အခန်း (၃၀၅)
Vol. 21 Ch. 305
"မပူနဲ့..ငါ့စကားငါတည်တယ်.."
ကျီချင်းရန် အဘယ်ကြောင့် ချားရဟတ်များကို နှစ်သက်မှန်း မသိသော်လည်း လင်းရီ သဘောတူလိုက်၏။
ထွေထူးကိစ္စကြီးလည်း မဟုတ်သောကြောင့် သူက အဘယ်ကြောင့် သဘောမတူရဲရမည်နည်း။
နှစ်ယောက်သား နာမည်ကျော်ကြားသည့် ဒစ်စနီရှိုးကို ကြည့်ရှုပြီးနောက် ညအချိန်အခါ ကျရောက်သည့် အခါ ဟိုတယ်သို့ လမ်းလျှောက်လာခဲ့ကြသည်။
"လင်းရီ ..ဒီည ကုတင်က ငါ့ဟာနော် .."
"အမ်..မင်းက ဘာစကား ပြောချင်နေတာ..."
"ကုတင်က ဒီည ငါပိုင်တယ်လို့..."
"ဘာဆိုင်လို့တုန်းဟ..."လင်းရီ ဇဝေဇဝါ ဖြစ်သွားပြီး "အဲ့တာက မင်းရဲ့ လုပ်နိုင်စွမ်းပေါ် မူတည်နေတာလေ..ငါ့ကို နိုင်မှပဲ အဲ့စကားပြော..."
"ငါက နိုင်ငံခြားမှာ မလေ့လာခဲ့ဘူး ဆိုပေမယ့် IELTS အမှတ်က ၈.၀ ပါနော်..ဘယ်ဘက်ကပဲ ကြည့်ကြည့် ငါ့ရဲ့ အင်္ဂလိပ်စာ အရည်အချင်းက နင့်ထက် အများကြီး သာတယ်..."
"အဲ့တာဆိုလည်း ကောင်းပြီလေ.."လင်းရီ ဘေးဘီကို တစ်ချက်ကြည့်လိုက်သောအခါ မနီးမဝေးရှိ လွယ်အိတ်နှင့် မိန်းကလေးတစ်ဦးကို မြင်လိုက်ရ၏။
"ဟိုနားက ကောင်မလေးကို တွေ့လား..တကယ်လို့ မင်းသာ အဲ့ဒီ မိန်းကလေးရဲ့ ဖုန်းနံပါတ်ကို ရအောင် တောင်းနိုင်ရန် ကုတင်က ဒီည မင်းဟာပဲ.."
ကျီချင်းရန် လင်းရီကို ရန်ရှာသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး "နင်က သူ့ဖုန်းနံပါတ်ယူပြီး ဘာလဲလုပ်မှာ.."
"ဒီတိုင်း..မင်းရဲ့ အရည်အချင်းကို စမ်းသပ်ရုံလေးပါကွာ..တခြား ရည်ရွယ်ချက်တွေ မရှိပါဘူးဟ.."
"ဟွန့် .အဲ့လိုဆိုလည်း ပြီးရော..."ကျီချင်းရန် ပြောပြီးနောက် ယုံကြည်ချက် အပြည့်ဖြင့် "ဒီတိုင်း ဖုန်းနံပါတ်လေးပဲ မလား..ခုပဲ တောင်းလာခဲ့ပေးမယ်..."
လင်းရီကတော့ လှေကားထစ်ပေါ်တွင် ထိုင်ချပြီး အာရုံသိပ်ထားမနေချေ။
ကျီချင်းရန်၏ ဆိုရှယ်စကေးနှင့်ဆိုပါက ထိုကောင်မလေးထံမှ ဖုန်းနံပါတ်တောင်းရန်မှာ ကိတ်မုန့်လှီးစားသလိုပင် လွယ်ကူလှ၏။
မည်သို့ပင်ဆိုစေ မိန်းကလေး အချင်းချင်းကြားတွင် သတိကပ်ပြီး မပေးစရာ အကြောင်းတော့မရှိချေ။
ထို့ကြောင့် သူပေးလိုက်သည့် မစ်ရှင်မှာ လုံး၀ အလွယ်လေးဟုတောင် ဆို၍ ရသည်။
"မဟုတ်ဘူး..ဒီမစ်ရှင်က မကောင်းဘူး..နောက်တစ်ခု ပြောင်းရအောင်..."
"အမ်..."
လှေကားထစ်များပေါ်တွင် ထိုင်နေသည့်လင်းရီမှာ သူ၏ တင်ပါးပူအောင်တောင် မထိုင်ရသေးခင် ကျီချင်းရန် ရှုံ့မဲ့နေသည့် မျက်နှာထားဖြင့် ပြန်လာသည်ကို မြင်လိုက်ရ၏။
"ဘာလဲဟ..ဒီလောက်ထိ လွယ်တာလေးတောင် မလုပ်နိုင်ဘူးတဲ့လား...အဲ့တာများ ဘယ်လိုလုပ်ပြီး စီအီးအို ဖြစ်လာပါလိမ့်.."
"ဒါနဲ့ ဘာမှ မဆိုင်ဘူး."ကျီချင်းရန် မကျေမနပ် ဖြစ်သွားခဲ့ပြီး "အဲ့ကောင်မလေးက ပြင်သစ်က ဒီတော့ သူနဲ့ ဘယ်လိုမှ စကားပြောလို့မရဘူး..နောက်ထပ် တခြားတစ်ယောက် ပြောင်းကြရင်ကော."
"သောက်ကျိုးနည်း..မင်းက ပြင်သစ်စကားတောင် မပြောတတ်ပဲနဲ့ ကိုယ့်ကိုယ်ကို ထိပ်တန်း ကျောင်းသူဆိုပြီး လုပ်နေသေးတယ်ပေါ့..."
"မတူဘူးလေ..ပြင်သစ်က အင်္ဂလိပ်ထက် အများကြီး ပိုခက်တယ်...ပြီးတော့ တက္ကသိုလ်တက်တုန်းကလည်း အဲ့လို နိုင်ငံခြား ဘာသာတွေမှ မလေ့လာခဲ့ဖူးတာ..."ကျီချင်းရန် မပျော်ရွှင်စွာ ပြောလိုက်ပြီး "တကယ်လို့ နင် တတ်ရင် နင်သွားပြောလေ.."
"ငါပြောနိုင်ခဲ့ရင်ကော..."
"တကယ်လို့ နင်သာ အဲဒီမိန်းကလေးနား ဖုန်းနံပါတ် တောင်းနိုင်ခဲ့ရင် ဒီည ကုတင်က နင့်ဟာပဲ..."
"ဟဲဟဲ ငါကလည်း အဲ့လိုပြောမှာကို စောင့်နေတာ..."
ရွှေအိုရောင် ဆံပင်ပုံစံနှင့် ပြင်သစ်သူလေးမှာ လင်းရီ သူမထံ လျှောက်လာသည်ကို မြင်တော့ ရှက်ရွံ့စွာဖြင့် မျက်နှာလေး ပန်းရောင်သန်းသွားခဲ့သည်။
"အဟမျး အဟမျး ..."
လင်းရီ နှစ်ကြိမ်သုံးကြိမ်ခန့် ချောင်းဟန့်ပြီးနောက် လေးနက်သည့် မျက်နှာထားဖြင့် "ခန်းယူစပိ ချိုင်းနိ့..."
ကျီချင်းရန်ကတော့ ကူကယ်ရာမဲ့စွာဖြင့် ပါးစပ်လေးအုပ်ပြီး တခစ်ခစ် ရယ်မောနေတော့သည်။
"ဟွန့်...ဒင်းက အဲ့လောက် ယုံကြည်ချက်တွေ ပြည့်နှက်နေတာ မဆန်းတော့ပါဘူး.."
'ဒါပေါ့ကွ.....ငါက မပိုင်ရင် ခြင်တောင် မရိုက်ဘူး...'
"အဟမ်း အလှနတ်သမီးလေး...ကိုယ်လို ရုပ်ချောသဘောကောင်းတဲ့သူနဲ့ အထီးကျန်ဆန်လွန်းတဲ့ ညတွေမှာ အဖော်အဖြစ် စကားပြောလို့ရအောင် ဖုန်းနံပါတ်လေး မပေးချင်ဘူးလား..."
"ဟင်..."
ကျီချင်းရန် ခေါင်းခါရမ်းပြီး လှည့်ထွက်တော့မည့် အချိန်တွင် လင်းရီမှ ပြင်သစ်လေသံဖြင့် ကျွမ်းကျင်စွာ ပြောသံကြားတော့ ထိတ်လန့်တကြား နောက်သို့ လှည့်ကြည့်မိလိုက်သည်။
ဘယ်...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.
သူက ဘာလို့ ပြင်သစ်လို ဒီလောက်ထိ ကျွမ်းကျင်နေတာလဲတဲ့...
ဘယ်ချိန်တုန်းကများ သင်လိုက်ပါလိမ့်
ငါသိတဲ့ လင်းရီမှ ဟုတ်စ။
"ရတာပေါ့ရှင်.."ပြင်သစ်သူလေးမှာ လွန်စွာ စိတ်လှုပ်ရှားသွားခဲ့ပြီး သူမ ဖုန်းနံပါတ်ကို လင်းရီထံသို့ ရက်ရက်ရောရောကြီး ပေးလိုက်တော့၏။
လင်းရီ သူ့ဖုန်းကို ခါယမ်းပြလိုက်ပြီး ကြွေဆင်းသွားနိုင်လောက်သော အပြုံးလေးဖြင့် မျက်စိ တစ်ဖက်မှိတ်ပြလိုက်ကာ "ကျေးဇူးနော်..အလှလေး..နောက်ကျရင် ဆက်သွယ်လိုက်မယ်..."
ဖုန်းနံပါတ် ရလာပြီးနောက် လင်းရီ ကျီချင်းရန်၏ ဆံပင်ကို ဖွကာ "သွားစို့..ဆိုဖာက မင်းကို သတိရလို့တဲ့..."
ကျီချင်းရန် ဆံပင်များ ရှုပ်ပွသွားခဲ့ပြီး လင်းရီကို မျက်လုံးရွဲကြီးများဖြင့် ကြည့်ကာ "နင်...နင်က ပြင်သစ်လို ပြောတတ်တယ်ပေါ့..."
"ပြင်သစ်စကားလေးပဲမလား..ဘာများ ခက်ခဲနေလို့လဲဟ...."လင်းရီ ပခုံးတွန့်လိုက်ပြီး "ငါလည်းမင်းကို ကုတင်ပေါ်မှာ အိပ်စေချင်ပါတယ်ကွာ..ဒါပေမယ့် ကြမ္မာနတ်သမီးလေးက ချောမောလွန်းတဲ့ငါ့ကို ဆိုဖာပေါ်မှာ အိပ်နေတာ မကြည့်ရက်လို့နေမှာ...ဒီတော့ မင်းကိုပဲ ဆိုဖာပေါ်မှာ အိပ်ခိုင်းဖို့ ဒုက္ခပေးရရတော့မယ်..."
"လင်းရီ...နင်..ဒါကတော့ အနိုင်ကျင့်လွန်းသွားပြီ"
ကျီချင်းရန် နှုတ်ခမ်းစူပြီး ခြေဆောင့်လိုက်ပြီး လက်ပိုက်ကာ ဟွာရှ အိမ်ထောင်ရှင်မများ စိတ်ဆိုးသည့် အသွင်ဖမ်းလိုက်၏။
၎င်းကိုမြင်တော့ လင်းရီ ကြောင်အသွားခဲ့သည်။ ကျီချင်းရန်လည်း စိတ်ကောက်တတ်သည့် မိန်းကလေးတစ်ဦး ဖြစ်သည်ကို သူမေ့နေခဲ့လေသည်။
"ကဲ ကဲ အဲ့လိုကြီး လုပ်မနေနဲ့..သူများတွေ ဝိုင်းကြည့်ကုန်ပြီ..."လင်းရီ ပြောလိုက်ပြီး "မင်းဒီည ကုတင်ပေါ်မှာ အိပ်လို့ရတယ်..."
"ခစ်ခစ်..ဒီလိုမှပေါ့..."ကျီချင်းရန် လှေကားပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို အနည်းငယ် ဆန့်ကားပြီး ပွေ့ဟူသော ပုံစံ ပြုလုပ်လိုက်၏။ "လင်းရီ ငါ့ကို ကျောပိုးပေ.."
"လာကွာ..တက်.."
လင်းရီ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး အပြုံးလေးဖြင့် သူမနားသို့ ကျောပေးကာ ကျီချင်းရန်အား နောက်ကျောပေါ်သို့ ခုန်တက်စေလိုက်၏။
လင်းရီ၏ နွေးထွေးသော နောက်ကျောပြင်ကြီးကို မှီရင်း ကျီချင်းရန်၏ ရင်ဘက်ထဲတွင်တော့ လုံခြုံသည်ဟု ခံစားနေရသည်။အတိတ်တွင် မည်သူကမျှ သူမက်ု ယခုလို ခံစားချက်မျိုး မပေးစွမ်းနိုင်ခဲ့။
"ရီ...နင်ငါ့ကို ဘာမှ ပြောစရာ မရှိဘူးလား..."
ကျီချင်းရန် တိုးတိုးလေး မေးလိုက်၏။
"အင်း..တင်းတင်းဖက်ထား..အရမ်းနူးညံ့တယ်..."
"နူးညံ့တယ်..?"
ကျီချင်းရန် ရှက်သွေးဖြန်းသွားပြီး "ဘယ်သူက နင့်ကို အဲ့တာ ပြောခိုင်းလို့လဲ..."
"ခံစားချက်တွေကို အရိုးသားဆုံး ပြောပြတာလေ..."
"ဟွန့်...ရိုမန်တစ် မဆန်တက်လိုက်တာ..."
အမျိုးသမီး ဘီလီယမ်နာ တစ်ယောက်ဖြစ်သော်လည်း ကျီချင်းရန်မှာ နုနယ်သည့် အသည်းနှလုံးနှင့် မိန်းကလေး တစ်ယောက်ဖြစ်၏။ သူမလည်း ပန်းနုရောင်များနှင့် ရိုမန်တစ်ဆန်သည့် အရာများကို နှစ်ခြိုက်လေသည်။
"တော်ပြီ ချပေးတော့..ဟိုတယ်လည်း ရောက်တော့မှာ..ကိုယ့်ဘာကိုယ်ပဲ လမ်းဆင်းလျှောက်တော့မယ်..."
ကျီချင်းရန် တိုးတိုးလေး ပြောလိုက်၏။
"ဟိုတယ်နား ရောက်ခါနီးတော့ကော ဘာဖြစ်လဲ..ငါက အခန်းထဲထိ ကျောပိုးသွားမှာ.."
"နင် ဘယ်လိုတောင် လုပ်ရဲတာလဲ..ဟိုတယ်မှာ လူတွေ ဒီလောက်ထိများတာကို ရှက်ဖို့ ကောင်းလိုက်တာ...မြန်မြန် ပြန်ချပေးလို့..."
"မရဘူး..ကျောကို သေချာဖက်ထားနော်..ရုန်းနေရင် ပစ်ချခဲ့မှာဗျ..."
လင်းရီကတော့ ဘယ်သူ့မှ သောက်ဂရုစိုက်မနေဘဲ ကျီချင်းရန်ကို အခန်းထဲသို့ ခေါ်သွားလိုက်သည်။
ကျောပေါ်တွင် ပါလာခဲ့သည့် ကျီချင်းရန်ကတော့ ရှက်လွန်း၍ လင်းရီကျောနှင့် မျက်နှာကို အပ်ထားတော့၏။ ရှက်လွန်း၍ မည်သူ့ကိုမျှ မကြည့်ချင်တော့ချေ။
အခန်းထဲသို့ ရောက်သည့်အခါမှသာ ကျီချင်းရန်စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။
"ဟိုတယ်ထဲမှာ လူကလည်း များလိုက်တာ...မနက်ဖြန်ဆို အပြင်တောင် ဘယ်မျက်နှာနဲ့ ထွက်ရမလဲ ်သိတော့ဘူး..."
ကျီချင်းရန် သူမ မျက်နှာကို လက်ဖြင့် အုပ်လျက် ခေါင်းခါရမ်းနေပြီး အရူးတစ်ပိုင်း ဖြစ်နေပုံကို ကြည့်ပါက သူမမည်မျှ ရှက်ရွံ့နေကြောင်း မြင်နိုင်လေသည်။
"ဟားဟား...မင်း ဒီက အကြောင်း နားမလည်သေးပါဘူးကွာ.."လင်းရီ ရယ်မော၍ ပြောလိုက်ပြီး "ငါတို့ နှစ်ယောက်လုံးက စင်ဂယ်တွေ...ဆိုတော့ မင်းကို ငါ့ကျော်ပေါ် ပိုးလာခဲ့တာက ပုံမှန်ပဲလေ..ပြီးတော့ ဒီမှာ ရောက်နေတဲ့ လူတိုင်းကလည်း ဒီသဘောတရားကို နားမလည်တဲ့သူတွေ မဟုတ်ဘူး..အကုန်လုံးက ဝါရင့် သမ္ဘာရင့်တွေ...ဒီတော့ ဘာမှ ရှက်စရာ မလိုဘူး..."
"နင်က အဲ့တာတွေ ဘာ်လိုလုပ်သိတာ..အရင်တုန်းက နင် ဒီရောက်ဖူးတာလား..."
"ရောက်ဖူးမှလားဟ......ဒီကို မိန်းမနဲ့ အချိန်ဖြုန်းဖို့ မဟုတ်ရင် ပိုက်ဆံပေးပြီး ဘာလာလုပ်ရမှာတုန်း..."
အာ..
လင်းရီပြောလိုက်သည်မှာ လက်တွေ့ကျလွန်းသောကြောင့် ကျီချင်းရန် မည်သို့ ပြန်ငြင်းရမလဲဆိုတာတောင် မသိတော့ချေ။
"နင်ကတော့ ပေါက်တတ်ကရတွေ ပြောဖို့ဆို ထိပ်ဆုံးက...."
ကျီချင်းရန် မတ်တပ်ရပ်လိုက်ပြီး "ငါ ခြေလက် သွားဆေးလိုက်ဦးမယ်..ဒါပေမယ့် နင်ငါ့ကို ကုတင်ပေးမယ်လို့ ပြောထားတာ မမေ့နဲ့နော်..."
"အေးပါဟ..ပေးမှာပါ..."
"အာ့ဆိုပြီးရော.."
ခြေလက်ဆေးကြောပြီးနောက် နှစ်ယောက်သား ခဏတစ်ဖြုတ်ခန့် တီဗွီကြည့်ရင်း စကားဖောင်ဖွဲ့ခဲ့ကြ၏။
ထို့နောက် သူမ အခန်းသို့ပြင်ကာ အိပ်စက် အနားယူရန် ပြင်လိုက်သည်။
သို့သော်လည်း ယနေ့ညတွင် ကုတင်ကြီးကြီးပေါ်၌ ဇိမ်နှင့် အိပ်ရသော်လည်း သူမအိပ်လို့ မပျော်ခဲ့။
"သူက မနေ့တုန်းက ငါ့ကို ပွေ့ပြီးတော့ အခန်းထဲ ခေါ်ခဲ့ပေးသေးတယ်..ဒီကနေ့ သူ့အလှည့်ကျမှ အပြင်မှာ သိပ်ရင် ကောင်းပါ့မလား..."
ထိုအကြောင်း စဉ်းစားမိတော့ ကျီချင်းရန် ထကာ စောင်တစ်ထည်ကို ယူပြီး လင်းရီကို သွားခြုံပေးရန် တံခါးရှေ့သို့ ရောက်လာခဲ့လေသည်။
ချလပ်...
တံခါးဖွင့်လိုက်သည့် အချိန်တွင်တော့ လင်းရီ တံခါး၀ ရှေ့၌ ရပ်နေသည်ကို မြင်လိုက်ရ၏။
"အမ်...အပြင်ထွက်မလို့လား..."