အခန်း (၃၁၂)
Vol. 21 Ch. 312
၎င်းကိုကြားတော့ လင်းရီ၏ မှိုင်တိုင်တိုင်ဖြစ်နေသည့် ရုပ်မှာ ပြန်လည် ရွှင်လန်းလာခဲ့တော့၏။
"အဲ့လိုဆို ငါသူ့ကို မောင်းထုတ်လိုက်ရမလား...ဒါမှမဟုတ် တခြားဟိုတယ် ပြောင်းခိုင်းလိုက်မယ် ဆိုရင်ကော..."
"ဟွန့်..နင်ကတော့လေ..ဘာကိုမှ အာရုံမထားနိုင်ဘူးလား...ငါ့ကို အသားယူတာက နင့်ရဲ့ အဓိကရည်ရွယ်ချက်လား.."
ကျီချင်းရန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"အမှန်ပဲလေ..ငါက ဘာလို့ သူများကို အခွင့်ရေးယူခိုင်းရမှာ... "လင်းရီ ပြောလိုက်ပြီး "ဒီရဲ့ ဂေါ်ဖီထုပ်ကြီးက ငါခူးတာပဲ ဖြစ်ရမယ်..."
ကျီချင်းရန် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး "ငါက ဂေါ်ဖီထုပ်မဟုတ်ဘူး..ငါက နှင်းဆီပန်းလေးပဲ ဖြစ်ချင်တာ....."
"အဲ့တာဆိုအတော်ပဲ..ငါက ပန်းလေးတွေကို လှပအောင် ထိုးတဲ့ ပန်းအလှထိုးဆရာလေ..ငါတို့နှစ်ယောက်ဆိုရင် တော်တော်လေး လိုက်ဖက်မှာ..."
"ပန်းအလှထိုးတဲ့ဆရာ..?."
"ဟုတ်တယ်လေ..မင်းပဲ နှင်းဆီပန်းလေး ဖြစ်ချင်တယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား..."
ကျီချင်းရန် လင်းရီ ဆိုလိုချင်နေသည့် အဓိပ္ပာယ်ကို နားလည်သွားပြီး သူ၏ခါးတစ်ဝိုက်ရှိ နူးညံ့သော အသားစိုင်များကို ဆွဲလိမ်ကာ "နင်.. မကောင်းတဲ့ကောင်...နေ့တိုင်း နှုတ်က ပေါက်တတ်ကရတွေ လျှောက်ပြောပြီးတော့ အသားယူဖို့လောက်ပဲ စဉ်းစားနေ....အရှက်လေး ဘာလေးလည်း ရှိဦး..ကြားရဲ့လား.."
"ဘာကို အရှက်ရှိရမှာ...ကျေနပ်အောင် လုပ်ပြီးမှ ဆက်ပြောကြတာပေါ့.."ထို့နောက်လင်းရီ ဖုန်းထဲ၍ ကွမ်းရာကို ဖုန်းဆက်ရန် ဟန်ပြင်လိုက်သည်။
"ငါသူ့(မ)ကို တခြားဟိုတယ်မှာ ပြောင်းအိပ်ခိုင်းလိုက်မယ်လေ..."
"မရဘူး..နင်အဲ့လိုလုပ်လို့ မရဘူးနော်..."ကျီချင်းရန် သတိပေးလိုက်ပြီး "ကွမ်းရာရဲ့ ဉာဏ်ရည်နဲ့ဆိုရင် နင်သာအဲ့လိုပြောလိုက်လို့ကတော့ ငါတို့နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ မပြောလည်း ရိပ်မိသွားမှာပေါ့ဟဲ့"
"ဘာမှ ခန့်မှန်းနေစရာတောင်မလိုဘူး...ငါတို့နှစ်ယောက်ကြားထဲမှာ တစ်ခုခု ဖြစ်ထားတယ်ဆိုတာ အမှန်ပဲလေ..ဟုတ်တယ်မလား.."
"မရဘူးဆို မရဘူးပဲ.."ကျီချင်းရန် ပြောလိုက်ပြီး "ဘာပဲဖြစ်ဖြစ် ဒီနေ့ည ငါတို့နှစ်ယောက် အခန်းခွဲ အိပ်ရမယ်..တစ်ခန်းတည်းမှာ အတူနေလို့ မရတော့ဘူး..."
"အာ..ပြီးတာပဲလေ..."
နှစ်ယောက်သား အခန်းထဲတွင် တခဏခန့် စကားပြောပြီးနောက် ကျီချင်းရန်မှ ယနေ့ မြင်တွေ့ခဲ့သည်များကို စာရင်းပြုစုချင်သည်ဟု ပြောပြီး လင်းရီကို မောင်းထုတ်လိုက်သည်။
လင်းရီကတော့ ပျော်ပျော်ရွှင်ရွှင်ပင်။ အခန်းထဲသို့ ပြန်ပြီး ရှန်းထျန်းကျိုးနှင့် ဆက်သွယ်ကာ ကျပန်းခေါင်းစဉ်တစ်ခုရှာပြီး စကားပြောနေလိုက်၏။ ထိုသိူ့ဖြင့် သူတို့ နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ ရုတ်ချည်းဆိုသလို တိုးတက်လာခဲ့ပြီး ပို၍ ရင်းနှီးလာတော့၏။
နောက်တစ်နေ့ နံ့နက်ခင်းတွင်လည်း သုံးယောက်အတူ နံနက်စာ သုံးဆောင်ပြီးနောက် ကျီချင်းရန်နှင့် ကွမ်းရာတို့မှာ ထုံးစံအတိုင်း သွားရောက် လေ့လာရန် ထွက်သွားခဲ့သည်။
ကျီချင်းရန်ကတော့ လင်းရီကို ဟိုတယ်တွင် တစ်ယောက်ထဲ ချန်ထားရစ်ခဲ့ရမှာကို တုံ့ဆိုင်းနေ၏။
သို့သော်လည်း လင်းရီလိုလူမျိုးမှာ အစည်းဝေးခန်း၌ တစ်နာရီကလေးတောင် ဖင်ငြိမ်အောင် မထိုင်နိုင် သောကြောင့် ဟိုတယ်တွင်လည်း တစ်နေကုန် တစ်ယောက်တည်း နေဖို့ရာ မဖြစ်နိုင်မှန်း နားလည်ပေသည်။
"ငါသွားတော့မယ်နော်..နင်ပျင်းလာရင် လမ်းလေးဘာလေး ထွက်လျှောက်ပေါ့ဟယ်...ဟိုတယ်ကြီးထဲမှာပဲ မနေနဲ့ပေါ့ .."
"မင်းမရှိရင် ငါကတော့ ဘယ်နေရာကိုပဲ သွားသွား အထီးကျန်သလို ခံစားနေရတော့မှာ .."
"အမ်...နင်ဘာတွေ လျှောက်ပြောနာ..."ကျီချင်းရန် ရှက်ရိပ်များ သမ်းသွားခဲ့သည်။
အကယ်၍ သူမတို့ နှစ်ဦးတည်း ရှိနေချိန် ပြောပါက အဆက်ပြေသော်လည်း ကွမ်းရာမှာ သူမတို့ဘေးတွင် ရှိနေလေသည်။
အရမ်းရှက်စဖွယ် ကောင်းလွန်းလှ၏။
ကွမ်းရာကတော့ မျက်လုံးလှိမ့်လိုက်ပြီး နှစ်ယောက် ကလူကျီစယ်နေကြသည်ကို အကြည့်လွဲလိုက်သည်။
"ငါက စစ်မှန်တဲ့ စကားတွေကို ဆိုနေတာ..."လင်းရီ အရှက်ကင်းမဲ့စွာ ပြောလိုက်ပြီး "တကယ်လို့ မင်းသာ မရှိတော့ဘူးဆိုရင် ငါအသက်ရှင်နေရတာကိုက အဓိပ္ပာယ်မဲ့သွားတော့မှာ...ညအခါမှာ ငွေလစန္ဒာကတောင်မှ အထီးကျန်နေတဲ့ ငါ့နှလုံးသားကို အဖော်ပြုပေးနိုင်မှာ မဟုတ်ဘူး...ချင်းရန် မင်းရှိမှ ငါ့ရဲ့ အသက်ရှင်နေရတဲ့ နေ့ရက်တိုင်းဟာ အဓိပ္ပာယ်ရှိလာခဲ့တာပါ..."
"တော်ပါ..ဘာတွေ ပြောနေမှန်းလဲ မသိဘူး.."ကျီချင်းရန် ရှက်ရွံ့စွာဖြင့် ဆိုလိုက်၏။ သို့သော်လည်း မိန်းကလေးပီပီ အပိုတွေပြောနေမှန်း သိသော်လည်း သူမမြတ်နိုးရသည့်သူမှ ယခုလို ပြောလာသောကြောင့် ကြည်နူးမိရပြန်သည်။
"နင် အလုပ်က စာဖိုင်တွေကျ မဖတ်ဘဲနဲ့ ဒီလိုစကားတွေ လိုက်ကျက်နေတယ်ပေါ့လေ.."
"ရင်တွင်းဖြစ်တွေပါဟ.."
"ဟွန့်...ငါက မနူးမနပ်လေးဆိုတော့...ငါမရှိလည်း နင်အဆင်ပြေမယ်မှန်း သိပြီးသား..."
ထိုသို့ပြောပြီးနောက် ကျီချင်းရန် မနီးမဝေးရှိ ကွမ်းရာကိုကြည့်ကာ "ကဲပါ..ငါသွားတော့မယ်...နင့်ကို မနှောင့်ယှက်တော့ဘူး..ကိုယ့်ဘာကိုယ် လုပ်ချင်တာသာလုပ်တော့..ငါဘက်က စောစောပြန်လာနိုင်အောင်လို့တော့ကြိုးစားပေးမယ်..."
လင်းရီကို ဖြောင်းဖြပြီးနောက် ကျီချင်းရန် ကွမ်းရာနှင့်အတူ ထွက်သွားခဲ့တော့၏။
ကွမ်းရာကတော့ လင်းရီနှင့် ကျီချင်းရန်ကို တစ်လှည့်စီကြည့်လိုက်သည်။
လင်းရီ ဒီနေ့ ဘာလုပ်မည်မှန်း မသိသော်လည်း ဟိုတယ်၌ နေလိမ့်မည်မဟုတ်မှန်းတော့ သူမစိတ်က အလိုလိုသိနေလေသည်။
လင်းရီကဲ့သို့သော ချမ်းသာသည့် သခင်လေးတို့မှာ ခြေငြိမ်သည်ဟူ၍မရှိ။ သူ၏ အပေါ်ပိုင်းက တည်ငြိမ်ကောင်း တည်ငြိမ်နိုင်သော်လည်း သူ၏ အောက်ပိုင်းကတော့ သံသယမရှိ တွင်းလိုက်ရှာမည်မှာ မလွဲမသွေပင်။
နှစ်ယောက်လုံး ထွက်သွားကြောင်း အတည်ပြုပြီး နောက် လင်းရီ တက္ကစီစီး၍ မိုက်ခရိုဆော့ဖ်သိူ့ ဦးတည်လိုက်သည်။
"လင်းရီ...?"
မိုက်ခရိုဆော့ဖ် ရုံးချုပ်၏ အ၀င်ပေါက်၀တွင် လင်းရီ တစ်စုံတစ်ယောက်မှ သု့နာမည်ခေါ်သံကို ကြားလိုက်ရ၏။
အသံလားရာသို့ လှည့်ကြည့်လိုက်သောအခါ ပြောလိုက်သည့်သူမှာကျောက်ကျိန်းရန်ဖြစ်နေကြောင်း မြင်လိုက်ရသည်။
မှန်၏။သူ၏ လက်ထောက် ချွီနန်ကလည်း သူ့ဘေးတွင် မပါမဖြစ်ပင်။
အမ်...ဒီငတုံးကောင်တွေနဲ့ ဘာလို့ ဒီမှာ လာဆုံနေတာလဲကွ...
လင်းရီ ထိုငတုံးနှင့် လေဆိပ်တွင် တွေ့ခဲ့သည့် နေ့ရက်ကို ပြန်လည်မြင်ယောင်ကြည့်လိုက်ပြီး ခန့်မှန်းရသလောက်တော့ ထိုငနဲမှာလည်း မိုက်ခရိုဆော့ဖ်နှင့် လုပ်ငန်းကိစ္စ ဆွေးနွေးရန် ဝါရှင်တန်သို့ ရောက်လာခြင်း ဖြစ်နိုင်၏။
သို့သော်လည်း မိုက်ခရိုဆော့ဖ် ဂလိုဘယ်မားကတ်တင်းဌာန၏ ဒုဥက္ကဌမှာ လင်းရီကိုယ်တိုင်ပင် ဖြစ်နေလေသည်။
'ဟဲဟဲ...အဲ့လိုဆို ငါက အသာစီးက ဖြစ်မသွားဘူးလား...'
မိုးနတ်မင်းကြီး ခင်များကပါ ဒီငတုံးကို ကြည့်မရလို့ သူ့ကို ေ-သအောင်ကစားဖို့ ဒီပို့လိုက်တာလား
"အိုး..ဘယ်သူများလဲလို့..ဒါရိုက်တာကျောက်ပါလား..လေယာဉ်ကွင်းမှာ ကြန့်ကြာစေမိတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ..ဘယ်လိုလဲ..ကျုပ်ကြောင့်နဲ့တော့ အစည်းဝေးတွေ အချိန်မရွေ့လိုက်ရဘူးမလား..."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။ မသိပါက မိတ်ဟောင်းဆွေဟောင်းကြီးများ ယခုမှ ပြန်တွေ့နေကြသည့်အလားပင်။
"ငါဒီနေ့ လုပ်ငန်းကိစ္စလာဆွေးနွေးတာ..မင်းနဲ့ စကားပြောရင် ကျက်သရေတွေ ယုတ်ကုန်လိမ့်မယ်..."
"အားပါးပါး..ဘာလို့ ဒီလောက်တောင် ခါးခါးသီးသီး ဖြစ်နေရတာလဲဗျာ..ကျုပ်က ဒီမှာ အသိတစ်ချို့ရှိတယ်နော်...နည်းနည်းပါးပါး ကူညီပေးရဦးမလား..."
"ဟမ့်..ငါက မင်းအဆက်အသွယ်တွေကို သူံးဖို့လိုတဲ့ကောင်လို့များ ထင်နေတာလား..."ကျောက်ကျိန်းရန် နှာခေါင်းရှုံ့လိုက်ပြီး "ငါတို့က ပရောဂျက် ကိစ္စ ဆွေးနွေးထားပြီးသားကွ..သဘောတူစာချုပ်ချုပ်ရုံပဲ ကျန်တော့တာ...ဘာမှမလိုဘူး..."
"ကျုပ်က ကူညီချင်ရုံလေးတင်ပါ.."လင်းရီ အပြုံးလေးဖြင့် ဆိုလိုက်သည်။
"ဘုန်းကြီးတစ်ပါး ပြောတာတော့ ကြင်နာတတ်ရင် ကံကောင်းတတ်တယ်တဲ့.သူ့စကားတွေက အရမ်းမှန်တယ်..ခင်များကော ယုံလား...."
"ငါ့ဖင်ကြီးကိုပဲ ယုံလိုက်လေ..."
ကျောက်ကျိန်းရန် ကျိန်ဆဲလိုက်ပြီး "လင်းရီ ..ငါမင်းကို ပြောလိုက်မယ်..ငါတို့မှာ ရန်ငြိုးဟောင်းတွေ ရှိတယ်ဆိုရင်တောင်မှ မင်းနဲ့ ကစားပေးဖို့ အချိန်မရှိဘူး...ဒီကိစ္စတွေ ပြီးမှပဲ မင်းနဲ့ ကောင်းကောင်းလေး ဖိုက်ပေးမယ်...အဲ့ခါကျ ငါ ကျောက်ကျိန်းရန် တိုက်ခိုက်ချင်နေတဲ့သူကို ဘယ်သူ ကာကွယ်ပေးရဲလဲဆိုတာ မြင်ချင်စမ်းပါဘိ..."
"ပြဿနာ မရှိဘူး.."လင်းရီ အိုကေ လက်ဟန်ပြုလုပ်ကာ ခေါင်းခါရမ်းရင်း မိုက်ခရိုဆော့ဖ် ရုံးချုပ်ထဲသို့ လျှောက်လှမ်းသွားခဲ့၏။
လင်းရီ၏ မြောက်ကြွကြွ ဟန်ပန်ကို မြင်တော့ ကျောက်ကျိန်းရန် မကျေမချမ်းဖြင့် အံတင်းတင်း ကြိတ်လိုက်သည်။ သိူ့သော်လည်း သူတတ်နိုင်တာ ဘာမျှ မရှိချေ။
"သူ မိုက်ခရိုဆော့ဖ်ကို ဘာလာလုပ်တယ်လို့ မင်းထင်လဲ..."ကျောက်ကျိန်းရန် မေးမြန်းလိုက်၏။
"အဲ့ကောင်ရဲ့ကုမ္ပဏီက ဒီနယ်ပယ်နဲ့ ဘာမှ မဆိုင်ဘူးဆိုတော့...."ချွီနန် တခဏမျှ စဉ်းစားလိုက်ပြီး "သူ ကျီချင်းရန်ကို အဖော်လိုက်လာပေးတာ ဖြစ်လောက်တယ်..."
"ထားလိုက်တော့..အဲ့လိုကောင်ကို ခေါင်းထဲက ခနထုတ်ထားလိုက်.. ."ကျောက်ကျိန်းရန် ပြောလိုက်ပြီး "သွားပြီးတော့ ပရောဂျက်စာချုပ်မှာ လက်မှတ်အရင်သွားထိုးကြမယ်...အဲ့ကောင်ကို အချိန်မရွေး ကိုင်တွယ်လို့ရတယ်..ဒါပေမယ့် စီးပွားရေးကိစ္စကိုတော့ မေ့ထားလို့မရဘူး..."
"ကောင်းပါပြီ..ဒီပရောဂျက်ပြီးသွားရင်တော့ ကျုပ်တို့ သူ့ကို သေချာလေး ကိုင်တွယ်ကြတာပေါ့ဗျာ..."ချွီနန်မှ ပြောလိုက်ပြီး
"ကျောက်မိသားစုရဲ့ ခွန်အားနဲ့ဆိုရင် အဲ့ကောင်ကို သေအောင် ဆော့ကစားဖို့ဆိုတာက အသာယာလေးပါ... "
"ဟီးဟီး..."
ကျောက်ကျိန်းရန် ကျပ်မပြည့်သူတစ်ဦးကဲ့သို့ အေးစက်စက်ရယ်မောလိုက်ပြီး "သူ့လို ကောင်မျိုးကို တစ်ခါတည်း သေအောင် ဆော့ကစားပစ်တာက ဘယ်လိုလုပ်ပြီး စိတ်၀င်စားဖို့ကောင်းတော့မှာ ...အရင်ဆုံး ဒူးထောက်ပြီးတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ခိုင်းမှ ပိုပြီး စိတ်၀င်စားဖို့ ကောင်းမှာပေါ့ဟ..."
ကျောက်ကျိန်းရန်၏ လွှမ်းမိုးမှုအောက်တွင် ချွီနန်လည်း ကျပ်မပြည့်သူတစ်ဦးကဲ့သို့ ပြုံးကာ မိုက်ခရိုဆော့ဖ်ရုံးခန်းထဲသို့ သူ၏ဘော့စ်နှင့်အတူ ၀င်သွားခဲ့သည်။
.....
ရှန်းထျန်းကျိုး၏ ရုံစခန်းထဲသို့ ရောက်လာသည့် အချိန်တွင်တော့ အခြားသူများလည်း ရောက်ရှိနေကြောင်း လင်းရီ သတိထားမိသွား၏။
အထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးရှိနေလေသည်။
အမျိုးသားမှာတော့ အသက်လေးဆယ် အရွယ်ခန့် ရှိနေပြီး အမျိုးသမီးမှာတော့ အသက်သုံးဆယ်အရွယ်ခန့်ဟု ထင်နေရ၏။ သူတို့၏ အသားအရောင်အဝါအရ ခွဲခြားမည်ဆိုပါက သေချောပေါက် ဟွာရှလူမျိုးမျာူဖြစ်ကြောင်း မြင်သာနေသည်။ နှစ်ဦးစလုံးမှာ မိုက်ခရိုဆော့ဖ်၏ စီမံခန့်ခွဲရေး အသင်းသားများ ဖြစ်နိုင်လောက်၏။ ထို့ကြောင့် ဟွာရှလူမျိုးများ ဖြစ်နေသည်မှာ မဆန်းတော့ချေ။
"မစ္စတာလင်း..ကျုပ်ခင်များကို သူတို့နဲ့ မိတ်ဆက်ပေးမယ်..."ရှန်းထျန်းကျိုး ပြောလိုက်ပြီး "သူကကျ ရှန်း၀န်ကျုံး..ဂလိုဘယ်မားကတ်တင်းဌာနရဲ့ အထွေထွေမန်နေဂျာ ..ခုကစပြီးတော့ မစ္စတာလင်းနဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်လာမဲ့သူပေါ့.."
"သူကကျတော့ ရှောင်းကျယ်၊ မားကတ်တင်းဌာနရဲ့ ဒါရိုက်တာ....သူကကျတော့ မစ္စတာလင်းရဲ့ လက်အောက်ငယ်သားဖြစ်လာလိမ့်မယ်..ကျုပ်သူတို့နှစ်ယောက်လုံးကို ရာထူးတိုးထားပေးတာလေ..နှစ်ယောက်လုံးက လူတော်တွေပဲ..မစ္စတာလင်းအတွက် ကောင်းကောင်းကြီး အထောက်အကူ ဖြစ်မှာပါ..တကယ်လို့ မေးစရာရှိရင် သူတို့ နှစ်ယောက်ကို မေးလို့ရတယ်..နည်းပညာနဲ့ဆိုင်တဲ့ ပြဿနာရှိရင်တော့ ကျုပ်ကို လာရှာလည်း ရတယ်...ကျုပ်ထပ်ပြီး ပြောလိုက်မယ်ဗျာ...ဒိရဲ့ မားကတ်တင်းဌာနက မစ္စတာလင်းအတွက် ယာယီပဲနော်..ဒီတော့ ဘာမှ စိတ်မပူနဲ့ ....."
"ကောင်းပါပြီ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"ဒါရိုက်တာလင်း..ခုကစပြီးတော့ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာဆိုတော့ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦးဗျ"
ရှန်း၀န်ကျုံးမှ ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်၏။
အကယ်၍ သူတို့၏ လုပ်ငန်းဝါစဉ်အရဆိုပါက လင်းရီမှ ထိုသို့ အရင်ဆုံး လက်ဆွဲနှုတ်ဆက်ရန် ကမ်းလှမ်းရပေမည်။
သို့သော်လည်း နှစ်ဦးလုံးမှာ လင်းရီ၏အခြေအနေအကြောင်း ကောင်းစွာ သဘောပေါက်ထားကြသည်။ သူတို့ မနေ့တုန်းက အဆောက်အဦးထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ကြားသိပြီးဖြစ်၏။
ဒါရိုက်တာရှန်းကိုယ်တိုင်ပင် ချီးမြင့်မြှောက်စားခြင်းပြုရသောကြောင့် သေချာပေါက် သာမန်လူတော့ မဖြစ်နိုင်ပေ။
တစ်ချိန်တွင် သေချာပေါက် မိုက်ခရိုဆော့ဖ်၏ ဒုဥက္ကဌ အမှုဆောင် ဖြစ်လာနိုင်မည့်လူဖြစ်၏။
လက်ရှိ မားကတ်တင်းဌာန၌ တာ၀န်ထမ်းဆောင်မည်ဆိုသည်မှာလည်း ယာယီမျှသာ။
ထို့ကြောင့် သူတို့နှစ်ယောက်မှ ရှေ့ရေးကိုကြိုမြင်၍ ယခုလို ချိုသာယဉ်ကျေးနေကြခြင်းပင်။
"ခင်များတို့နှစ်ယောက်က ယဉ်ကျေးလွန်းနေပါပြီ...ခုကစပြီး လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာဆို တော့ အချင်းချင်း ဖေးမကြတာပေါ့ဗျာ..."
ထိုသို့ပြောပြိးနောက် လင်းရီ နှစ်ယောက်စလုံးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်...
"၀င်ခဲ့..."
ရုံးခန်းတံခါးခေါက်သံ ထွက်ပေါ်လာပြီး ရှန်းထျန်းကျိုးမှ ၀င်လာရန် အမိန့်ပေးလိုက်၏။
သိူ့နှင့် သူ၏ အတွင်းရေးမှူး ဂျက်ဆီကာမှာ တံခါးကိုတွန်းဖွင့်၍ အထဲသို့ ၀င်လာခဲ့လေသည်။
"ဒါရိုက်တာရှန်း ..ဒါရိုက်တာရှောင်းရဲ့ အတွင်းရေးမှူးက ခုလေးတင် ကျွန်မဆီကို ရောက်လာခဲ့ပါတယ်...သူမပြောတာကတော့ ဖောက်သည်က ရောက်လာနေပါပြီတဲ့...ပြီးတော့ ဘယ်ချိန်ရောက်လာမလဲဆိုတာလည်း စောင့်မျှော်နေပါတယ်တဲ့ရှင့်..."
"ကျွန်မ ခုချက်ချင်းပဲ သွားလိုက်မယ်..."ရှောင်းကျယ် နားထောင်ပြီးနောက် ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
"ဒါရိုကတာရှောင်း ..ကျုပ်တစ်ခုလောက် မေးချင်လို့...ခင်များ သွားတွေ့မယ့် ဖောက်သည်က ကျောက်ကျိန်းရန်လို့ ခေါ်တဲ့ အာရှသားမလား..."