ဝင်ခွင့်နေရာတစ်နေရာ ရရှိပိုင်ဆိုင်သွားခြင်း
Vol. 66 Ch. 918
ထို အဖြစ်အပျက်များ အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် လူတိုင်းမှာ အငိုက်မိသွားရ၏။ ကောင်းကင်ယံထဲတွင်မူ လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ ပဲ့တင်ထပ်နေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လျှပ်စီးတန်းတစ်ခုကဲ့သို့ပင်။ သူ၏ မင်းဧကရာဇ်ချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာပြီးနောက် နတ်ဘုရားလက်နက်ကြီးမှာ စကြဝဠာကြီးထဲ၌ ဖျတ်ခနဲလက်သွားပြီး... ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ပါရမီရှင်ဆီသို့ ဦးတည်လာတော့သည်။
အကယ်၍ အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ယောက်သာဆိုပါက ယခုလို ဖြစ်ရပ်များနှင့် ကြုံတွေ့လိုက်ရမည်ဆိုလျှင် ရှောင်တိမ်းကာ တန်ပြန်တိုက်ခိုက်ရန်ပင် မဆိုထားနှင့် တုံ့ပြန်ချိန်ပင် ရလိုက်မည်မဟုတ်ဘဲ ဝမ်ပေါင်လဲ့၏ တိုက်ကွက်ကြီးကြောင့် ချက်ချင်းသေဆုံးသွားမည်သာ ဖြစ်သည်။
သို့သော် ရှင်လင်းမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ တစ်ဦးတည်းသော တာအိုဂိုဏ်းသား ဖြစ်နေသည် ဟုတ်ပါလော။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ အင်အားကြီး အဖွဲ့အစည်းများ၏ အမြင်တွင် ပါမွှားအဆင့်သာ ရှိပါသော်လည်း သူတို့မှာ မဟာလက်ဝဲတာအိုနယ်မြေထဲရှိ နယ်မြေဆယ့်ကိုး၏ အရှင်သခင်များ ဖြစ်နေကြဆဲပင်။ သို့ဖြစ်ရာ သူတို့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပြည်ထောင်စုကြီးတို့ထက် အများကြီးပို၍ အင်အားကြီးပေသည်။ ထို့အပြင် သူတို့မှာ အခြားသော လူမှုအဖွဲ့အစည်းများကိုလဲ မကြာခဏဆိုသလို တိုက်ခိုက်သိမ်းပိုက်တတ်ကြသေးသည်။ ထို့ကြောင့်လည်း ရှင်လင်းမှာ ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံတွေ့လိုက်ရသည့် အချိန်တွင် တမူထူးခြားသော အရည်အချင်းများကို ထုတ်ပြနိုင်စွမ်း ရှိနေဆဲပင်။
သူသည် တစ်ခဏမျှ တုန်လှုပ်သွားပြီးနောက် ရှောင်တိမ်းနေခြင်းမရှိဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်း လောင်ကျွမ်းသွားစေလိုက်၏။
ထိုအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ လောင်ကျွမ်းသွားရုံသာမက သူ၏ အသက်စွမ်းအားများမှာလည်း ပေါက်ကွဲထွက်ပေါ်လာသည်။ ထို့နောက် သူသည် မတ်တတ်ထလာပြီး မီးလုံးကြီးတစ်လုံးအသွင် ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ နောက်ဆုံးတွင် ထိုမီးလုံးကြီးမှာ ဧရာမ ကြက်သွေးရောင် ကျားကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား ခုန်အုပ်လိုက်တော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် အင်အားကြီးအဖွဲ့စည်းတစ်ခု၏ ပါရမီရှင်တစ်ယောက်နှင့် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်တိုက်ခိုက်ဖူးသည်ဖြစ်ရာ သူ့အား ရင်ဆိုင်ရန်မှာ လွယ်ကူမည်မဟုတ်ကြောင်း ချက်ချင်း ရိပ်မိသွားသည်။ အင်အားကြီးအဖွဲ့အစည်းများမှ ပါရမီရှင်များမှာ အခြားကျင့်ကြံသူများထက် ပို၍ အစွမ်းထက်ကြပေသည်။ သူတို့မှာ တိုက်ရည်ခိုက်ရည်စွမ်းအား အပိုင်းတွင်သာမက သတိဝီရိယအပိုင်းတွင်ပါ ပို၍ သာလွန်ကြ၏။
သို့သော် အစတွင် ဝမ်ပေါင်လဲ့မှာ ... သူ၏ပြိုင်ဘက်အား ဇီဝိန်ချုပ်ပစ်ရန် ဆန္ဒမရှိပေ။ သို့သော် ယခုတွင်မူ သူ၏ ပြိုင်ဘက်မှာ အသက်စွမ်းအားများကိုပင် ထုတ်သုံးနေပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တိုက်ပွဲကြီး၏ နောက်ဆုံးရလဒ်အား အာမခံနိုင်တော့မည် မဟုတ်ပေ။
" ဒီကောင်က တုံ့ပြန်မှု မြန်ပေမဲ့ အထူးအပါး နားမလည်တဲ့ကောင်ပဲကွ။ ကိုယ့်သေတွင်း ကိုယ်တူးနေတာပါလား " ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာသည်နှင့် သူတို့နှစ်ယောက်မှာ သင်္ဘောကြီးပေါ်၌ တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်သွားကြ၏။
ထိုအခါ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွား၏။ အကယ်၍ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက်ကြီး ကြက်သွေးရောင် ကျားကြီး၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီးနောက် ၎င်းအား ထက်ခြမ်းပိုင်းလိုက်သည်ကို မြင်နိုင်ပေမည်။ ထိုအခါ ထို ကျားကြီးမှာ စွမ်းအင်များကုန်ခမ်းသွားသဖြင့် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ၎င်းမှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားပြီး တွန်းကန်အားတစ်ခုအား ထုတ်လွှတ်ပေးလိုက်၏။ သို့သော် ထို တွန်းကန်အားများမှာ ဝမ်ပေါင်လဲ့အား နောက်သို့ တွန်းထုတ်လိုက်ခြင်းမရှိဘဲ ကြက်သွေးရောင်ကျားကြီးထဲရှိ ရှင်လင်းကိုသာ နောက်သို့ တွန်းထုတ်ပေးလိုက်သဖြင့် သူသည် အဝေးသို့ ထွက်ပြေးဆုတ်ခွာခွင့် ရသွားတော့သည်။ သူသည် အရေးနိမ့်နေသည့် အခြေအနေထဲမှ အရင်ဆုံး ဖောက်ထွက်နိုင်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရည်ခိုက်ရည်စွမ်းအား ဆင်တူသည့် ကျင့်ကြံသူနှစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် လက်ဦးမှု ရယူနိုင်သည့်လူမှာ အသာစီးရသွားမည် ဖြစ်သည်။ မိမိ၏ ပြိုင်ဘက်မှာ ထိုကဲ့သို့ လက်ဦးမှု ရယူနိုင်သွားသည်နှင့် တိုက်ပွဲကြီးမှာ ချက်ချင်းဆိုသလိုပင် တစ်ဖက်စောင်းနင်း ဖြစ်သွားမည် မဟုတ်ပါလော။
ထိုကြောင့်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ပါရမီရှင် ရှင်လင်း စတင်လှုပ်ရှားလိုက်သည့်အချိန်တွင် သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် အခြား ပါရမီရှင်များမှာ နောက်သို့အလျင်အမြန် ဆုတ်ခွာသွားလိုက်ကြ၏။ တစ်ချိန်ထဲမှာပင် သူတို့၏ မျက်ဝန်းများထဲ၌ အထူးတဆန်းဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ရှင်လင်း၏ တုံ့ပြန်မှုနှင့် အရေးကြီး အခိုက်အတန့်တွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် အသက်စွမ်းအားများကို လောင်ကျွမ်းသွားစေခဲ့သည့် ဆုံးဖြတ်ချက်ကြောင့် သူတို့ထဲမှ အချို့မှာ သူ့အား အထင်ကြီးလေးစားသွားကြသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာလည်း တိုက်ခိုက်ရေးအတွေ့အကြုံ ပြည့်ဝနေသည့် လူတစ်ယောက်ဖြစ်ရာ လက်ဦးမှုရယူနိုင်ခြင်း၏ အရေးပါမှုအား သိရှိထားပြီး ဖြစ်သည်။ သို့ဖြစ်ရာ ယခုတွင် သူ၏ ပြိုင်ဘက်မှာ ထွက်ပြေးရန်ပြင်နေသည်ဖြစ်ရာ သူသည် အဘယ်ကြောင့် လက်ခံနိုင်ပါမည်နည်း။ သူသည် ဤ တိုက်ပွဲကြီး အချိန်ကြန့်ကြာသွားမည်ကို မလိုလားပေ။ သူသည် လူပုံစံစက္ကူရုပ်၏ အကူအညီကြောင့် ဤလှေကြီးပေါ်သို့ ရောက်ရှိလာခဲ့သည့်တိုင်အောင် ဝင်ခွင့်နေရာတစ်နေရာ ပိုင်ဆိုင်ထားခြင်း မရှိသေးပေ။
လှေကြီး၏ အပြင်ဘက်တွင်မူ တာအိုပညာရှင်လင်ဟေ့မှာ အမျက်ချောင်းချောင်းထွက်နေသဖြင့် ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးမှာ တွန့်လိမ်ပုံပျက်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထို အမှတ်အသားအား အမြန်ဆုံး ရယူရန် လိုအပ်ပေသည်။ ထိုသို့သာမဟုတ်ပါက သူ လှေကြီးပေါ်မှ နှင်ချခံလိုက်ရသည်နှင့် အသက်ပျောက်သွားရမည် မဟုတ်ပါလော။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ လှေကြီးပေါ်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းတိုက်ခိုက်လိုက်ခြင်းဖြစ်၏။ သူ၏ တိုက်ကွက်ကြီးမှာ ရက်စက်ကြမ်းကြုတ်လွန်းလှသလို ပြောင်းလဲမှုများမှာလည်း မြန်ဆန်လွန်းလှပေသည်။ တာအိုပညာရှင်လင်ဟေ့မှာမူ မျက်စိမျက်နှာပျက်နေပြီး သူ၏ နှလုံးသားထဲမှ ဒေါသမီးတောက်များမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းတစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်နိုင်လောက်အောင် အားကောင်းနေပြီဖြစ်သည်။ သူသည် သူတို့၏ လူမှုအဖွဲ့အစည်းမှ ပါရမီရှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအား လောင်ကျွမ်းသွားအောင် ပြုလုပ်လိုက်ရသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့အား သတ်ဖြတ်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာရတော့သည်။
" မျိုးမစစ်လေး။ မင်းက သေချင်နေတာပဲကွ " တာအိုပညာရှင်လင်ဟေ့မှာ သွေးရူးသွေးတန်းဖြစ်နေသည့် လေသံဖြင့် အော်ဟစ်ကြိမ်းဝါးလိုက်၏။ ထိုအချိန်တွင် ထာဝရကြယ်တစ်လုံး၏ ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခုမှာ သူ၏နောက်တွင် ပေါ်ပေါက်လာသည်။ မီးလုံးကြီးကဲ့သို့ တောက်လောင်နေသည့် ထို ထာဝရကြယ်ကြီးမှာ အားကောင်းသော အပူစွမ်းအားများနှင့် ဖိအားများကို ထုတ်လွှတ်ရင်း ဝိညာဉ်လှေကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်ပြီးနောက် ၎င်းပေါ်သို့ တက်နိုင်ရန် ကြိုးစားလိုက်တော့သည်။
သို့သော် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် သူသည် ထို ဝိညာဉ်လှေကြီးအား တို့ထိခွင့်ပင် ရှိမည်မဟုတ်ပေ။ အကယ်၍ ကြယ်ကြွေလှေမှာ ထိုမျှလောက် အားနည်းနေမည်ဆိုပါက ကြယ်သုဿာန်၏ လျှို့ဝှက်ချက်များမှာ အဆုံးမဲ့မျိုးနွယ်စု၏ လက်ထဲသို့ ရောက်နေလောက်ပြီဖြစ်သည်။ ၎င်းမှာ ဒဏ္ဍာရီလာ နယ်မြေတစ်ခုအဖြစ် ရှိနေနိုင်တော့မည်မဟုတ်ဘဲ အဆုံးမဲ့မျိုးနွယ်စု၏ ပိုင်နက်တစ်ခုသာ ဖြစ်နေလောက်ပြီဖြစ်သည်။
ထို့ကြောင့် တာအိုပညာရှင်လင်ဟေ့၏ ကြိုးစားအားထုတ်မှုများမှာ အချည်းနှီးပင်။ သူသည် သူ၏ ထာဝရကြီးထဲမှ စွမ်းအားများကို ထုတ်သုံးခဲ့သည့်တိုင်အောင် သူ၏ ရှေ့တွင်ရှိနေသည့် ဝိညာဉ်လှေကြီးမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့သာ ဖြစ်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ သူရှိနေသည့် ဟင်းလင်းပြင်ထဲ၌ မဟုတ်ဘဲ အခြား ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်နေသကဲ့သို့ပင်။ ထို့ကြောင့် သူ၏ နတ်ဘုရားစွမ်းရည်များအားလုံးမှာ ထို ဝိညာဉ်လှေကြီးအား ကျော်ဖြတ်သွားကြသောကြောင့် သူသည် ၎င်းအား ထိခိုက်ပျက်စီးသွားအောင် လုပ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို လျစ်လျူရှုထားသည့်တိုင်အောင် သူ၏ နှလုံးသားထဲမှ အလောတကြီးဖြစ်နေသည့် စိတ်များကို ဖြေဖျောက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့ကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ပါရမီရှင် နောက်သို့ဆုတ်ခွာသွားပြီး သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ သူ သန့်စင်ထားသည့် အော်လံကြီးအား သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်တော့သည်။
သူသည် လိုအပ်သည့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သဖြင့် ထို အော်လံကြီးမှာ နဝမအဆင့်ထက် ပို၍အဆင့်မြင့်နေပြီ ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားလက်နက်အဆင့်သို့ မရောက်သေးပါသော်လည်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် အသုံးပြုနိုင်သည့် လက်နက်တစ်ခုဖြစ်နေပြီ ဖြစ်သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ လွန်းကဲနေသည်ဖြစ်ရာ ထို အော်လံကြီး ထိခိုက်ပျက်စီးသွားနိုင်သည့် အချက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ၎င်းအား ထုတ်ယူလိုက်ပြီးနောက် သူ၏ရှေ့၌ ထားကာ အသံကုန်အော်ဟစ်လိုက်တော့သည်။
ထို အော်သံကြီးမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် မိုးခြိမ်းသံကြီးကဲ့သို့ပင်။ အော််လံကြီးမှာ ထိုအော်သံအား လက်ခံလိုက်ပြီးနောက် အစွမ်းကုန် အသံချဲ့ပေးလိုက်၏။ သို့ဖြစ်ရာ ထိုအသံကြီးမှာ သာမန်ထက် အဆပေါင်းများစွာ ပို၍ မြင့်မားသည့် ကြိမ်နှုန်းမျိုးဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့ကြောင့် သာမန်မျက်စိနှင့်ပင် မြင်နိုင်သည့် တုန်ခါမှုလှိုင်းများပင်လျှင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားရတော့သည်။
ခဏအကြာတွင် ထို အော်လံကြီးထဲမှ အက်ကွဲသံများထွက်ပေါ်လာ၏။ ၎င်းမှာ မနိုင်ဝန် ထမ်းနေရသဖြင့် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။
ထိုအသံကြီးကြောင့် ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာမူ မြန်ဆန်လွန်းနေသောကြောင့် ၎င်းတို့မှာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေသည့် ရှင်လင်းအား ချက်ချင်း လွှမ်းခြုံသွား၏။ ထို အသံကြီးအား တစ်ခဏမျှ ကြားလိုက်ရသည့် လူတိုင်းမှာ နားပင်းသွားရပြီး အသိစိတ်များ ကယောင်ချောက်ချားဖြစ်ကာ မူးဝေသွားရမည်သာ ဖြစ်သည်။ ထို့ကြောင့် လှေပေါ်တွင် ရှိနေကြသည့် ပါရမီရှင်အားလုံးမှာ တစ်ခေါင်းလုံး ထူပူသွားကြပြီး တစ်ခဏမျှ ကြက်သေသေသွားကြ၏။ တစ်အောင့်ခန့် အကြာတွင် သူတို့အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။
သူတို့ပင်လျှင် ထိုကဲ့သို့ ခံစားလိုက်ရသည်ဖြစ်ရာ ဒဏ်ရာများရထားပြီး ကျင့်ကြံခြင်းစွမ်းအားများကို လောင်ကျွမ်းသွားစေခဲ့သည့် ရှင်လင်းမှာဆိုလျှင် ပို၍ပင်ဆိုးပေသည်။ သူသည် ထို တုန်ခါမှုလှိုင်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်နှင့် ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်ခု သူ့အား ရိုက်ခတ်သွားသည့်အလား ခံစားလိုက်ရ၏။ ထို့နောက် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး သွေးပျက်ချောက်ချားဖွယ်ရာ အသံကြီးဖြင့် အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ထို့အပြင် သူသည် မည်သည့်အသံကိုမှ မကြားရတော့သလို သူ၏ အမြင်အာရုံမှာလည်း မှုန်ဝါးဝါး ဖြစ်သွားရတော့သည်။ သူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိလောက်အောင် မူးဝေနေပြီဖြစ်ရာ တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
သူသည် ခုခံကာကွယ်လိုပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ့အား အခွင့်အရေး ပေးမည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ ပြိုင်ဘက် တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်နှင့် ဝမ်ပေါင်လဲ့မှာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် သူ့ဆီသို့ ချဉ်းကပ်လာတော့သည်။
တာအိုပညာရှင်လင်ဟေ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားပြီး အော်ဟစ်ခြိမ်းခြောက်လိုက်၏။
" မျိုးမစစ်လေး။ ဝင်ခွင့်နေရာကို လုယူပြီးတော့ တခြားလူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရသွားအောင် လုပ်ရဲတယ်ပေါ့။ မင်းရဲ့ နတ်မျက်လုံး မျိုးနွယ်စုထဲက သက်ရှိတွေအကုန်လုံးကို ငါ ဇီဝိန်ချုပ်ပစ်မယ် "
" ခဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား " ဝမ်ပေါင်လဲ့မှာမူ နှာမှုတ်ကာ အေးတိအေးစက်လေသံဖြင့် ပြန်မေးလိုက်၏။ သူသည် အရှိန်လျော့ကျသွားခြင်း မရှိပေ။ နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်လက်အား ဆန့်ထုတ်ကာ ရှင်လင်း၏ ညာဘက်လက်ထဲမှ ကတ်ပြားအား လှမ်းယူလိုက်တော့သည်။
သူသည် ရှင်လင်းကို သတ်ဖြတ်ရန် ကြံရွယ်ထားခြင်းမရှိပေ။ ထို့ကြောင့် သူသည် သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ အချုပ်အနှောင်တစ်ခု ဖန်တီးလိုက်၏။ ထို့နောက် သူသည် ရှင်လင်း၏ နဖူးအား သူ၏ လက်ဖဝါးဖြင့် ရိုက်ကာ သူ့အား သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ နောက်ဆုံးတွင် သူသည် မျက်လုံးများ ရဲရဲနီနေပြီး သတ်ဖြတ်လိုစိတ်များ ငယ်ထိပ်အထိ ရောက်နေသည့် တာအိုပညာရှင်လင်ဟေ့အား လှမ်းကြည့်ကာ ဆိုလိုက်၏။
" ကျုပ်ပြန်လာလို့ ဒီ လူမှုအဖွဲ့အစည်း အကောင်းအတိုင်း ရှိနေသေးတယ်ဆိုရင် ခဗျားတို့ လူမှုအဖွဲ့အစည်းထဲက ပါရမီရှင်ကို ပြန်လွှတ်ပေးမယ် "
သူသည် ထိုသို့ဆိုလိုက်ပြီးနောက် တာအိုပညာရှင်လင်ဟေ့အား လျစ်လျူရှုကာ သူ၏ လက်ထဲမှ ကတ်ပြားကို လေထဲတွင် မြှောက်ပြလိုက်ပြီး လှေလှော်နေသည့် လူပုံစံစက္ကူရုပ်အား လှမ်းကြည့်လိုက်၏။ အခြားသူများ အားလုံးမှာမူ ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။
" ကျေးဇူးတင်ပါတယ် လူကြီးမင်း။ အခု ကျွန်တော် ဝင်ခွင့်နေရာတစ်နေရာ ပိုင်ဆိုင်သွားပါပြီ "
လူပုံစံစက္ကူရုပ်ကြီးမှာမူ ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ၎င်းမှာ ၎င်း၏ လက်ထဲမှ စက္ကူလှော်တက်ဖြင့် စတင် လှော်ခတ်လိုက်သည်။ ထိုအခါ ဝိညာဉ်လှေကြီးမှာ ဆတ်ခနဲ တုန်ရီသွားပြီး အဝေးသို့ တရွေ့ရွေ့နှင့် ထွက်ခွာသွားတော့သည်။
လှေပေါ်မှ ပါရမီရှင်များ အားလုံးမှာမူ မျက်နှာအမူအရာ အမျိုးမျိုးဖြစ်နေကြ၏။ သူတို့မှာ သူတို့ထက် အစစအရာရာ သာလွန်နေသည့်ပုံဖြင့် ခေါင်းမော့ရင်ကော့ကာ ရပ်နေသည့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း နှုတ်ဆိတ်သွားကြတော့သည်။
ဤ တိုက်ပွဲကြီးထဲတွင် ဝမ်ပေါင်လဲ့မှာ ဝင်ခွင့်နေရာတစ်နေရာအား ရယူပိုင်ဆိုင်သွားနိုင်ခဲ့ရုံသာမက... သူတို့မှာလည်း သူ၏ စွမ်းအားများကို အသိအမှတ်ပြုလိုက်ရပြီ ဖြစ်သည်။