အခန်း (၃၀၆)
Vol. 21 Ch. 306
"အမ်...."
"နင်က ဘာလဲလုပ်နေတာ..."
"ငါက ဘာလုပ်ရမှာ .. ဒီလောက် လှတဲ့ ညလေးတစ်ညမှာ အပြင်ထွက်ပြီး လမ်းလေးဘာလေး လျှောက်ရင် ကောင်းမလားပေါ့ဟ.."
လင်းရီ ပြောလိုက်၏။
"နင်က တစ်ခုခုတော့ တစ်ခုခုပဲနော်...ဘာလဲ ခိုးကြောင်ခိုးဝှက်နဲ့...."ကျီချင်းရန် သံသယကြီးစွာဖြင့် မေးလိုက်သည်။
"ဟင်း...ငါလည်း ဘယ်တတ်နိုင်မှာကွာ.. ပြင်သစ်သူလေးရဲ့ ဆွဲဆောင်မှုက ညို့ငင်နိုင်လွန်းတယ်လေ..စောနလေးတင် ငါ့ကို လအတူ ရှုစားရင်း အဖော်ပြုပေးပါဆိုပြီး အတင်း ခေါ်နေတော့ ငါကလည်း ဘယ်ငြင်းရက်မှာ....အဲ့တာကြောင့်မို့ မသွားချင် သွားချင်နဲ့ သွားမလို့ " လင်းရီ သက်ပြင်းချလိုက်ပြီး "ဘ၀ကြီးက ခက်ခဲလိုက်တာကွာ.."
"နင် သွားရဲ့သွားကြည့်စမ်း..."ကျီချင်းရန် လင်းရီ ခါးကို ဆွဲဆိတ်လိုက်ပြီး "ငါနင့်ကို ပြောလိုက်မယ်...ဒီနေ့ နင် ဘယ်မှ သွားစရာ မလိုဘူး..နင့် အခန်းထဲမှာပဲ နေရမယ်..."
ကျီချင်းရန်၏ ရင်ဘက်မှာ ဒေါသကြောင့် ဖားဖိုကြီးကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။
ဟွန့်..တွေ့တာမှ ဘယ်လောက်ပဲ ကြာသေးလို့လဲ....ကောင်မက လင်းရီကိုတောင်မှ ခေါ်ထုတ်ချင်နေပြီပေါ့လေ...
"ပြီးတာပဲ..အဲ့တာဆိုလည်း မသွားတော့ဘူး..ဒီမှာပဲနေတာပေါ့..."
"ဟမ့်..ဒီလိုမှပေါ့.."
ကျီချင်းရန် အခန်းထဲသို့ ၀င်သွားခဲ့သည်။ သို့သော်လည်း တခဏခန့် ကြာသောအခါ တံခါး တိုးတိုးလေးဖွင့်ပြီး လင်းရီ ရှိမရှိ ချောင်းကြည့်နေပြန်၏။
"ဘာလဲ..မအိပ်ပဲနဲ့ ဘာတွေ လျှောက်လုပ်နေတာ..."
"နင် အပြင်ခိုးထွက်သွားပြီလားလို့ လာကြည့်တာလေ..."
"ဟုတ်လို့လား..ငါတော့ မင်း ငါ့ ကို လာလာငမ်းတယ်လို့ပဲ ထင်တယ်နော..."
"ဘာလာ ဘလာ ဘလာ...အွက်...ဘာဆိုင်လို့ ငါက ငမ်းရမှာ.."ကျီချင်းရန် မပျော်ရွှင်စွာ ပြောလိုက်ပြီး "ငါနဲ့ အခန်းထဲလိုက်ခဲ့..."
"အာ...အိုကေလေ..."
အခန်းထဲတွင်တော့ ကျီချင်းရန် လင်းရီကို စောင်နှစ်ထည်ခင်းပေးလိုက်ပြီး ညွှန်ပြကာ "နင်က ဒီည ဒီမှာအိပ် ...ငါ ကုတင်ပေါ်ကနေ စောင့်ကြည့်နေမယ်....ဟွန့်နင်ဒီည သွားရဲ သွားကြည့်စမ်း....."
လင်းရီကတော့ ပျင်းရိစွာ အကြောဆန့်လိုက်ပြီး "သဘော..အဲ့လိုဆိုလည်း ကုတင်ပေါ်ပဲ အိပ်ရတာပေါ့..."
"နင် ဒီမှာလည်း အိပ်လို့မရဘူး...အဲ့မှာအိပ်"ဟုဆိုကာ ကြမ်းပြင်ပေါ်သို့ လက်ညိုးညွှန်ပြလိုက်၏။
လင်းရီ ကြမ်းပြင်ပေါ်တွင် အိပ်စက်နေချိန်တွင်တော့ ကျီချင်းရန်မှ ကုတင်ပေါ်တွင် ဘေးတစ်စောင်း လဲလျောင်းကာ ကိုးရီးယား ရုပ်ရှင် ကြည့်သကဲ့သို့ မျက်တောင်မခတ် လင်းရီကို စူးစိုက်ကြည့်နေလေသည်။
လင်းရီကတော့ လုံးလုံးမျှ ဂရုမစိုက်ချေ။ ကျီချင်းရန်နှင့် တစ်နေကုန် လည်ပတ်ထားသောရသောကြောင့် အတော်လေး ပင်ပမ်းနွမ်းနယ်နေပြီး အချိန်အတော်ကြာကတည်းက အိပ်ချင်နေပြီ ဖြစ်၏။ ထို့ကြောင့် ခေါင်းချချခြင်းပဲ အိပ်ပျော်သွားခဲ့သည်။
"အား...."
ညနက်သည့် အချိန်တွင်တော့ အော်ဟစ်သံကြီးတစ်ခုမှာ တိတ်ဆိတ်ငြိမ်သက်သည့် ညကို ထိတ်ထိတ် လန့်လန့် ဖြစ်သွားစေခဲ့၏။
"အား...."ကျီချင်းရန် အိပ်ရာပေါ်မှ ထိတ်လန့်တကြား နိုးလာခဲ့ပြီး သူမ နဖူးတစ်ပြင်လုံးလည်း ချွေးအေးများ စို့နေလေသည်။
"အိပ်မက်ဆိုးတွေ မက်ပြန်ပြီလား..."လင်းရီ အိပ်စုံမှုန်မွှားဖြင့် မေးမြန်းလိုက်၏။
"အဆောက်အဦးပေါ်က ပြုတ်ကျတာလား..ဒါမှမဟုတ် ချောက်ကမ်းပါး ပေါ်က ပြုတ်ကျတဲ့ အိပ်မက်လား..."
"ဟမ်..နင်က ဘယ်လိုလုပ်သိတာ.."
ကျီချင်းရန်၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး "ငါ့အိပ်မက်ထဲမှာ ကျားတွေ အများကြီးပဲ ငါ့နောက် လိုက်နေကြတာ..ငါလည်း ပြေးရင်းနဲ့ချောက်ကမ်းပါးနားရောက်တော့ ခုန်ချလိုက်တာပဲ....အိပ်မက်ကလည်း လက်တွေ့ဆန်လိုက်တာ..အဟင့်..ငါ့တင်ပါးတွေတောင် နာကုန်ပြီ...ဒါနဲ့ ..နင်က ငါ ချောက်ကမ်းပါးပေါ်က ပြုတ်ကျတဲ့ အိပ်မက်မက်မှန်း ဘယ်လိုလုပ်ပြီး သိနေတာ..."
"မနာမှပဲ ထူးဆန်းနေမှာ..."လင်းရီ သူမကို စ နောက်မနေတော့ပဲ"ကိုယ့်ကိုယ်ကိုလည်း ဘယ်ရောက်နေလဲဆိုတာ တစ်ချက် ကြည့်လိုက်ဦးလေ..."
ကျီချင်းရန် ဘေးဘီဝဲယာရို စူးစမ်းကြည့်လိုက်သောအခါမှ ကုတင်ပေါ်တွင် ရှိမနေပဲ ကြမ်းပြင်အောက်သို့ ရောက်နေကြောင်း သိလိုက်ရသည်။
"ငါ..ငါက ဘာဘို့ ဒီရောက်တာလဲတဲ့..."
"ဘာလို့ ရောက်နေတယ်လို့ ထင်လဲ.."လင်းရီ ပြောစရာ စကား ကင်းမဲ့နေပြီး "ဘေးမှာ အိပ်လို့ ပြုတ်ကျပြီးတော့မှ ဘာလို့လဲ မေးနေတယ်ပေါ့လေ..."
ကျီချင်းရန် "...."
ဒါ...ဒါက အရမ်းရှက်ဖို့ ကောင်းတာပဲ...
ကံကောင်းစွာဖြင့် အခန်းထဲရှိ မီးမှာ မှိန်ဖြဖြလေးသာ ရှိသောကြောင့် သူမ မျက်နှာလေး ရဲနေသည်ကို လင်းရီ သတိမထားမိခဲ့လိုက်ချေ။
မဟုတ်ပါက သူမ ရှက်လွန်း၍ ကျွင်းထဲ ၀င်အောင်း မိပေလိမ့်မည်။
"အဲ့တာဆို ငါ ပြန်တက်အိပ်တော့မယ်..နင်လည်း ကိုယ့်ဘာကိုယ် ဆက်အိပ်..."
"ဘာကို ပြန်အိပ်မှာလဲ.."လင်းရီ ကျီချင်းရန်ကို သူ့လက်မောင်းများဖြင့် ပွေ့ဖက်လိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲထည့်ကာ "နောက်တစ်ခေါက် ပြန်ပြုတ်မကျအောင် ဒီမှာပဲ အိပ်လိုက်တော့..."
"နင်...လူဆိုးကြီး....ငါ့ကိုလွှတ်..."
"မလှုပ်နဲ့.."လင်းရီ လေသံမာမာ ဖြင့် ခြိမ်းခြောက်လိုက်ပြီး "မဟုတ်ရင် ယားအောင် ကလိထိုးလိုက်ရမလား..."
ကျီချင်းရန် ဆက်ဘက် ရုန်းမကန်ရဲတော့ချေ။ သူမ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေပြီး လင်းရီ၏ ၀င်သက်ထွက်သက် ငွေ့ငွေ့လေးကိုပင် ခံစားမိနေတော့၏။
ထိုအခိုက် သူမ ရင်ဘက်မှာလည်း စစ်ဗုံကြီး တီးနေသကဲ့သို့ တဒုန်းဒုန်း မြည်နေလေသည်။
"သေချာအိပ်လေ..ဘာလို့ တောင့်တောင့်ကြီး ဖြစ်နေသာ ..ကိုယ်ကို သက်တောင့်သက်သာ ထားမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပေါ့ဟ..."
"ငါ...ငါ..."ကျီချင်းရန် အချိန်အတော်ကြာသာ်အထိ ဘာပြောရမှန်းမသိ ဖြစ်နေလေသည်။
"ဘာဖြစ်လို့လဲ..ပြောချင်တာ ရှိရင် ပြောနော်..."
"ငါ...ငါခုလေးတင် ပြုတ်ကျထားတော့ တင်ပါးက အရမ်းနာနေလို့..."ကျီချင်းရန် မျက်နှာငယ်လေးဖြင့် ပြောလိုက်ပြီး ငိုတော့မလို ဖြစ်လာခဲ့သည်။
"ဖူး...ဟားဟား"
လင်းရီ မနေနိုင်ပဲ အသံထွက် ရယ်မောမိလိုက်၏။
"လွယ်ပါတယ်..ငါမင်းကို နှိပ်ပေးမယ်လေ."လင်းရီ ပြောလိုက်ပြီး "အဲ့နားက အသားများတယ်ဆိုပေမယ့် ကုတင်က နည်းနည်းလေး မြင့်တော့ တော်တော်လေး နာသွားမှာပဲ ဟုတ်တယ်မလား.."
"မရဘူး..."
ကျီချင်းရန် ချက်ချင်း ထထိုင်လိုက်ပြီး "ကိုယ့်ဘာကိုယ်ပဲ ပွတ်နေတော့မယ်..."
"အဲ့လိုဆိုလည်း ကိုယ့်ဘာကိုယ်ပဲ ပွတ်နေလိုက်တော့ ..ငါ ပြန်အိပ်တော့မယ်..."
ထို့နောက် လင်းရီမှာ မိနစ် အနည်းငယ်အတွင်း ခလူးခလောဖြင့် အိပ်ပျော်သွားတော့၏။
ကျီချင်းရန် တစ်ယောက်တည်းကသာလျင် စိတ်ဆိုးမာန်ဆိုးဖြင့် ပါးကို ဖောင်းထားပြီး သူမ ဖင်ကို ပွတ်နေလေသည်။
နောက်တစ်နေ့ နံနက်တွင်တော့ ကျီချင်းရန် ပန်ဒါမျက်လုံးများဖြင် နိုးထလာခဲ့၏။ သူမ မနေ့ညက ကောင်စွာ မအိပ်ခဲ့ရကြောင်း သိသာလေသည်။
"နာနေသေးလား.."လင်းရီ ကျီချင်းရန်၏ ပန်ဒါမျက်လုံးများကို ကြည့်ရင်း ရယ်ချင်စိတ်ကိုအောင့်အီးကာ မေးမြန်းလိုက်၏။
"အများကြီးတော့ ပိုသက်သာသွားပြီ..ဒါပေမယ့် ညတုန်းကတော့ ကောင်းကောင်း မအိပ်ရသေးဘူး..အဲ့တာကြောင့်မို့ ငါ ခဏလောက် အိပ်ချင်သေးတယ်..."
ကျီချင်းရန် နှုတ်ခမ်းလေး စူလျက် အိပ်စုံမှုန်မွှား ပြောလိုက်၏။
"အဲ့တာဆိုလည်း အိပ်လေ..သွားခါနီးမှ နှိုးလိုက်မယ်..."
"နင့်ဖုန်းပေး..."
"ငါ့ဖုန်းနဲ့ ဘာလဲလုပ်မှာ..."
"အရင်ပေးလို့..."
လင်းရီ များများစားစား မတွေးပဲ ဖုန်းကို ကျီချင်းရန် လက်ထဲသို့ ထည့်ပေးလိုက်၏။
"ဟမ်...ဟို အမျိုးသမီးရဲ့ ဖုန်းနံပါတ်ကော..."
"ဘယ် အမျိုးသမီးလဲ..."
"နင် မနေ့ညက ကြူးနေတဲ့ ပြင်သစ်သူလေးပေါ့ဟဲ့..."
"အော်..ဖျက်ပစ်တာ ကြာပေါ့..."
"နင်သူနဲ့ စကား မပြောဘူးလား..."
"သူက ပြင်သစ်လေ..ငါက ဘာလို့ စကားသွားပြောရမှာ..."
"လင်းရီ..နင်ငါ့ကို နောက်တစ်ခေါက် လှည့်စားပြန်ပြီပေါ့လေ...ငါ့ကို နင်နဲ့အတူ...."
"ငါနဲ့ ဘာလဲ..ဆက်ပြောလေ..."
"ဟွန့်...တော်ပြီ..နင်လို လူလိမ်ကြီးနဲ့ စကားဆက်မပြောချင်တော့ဘူး..."
ကျီချင်းရန် အခန်းတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်ပြီး အိပ်ရာ၀င်ရန် ပြင်လိုက်၏။
သူမ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရ၍လား၊ ဒါမှမဟုတ် ပင်ပန်းလွန်း၍လားတော့မသိ ၊ ကျီချင်းရန် နေ့လည် မတိုင်ခင်အထိ အိပ်ပျော်နေခဲ့၏။
သို့နှင့် နှစ်ယောက်သား ထွက်လည်မနေတော့ဘဲ လမ်းတစ်ခဏ ထွက်လျှောက်ကာ ဒေသထွက် စားကောင်းသောက်ဖွယ်တစ်ချို့ စားသောက်ပြီး ဟိုတယ်သို့ ပြန်ခဲ့လိုက်၏။
ရှေ့ဆက် နေ့ရက်များတွင်တော့ လင်းရီ ကျီချင်းရန်ကို အခြား ပန်းခြံများသို့ လိုက်ပို့ လျှောက်လည်ပေးလိုက်၏။
သူတို့ အော်လန်ဒိုရှိ လည်သင့်သည့် နေရာများ အားလုံးကို ရောက်ပြီး ဖြစ်သည်။
ပထမတော့ လင်းရီ အလျင်လိုမနေခဲ့။ သို့သာ်လည်း ယခု သူ၏ အော်လန်ဒို ခရီးစဉ်မှာ ပြီးဆုံးတော့မည်ကို မြင်တော့ မသက်သာစွာဖြင့် စိုးရိမ်လာမိသည်။
ယွမ်ယွမ် .. ဒင်းကတော့ ခုထိ ရှန်းထျိန်းကျိုးအကြောင်း ဘာတစ်ခုလေးမှတောင် မသိသေးဘူးပေါ့လေ...
အကယ်၍ သူမသာ အခ်ျန်အတော်ကြာဦးမည် ဆိုပါက မိုင်ယာမီသို့သာ ဆက်သွားရန် ကျန်တော့၏။
"လခွမ်းပဲကွာ..ငါမင်းကို တစ်ရက်အချိန် ပေးလိုက်မယ်...ဘာမှ မသိဘူးဆိုလို့ကတော့ လစာတစ်ပြားမှကို ရမယ် မကြံနဲ့..."လင်းရီ စိတ်ထဲတွင် တိတ်တဆိတ် ကြိမ်းမောင်းလိုက်သည်။
နေ့လည်ခင်း လည်ပတ်ပြီးနောက် နှစ်ယောက်သား ဖြည်းညင်းစွာဖြင့် လျှောက်လာခဲ့ပြီး ကျီချင်းရန်မှ "လင်းရီ..ငါတို့ရဲ့ အော်လန်ဒို ခရီးစဉ်ကတော့ ပြီးသွားပြီနော် ...တကယ်လို့ နင့်မှာ လည်ချင်တဲ့ နေရာတွေ ရှိသေးရင် ပြောလေ.. ငါအဖော်လိုက်လုကါပေးမယ်...ငါ့အတွက်တော့ ဘာမှ စိတ်ပူစရာ မလိုဘူး..ကုမ္ပဏီကို သူများနဲ့ လွှဲထားလို့ရတယ်..."
"အင်း..အဲ့လိုဆို ငါအစကတည်းက မိုင်ယာမီ သွားလည်ရင် ကောင်းမလားလို့ စဉ်းစားနေတာ..."
"ကောင်းတာပေါ့.."ကျီချင်းရန် လျှပ်တပြက်ဆိုသလို သဘောတူလိုက်ပြီး "မိုင်ယာမီဆိုတာက ပင်လယ်ဘေးနားမှာ တည်ထားတဲ့ မြို့....ပြီးတော့ ၀မ်ကျန်းဆိပ်ကမ်းရဲ့ ပရောဂျက်ကလည်း ဆက်ပြီးတော့ ချဲ့ထွင်ဦးမှာဆိုတော့ ငါတို့ အဲ့ဒီနားကနေ အများကြီး လေ့လာလို့ရတယ်..."
"ငါလည်း အဲ့လိုပဲ စဉ်းစားနေတာ.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။ သို့သော်လည်း သူ့အတွေးထဲတွင်တော့ "ဟော်ယွမ်ယွမ် ..မင်း ကို အချိန်ခဏလောက် ထပ်ပေးလိုက်ဦးမယ်..မဟုတ်ရင် နောက်ကျမှ ငါ့မဆိုး မဆိုနဲ့..."
"အဲ့လိုဆို အတည်ဖြစ်ပြီနော်..ငါတို့ မနက်ဖြန်ကျ မိုင်ယာမီကို ခရီးထွက်ကြမယ်..."
"အိုကေ...."
ဒူ ဒူ ဒူ ....
လင်းရီ ဖုန်းသံ မြည်လာခဲ့ပြီး ဟော်ယွမ်ယွမ်မှ မက်ဆေ့ခ်ျ ပို့လာခဲ့ကြောင်း မြင်တွေ့လိုက်ရ၏။
ဟော်ယွမ်ယွမ် : ဘော့စ်..ကျမဘက်ကတော့ ရှန်းထျန်းကျိုးအကြောင်းကို ရသလောက် တူးဆွကြည့်ပြီးသွားပြီ..ရှင့်ဆီကို အီးမေးလ်နဲ့ ပို့လိုက်ရမလား...
၎င်းကိုမြင်တော့ လင်းရီ လုံး၀ စိတ်လှုပ်ရှားသွားခဲ့သည်။ သူလိုချင်နေတာကလည်း အဲ့တာပဲလေ..
လင်းရီ : ဒါပေါ့..ဖြစ်နိုင်ရင် အမြန်ဆုံး ပို့ပေး...
ဟော်ယွမ်ယွမ် : "အိုကေ..ဒါနဲ့ စကားမစပ် ရှန်းထျန်းကျိုးရဲ့ ဇနီးနာမည်က မူရှုမင်တဲ့...ပြီးတော့ သူ့အန်တီလာတာက ၄ရက်နဲ့ ၁၀ရက်မြောက် ကြားတွေမှာ လာတတ်တယ်..."
လင်းရီ :"....."