← Chapters

ရှေးရှေးတုန်းက အကြောင်းများ

Vol. 30 Ch. 419

ရှေးရှေးတုန်းက အကြောင်းများ

Vol. 30 Ch. 419

“မူအာ အထက်ကောင်းကင်ဘုံကို ကြားဖြတ်တားတဲ့ကိစ္စက သာမန်ကိစ္စမဟုတ်ဘူး။ ကျေးဇူးပြုပြီး မသွားပါနဲ့” အဘွားစစ်က တိုးညင်းဖျော့တော့သော အသံဖြင့် တားသည်။

ချင်မူ နဂါးများကို အစာကျွေးရန် စွမ်းအင်ဆေးလုံးများ မြန်မြန်ဆန်ဆန် ‌‌ဖော်နေသည်။ ခရီးရက်ရှည် ထွက်ရမည်ဖြစ်၍ စွမ်းအင်ဆေးလုံးများ ဖော်ထားရန်လည်း လိုအပ်သည်။ အဘွားစစ်၏အသံကို ကြားလျှင် ချင်မူ အတန်ငယ် မှင်သက်သွားပြီး သူမကို ပြုံးပြလိုက်သည်။ “ဘွားဘွား၊ ကျွန်တော်က သူတို့ကို ဖိတ်ခေါ်လိုက်တဲ့သူလေ။ မသွားဘဲ နေလို့မရဘူး”

အဘွားစစ်က ခေါင်းယမ်းကာ ပြောလိုက်သည်။ “မင်းက အရပ်ခြောက်မျက်နှာအဆင့်ပဲ ရှိသေးတာ။ မင်း မလိုက်လည်း သူတို့ ဘာမှမပြောပါဘူး။ ဒီတိုက်ပွဲအတွက် အထက်ကောင်းကင်ဘုံက အင်အားအပြည့် စေလွှတ်လောက်တယ်။ အထက်ကောင်းကင်ဘုံမှာက ဧကရာဇ်လေးပါးပဲ ရှိတာမဟုတ်ဘူး၊ တခြားနတ်ဘုရားတွေလည်း ရှိသေးတယ်... ဘွားဘွားတို့ ရှုံးရင် မဟာမြို့ပျက်ကို ပြန်ကြမယ်။ ဘယ်တော့မှ အပြင်မထွက်တော့ဘူး”

ချင်မူ မျက်နှာညှိုးသွားသော်လည်း တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရွာလူကြီး၏အသံက အဝေးမှ ထွက်လာသည်။ “အဘွားကြီးစစ်၊ သူ့ကို စိတ်ပူမနေနဲ့ လိုက်ခွင့်ပေးလိုက်စမ်းပါ”

အဘွားစစ်က ရွာလူကြီး သူ့မိတ်ဆွေများဖြင့် ဟေးလားဝါးလား ရယ်မောနေသည်ကို မြင်လျှင် ဒေါသတချောင်းချောင်း ထွက်လာတော့သည်။ “မူအာရဲ့ သိုင်းအဆင့်က နိမ့်လွန်းတယ်။ သွားရင်တောင်မှ ဘာမှအသုံးဝင်မှာမဟုတ်ဘူး”

“ဘာလို့ အသုံးမဝင်ဘဲ နေမှာတုန်း” ရွာလူကြီး သူမကို လှည့်ကြည့်ကာ ပြုံးပြသည်။ “အလောင်းကောက်ပေးရမယ့် လူတစ်ယောက်တော့ အမြဲရှိရတယ်လေ မဟုတ်ဘူးလား အဘွားကြီး”

အဘွားစစ် မှင်သက်သွားပြီး ပြောစရာစကား ရှာမတွေ့တော့ပေ။

မိမိ၏လူဖြစ်‌စေ၊ ရန်သူဖြစ်စေ တစ်ယောက်ယောက်ကတော့ အလောင်းကောက်ပေးရသည်။

လူအိုကြီးများ ကျယ်လောင်စွာ ရယ်မောနေကြသဖြင့် အဝေးမှ ရယ်သံများ ထွက်လာ၏။ ရွာလူကြီးနှင့် သူ့မိတ်ဆွေများ စကားကောင်းနေကြသည်။ ထုရှန်းဖုန်းက ငယ်ကျိုးငယ်နာများ ပြန်ဖော်နေ၍ အကုန်လုံး တဟားဟား ရယ်ပြုံးမဆုံးကြတော့ပေ။

သူတို့အားလုံးအတူတူ လက်တွဲလျက် သေရေးရှင်ရေးအခြေအနေများကို ကျော်လွှားခဲ့ကြရ၍ ပြောစရာစကားများစွာ ရှိကြသည်။ အတိတ်ကိုလည်း ပြန်လွမ်းမောမိကြ၏။

ရွာလူကြီးသည် ရှုံးနိမ့်သွားကတည်းက မြင့်မားသော ရည်မှန်းချက်အားလုံး သေဆုံးသွားခဲ့ကာ မိုးထဲလေထဲတွင် ပေတေနေတတ်သော ဒုက္ခိတအဘိုးအိုတစ်ယောက် ဖြစ်လာခဲ့သည်။ လူသားဧကရာဇ်အရှိန်အဝါများလည်း မှေးမှိန်သွားခဲ့ပြီး သူ၏သွေးသောက်ရဲဘော်များလည်း  တိုက်ခိုက်လိုစိတ် ကုန်ခမ်းသွားခဲ့ကြသည်။ သူတို့အားလုံး ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားကြကာ တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြတော့ပေ။

ယခုတွင် ရွာလူကြီး စိတ်အားပြန်တက်လာပြီး ဖိတ်ခေါ်မှုကြောင့် သူတို့အားလုံး ပြန်စုစည်းမိခဲ့ကြချေပြီ။ နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း ပြန်လည်ဆုံစည်းမှုက စိတ်အားမာန်များ တရှိန်ရှိန် တက်ကြွခဲ့သော အချိန်ဆီသို့ ပြန်ရောက်သွားစေဟန်တူသည်။

ချင်မူ သူတို့ကို ကြည့်ပြီး မည်မျှပြောင်းလဲသွားကြောင်း မြင်လိုက်ရသည်။ တချို့က တက်တက်ကြွကြွ နေတတ်သူများ မဟုတ်ပေ။ ရသေ့ကြီးချင်းယိုဆိုလျှင် တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေရသကဲ့သို့ မျက်နှာထားရှိသည်။ သို့တောင် သူပင်လျှင် အပြုံးပန်းများ ဝေဆာနေ၏။

ဤနေရာရှိ သိုင်းပညာရှင်တိုင်းသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ရာထူးမြင့်မားကြသည်။ တစ်ယောက်က မြေအောက်မျိုးနွယ်တစ်စု၏ ခေါင်းဆောင်၊ တချို့က လူ့လောက၏ အထက်၌ ရှိသော နတ်ဝိဇ္ဇာများ၊ တချို့က အကိုးကွယ်ခံ မိစ္ဆာနတ်မင်းများ ဖြစ်ကြပြီး တစ်ယောက်က မျိုးနွယ်များကို ခေါ်ကာ ပင်လယ်ထဲတွင် လွတ်လွတ်လပ်လပ် လျှောက်သွားနေသော ဘုရင်တစ်ပါးဖြစ်သည်။

လူသားဧကရာဇ်၏ တံဆိပ်တော်ကြောင့် မတူကွဲပြားသော သိုင်းပညာရှင်များ စုဝေးရောက်ရှိနေကြ၏။

“ငါတို့နှလုံးသွေးကို လောင်မြှိုက်၊ ငါတို့အတိတ်တွေကို အသက်သွင်းပြီး ကမ္ဘာကြီးကို ပြောင်းပြန်လှန်ကြစို့” ရွာလူကြီးက မာန်အပြည့်ဖြင့် ပြောလိုက်သည်။

ရသေ့ကြီးချင်းယိုမှာ ရယ်ရလွန်း၍ မျက်ရည်ဝဲလာသည်။ “မင့်ဖင်ကို လောင်မြှိုက်။ မင့်သက်တမ်းက နောက်နှစ်ဆို ကုန်ပြီမဟုတ်လား။ လောင်မြှိုက်နိုင်သေးလို့လား”

“ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နတ်ဝိဇ္ဇာဖြစ်ပြီး ရိုင်းစိုင်းလိုက်တာ။ ကျောက်စိမ်းမြို့တော်ငယ်မှာဆို ပြောရဲလား ကြည့်ရသေးတာပေါ့။ ချင်းယို မင်းလည်း သက်တမ်းများများစားစား မကျန်တော့ပါဘူး။ တစ်နေ့ ငါ့လိုပဲ သေမှာ”

လူအိုကြီးများ တဟားဟား အော်ရယ်လိုက်ကြသည်။ မိုးမခနတ်မင်းမှာ မျက်လုံးများ မှေးကျဉ်းနေသည့်တိုင်အောင် ရယ်နေပြီး အသက်ဝအောင်ရှူကာ ပြောလိုက်သည်။ “မှတ်မိကြသေးလား။ ငါတို့ တိုက်ခိုက်တုန်းကလေး ချင်းကလေးက အပြေးအမြန်ဆုံးပဲ။ တိုက်ခိုက်ဖို့ မဟုတ်ဘူး... ပုန်းဖို့”

“နင်လည်း ဘာထူးလို့လဲ။ အသားလုံးကြီးလို အမြဲ လုံးခွေနေတာလေ”

လူအိုကြီးများ တစ်ယောက်ကိုတစ်ယောက် စနောက်ရင်း ရယ်နေကြသည်။ “ချင်းကလေးက နတ်မိမယ်ရွှယ့်ချီကိုတောင် ကြိုက်သွားလို့ အစွမ်းကုန် ပိုးပန်းခဲ့သေးတယ်နော်”

“ဟုတ်တယ် ဟုတ်တယ်။ ငါ မှတ်မိတယ် ဒီကောင်အရှက်ကို မရှိခဲ့ဘူး။ ထွီ”

“အဲဒီနေ့ တိုက်ပွဲမှာ နတ်မိမယ်ရွှယ့်ချီ သေသွားတုန်းက ချင်းကလေး ငိုလိုက်တာများ လူးလိမ့်နေတာပဲ”

မည်သူမှ မရယ်ကြတော့ပေ။ ရုတ်တရက် ရသေ့ကြီးချင်းယိုက ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။ အခြေအနေကို အနေရခက်အောင် လုပ်ခဲ့မိသော ထုရှင်းဖုန်းက ရှုပ်ပွနေသော သူ့ခေါင်းကို တဗြင်းဗြင်း ကုတ်လိုက်၏။ သူက သက်ပြင်းချကာ ပြောလိုက်သည်။ “တာအိုရသေ့လုဖုန်းကို ငါ မှတ်မိပါသေးတယ်။ သူ ငါ့အတွက် အသေခံသိုင်းကွက်ကို ကာပေးရင် သေသွားတာ....”

အားလုံး တိတ်ဆိတ်သွားကြသည်။ တခဏကြာသော် တဟားဟား ထရယ်ရင်း စကားပြောကြကာ အနေရခက်နေသော အခြေအနေကို ပျောက်ကွယ်သွားစေ၏။

ချင်မူ ခေါင်းယမ်းပြီး လျှို့ဝှက်နဂါးထိန်းသံစဉ်ကို တီးမှုတ်လိုက်သည်။ ရေနဂါးများက မိုင်‌ပေါင်းများစွာ ရှည်လျားသော အကောင်ကြီးများအသွင် ပြောင်းလိုက်ကြ၍ အကုန်လုံး သူတို့အပေါ် တက်လိုက်ကြသည်။

စံအိမ်တစ်ခုလုံး ရှင်းလင်းသွား၏။

သူတို့ နဂါးများစီးကာ မဟာမြို့ပျက်ဆီသို့ ဦးတည်သွားကြသည်။ နဂါးကျောပေါ်တွင် သားသတ်သမားက ဝိုင်အိုးများကို ပစ်ပေးလိုက်၍ မျိုးဆက်ဟောင်း သိုင်းပညာရှင်များလည်း စိတ်တိုင်းကျ သောက်လိုက်ကြသည်။ ရယ်သံများ တစ်ချက်တစ်ချက် ထွက်လာတတ်ပြီး သားသတ်သမားက ဝိုင်အိုးကို မြှောက်ကာ ကျယ်လောင်စွာ ရယ်နေသည်။ “တစ်ခါတည်း အဝသောက်ကြစို့”

နဂါးတစ်ကောင်၏ ကျောပေါ်တွင် ထော့ကျိုးတစ်ယောက် အသည်းအသန် ငိုနေသည်။ “ငါက မင်းတို့လို သူရဲကောင်းမဟုတ်ဘူးလေကွာ။ အိမ်ကြိုအိမ်ကြားထဲ လျှောက်ခိုးနေတဲ့ သူခိုးလေးရယ်ပါ။ မင်းတို့တွေလို ဘာလို့သူရဲကောင်းလုပ်ရမှာလဲ”

တထာဂတက အဘိုးကြီးမာကို ကြည့်ကာ တိုးညင်းညင်သာသော အသံဖြင့် မိန့်သည်။ “မဟာမိုးခြိမ်းသံကျောင်းတော်အနေနဲ့ မင်းကို လိုအပ်တယ်။ ပြန်လိုက်ပါ။ ငါနဲ့ဆို လုံလောက်ပါတယ်”

“ကိုယ်တော်က တထာဂတဖြစ်သလို၊ တပည့်တော်လည်း တထာဂတပါ ဘုရား” အဘိုးကြီးမာက မှင်သေသေ လျှောက်တင်လိုက်သည်။

တထာဂတဟောင်း အတန်ငယ် မှင်သက်သွား၏။ “မင်းနဲ့ ငါ မပြန်ရင် မဟာမိုးခြိမ်းသံကျောင်းတော် ဘာဖြစ်သွားမလဲ။ ဗုဒ္ဓဝါဒ ဘာဖြစ်သွားမလဲ”

အဘိုးကြီးမာက လက်အုပ်ချီသကဲ့သို့ လက်ဝါးနှစ်ဖက်ကို စုတော်မူလိုက်သည်။ သူ၏အသွင်ပြင်သည် သစ္စာလေးပါးကို သိတော်မူသော ဗုဒ္ဓရှင်တော်မြတ်တစ်ပါးပမာ ကြည်လင်နေ၏။ “ဗုဒ္ဓတရားကို နှလုံးသွင်းတော်မူရင် ယုံကြည်ချက်ဟာ ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး”

တထာဂတ အဘိုးကြီးမာ၏ ရည်ရွယ်ချက်ကို တမုဟုတ်ချင်း သဘောပေါက်တော်မူသည်။ “သိပ်ကောင်းတယ်။ တထာဂတ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဓမ္မဟာ အမြဲရှိတယ်။ တထာဂတကြောင့် ရှိနေတာမဟုတ်ဘူး။ တထာဂတကြောင့် မသေတာမဟုတ်ဘူး။ ရဟန်းတွေ သဘောပေါက်ရင် တထာဂတဖြစ်လာမယ်၊ သဘောမပေါက်ရင်တော့ အယောင်ဆောင်ဘုန်းကြီးအတုတွေပဲ”

ချင်မူက နဂါးတစ်ကောင်၏ ကျောပေါ်တွင် ရွာလူကြီးနှင့်အတူ ဖြစ်သည်။ သူ ရွာလူကြီးကို လှမ်းကြည့်ရင်း မအောင့်နိုင်တော့ဘဲ မေးလိုက်မိ၏။ “ရွာလူကြီး ကောင်းကင်တံတားကို ဆက်ပြီးပြီလား”

ရွာလူကြီး၏ ပါးရေတွန့်နေသော မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ထွန်းလာပြီး သူက ပြောလိုက်သည်။ “ဘယ်လိုလုပ် ဒီလောက် ရိုးရှင်းနိုင်မှာလဲ။ ကောင်းကင်တံတားကို ပြုပြင်တဲ့အဆင့်က သုံးဆင့်ရှိတယ်။ တစ်ဆင့်ပြီးရင် နောက်တစ်ဆင့်က ပိုခက်လာတာ။ ပထမအဆင့်က ချီချယ့်တံတား၊ ဒုတိယအဆင့်က လျှို့ဝှက်လမ်းညွှန်တံတား၊ တတိယအဆင့်က ကောင်းကင်ဖြတ်သန်းခြင်းတံတားပဲ။ ငါ လျှို့ဝှက်လမ်းညွှန်တံတားကို ကျင့်ပြီးပြီ။ အဲ့ဒါတောင် သိပ်မြန်နေပြီလို့ ဆိုနိုင်တယ်။ ချင်းယို မင်းရော ကောင်းကင်တံတား ဆက်ပြီးပြီလား”

ရသေ့ကြီးချင်းယိုက ခေါင်းယမ်းလိုက်သည်။ “ငါ လျှို့ဝှက်လမ်းညွှန်တံတားအဆင့်မှာပဲ ရှိသေးတယ်”

ရွာလူကြီးက ထေ့သလို ပြုံးပြီး သူ့ကို စနောက်သည်။ “ဒီတစ်ခေါက် အထက်ကောင်းကင်ဘုံကို တားဖို့ ကြိုးစားရင်း မင်း သေရလိမ့်မယ်”

“သောက်အဘိုးကြီး ငါ့ကို ဘယ်လိုကျိန်ရမလဲပဲ သိတယ်” ရသေ့ကြီးချင်းယိုက သူ့ကို အော်ငေါက်လိုက်သည်။

ရွာလူကြီးက ကျယ်လောင်စွာ ရယ်လိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၊ အဲဒီလူငယ်အိုကြီးကတော့ ဒီကို လာနေတုန်းထင်တယ်” အားလုံး တဟားဟား ထရယ်လိုက်ကြ၍ အလွန်ပျော်စရာကောင်းနေ၏။

နေလုံးကြီးက အနောက်အရပ်သို့ ဝင်သွားပြီး ကောင်းကင်သည် တစတစ မည်းမှောင်လာ၏။

အထက်ကောင်းကင်ဘုံတွင်

ယဇ်ပလ္လင်ထက်မှ ရှေးကျပြီး ထူးဆန်းသောအသံ ထွက်လာသည်။ ၎င်းက နတ်ဘုရားဘာသာစကား ဖြစ်၍ လူသားများ ထုတ်နိုင်သော အသံနေအသံထား မဟုတ်ပေ။ ကြယ်ဧကရာဇ်ချောင်၊ ကြယ်ဧကရာဇ်ယန်နှင့် ပန်းဧကရီတို့က လေးလေးစားစား နားထောင်နေကြသည်။ နတ်ဘုရား၏အမိန့်တော် မိန့်ကြားပြီးသောအခါ ဧကရာဇ်သုံးပါးက ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ တစ်ပြိုင်တည်း ရိုရိုသေသေ ပြောလိုက်ကြ၏။ “အမိန့်တော်အတိုင်းပါ”

ကောင်းကင်ထက်ရှိ ယဇ်ပလ္လင် ငြိမ်သက်သွားသည်။

ပလ္လင်အောက်တွင် ဧကရာဇ်သုံးပါး အမူအရာလေးနက်နေကြသည်။ တခဏကြာသော် ကြယ်ဧကရာဇ်ယန်က မနေနိုင်တော့ဘဲ ပြောလိုက်သည်။ “ငါတို့ ဒီလို တကယ် လုပ်မှာလား။ ဒီတိုင်းလုပ်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လူများများစားစား အသက်ရှင်ကျန်ခဲ့မှာမဟုတ်ဘူး”

“ရွေးချယ်စရာမှ မရှိတာ” ကြယ်ဧကရာဇ်ချောင်က တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက တိုးတက်နေပြီ။ ဧကရာဇ်ယန်ဖုန်းမှာ ကျောက်စိမ်းဧကရာဇ်ကို သတ်ခဲ့တဲ့ ကောင်းကင်လက်နက်တစ်လက်လည်း ရှိနေပြီ။ လူသားဧကရာဇ်အပြောင်းအလဲ၊ ဥပဒေအပြောင်းအလဲ၊ လမ်းစဉ်အပြောင်းအလဲတွေက အထက်က နတ်ဘုရားတွေကို ဒေါသထွက်အောင် လုပ်ခဲ့ပြီးပြီ။ ငါတို့ အမိန့်အတိုင်း မလိုက်နာရင် ငါတို့ကိုယ်ငါတို့လည်း ကယ်နိုင်မှာမဟုတ်ဘူး။ လူ့ပြည်က အဆင့်နိမ့်သတ္တဝါတွေနဲ့ ယှဉ်ရင် ငါတို့အသက်တွေက ပိုအရေးကြီးတယ်”

“ဒါပေမဲ့ အပြစ်မဲ့အသက်တွေ...” ပန်းဧကရီက ပြောသည်။

“ဆက်မပြောနဲ့တော့” ကြယ်ဧကရာဇ်ချောင်က လက်ကာပြီး ခံစားချက်မဲ့သောအသံဖြင့် ပြောလိုက်သည်။ “ငါတို့ တာဝန်အတိုင်း လုပ်ရမယ်။ မှားလား၊ မှန်လားတွေ မမေးနဲ့။ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေကို နိုးကြ။ တိုက်ခိုက်ကြမယ်”

ကြယ်ဧကရာဇ်ယန်နှင့် ပန်းဧကရီတို့၏ အမူအရာများ တင်းမာသွားသည်။ ကြယ်ဧကရာဇ်ယန်က ယဇ်ပလ္လင်ဘေးရှိ ခရာကို ယူကာ မှုတ်လိုက်၏။ ရုတ်ခြည်းဆိုသလို လေးပင်သော ခရာသံက အထက်ကောင်းကင်ဘုံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ဒူ ဒူ

အထက်ကောင်းကင်ဘုံ၏ ခမ်းနားကြီးကျယ်သော တောင်တန်းများကြားတွင် ဆန်းကြယ်သားရဲများ လှည့်လည်ကျက်စားနေကြသည်။ သို့သော် အားလုံးထဲ အထင်းဆုံးမှာ ခံညားတင့်တယ်သည့် ရုပ်တုကြီးများ ဖြစ်ကြသည်။

ရုပ်တုများသည် နတ်ဘုရားအသွင်အပြင် ရှိကြပြီး တစ်ခုနှင့်တစ်ခု ပုံသဏ္ဍာန်မတူကြပေ။ ခရာသံထွက်လာသည့်အခါ ရုပ်တု၏ ကျောက်သားအလွှာများ အက်ကွဲစပြုလာသည်။ တချို့က ဆဲလ်အသေများသဖွယ် ကွာကျကာ တချို့က အသားအသွင် ပြောင်းကုန်ကြသည်။

ရုတ်တရက် ဒူးတစ်ဖက်ထောက်၍ မြေကြီးကို လက်သီးဖြင့် ထိထားသော ကျောက်ရုပ်ကြီးတစ်ရုပ်က မတ်တပ်ရပ်လိုက်၏။

ထို့နောက် တောင်တန်းများအကြားရှိ ရုပ်တုအားလုံး အသက်ဝင်လာကြသည်။ သူတို့မျက်လုံးများ ဖွင့်လိုက်သည့်အခါ ကောင်းကင်အလင်းတန်းများက မိုးကုပ်စက်ဝန်းတစ်လျှောက် လင်းထိန်သွားသည်။

ကြယ်ဧကရာဇ်ချောင်က လျှပ်စီးကဲ့သို့ ဝင်းလက်နေသည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။ “ဧည့်ကြိုအရာရှိ၊ တံတားခင်းတော်မူပါ....”

အထက်ကောင်းကင်ဘုံ၏ အထက်ကောင်းကင်ယံတွင် တလက်လက် တောက်ပနေသည့် ရွှေရောင်တံတားတစ်စင်း ဖွဲ့တည်လာပြီး ဧည့်ကြိုနတ်ဘုရားက တံတားပေါ်တွင် မတ်မတ်ရပ်လျက် ရှေ့တူရူရှိ ရွှေရောင်သံလိုက်အိမ်မြှောင်တစ်ခုကို လှည့်နေသည်။ သံလိုက်အိမ်မြှောင်က တောက်ပသထက် တောက်ပလာနေ၏။ အလင်းတန်းတစ်တန်း တရှိန်ထိုး ထွက်လာပြီး ရွှေရောင်တံတားက အထက်ကောင်းကင်ဘုံနှင့် အောက်ပြည်အကြားရှိ အတားအဆီးအား ထိုးဖောက်သွားသည်။

ကြယ်ဧကရာဇ်ချောင်၏ မျက်လုံးထောင့်စွန်းများ တွန့်နေပြီး သူက အံတင်းတင်းကြိတ်လိုက်၏။ “နတ်ဘုရားအားလုံး ငါ့အမိန်ကို နားထောင်- လူ့ပြည်ကို ဆင်းကြမယ်”

နတ်ဘုရားများ ထလာကြပြီး အလင်းတန်းများအသွင် ပြောင်းကာ အထက်ကောင်းကင်ဘုံ၏ ရွှေတံတားအတိုင်း ထွက်သွားကြသည်။ အနောက်ကမ္ဘာမြေ၏ ကောင်းကင်ထက်၌ စူးရှတောက်ပနေသော ကြယ်များ ဖြတ်ပြေးသွားကြသည်။

ယခုအချိန်က ညအချိန်ဖြစ်ပြီး ကြယ်ပျံဆယ့်ရှစ်စင်းက ကောင်းကင်ကို ဖြတ်သန်းကာ အ‌ရှေ့အရပ်သို့ ဦးတည်နေ၏။

မဟာမြို့ပျက်ထဲတွင် နှင်းများ သည်းထန်စွာ ကျလာသည်။ လူငယ်ဂိုဏ်းချုပ်နှင့် စည်းကမ်းထိန်းအကြီးအကဲက ကျောင်းဆောင်ပျက်တစ်ခုထဲတွင် ထိုင်ကာ မီးလှုံနေကြ၏။

“နှင်းကျလာပြီ” စည်းကမ်းထိန်းအကြီးအကဲက အမှောင်ထုထဲမှ ကျလာသော နှင်းများကို မော့ကြည့်လိုက်သည်။ “ဒီနှစ်ဆောင်းရာသီက ရှည်လျားမယ့်ပုံပဲ”

လူငယ်ဂိုဏ်းချုပ်က တုတ်တစ်‌ချောင်းဖြင့် ထင်းများကို ဆွပေးနေသည်။ ထင်းများက တဖျစ်ဖျစ် မြည်နေပြီး မီးဖွားများသည် မီးခိုးငွေ့နှင့်အတူ လွင့်မျောတက်လာ၏။

“စိတ်မပူနဲ့ နှစ်သစ်ကူးပြီးပြီမလား” လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ “နှစ်သစ်ရောက်ရင် ရာသီဥတုက တဖြည်းဖြည်း နွေးလာပါလိမ့်မယ်”

ထိုအခိုက်အတန့်တွင် ဟက်ခနဲ ရယ်သံတစ်သံ ထွက်လာသည်။ “ထင်းလေး ထပ်ထည့်လိုက်ပါဦး။ ကျုပ်လည်း မီးလှုံချင်လို့”

သူတို့နှစ်ယောက် လှည့်ကြည့်လိုက်သည့်အခါ အမှောင်ထုထဲမှ ဝါးခမောက်ဆောင်းထားသည့် လူတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရသည်။ သူ့တွင် လက်ချောင်းကိုးချောင်းသာ ရှိ၏။ သူ အသက်ရှူထုတ်လိုက်သည့်အခါ အငွေ့များ ထွက်လာသည်။

“တာအိုမိတ်ဆွေလင်းကျင့်” လူငယ်ဂိုဏ်းချုပ်က သူ့ကို နှုတ်ဆက်ရန် ကမန်းကတန်း ထလိုက်သည်။

တာအိုမိတ်ဆွေလင်းကျင့်က သူ့ကို ပြန်နှုတ်ဆက်ပြီး ဝါးခမောက်ကို ချွတ်ကာ မီးလှုံလိုက်သည်။ သူ့အကြည့်များ လှုပ်ခတ်နေ၏။ “ကောင်းကင်နတ်ဆိုးတာအိုမိတ်ဆွေလည်း လူသားဧကရာဇ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ရောက်နေတာလား။ သူတို့ကို သွားမနှုတ်ဆက်ဘူးလား”

လူသားဧကရာဇ်က ခေါင်းယမ်းလိုက်သည်။ “မနှုတ်ဆက်တော့ပါဘူး။ ဘာဖြစ်နေလဲ သိလို့ ဒီမှာ လာ‌စောင့်နေတာပါ။ သူတို့အချိန်မှီမရောက်ရင်တောင်မှ ကျုပ် အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေကို ကြားဖြတ်တိုက်နိုင်မယ်မဟုတ်လား။ တာအိုမိတ်ဆွေလင်းကျင့်ရော ဘယ်လိုလဲ”

တာအိုရသေ့လင်းကျင့်က ပြုံးသည်။ “ကျုပ် အကြာကြီး တွန့်ဆုတ်နေခဲ့သေးတယ်။ ကျုပ်နဲ့မတည့်တဲ့သူက ခပ်များများလေ။ ဓားနတ်ဘုရားဆို ဟော့ဒီလက်ချောင်းကို ဖြတ်ပစ်ခဲ့တာ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေ ပေးခဲ့တဲ့ ကတိကို မတည်ရင် ကျုပ် လူသားတစ်ယောက် မဖြစ်ထိုက်တော့ဘူး။ ဒါကြောင့် သူတို့ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တာပဲ”

“အဲ့ဒါဆိုရင် သွားတွေ့မနေပါနဲ့တော့” လူငယ်ဂိုဏ်းချုပ်က ပြုံးလျက် ပြောလိုက်သည်။ “ဒီမှာပဲ စောင့်နေလိုက်ပါ။ သူတို့အချိန်မှီမရောက်ရင် ကျုပ်တို့ အတူတူ အချိန်ဆွဲထားနိုင်တာပေါ့”

တာအိုရသေ့လင်းကျင့်က ခေါင်းညိတ်လိုက်သည်။ သုံးယောက်သား မည်သည်ကိုမျှ မပြောမိတော့ချေ။

ညသန်းခေါင်ရောက်သည့်အခါ နှင်းမကျတော့ဘဲ အနောက်အရပ်မှ အရှေ့အရပ်သို့ သွားနေသော ကြယ်များ ပေါ်လာသည်။

လူငယ်ဂိုဏ်းချုပ်က စည်းကမ်းထိန်းအကြီးအကဲကို ပြုံးပြလိုက်သည်။ “ငါတို့အ‌လောင်းတွေကို ရှာတွေ့ခဲ့ရင် တာအိုမိတ်ဆွေလင်းကျင့်နဲ့ ငါ့ပြာတွေကို ပြန်ယူသွားပေးပါ”

စည်းကမ်းထိန်းအကြီးအကဲက အရိုအသေပေးလိုက်၏။ “နှစ်ယောက်လုံးကို နှုတ်ဆက်လိုက်ပါတယ်”

သူ ခေါင်းပြန်မော့လိုက်သည့်အခါ လူငယ်ဂိုဏ်းချုပ်နှင့် တာအိုရသေ့လင်းကျင့် မရှိတော့ပေ။ ကောင်းကင်ထဲတွင် ကြယ်နှစ်စင်း ပေါ်လာ၏။ သူတို့က ကြယ်ဆယ့်ရှစ်စင်းကို တားရန် မျဉ်းဖြောင့်အတိုင်း တက်သွားကြသည်။

All Chapters