← Chapters

မတရားလုယူခံရခြင်း

Vol. 66 Ch. 917

မတရားလုယူခံရခြင်း

Vol. 66 Ch. 917

" ကြယ်ကြွေလှေပဲ " တာအိုပညာရှင်လင်ဟေ့မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ စခန်းထဲ၌ တရားထိုင်နေရင်း ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ သူသည် ထို ဝိညာဉ်လှေကြီးအား စိုက်ကြည့်နေလိုက်ပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူ ပြန်လည်ပေါ်ပေါက်လာသည်အချိန်တွင် သူသည် သူတို့၏ လူမျိုးစုထဲမှ တာအိုဂိုဏ်းသားဖြစ်သော ရှင်လင်း၏ ရှေ့သို့ ရောက်နေပြီဖြစ်သည်။

ရှင်လင်းမှာ တရားထိုင်နေခဲ့ပါသော်လည်း သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားနေခြင်း မရှိသောကြောင့် ဝိညာဉ်လှေကြီး၏ ဆင့်ခေါ်သံအား မကြားနိုင်ခဲ့ပေ။ သို့သော် သူသည် အဆင့်သင့်ပြင်ထားပြီးသား ဖြစ်သည်။ သူသည် သူ၏ ရှေ့တွင်ရှိနေသည့် ကျင့်ကြံသူကြီးအား မြင်လိုက်ရသောအခါ မျက်ဝန်းများထဲ၌ ပျော်ရွှင်ကျေနပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

" ခေါင်းဆောင်ကြီး... "

" ဒါ မင်းရဲ့ အခွင့်အရေးပဲ " တာအိုပညာရှင်လင်ဟေ့မှာ တည်ကြည်စွာဆိုလိုက်ပြီး သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းကာ ရှင်လင်းအား အဝေးသို့ခေါ်ဆောင်သွားလိုက်တော့သည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း သူတို့နှင့်အတူ လိုက်သွား၏။ သူသည် တည်ကြည်မှု အပြည့်ရှိသည့်ပုံ ပေါက်နေသည်။

သူသည် သူ ကတိပေးထားသည့်အတိုင်း ဆောင်ရွက်ပေးရတော့မည်ဖြစ်ကြောင်း သိထား၏။ သူသည် ကြယ်ကြွေအမှတ်အသား၏ တန်ဖိုးကို သိရှိထားသည်ဖြစ်ရာ အကယ်၍ သူသာ ဂြိုဟ်အဆင့်တွင် ရှိမနေခဲ့ပါက ယခုလို သူတို့နှင့်အတူ ကြည်ကြည်ဖြူဖြူ လိုက်သွားမည်မဟုတ်ဘဲ အရဲစွန့်ရန် ဆုံးဖြတ်လိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် အလယ်အလတ် ဂြိုဟ်အဆင့်သို့ ရောက်နေပြီ မဟုတ်ပါလော။ သူ၏ ဂြိုဟ်မှာ သာမန် ဝိညာဉ်ဂြိုဟ်တစ်လုံးသာ ဖြစ်ပါသော်လည်း သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်ကာ နှောင်းပိုင်း ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်ရန်မည့် အခွင့်အရေးတစ်ခုကို ရရှိပိုင်ဆိုင်သွားနိုင်မည်ဆိုပါက သူ့အတွက် အများကြီး အကျိုးရှိပေသည်။

သူသည် တာအိုပညာရှင်လင်ဟေ့နှင့် သဘောတူညီမှုတစ်ခု ရယူခဲ့ပြီးသားဖြစ်သည်။ သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ကျွန်ပြုနိုင်အောင် ကူညီပေးမည်ဖြစ်သလို နောက်ထပ်နှစ်ပေါင်း ငါးရာတိတိ တာအိုပညာရှင်လင်ဟေ့၏ ဂိုဏ်းထဲ၌ တာဝန်ထမ်းဆောင်ပေးဦးမည်လည်း ဖြစ်သည်။ အပြန်အလှန်အားဖြင့် တာအိုပညာရှင်လင်ဟေ့မှာလည်း သူ၏ ကျင့်ကြံခြင်း လမ်းခရီးစဉ်၌ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖယ်ရှားပေးကာ သူ့အား နှောင်းပိုင်း ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးမည် ဖြစ်သည်။

" ဒီအတိုင်းသာဆို နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာ ငါက အကျိုးအမြတ်အများဆုံးရတဲ့လူ ဖြစ်သွားမှာပဲ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထို အပေးအယူအား အလွန်အင်မတန်မှ သဘော‌တွေ့နေ၏။ တစ်ချိန်တည်းမှာပင် သူသည် လက်ဗလာဖြင့် ယခုလို အခြေအနေမျိုးသို့ ရောက်ရှိလာအောင် အစီအစဉ်များ ရေးဆွဲနိုင်ခဲ့သောကြောင့် သူ့ကိုယ်သူ ကျေနပ်နေသည်။

သူသည် ထိုကဲ့သို့ ခံစားနေရသည့်တိုင်အောင် တာအိုပညာရှင်လင်ဟေ့ သူ့အား နတ်မျက်လုံးလူမှုအဖွဲ့အစည်း အစွန်အဖျားပိုင်းရှိ ရှေးဟောင်း ဝိညာဉ်လှေကြီး၏ ရှေ့သို့ ခေါ်သွားလိုက်တော့အခါ အနည်းငယ်ခန့် တွေဝေတုံ့ဆိုင်းသွားရဆဲပင်။

ထို ဝိညာဉ်လှေကြီးမှာ အဆမတန် ကြီးမားနေခြင်း မရှိပါသော်လည်း ၎င်း‌ဆီမှ ထွက်ပေါ်နေသည့် ရှေးဆန်သော အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားကောင်းနေ၏။ သို့ဖြစ်ရာ ၎င်းမှာ အလွန်အင်မတန်မှ သက်တမ်းရင့်နေပြီး အထူးအခွင့်အရေးကြီးတစ်ခုဆီသို့ ခေါ်ဆောင်ပေးသွားမည့် ယာဉ်တစ်စင်းနှင့် တူနေတော့သည်။ ထို ဝိညာဉ်လှေကြီးပေါ်တွင် လိုက်ပါစီးနင်းလာကြသည့် လူတိုင်းမှာ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများဆီမှ ပါရမီရှင်များ ဖြစ်ကြကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ သို့ဖြစ်ရာ သူသည် မိတ်ဆွေသစ်များဖွဲ့နိုင်မည့် အခွင့်အရေးကောင်းတစ်ခုအား ပိုင်ဆိုင်နိုင်ပေသည်။ ထို့အပြင် ထို လှေပေါ်တွင် ကျောချမ်းဖွယ်ရာကောင်းသော လူပုံစံစက္ကူရုပ်လည်း ရှိနေသေးသည်။ ၎င်းဆီမှ ထွက်ပေါ်နေသည့် ထူးဆန်းသော အငွေ့အသက်များကြောင့် သူသည် ဤ ဝိညာဉ်လှေကြီးမှာ အနာဂတ်သို့သွားမည့် လှေတစ်စင်းဖြစ်သည်ဟု ခံစားနေရ၏။

" ငါ့ရဲ့ ဂြိုဟ်ကို ဖျက်ဆီးပစ်လိုက်ပြီးတော့ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်အထိ ပြန်ကျသွားအောင် လုပ်ပြီး ငါ့ရဲ့ အမှတ်အသားနဲ့ လှေပေါ်မှာ လိုက်သွားနိုင်အောင် ကြိုးစားကြည့်လိုက်မယ်ဆိုရင်ရော... " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ၏ ခေါင်းထဲ၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် ထိုအတွေးအား ချက်ချင်း မေ့ပျောက်လိုက်၏။ ထို့နောက် သူသည် တာအိုပညာရှင်လင်ဟေ့ဘက်သို့ လှည့်ကာ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။

" ခေါင်းဆောင်ကြီး။ ကျွန်တော် အဆင်သင့်ဖြစ်ပြီ "

တာအိုပညာရှင်လင်ဟေ့မှာ အပေါ်ယံတွင် တည်ကြည်မှုအပြည့် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ သူ၏ နတ်ဘုရားအာရုံဖြင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား တစ်ချိန်လုံး အကဲခတ်နေခဲ့၏။ သူတို့၏ အပေးအယူအား အကောင်အထည်ဖော်ရမည့် အရေးကြီးအခိုက်အတန့်သို့ ရောက်နေပြီမဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးသာ သူ၏ ကမ်းလှမ်းချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းမရှိပါက သူသည် အင်အားသုံးကာ အတင်းအကျပ် ဖိအားပေးလိုက်ရမည်သာ ဖြစ်သည်။ ယခုတွင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ ရိုသေကျိုးနွံမှု အပြည့်ရှိသော အမူအရာများကို အကဲခတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။

ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ဝာာအိုဂိုဏ်းသားဖြစ်သူ ရှင်လင်းမှာ သူတို့၏ဘေးတွင် ရပ်နေသည်။ သို့သော် သူသည် ဟင်းလင်းပြင်ကြီးတစ်ခုကိုသာ မြင်နေရပြီး မည်သည့် ဝိညာဉ်လှေကိုမှ မြင်နိုင်စွမ်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းနိုင်စွမ်းမရှိလောက်အောင် ဖြစ်နေရပြီ ဖြစ်သည်။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ စကားကို ကြားလိုက်ရသောအခါ သူ့ဘက်သို့ ချက်ချင်းလှည့်လာ၏။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ညာဘက်လက်ကို မြှောက်ကာ သူ၏နဖူးအား အားပါပါ ရိုက်လိုက်၏။ ထိုအခါ သူ၏နဖူးပေါ်ရှိ အဖြူရောင်အမှတ်အသားမှာ ချက်ချင်းဆိုသလိုပင် ဝင်းလက်တောက်ပလာတော့သည်။ ၎င်းမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဆွတ်နေ၏။ ထိုအချိန်တွင် ထို အမှတ်အသားထဲမှ ထိုးထွက်လာသည့် အလင်းတန်းမှာ ဝိညာဉ်လှေကြီးနှင့် ချိတ်ဆက်သွားသကဲ့သို့ ဖြစ်သွားသည်။ ၎င်းမှာ သူ့အား ဝိညာဉ်လှေကြီးဆီသို့ လမ်းညွှန်ပေးနေသကဲ့သို့ပင်။

ထိုအချိန်တွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဆိုလိုက်၏။

" ကြီးမြတ်လှပါသော သံတမန်ကြီးခဗျား။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့ သစ္စာစကားကို သက်သေပြုပေးတော်မူပါ။ ကျွန်တော် ကျွန်တော့်ရဲ့ ဝင်ခွင့်နေရာကို ဒီလူငယ်လေးဆီ ကြည်ကြည်ဖြူဖြူ လွှဲပေးပါတယ် " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ရှင်လင်းအား လက်ညှိုးထိုးကာ ထိုသို့ဆိုလိုက်သည်။

ဝမ်ပေါင်လဲ့မှာလည်း ထာဝရကြယ်မျက်လုံး၏ အကူအညီဖြင့် ထိုမြင်ကွင်းအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ ထို့အပြင် သူသည် ဝိညာဉ်လှေကြီးပေါ်ရှိ လူငယ်လေးများနှင့် မိန်းမငယ်လေးများကိုလည်း မြင်နေရသေးသည်။ သူတို့ထဲမှ အချို့မှာ မျက်လုံးများ ပွင့်လာကြပါသော်လည်း အံ့အားသင့်နေကြခြင်း မရှိပေ။ အချို့မှာဆိုလျှင် မျက်ဝန်းများထဲ၌ အထင်မြင်သေးသည့် အရိပ်အယောင်များပင် ပေါ်ပေါက်လာကြ၏။ သူတို့မှာ သူတို့၏ ရှေ့တွင် အပေးအယူတစ်ခု လုပ်နေသည်ဖြစ်ကြောင်း သိရှိထားကြသည့်ပုံပင်။

ဝိညာဉ်လှေပေါ်မှ လူပုံစံစက္ကူရုပ် လှေသမားကြီးမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ သစ္စာစကားကို ကြားလိုက်ရသောအခါ အသာအယာ ခေါင်းညိတ်လိုက်၏။ ထိုအခါ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား လွှမ်းခြုံထားသည့် အဖြူရောင်းအလင်းတန်းကြီးမှာ ရှင်လင်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားပြီး သူ့အား လွှမ်းခြုံသွားတော့သည်။ ထိုအချိန်တွင် သူ၏ လက်ထဲ၌ စက္ကူကတ်ပြားတစ်ပြား ပေါ်ပေါက်လာ၏။

ယခုတွင် ရှင်လင်းမှာ ထို ဝိညာဉ်လှေကြီးအား မြင်နိုင်စွမ်းရှိသွားပြီဖြစ်သလို ထို လှေကြီးပေါ်ရှိ ပါရမီရှင်များနှင့် လူပုံစံစက္ကူရုပ်ကြီးတို့ကိုလည်း မြင်နိုင်စွမ်းရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်နှလုံးလှုပ်ရှားသွားရ၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တာအိုပညာရှင်လင်ဟေ့အား အရိုအသေပေးလိုက်ပြီးနောက် ရှေ့သို့တစ်ချက် လှမ်းခုန်၍ အမှတ်အသား၏ ခေါ်ဆောင်ရာအတိုင်း လိုက်သွားလိုက်သည်။ တစ်အောင့်ခန့်အကြာတွင် သူသည် လှေပေါ်သို့ ရောက်ရှိသွား၏။ သူသည် လှေပေါ်သို့ ရောက်ရှိသွားသည်နှင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ အော်ဟစ်ရယ်မောလိုက်တော့သည်။

လှေပေါ်တွင်ရှိနေကြသည့် အခြားခရီးသည်များမှာမူ သူ၏ ရယ်မောသံအား သဘောမတွေ့ကြသည့်ပုံပင်။ သို့သော် မည်သူကမှ မှတ်ချက်ပေးနေကြခြင်းတော့ မရှိပေ။ ထိုသို့ဖြင့် ဝိညာဉ်လှေကြီးမှာလည်း စတင်ထွက်ခွာသွားတော့သည်။ လူပုံစံစက္ကူရုပ်ကြီး၏ လှော်တက် အာကာသကြီးထဲ၌ ယိမ်းနွဲ့သွားသောအခါ လှေကြီးမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အလွန်တွင်ရှိသော စကြဝဠာကြီးထဲသို့ တရွေ့ရွေ့နှင့် ဦးတည်သွားပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထို လှေကြီး ထွက်ခွာသွားသည်ကို ငေးကြည့်နေရင်း သူ၏ နှလုံးသား၌ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သည့် နှမြောတသဖြစ်နေသည့်စိတ်များ ပေါ်ပေါက်လာတော့သည်။ သို့သော် သူသည် သူ၏ ရွေးချယ်မှုအား နောင်တရနေခြင်းမရှိဘဲ ထိုခံစားချက်များကို ချက်ချင်း မေ့ပျောက်ထားလိုက်၏။ အမှန်အတိုင်းဆိုရလျှင် သူသည် အခြားရွေးချယ်စရာမရှိပေ။ သူ၏ ကံကြမ္မာမှာ တာအိုပညာရှင်လင်ဟေ့အပေါ်တွင်သာ မူတည်နေပြီဖြစ်သည်။

" ခေါင်းဆောင်ကြီး ကျွန်တော်... " ထို့ကြောင့်လည်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ၏ သစ္စာစောင့်သိမှုကို အမွှမ်းတင်ရန် ပြင်လိုက်၏။ သို့သော် သူ စကားမဆုံနိုင်ခင်မှာပင် တာအိုပညာရှင်လင်ဟေ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။

" အတင့်ရဲလှပါလား " တာအိုပညာရှင်လင်ဟေ့ ထိုသို့အော်ဟစ်လိုက်သည်နှင့် စူးရှတောက်ပသော အလင်းလှိုင်းများ ထွက်ပေါ်လာပြီး ထာဝရကြယ်အဆင့် စွမ်းအားများ ချက်ချင်းဆိုသလို ထိုးထွက်လာကြ၏။ ယခုတွင် ထို ကျင့်ကြံသူကြီးမှာ နေမင်းတစ်စင်းကဲ့သို့ ဖြစ်နေပြီး သူ၏ စွမ်းအားများမှာ ဘေးနားတစ်ဝိုက်ရှိ အရာအားလုံးကို ဖိနှိပ်ချုပ်တည်းထားပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ အဝေးသို့ရောက်နေပြီဖြစ်သော ဝိညာဉ်လှေကြီး၏ အထက်ရှိ တစ်စုံတစ်ခုအား လှမ်းဆွဲလိုက်၏။

" သေပေတော့ " သူ၏ စကားသံကြီး ထွက်ပေါ်လာသည်နှင့် နေမင်းကြီးကဲ့သို့ ဝင်းလက်တောက်ပနေသည့် ဧရာမ မီးလက်ဝါးကြီးတစ်ခုမှာ ကောင်းကင်ပေါ်မှ ဆင်းသက်လာတော့သည်။ ထို လက်ဝါးကြီးထဲမှ ထွက်ပေါ်နေသည့် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများမှာ စကြဝဠာကြီးထဲသို့ ဆင်းသက်လာပြီးနောက် အရာအားလုံးကို ဖုံးလွှမ်းသွား၏။ ၎င်းမှာ ကြယ်တာရာများနှင့် ဂြိုဟ်များကိုပင် ဖျက်ဆီးခြေမွှပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေသည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားများ စကြဝဠာကြီးထဲ၌ ပြည့်နှက်သွားသည်နှင့် အဝေးသို့ ထွက်ခွာသွားပြီဖြစ်သော ဝိညာဉ်လှေကြီး၏ အထက်တွင် မှုန်ဝါးဝါးလူရိပ်တစ်ခု ပေါ်ပေါက်လာသည်။

၎င်းမှာ... ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။

သူသည် ထာဝရကြယ်ကျင့်ကြံသူကြီး၏ ရှေ့၌ ထိုလှေပေါ်သို့ တက်ရန် စိတ်ကူးမရှိခဲ့ပေ။ သူသည် ထို ဝိညာဉ်လှေကြီး အဝေးသို့ ထွက်ခွာသွားပြီးသောအခါမှသာ ၎င်း၏နောက်သို့ လိုက်သွားရန် ကြံရွယ်ထားခဲ့သည်။ သို့သော် သူသည် ထိုလှေကြီး ‌တရွေ့ရွေ့နှင့် ထွက်ခွာသွားသည်ကို စိုက်ကြည့်နေစဉ်မှာပင် သူ၏ သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ်မှာ ပထမဆုံး အကြိမ်အဖြစ် စကားပြောလိုက်၏။

" မင်း အခုချက်ချင်း လိုက်မသွားရင် နောက်ထပ်အခွင့်အရေးတစ်ခု ရမှာမဟုတ်တော့ဘူး "

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ထာဝရကြယ်မျက်လုံးကို အသုံးပြုကာ သူ့ကိုယ်သူ တည်နေရာပြောင်းရွှေ့လိုက်ပြီးနောက် ပျောက်ကွယ်သွားတော့မည့်ဆဲဆဲ ဖြစ်နေသည့် ဝိညာဉ်လှေကြီး၏ အထက်၌ ပေါ်ပေါက်လာ၏။ သူသည် ထိုသို့ ပြန်လည်ပေါ်ပေါက်လာသည်နှင့် သူ၏ ဘေးပတ်ပတ်လည်တွင် အားကောင်းသော အပူလှိုင်းကြီးတစ်ခုအား ခံစားလိုက်ရပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် မီးလက်ဝါးကြီးအား မြင်လိုက်ရတော့သည်။

သူသည် မည်သည့်နေရာတွင်မှ ပုန်းကွယ်နိုင်မည်မဟုတ်သလို ထို တိုက်ကွက်ကြီးကိုလည်း ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ချုပ်တည်းခံထားရပြီဖြစ်ရာ သူသည် သူ့ကိုယ်သူပင် ကာကွယ်နိုင်စွမ်း မရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံလိုက်ရချိန်တွင် မာန်တင်းကာ နောက်ဆုံးအကြိမ်အဖြစ် အရဲစွန့်ရန် ဆုံးဖြတ်လိုက်၏။ သူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ်မှာ သူ့အား ကူညီပေးလိမ့်မည်ဟု လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။

ထို အခိုက်အတန့်မှာပင် သူ၏ သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ်မှာ ရုတ်တရက်ဆိုသလို ကျောချမ်းဖွယ်ရာကောင်းသည့် လေသံကြီးဖြင့် အော်ဟစ်ရယ်မောလိုက်တော့သည်။

ထိုရယ်မောသံအား ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် ကြားနိုင်ပေသည်။ သူ၏ အသိစိတ်ထဲ၌ ထိုရယ်မောသံကြီး ပဲ့တင်ထပ်သွားစဥ်မှာပင် အခြားတစ်ယောက်မှာ လှုပ်ရှားလိုက်၏။ ထိုသို့ လှုပ်ရှားလိုက်သည့် သူမှာ သူ၏ သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ် မဟုတ်ဘဲ တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားနေပြီဖြစ်သည့် ဝိညာဉ်လှေကြီးပေါ်မှ လူပုံစံစက္ကူရုပ် ဖြစ်ပေသည်။ ထို လှေသမားကြီးမှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး ၎င်း၏ ညာဘက်လက်ထဲမှ စက္ကူလှော်တက်အား အသာအယာ မြှောက်လိုက်၏။

ထိုအခါ အဖြူရောင်လှိုင်းလုံးကြီးတစ်လုံး ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့အား ချက်ချင်းလွှမ်းခြုံသွား၏။ ၎င်းမှာ သူ၏ရှေ့တွင် အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးလက်ဝါးကြီးအား ဝင်တိုက်သွားတော့သည်။

ထိုအခါ စကြဝဠာကြီးထဲ၌ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး မီးလက်ဝါးကြီးမှာ ပျက်စီးပျောက်ကွယ်သွား၏။ တာအိုပညာရှင်လင်ဟေ့မှာမူ လူပုံစံစက္ကူရုပ် ဆင့်ခေါ်လိုက်သည့် အဖြူရောင်လှိုင်းလုံးကြီး ဝမ်ပေါင်လဲ့အား လှေပေါ်သို့ ဘေးမသီရန်မခ ပြန်ခေါ်သွားသည်ကို စိုက်ကြည့်နေရင်း အမျက်ချောင်းချောင်းထွက်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။

" မဖြစ်နိုင်တာ "

" လုံနန်ကျစ်ပါလား "

" ဘာတွေဖြစ်နေတာလဲဟ "

" မင်းကိုး "

ပထမဆုံး အာမေဋိတ်သံမှာ တာအိုပညာရှင်လင်ဟေ့ဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။ သူသည် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ ကြယ်ကြွေသံတမန်ကြီးမှာ ယခုလို ကူညီပေးလိမ့်မည်ဟု သူက လုံးဝထင်မှတ်ထားခဲ့ပေ။ သူ၏ သက်တမ်းတစ်လျှောက်လုံးတွင်လည်း ထိုကဲ့သို့သော အဖြစ်မျိုးကို လုံးဝ မကြားဖူးခဲ့ပေ။

ဒုတိယမြောက် အာမေဋိတ်သံမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ ရဲတင်းမှုများကြောင့် ဆွံ့အမှင်တက်သွားရ၏။

တတိယမြောက် အာမေဋိတ်သံမှာ လှေပေါ်ရှိ အခြားပါရမီရှင်များဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။ သို့သော် သူတို့အားလုံး ထိုကဲ့သို့ အော်ဟစ်လိုက်ခြင်း မဟုတ်ဘဲ ဝမ်ပေါင်လဲ့ လှေပေါ်မှ နှင်ချခံခဲ့ရပြီးနောက် နောက်ထပ်အသစ် ထပ်ရောက်လာခဲ့သည့် ပါရမီရှင် ဆယ်ယောက်ကျော်သာလျှင် ထိုကဲ့သို့ အော်ဟစ်မိလိုက်ခြင်းဖြစ်သည်။ သူတို့မှာ သူတို့ရှေ့တွင် မြင်လိုက်ရသည်မြင်ကွင်းကြောင့် မှင်တက်သွားရသလို တစ်ချိန်ထဲမှာပင် အခြားခရီးသည် အယောက်သုံးဆယ်ကျော်၏ အမူအရာများမှာ အထူးတဆန်း ဖြစ်နေကြသည်ကိုလည်း သတိထားမိလိုက်သည်။ သို့သော် သူတို့မှာ အံ့သြတုန်လှုပ်နေကြခြင်း မရှိဘဲ မကျေမချမ်းဖြစ်ကာ စိတ်အနှောင့်အယှက် ဖြစ်နေသည့်ပုံသာ ပေါက်နေကြ၏။

စတုတ္ထမြောက် အာမေဋိတ်သံမှာမူ ရှင်လင်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ မကြာသေးမီတုန်းက သူ၏ရင်ထဲ၌ ခံစားနေရသည့် စိတ်လှုပ်ရှားမှုများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ဝိညာဉ်လှေကြီးပေါ်သို့ ရောက်ရှိလာပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာ၏။ ရှင်လင်းတစ်ယောက် ဝမ်ပေါင်လဲ့အား ငေးကြည့်နေစဉ်မှာပင် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာသလို နတ်ဘုရားလက်နက်ကြီးမှာလည်း မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။

All Chapters