကေတအမှတ်အသားများ ပျံသန်းသွားပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်။ ထိုအခါ အလွှာတစ်ရာနီးပါး ရှိသော သင်္ကေတကွန်ရက်တစ်ခု ဖွဲ့တည်လာပြီး တဖျပ်ဖျပ် လင်းလက်တောက်ပနေတော့သည်။
ထုရှင်းဖုန်းက တူကြီးကို မြှောက်ကာ ငလျင်ဒယ်အိုးအပေါ် ခပ်ပြင်းပြင်း ထုချလိုက်သည်။ ကမ္ဘာမြေတုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီးနှင့်အတူ အတွင်းထဲရှိ ငလျင်စွမ်းအား တမုဟုတ်ချင်း ပေါ်ထွက်လာ၏။
အဖျက်အစီးအားလှိုင်းက အကာအကွယ်အလွှာအထပ်ထပ်ကို ချိုးဖျက်ပစ်လိုက်၍ ရွှမ့်ရှင်းဝူ မျက်နှာပျက်သွားသည်။ လိပ်နက်နှင့် မြွေပျံက ပြိုင်တူအော်ဟစ်လိုက်ပြီး ရွှမ့်ရှန်းဝူ၏ ပုံသဏ္ဍာန်အစစ်အမှန် ပေါ်လာသည်။ ဧရာမလိပ်နက်ကြီးက ခွန်အားအကုန်ထုတ်ကာ တုန်ခါလှိုင်းကို ဖိနှိပ်လိုက်၏။ သူ သွေးအန်ကာ ကောင်းကင်သို့ လွင့်ထွက်သွားသည်။
အကုန်လုံးအမူအရာ ပြောင်းလဲသွားကြပြီး အားအပြင်းဆုံးသိုင်းကွက်များဖြင့် ငလျင်စွမ်းအားကို အစွမ်းကုန် ချုပ်နှောင်လိုက်ကြသည်။ စက္ကန့်ဝက်အတွင်း လူတိုင်း၏ ကောင်းကင်ရတနာ တစ်ခုပြီးတစ်ခု ပွင့်လာ၍ တဂျုန်းဂျုန်းမြည်သံများ ဆူညံသွားသည်။ သူတို့၏မူလဝိညာဉ်များ ဖွဲ့တည်လာကြကာ ကျိုးပျက်နေသော ကောင်းကင်တံတားများ ကောင်းကင်ထက်သို့ သွယ်တန်းသွားကြသည်။ တစ်ချိန်တည်းမှာပင် မှော်စွမ်းအားများ တရှိန်ထိုး ထွက်လာပြီး ငလျင်ဒယ်အိုးကို အတူတကွ ဖိနှိပ်လိုက်ကြ၏။
ငလျင်စွမ်းအားက အတန်ကြာ ငြိမ်သွားပြီးနောက် ထပ်မံထကြွလာပြန်၍ အကုန်လုံး လွင့်ထွက်ကုန်သည်။
အားလုံးမျက်နှာများ ဖြူဖျော့နေကြပြီး ငလျင်ဒယ်အိုးကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
ကြောက်မက်ဖွယ်ရာစွမ်းအင်ကို ပိတ်ဆို့နိုင်လိုက်သော်လည်း သူတို့လည်း ဒဏ်ရာအသီးသီး ရခဲ့ကြသည်။
“သုံးလက်မသံချောင်း၊ မင့်တူ အသက်သွင်းလိုက်လိုက်တာက ငလျင်စွမ်းအားပမာဏ ဘယ်လောက်လဲ” ရှမ့်ရှန်းဝူက အသံကျယ်ကြီးဖြင့် အော်မေးပြီးနောက် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ လူအသွင် ပြန်ပြောင်းလိုက်သည်။
ထုရှင်းဖုန်း ခေါင်းယမ်းပြီး ပြောလိုက်၏။ “ငလျင်ဒယ်အိုးရဲ့ စွမ်းအား တစ်ရာရာခိုင်နှုန်းတောင် မဟုတ်သေးဘူး....”
အကုန်လုံး ရင်လေးသွားကြသည်။
ဤကမ္ဘာ၏ သန်မာအားအကောင်းဆုံး သိုင်းသမားများ ဤနေရာတွင် စုနေသော်လည်း ငလျင်ဒယ်အိုး၏ စွမ်းအားတစ်ရာရာခိုင်နှုန်းကိုပင် မပိတ်ဆို့နိုင်ပေ။ အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများ ဆင်းလာပြီး ထိုကဲ့သို့ရတနာများကို အပြည့်အဝသာ အသက်သွင်းလိုက်လျှင် ...
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ထုရှင်းဖုန်း လက်ဆော့မည်ကို ကြောက်၍ ငလျင်ဒယ်အိုးကို ကမန်းကတန်း သိမ်းလိုက်သည်။ “ဒီလိုရတနာတွေ ဆယ့်ခုနစ်ခုတောင် ရှိသေးတယ်။ ရွှေ့ရလည်း ခက်တယ်။ နည်းနည်းပါးပါး ပေါ့ဆလိုက်တာနဲ့ စွမ်းအားကို အသက်သွင်းမိနိုင်တယ်”
“တစ်ခုတည်းနဲ့တင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်စီးဖို့ လုံလောက်တယ်။ ဆယ့်ရှစ်ခုဆိုတာကတော့ များလွန်းတာပေါ့” ဘုရင်ခွန်၏အကြည့်များ လှုပ်ခတ်သွားပြီး သူက ပြောလာသည်။ “ဒီကိစ္စက လူသားမျိုးနွယ်ရဲ့ ကိစ္စတင်မဟုတ်တော့ဘူး။ ဒီကမ္ဘာပေါ်မှာ နေထိုင်တဲ့ မျိုးနွယ်အားလုံးအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ်ပဲ။ ရတနာဆယ့်ရှစ်ခုရဲ့ စွမ်းအားသာ တရှိန်ထိုး ထွက်လာရင် ပင်လယ်ထဲက ငါ့ပြည်သူတွေလည်း လွတ်မြောက်ဖို့ ခက်လိမ့်မယ်”
“မြေအောက်က မြေခရီးသွားအားလုံးလည်း တုန်ခါလှိုင်းတွေကြောင့် သေသွားလောက်တယ်” ထုရှင်းဖုန်းက ပြောလိုက်သည်။
“လေမုန်တိုင်းတွေ ကောင်းကင်မှာ ပြည့်သွားရင် ကျွန်မပြည်သူတွေလည်း ဒုက္ခရောက်လိမ့်မယ်” ဘုရင်မရီ၏အသံလည်း ထွက်လာ၏။
“အဲ့ဒါဆိုရင်....” ချင်မူ ဘေးညာကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “အခုချက်ချင်း အထက်ကောင်းကင်ဘုံကို ထွက်တားကြစို့”