အခန်း (၃၁၁)
Vol. 21 Ch. 311
ရှန်းထျန်းကျိုး လင်းရီ၏ အသံကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။
"မစ္စတာလင်းက ဟွာရှကို ပြန်ချင်သေးတာလား..."
"ခင်များလည်း ကျုပ်လိုပဲ မဟုတ်လား..."လင်းရီ ပြန်မေးခွန်းထုတ်လိုက်ပြီး "ခင်များရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် နိုင်ငံကို ပြန်ပြီးတော့ အခွင့်အလမ်းအသစ်တွေ ရှာစရာတောင် မလိုပါဘူး..သူတို့ကတောင် တကူးတကနဲ့ ဒီလာပြီး ခင်များကို လာရှာကြဦးမှာ... "
ရှန်းထျန်းကျိုး ခါးသီးစွာ ပြုံး၍ "အဲ့တာကတော့ အမှန်ပဲ...ရှေ့ရက်တွေတုန်းကတောင် လုံရှင်း စင်တာက သုတေသန ပညာရှင်တွေ ကျုပ်ကို လာရှာသေးတယ်...ဒါပေမယ့် ကျုပ်သူတို့နဲ့ မတွေ့ဘူး"
လင်းရီ အမူအရာတစ်စက်ကလေးမျှ ပြောင်းမသွားချေ။ မျက်နှာရိပ် ကြည့်တတ်သည့် ရှန်းထျန်းကျိုးတို့မှာ သူတစ်ချက်ကလေး အမူအရာ ပြောင်းသွားသည်နှင့် တစ်စုံတစ်ခုကို ဆက်စပ်ပြီး ရိပ်မိသွားနိုင်၏။
"ခင်များက သူတို့ကို တွေ့ခွင့်မပေးလိုက်ဘူးဆိုတော့ ဟွာရှကိုပြန်ဖို့ ရည်ရွယ်ချက် မရှိလို့ပဲများလား..."
"ကျုပ်ပြန်ဖို့ ရည်ရွယ်ချက်မရှိတာ မဟုတ်ဘူး..ကျုပ်သွေးတွေ ခုဖောက်ထုတ်လိုက်ရင်တောင်မှ ဟွာရှရဲ့ မျိုးစစ်သွေးတွေက စီးဆင်းနေဦးမှာပဲ....ဒီနေရာမှာ ဘယ်လောက်ပဲ အဆင်ပြေတယ်ပြောပြော ကျုပ်အိမ်မှ မဟုတ်တာဗျာ..."ရှန်းထျန်းကျိုး သက်ပြင်းချလိုက်ပြီး "မစ္စတာလင်း ပြောသလိုပဲပေါ့..အပြင်ကရန်မေ စွပ်ပြုတ် ဘယ်လောက်ပဲ အရတာရှိတယ်ပြောပြော ..ကိုယ့်မွေးရပ်မြေရဲ့ လက်ရာကိုတော့ ဘယ်မှီနိုင်မှာ..."
"အဲ့တာဆို ခင်များက ဘာလို့ ဆက်နေသေးလဲ..."
"ဘာလို့လဲဆိုတော့ ကျုပ် ပညာရေးဆိုင်ရာသုတေသနတွေ လုပ်ချင်သေးလို့ပေါ့..."ရှန်းထျန်းကျိုး ပြောလိုက်ပြီး "ဒီမှာဆို ကျုပ်နဲ့ အထုံဝါသနာတူတဲ့ လူတွေကို မရေမတွက်နိုင်အောင် ရှာလို့ရတယ်..ဘယ်သူကမှ ကျုပ်လုပ်နေတာတွေကို နှောင့်ယှက်မှာလဲ မဟုတ်ဘူး..ပြီးတော့ ကျုပ်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကိုလည်း အတိုင်းတာတစ်ခုထိ ရောက်အောင် ဖော်ထုတ်လို့ရမယ့် အခွင့်အရေးတွေရှိတယ်...ကျုပ်လိုချင်နေတာက အဲ့တာပဲ.."
"ဘာလဲ....ကျုပ်တို့ ဟွာရှရဲ့ ပညာရေးက ကောင်းတာ မလုံလောက်သေးလို့လား......"
"အဲ့သဘောမျိုး ပြောတာ မဟုတ်ပါဘူး...ဒီတိုင်း ပတ်၀န်းကျင်က သိပ်မကောင်းတာ..."ရှန်းထျန်းကျိုး ချက်ကျလက်ကျဖြင့် "မစ္စတာလင်းလည်း သိမှာပါ R&D ဌာနဆိုတာက အဆုံးမရှိတဲ့ တွင်းနက်ကြီးလိုပဲ..ပိုက်ဆံ ဘယ်လောက်ပဲထည့်ထည့် အကုန်ပြောင်အောင် စုပ်ယူသွားနိုင်တယ်...တကယ်လို့ ဘယ်သူကမှ ထောက်ပံ့မပေးဘူး ...ရန်ပုံငွေ မရှိဘူးဆိုရင် ပရောဂျက်တွေကလည်း အောင်မြင်မှာ မဟုတ်ဘူး..ကျုပ်က သိပ်ပြီး ဖော်ရွေတဲ့ကောင် မဟုတ်ဘူး..ပြီးတော့ ကျုပ်ရဲ့ အချိန်တွေကိုလည်း ဆက်ဆံရေးတွေပေါ်မှာ မဖြုန်းတီးချင်ဘူး...ဒါကြောင့်မို့ အစီအစဉ်ကို ခုထိ အကောင်ထည် မဖော်နိုင်သေးတာ...."
လင်းရီ မှန်လား မမှန်လား မသိသော်လည်း ခေါင်းညိမ့်လိုက်၏။ သုတေသန နယ်ပယ်တွင် စိတ်ရောကိုယ်ပါ မနစ်မြုပ်ထားသော်လည်း သုတေသနပညာရှင်များ ရင်ဆိုင်နေရသည့် အခြေနေများကို တီးမိခေါက်မိတော့ ရှိသည်။
ရှန်းထျန်းကျိုးပြောသကဲ့သို့ပင် မည်သူကမျှ အကျိုးမြတ်ကို ကြိုမမြင်ပဲ အဆုံးမရှိသည့် တွင်းနက်ကြီးထဲသို့ ရင်းနှီးမြုပ်နှံရန် ဆန္ဒမရှိကြချေ။
ထို့ပြင် ဆက်ဆံရ ပြဿနာများမှာလည်း အသက်ကြီးရင့်လာသည်နှင့် အမျှ ဒဏ္ဍာရီတစ်ပုဒ်သဖွယ် ဖြစ်လာခဲ့၏။
ယင်း သံယောဇဉ်များက ပညာရေးဆိုင်ရာ သုတေသနပြုလုပ်ရန်အတွက် ကြီးစွာသော အဟန့်အတားကြီးများ ဖြစ်လေသည်။
လင်းရီ တစ်ခွန်းမျှ မတုံ့ပြန်သည်ကို မြင်တော့ ရှန်းထျန်းကျိုး ပြုံးလိုက်သည်။
"မစ္စတာလင်း...ခင်များက ကျုပ် ဒီနှစ်တွေအတွင်း မြင်ဖူးသမျှတွေထဲမှာ အရည်ချင်း အရှိဆုံး လူငယ်ပါ..ခင်များရဲ့ ငယ်ရွယ်မှု၊ တက်ကြွဖျတ်လတ်မှုတို့နဲ့ဆိုရင် ဟွာရှမှာ တစ်နှစ်ကို ဆယ်မီလီယမ်လောက် အိတ်ကပ်ထဲ ထည့်သွားဖို့ဆိုတာ ပြဿနာရှိမှာ မဟုတ်ဘူး...ဒါတောင်မှ ခင်များလည်း ကျုပ်လို ရည်မှန်းချက်နဲ့ ဒီရောက်လာခဲ့သေးတာပဲ မဟုတ်လား.."
လင်းရီ ရယ်မောလိုက်ပြီး "သေချာပေါက် အကြောင်း ပြချက်တစ်ခုတော့ရှိတာပေါ့..."
"ဒါကြောင့်ပဲ ကျုပ်တို့ ဒီမှာ အချိန်တစ်ခုလောက်ထိ နေကြပြီး အခွင့်ရေး ရတဲ့ချိန်ကျ ဟွာရှကို ပြန်ကြတာလေ..."ရှန်ထျန်းကျိုး အပြုံးလေးဖြင့် ပြောလိုက်၏။
"ပြီးတော့ ဒီတစ်ခေါက် ကျုပ်ပြန်ရင်တော့ ကျုပ်တစ်ယောက်တည်း မဟုတ်တော့ဘူး..ကျုပ်အသင်းတစ်ခုလုံးကိုပါ ခေါ်လာခဲ့တော့မှာ..."
လင်းရီ မျက်လုံးအရောင် လက်လာခဲ့သည်။ ရှန်းထျန်းကျိုးမှ ယခုလို အသင်းဖွဲ့စည်းထားလိမ့်မည်လို့ ထင်မထားချေ။
သူနဲ့ သူ့အသင်းကိုပါ တစ်ခါတည်း ဆွဲခေါ်သွားရင် ပိုမကောင်းဘူးလား...
လင်းရီ သူ၏လက်တစ်စုံကို ခေါင်းနောက်၌ထားလိုက်ပြီး သက်ပြင်းချကာ "တကယ်လို့ သာ ရန်ပုံငွေ အကန့်အသတ်မဲ့နဲ့ ကျုပ်သုတေသန လုပ်တာကို ချုပ်ချယ်မထားဘူးဆိုလို့ကတော့ ခုတောင် ထပြန်ချင်လိုက်သေးရဲ့ဗျာ... "
ရှန်းထျန်းကျိုး ရယ်မောလိုက်ပြီး "ပြောတာတော့ လွယ်တယ်..ဒါပေမယ့် လုပ်ဖို့ကျတော့ ခက်တယ်...အမှန်အတိုင်း ပြောရရင် ကျုပ် ဒီနှစ်တွေအတွင်း အဲ့ဒီအခွင့်အရေးကို စောင့်နေတာ...ဘယ်လိုပဲပြောပြော မွေးရပ်မြေမှာ သာတဲ့ လက တခြားနိုင်ငံတွေမှာ သာတဲ့လထပ် ပိုပြီး တောက်ပတယ်မဟုတ်လား..."
"ဟားဟား..သောက်ရမ်းမှန်တယ်..."
လင်းရီ သူ၏ အကြံအစည်မှာ ကနေဦးအောင်မြင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရှန်ထျန်းကျိုးမှာ ယခုလို ရေမြေရပ်ခြား၌ နေရသည်ကို မပျော်မွေ့ပဲ ကိုယ့်ပြည်ကိုယ့်ဌာနေ၌ အေးအေးချမ်းချမ်းဖြင့် သူချစ်သည့် သုတေသန လုပ်ငန်းများ လုပ်ကိုင်ရင်း ဘ၀ခရီးကို ဖြတ်သန်းချင်သူတစ်ဦးဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ရှန်းထျန်းကျိုး အလိုရှိသည့် ပတ်၀န်းကျင်ကို ဖန်တီးပေးနိုင်မည်ဆိုပါက အချိန်မရွေး ထထွက်သွားမည်မှာ မလွဲဧကန်ပင်။
လင်းရီ ထိုအကြောင်းကို ဂရုတစိုက်နှင့် စဉ်းစားဆင်ခြင်ကြည့်လိုက်သည့်အခါတွင်တော့ ထိုသို့ ပြုလုပ်ပေးနိုင်မည့်သူမှာလည်း သူမှ တစ်ပါး အခြားသူမရှိပေ။
အကယ်၍ သူသာ အကန့်အသတ်မဲ့ ငွေကြေး၊ ပစ္စည်းများနှင့် လွတ်လပ်သည့် ပတ်၀န်းကျင်ကို အလိုရှိပါက လင်းရီကလွဲ၍ မည်သူကများ ထောက်ပံ့ပေးနိုင်လိမ့်မည်နည်း။
သို့သော်လည်း ယခုအချိန်က သူ၏ ကတ်ကို စားပွဲပေါ်တွင် ချပြရန် အချိန်မကျသေးချေ။
ရှန်းထျန်းကျိုးကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရသည့် အချိန်တွင်တော့ လင်းရီ ငါးကြီးကြီး ဖမ်းမိစေရန် ကြိုးရှည်ရှည်နှင့် လှန်ထားခါမှ တော်ရာကျလိမ့်မည်။
စတင်မလှုပ်ရှားခင် ရှန်ထျန်းကျိုးအကြောင်း ဂဏနဏသိသင့်ပေသည်။
"ဒါရိုက်တာရှန်း...ခင်များ ခု ဘာပရောဂျက်တွေ လုပ်နေတာ..."
"ခုလား...ကုမ္ပဏီက ကျုပ်ရဲ့ အသင်းကို လုံခြုံရေးစစ်စတမ်အသစ် ရေးခိုင်းနေတာ..မစ္စတာလင်း ရေးလိုက်တဲ့ code က ကျုပ်တို့ လိုအပ်နေတဲ့ နေရာနဲ့ ကွက်တိပဲ."
"အမှန်တိုင်းပြောရရင် ကျုပ်ရဲ့ အားသာချက်ကလည်း ချစ်ပ်နယ်ပယ်မှာပဲလေ..ကျုပ်ရေးလိုက်တဲ့ ပရိုဂရမ်က ချစ်ပ်ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ညစ်ထုတ်နိုင်တယ်...ဒီတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလို့ကတော့ ကူညီနိုင်ပါတယ်...."
"ဒီလိုဆို ပိုကောင်းတာပေါ့..ကျုပ်တို့က အထက်ပိုင်း နည်းပညာတည်ဆောက်မှုတွေကို တာ၀န်ယူပေးမယ်...မစ္စတာလင်းကကျတော့ ချစ်ပ်ပရိုဂရမ်မင်းအပိုင်းကို တာ၀န်ယူပေး.ဒီလိုသာဆိုရင် ကျုပ်တို့ရဲ့ ပရောဂျက်က အချိန်တိုအတွင်း အောင်မြင်သွားမယ်ဆိုတာ ယုံကြည်တယ်ဗျာ... "
"လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ကျုပ်မှာလည်း အဲ့လိုမျိုး ယုံကြည်ချက် ရှိတယ်..ဒါပေမယ့် ခင်များ စောနတုန်းက ပြောတာတော့ ပရောဂျက်က ကုမ္ပဏီကပေးတာလို့ ပြောတာနော်...ခင်များ ကိုယ်ပိုင် လုပ်နေတဲ့ ပရောဂျက်ရော ရှိသေးတာလား... "
"ကျုပ်ခု သုတေစန ပြုနေတာက ကွန်ပျူတာ အမြင်ပိုင်းလေ..ပြီးတော့ လီတိုဂရပ်ဖီစက်တွေနဲ့ ဆက်စပ်နေတာ...မစ္စတာလင်းကလည်း ချစ်ပ်နယ်ပယ်က ကျွမ်းကျင်သူတစ်ယောက်ဆိုတော့ တစ်ချို့လောက်တော့ သိမှာပါ ....ကျုပ်တို့ ဟွာရှကို တစ်ခြားနိုင်ငံတွေက ဘယ်လိုပလစ်ထားလဲဆိုတာ.. "
"ဟားဟား...ကျုပ်လည်း နည်းနည်းလေးပဲ သိတာ..သိပ် အများကြီး မဟုတ်ဘူး..."
လင်းရီ ခေါင်းခါယမ်းရင်း ပြောလိုက်ပြီး ရင်ထဲတွင်တော့ သက်ပြင်းမောကြီးတစ်ချက် ချလိုက်သည်။
ယခုတော့ လင်းရီ ရှန်းထျန်းကျိုးအကြောင်း အတော်သင့် နားလည်သွားပြီဟု ပြော၍ ရသည်။
လုရင်းနှင့် စွန်းဖုယွီတို့ ပြောသကဲ့သို့ ရှန်းထျန်းကျိုးမှာယခုနယ်ပယ်တွင် တကယ့်ကို ကျွမ်းကျင်သူတစ်ဦးဖြစ်၏။ တကယ့်အရေးကြီးဆုံး အချက်ကတော့ လီတိုဂရပ်ဖီစက် ပြုလုပ်ချင်နေသည့် သူတို့နှစ်ဦး၏ ရည်ရွယ်ချက်များ တူညီနေခြင်းပင်။
နောက်ထပ်ခြေလှမ်းကတော့ သူတိူ့ ရင်းနှီးလာပြီ ဆိုသည်နှင့် တစ်ပြိုင်နက် ရှန်းထျန်းကျိုးနှင့် သူ၏အသင်းကို ခိုးယူသွားရန်သာ ကျန်တော့သည်။
အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာတော့ လင်းရီလည်း တပ်အပ်မပြောနိုင်ပေ။ မည်သို့ပင်ဆိုစေ ထိုပုဂ္ဂိုလ်ကြီးများမှာ ဆရာ့ဆရာကြီးများ ဖြစ်ကြပြီး ဉာဏ်ရည်ဉာဏ်သွေးနှင့် စပ်လျဉ်း၍ကတော့ မေးခွန်းထုတ်ရန် မလိုအပ်ချေ။
ကျန်သည်ကတော့ ကံစီမံရာအတိုင်းသာ။
သို့သော်လည်း လင်းရီတွင် ရှန်းထျန်းကျိုးကို ခေါ်ယူနိုင်လိမ့်မည်ဟု စိတ်ထဲတွင် ရှင်းမပြနိုင်သော ယုံကြည်ချက် တစ်ခု ရှိနေသည်။
အကယ်၍ ရှန်းထျန်းကျိုးကို မခေါ်ယူနိုင်လျင်တောင်မှ သူ၏ အမေပေးသည့် မျက်နှာကို အသုံးချကာ ရှန်းထျန်းကျိုး၏ ဇနီးနှင့် ရင်းနှီးအောင်ပြုလုပ်လိုက်မည်။
အိပ်ရာပေါ်မှ စကားဝိုင်းဆိုပါက ထိုရှန်းထျန်းကျိုး နားမ၀င်စရာ အကြောင်းမရှိချေ။
သို့တိုင်အောင် ယခု ခြေလှမ်းမှာ အချိုးကွေးတစ်ခု၌ ဒရစ်ဆွဲသည့် လုပ်ဆောင်ချက်တစ်ခုလေးသာ ရှိသေး၏။
သူတွင် ဆက်လက်လုပ်ဆောင်ရမည့် တာ၀န်ကို အာရုံစိုက်ထားရန်လိုအပ်လေသည်။ မဟုတ်ပါက ကားမှာ အလွယ်တကူနှင့် မှောက်သွားနိုင်သည်မဟုတ်ပါလော။
"ဒီနေ့တော့ ဒီလောက်ပဲပေါ့ဗျာ..ကျုပ် ဒီည အမျိုးသမီးကို ထမင်းချက်ပေးရဦးမှာဆိုတော့မနက်ဖြန်မှ ထပ်ဆုံကြတာပေါ့..."ရှန်းထျန်းကျိုး အပြုံးလေးဖြင့် ပညာသားပါစွာ နှုတ်ဆက်စကား ဆိုလိုက်သည်။
"ပြဿနာ မရှိပါဘူး...ကျုပ်တို့ ခုရောက်နေတဲ့ အဆင့်အတန်းအရဆိုရင် အချိန်ဆိုတာက ကျုပ်တို့ စိတ်တိုင်းကျပါပဲ... ဘယ်အချိန်တွေ့တွေ့ပါ"
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
နှုတ်ဆက်စကား ပြောပြီးနောက် လင်းရီလည်း မိုက်ခရိုဆော့ဖ်မှ ထွက်လာခဲ့လိုက်သည်။
ထွက်ခွာသွားသည့် လင်းရီ၏ နောက်ကျောကို ကြည့်ရင်း ရှန်းထျန်းကျိုး စိတ်ကျေနပ်မှု အပြည့်ဖြင့် ခေါင်းညိမ့်ရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။
"ဒီလူရွယ်လေးက တကယ်မဆိုးဘူး..နိုင်ငံချစ်စိတ်လည်း ရှိတယ်...ဟိုးအရင်ချိန်တွေတုန်းက ငါ့ကို ပြန်မြင်နေရတဲ့ အတိုင်းပဲ...ဟူး...အချိန်တွေကလည်း ကုန်တာ မြန်လိုက်တာကွာ "
မိုက်ခရိုဆော့ဖ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ နောက်ကျောဆန့်လိုက်သည်။
ယနေ့ အဖြစ်အပျက်များကတော့ သူစိတ်ကူးမျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။ နောက်ရက်အနည်းငယ်ဆိုလျှင်တော့ သူပစ်ထားသည့် ကွန်ကို ပြန်ရုတ်သိမ်းရန်သာ ကျန်တော့၏။
သူဟိုတယ်သိူ့ ပြန်ရောက်လာပြီးနောက် မကြာမီ ကျီချင်းရန်နှင့် ကွမ်းရာတို့လည်း ပြန်လာခဲ့ကြသည်။
ကျီချင်းရန် လက်ထဲတွင်တော့ ပန်းသီးလက်တော့ပ်တစ်လုံး ကိုင်ထားပြီး ယခုမှ အသစ်စက်စက် ၀ယ်ထားသည့်ပုံပင်။
ကိစ္စဝိစ္စများကို နေရာချထားပြီးနောက် သုံးယောက်သား ဟိုတယ်ဘေးရှိ အနောက်တိုင်းဆိုင်တစ်ဆိုင်တွင် ညစာသုံးဆောင်လိုက်ပြီး ဟိုတယ်သို့ ပြန်လာခဲ့ကြ၏။
"တစ်နေ့လုံး ဟိုတယ်မှာပဲ နေနေရတာဆိုတော့ အရမ်းပျင်းနေမှာပေါ့နော..."ကျီချင်းရန် အလွန်အမင်း အားနာနေဟန်ဖြင့် ပြောလိုက်သည်။
"အဆင်ပြေပါတယ်..."
လင်းရီ ထိုစကားကို ရည်ရွယ်ချက်ရှိရှိဖြင့် ညှိုးငယ်းစွာ ပြောလိုက်၏။ ထိုအခါမှ သူမစိတ်ထဲတွင် ပိုပြီး ခံစားသွားရလိမ့်မည်ဖြစ်ကြောင်း နားလည်ပေသည်။ ယင်းက စိတ်ပညာ၏ သဘောတရားများပင်။
လင်းရီ ထိုသို့ ပြောလိုက်သောအခါ ကျီချင်းရန်မှာ ပိုလို့တောင် အားတောင့်အားနာ ဖြစ်သွားပြီး ခန့်မှန်းထားသည့်အတိုင်း စိတ်မကောင်းဖြစ်သွားခဲ့၏။
လင်းယွမ်အုပ်စုမှာ အလုပ်ကိစ္စများနှင့် မအားလပ်သော်လည်း သူမနှင့်အတူ လျှောက်လည်ပေးရန် လင်းရီမှ အလုပ်အားလုံးကို ပယ်ချခဲ့သည်။ သို့သော်လည်း သူမမှတော့ အလုပ်ကြောင့် သူ့ကို ပစ်ထားမိခဲ့၏။
" တောင်းပန်ပါတယ်နော်..နင့်ကို ပင်ပမ်းစေမိပြီ .."ကျီချင်းရန် ပြောလိုက်ပြီး "ငါလည်း မြန်မြန်ပြီးအောင် လုပ်ပေးပါ့မယ်ဟယ်..နင့်ကို အကြာကြီး မစောင့်ခိုင်းပါဘူး..."
"အဆင်ပြေပါတယ်..မင်းကလည်း ၀မ်ကျန်းဆိပ်ကမ်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဆိုပေမယ့် ငါ့ရဲ့ စီးပွားရေး ဖြစ်နေတုန်းပဲလေ...ငါ့မှာလည်း တာ၀န်ရှိတယ်..ဒီတော့ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့..."
"ဒါပေမယ့် နင့်ကို တစ်ယောက်တည်း ပစ်ထားမိသလို ဖြစ်သွားတယ်လေ..အဲ့တာက ငါ့အမှား....."
"အဲ့လောက်ကြီး အပြစ်ရှိသိလို ခံစားမနေနဲ့..ငါ့ကို တစ်နည်းနည်းနဲ့ အကြွေးပြန်ဆပ်လိုက်ရရင် အိုကေပြီ မဟုတ်လား.."လင်းရီ ပြီတီတီ အပြုံးကြီးဖြင့် ပြောလိုက်၏။
"ဟမ့်..နင့်နားက မကောင်းတဲ့ အငွေ့အသက်တွေကို အာရုံရနေသလိုပဲနော် ..."
ကျီချင်းရန် ပြောလိုက်သည်။
"အဲ့နေ့တုန်းက နင့်ကို အကြွေးပြန်ဆပ်ပြီးပြီပဲ မဟုတ်လား..နောက်တစ်ခေါက် ထပ်မစဉ်းစားနဲ့တော့ ..."
"ဟင်း...အဲ့လိုရင်တော့ ဒီညတစ်ယောက်တည်း အထီးကျန်ပြီနဲ့ တူပါရဲ့ကွာ.... "
"နင် မပြောနဲ့..."
ကျီချင်းရန် စိုးရိမ်ထိတ်လန့်ဖြစ်သွားပြီး "ခုက ငါတို့နှစ်ယောက်တည်းရှိတာ မဟုတ်ဘူး...ဥက္ကဌကွမ်းကလည်း ဒီရောက်နေတာ ...တကယ်လို့ သူမသာ ငါတို့ မနေ့ညက အတူအိပ်မှန်း သိသွားခဲ့ရင် အရမ်းရှက်စရာ ကောင်းသွားတော့မှာ..."