← Chapters

အခန်း (၃၁၅)

Vol. 21 Ch. 315

အခန်း (၃၁၅)

Vol. 21 Ch. 315

လင်းရီ ရေချိုးပြီးခါရှိသေး သူ၏ အခန်းတံခါးကို တစ်ယောက်ယောက် လာခေါက်‌သည့် အသံကြားလိုက်ရသည်။

တံခါးဖွင့်ကြည့်လိုက်သောအခါ ကျီချင်းရန်မှ အပြင်၌ ရောက်နေပြီး နံနက်စာ သွားစားရန် လာခေါ်ခြင်းဖြစ်၏။

နောက် နှစ်ရက်လောက်အထိကတော့ သုံးယောက်လုံး၏ နေ့ရက်များ ဖြတ်သန်းပုံမှာ ရိုးရိုးစင်းစင်းလေးပင်။

ကျီချင်းရန်နှင့် ကွမ်းရာတို့ကတော့ ပရောဂျက်ကိစ္စနှင့် နပန်းလုံးနေပြီး လင်းရီကတော့ မိုက်ခရိုဆော့ဖ်နှင့် ဟိုတယ်ကို မြောင်းပေါက်အောင် တစ်လှည့်စီ ကူးနေလေသည်။

သို့သော်လည်း ကျီချင်းရန်၏ အမြင်တွင်တော့ လင်းရီမှာ ဟိုတယ်၌ နေတာများ၍ ကြာလျှင် မှိုတက်လာတော့ဟုတောင် ထင်နေသည်။ ယင်းက သူမကို အလွန်အမင်းအပြစ်ရှိသည်ဟု ခံစားရစေ၏။

လင်းရီ ဘက်မှလည်း နောက်နှစ်ရက်လောက်အထိ မည်သည်ကိုမျှ မလှုပ်ရှားပေ။

Code ရေးလိုက်၊ ရှန်းထျန်းကျိုးနှင့် မွေးရပ်မြေအကြောင်း ဆွေးနွေးလိုက်နှင့် သူငယ်ချင်း ဟောင်းကြီးများကဲ့သို့ ဖြစ်နေကြသည်။

လင်းရီ စနစ်မှသူ့ကို ပညာရှိ ဉာဏ်ပညာအား ချီးမြင့်ပေးထားသောကြောင့် အလွန်အမင်း ကျေနပ်မိသည်။ ယင်းက သူ့ကို ကွန်ပျူတာအကြောင်းများအပြင် အခြားနယ်ပယ် တော်တော်များများကိုလည်း တီးမိခေါက်မိ ရှိစေ၏။

အခြားတစ်ဖက်တွင်တော့ ရှန်းထျန်းကျိုးမှာ လင်းရီ၏ ဗဟုသတ နှံ့စပ်ကျွမ်းကျင်မှုကို ပါးစပ်အဟောင်းသားဖြစ်နေမိသည်။

အသက်နှစ်ဆယ် အရွယ်မျှသာရှိသေးသော အနှီလူရွယ်လေးက အဘယ်ကြောင့် များပြားလှသည့် အသိပညာတို့ကို နှံ့စပ်နေပါသနည်း။

သူ လင်းရီနှင့် စကားပြောကြည့်လေလေ၊ သူ့ကိုယ်သူ လင်းရီနှင့် နှိုင်းယှဉ်ရန် မထိုက်တန်ဟု ခံစားမိလာလေလေ ဖြစ်လာခဲ့၏။

အကယ်၍ ယခုလိုအတိုင်း ဆက်သွားမည်ဆိုပါက လင်းရီမှာ အချိန်တိုလေးအတွင်း မိုက်ခရိုဆော့်ဖ်၌ ထွန်းတောက်လာမည့် ကြယ်တစ်ပွင့် ဖြစ်လာမည်မှာ ‌မြေကြီးလက်ခတ်မလွဲပင်။

ရုံးခန်းထဲတွင်တော့ ပရင်တာမှာ အသံမြည်နေပြီး လင်းရီ မှ စာရွက်စာတမ်းအချို့ကို ထုတ်လိုက်သည်။ သိူ့သော်လည်း ထိုစာရွက်စာတမ်းများကို ရှန်းထျန်းကျိုးထံသို့ ကမ်းမပေးခဲ့။

ရှန်းထျန်းကျိုးကလည်း လာမစပ်စုချေ။ တစ်ပါးသူ၏ ကိုယ်ရေးကိုယ်တာ ဖြစ်သောကြောင့် သူလည်း ၀င်မစွက်ဖက်ချင်ပေ။

"ပြီးပြီ..."

ထိုနေ့လည်ခင်းတွင်တော့ လင်းရီ ပျင်းရိစွာ အညောင်းဆန့်လိုက်၏။ ရှန်းထျန်းကျိုးကတော့ သူ့ဘေးနားတွင် ရပ်နေပြီး စခရင်ပေါ်ရှိ code များကို အားပါးတရ ကြည့်ရှုနေလေသည်။ သူ၏ မျက်လုံးထဲတွင် ထိုcode များက နှင်းဆီပွင့်များ တန်ဖိုးကြီးမားသည့် စိန်များထက်ပင် ပို၍ ဆွဲဆောင်မှု ရှိနေတော့၏။

"မစ္စတာလင်း..ခင်များကတော့ တကယ့်ကို တစ်ခုခုပဲ.."ရှန်းထျန်းကျိုးက သက်ပြင်းချလျက် ပြောသည်။

"ကျုပ်ရဲ့ R&D အသင်းက ဒီတာ၀န်ကို ပြီးဖို့ သုံးလလောက် အချိန်ယူလိုက်ရတယ်..ဒါပေမယ့် မစ္စတာလင်းက သုံးရက်ထဲနဲ့ ပြီးသွားလိမ့်မယ်လို့တောင် ထင်မထားဘူး..ခင်များနဲ့ အလုပ်အတူ တွဲလုပ်ရတာကိုက ကျုပ်အတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ..."

ရှန်းထျန်းကျိုး အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

သူဤနေရာ၌ နေခြင်းမှာ လုပ်ဖော်ကိုင်ဖက်အသစ်များ ရှာဖွေရန်ဖြစ်၏။

လင်းရီနှင့် ဆုံတွေ့ရသည်မှာ နတ်ဘုရားမှ ဖန်ဆင်းပေးလိုက်သည့် အခွင့်အလမ်းကြီးပင်။

ထို့ပြင် နှစ်ယောက်စလုံးမှာလည်း တစ်မြို့တည်းမှ ပေါက်ဖွားလာသူများ ဖြစ်ကြ၏။ ယင်းက သူတို့နှစ်ယောက်ကို ပို၍ ဓာတ်တည့်သွားစေသည်။

"ဒါရိုက်တာရှန်းက ယဉ်ကျေးလွန်းနေပါပြီ..ဒါက အသေးမွှားလေးပါ.."လင်းရီ ပြောလိုက်ပြီး "ခင်များထင်နေသလောက်လဲ အထင်ကြီးဖို့ မကောင်းပါဘူး.."

"မစ္စတာလင်း..ခင်များကတော့ နိမ့်ချလွန်းနေပါပြီ..."ရှန်းထျန်းကျိုးပြောလိုက်ပြီး "ကျုပ်ခုပဲ မစ္စတာလင်းရဲ့ ရာထူးနဲ့ ပတ်သက်ပြီးတော့ သွားတင်ပြလိုက်မယ်...မစ္စတာလင်းရဲ့ အရည်အချင်း‌တွေနဲ့ဆိုရင် အမှုဆောင် ဒုဥက္ကဌ ရာထူးဆိုတာတောင်မှ နိမ့်ချသလို ဖြစ်နေပြီ...."

"ရပြီ သွားပြောမနေနဲ့တော့.."လင်းရီ ပြောလိုက်ပြီး "ကျုပ်က မကြာခင် ဒီကနေထွက်သွားတော့မှာ..."

"ထွက်သွားမယ်..."ရှန်းထျန်းကျိုး ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။ လင်းရီမှ ထိုစကားမျိုး ပြောလာလိမ့်မည်လို့ သူ ထင်မထားခဲ့။

သူနဲ့ လင်းရီက အတော်လေး ဓာတ်တည့်နေတာ မဟုတ်ဘူးလား..ခုမှ ရောက်တာ လေးငါးရက်ပဲရှိသေးတယ်..ဘာလို့ ထွက်တော့မှာလဲတဲ့..

"ကျုပ်ဟွာရှကို ပြန်တော့မှာ..."

ယင်းက လင်းရီ နဂိုကတည်းက ချမှတ်ထားသည့် အစီအစဉ်ပင်။

ရှန်းထျန်းကျိုးမှာ ဖိုတိုလီတိုဂရပ်ဖီ ပရောဂျက်၏ အခရာဖြစ်သော်လည်း သူ့ကိုရရှိဖို့အတွက်နှင့်တော့ အချိန်အများကြီး ဖြုန်းလိမ့်မည် မဟုတ်ချေ။

သူဤနေရာ၌ အချိန် သီတင်းတစ်ပတ်ခန့်ဖြုန်းပြီး တတ်နိုင်တာ အားလုံးကို ပြုလုပ်ပြီးဖြစ်၏။ ကျန်သည်ကတော့ ကံစီမံရာပင်။

ထို့ကြောင့် လင်းရီ သူ၏ ကတ်ကို စားပွဲပေါ်တွင် လှန်ရန် ဆုံးဖြတ်လိုက်၏။

"ဘာလို့ပြန်မှာ..အဲ့မှာ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ပေါ်လာလို့များလား..."

လင်းရီ တိုက်ရိုက် မဖြေခဲ့။ ထို့အစား ရှန်းထျန်းကျိုးကို တောက်လောင်နေသော မျက်၀န်းတစ်စုံဖြင့် ကြည့်လိုက်ပြီး "ဒါရိုက်တာရှန်း..တကယ်လို့ တစ်စုံတစ်ယောက်က ခင်များကို ရန်ပုံငွေအကန့်အသတ်နဲ့ ခင်များရဲ့ R&D အသင်းကို လွတ်လပ်မှု အပြည့်ပေးမယ်ဆိုရင် ခင်များကော ပြန်ဖို့ ဆန္ဒရှိမလား..."

စင်စစ်‌တွင်တော့ လင်းရီ ယခုလိုမေးခွန်းမျိုးကို အစကတည်းက မေး၍ ရသည်။

သိူ့သော်လည်း စွန့်စားရာကျလွန်း၏။

ရက်ပေါင်းများစွာ အလုပ်တွဲလုပ်ပြီးနောက် နှစ်ဦးမှာ ပိုမိုရင်းနှီးလာခဲ့သည်။ ထိုရင်းနှီးပတ်သက်မှုကို အသုံးချ၍ ယခုအချိန်မှ ထုတ်ပြောလျှင် အောင်မြင်နိုင်ချေ ပိုများ၏။

"ဘယ်လိုလုပ် အဲ့လောက် ကောင်းတဲ့ အခွင့်အလမ်းမျိုး ရှိနိုင်မှာလဲ..နောက်မနေစမ်းပါနဲ့..."

ရှန်းထျန်းကျိုး သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဓနရှင်တွေ၊ ‌အကောင်ကြီးကြီးတွေက ငပိန်းတွေ မဟုတ်ဘူး..အကျိုးမြတ်ကို မမြင်ဘဲနဲ့ ဘာမှ ရင်းနှီးမြုပ်နှံမှာ မဟုတ်ဘူး..."

"ဒါပေမယ့် မမေ့နဲ့ဦးလေ..ဒီနေရာက အမေရိကား..ဒီက ဓနရှင်တွေ အကောင်ကြီးကြီးတွေကကော သာပြီး ထူးသွားမယ်လို့ ထင်လား.."လင်းရီ ပြောလိုက်ပြီး "ငွေကြေးက သူတို့ အရိုးအသားထဲထိတောင် စိမ့်၀င်နေပြီးပြီ..."

ရှန်းထျန်းကျိုး တိတ်ဆိတ်သွားခဲ့သည်။ သူ အမေရိကား၌ နေထိုင်လာသည်မှာ ကြာပြီဖြစ်သောကြောင့် ထိုငွေရှင်ကြေးရှင်တို့ မည်မျှ ကြောက်ဖို့ကောင်းသည်ကို နားလည်ပေသည်။

သူကိုယ်တိုင်ပင်လျှင် မိုက်ခရိုဆော့ဖ်၏ အမှုဆောင် ဒုဥက္ကဌဖြစ်နေသော်လည်း ထိုသူတို့၏ မျက်လုံးထဲတွင်တော့ အဆင့်မြင့် စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ပေးသည့် စက်တစ်ခုထက် မပိုပေ။

သူတို့ ပြောပြောနေကြသည့် လွတ်လပ်ခွင့် ဆိုသည်မှာ လူကြားကောင်းအောင် လျှောက်ပြောနေကြသည့် စကားလုံးများသာဖြစ်၏။

လင်းရီ ပြတင်းပေါက်၌ မတ်တပ်ရပ်၍ စီးကရက်တစ်လိပ်ကို မီးညှိကာ အောက်ရှိ မြင်ကွင်းများကို ရှေးရှုရင်း အထီးကျန်ဆန်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒါရိုက်တာရှန်း..ကျုပ်တို့က တစ်လှေတည်း စီးနေကြတဲ့ ခရီးသွားတွေပါ...တကယ်လို့ ကျုပ်မှာသာ သင့်လျော်တဲ့ အခွင့်အလမ်းမရှိဘူးဆိုရင် နိုင်ငံကိုပြန်ဖို့ ရွေးချယ်မယ်လို့ ထင်လား... "

ပြောပြီးနောက် လင်းရီ နောက်ပြန်လှည့်ကာ ရှန်းထျန်းကျိုးကို ကြည်လင်နက်နဲသော မျက်၀န်းတို့ဖြင့် ကြည့်လိုက်ပြီး "ကျုပ်တို့နှစ်ယောက်က ရက်အနည်းငယ်လောက်ပဲ အတူ အလုပ်လုပ်ခဲ့တယ်ဆိုပေမယ့် ကျုပ်တကယ့်ကို ငယ်ပေါင်းကြီးဖော်တွေလို ခံစားရတယ်...ခင်များနဲ့ မခွဲချင်ပါဘူး.."

"သူတို့က မစ္စတာလင်းကို အဲ့လိုပဲ ကတိပေးသလား.."

လင်းရီ တိုက်ရိုက်မဖြေပဲ ရှန်းထျန်းကျိုးကို မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်၀န်းတို့ဖြင့် ကြည့်လိုက်ပြီး "ဒါရိုက်တာရှန်း..တကယ်ကြီး အဲ့လိုအခွင့်ရေးမျိုး ရှိလာခဲ့ရင် ခင်များဆိုရင်ကော ဘယ်လိုရွေးချယ်မလဲ..."

"ဟား....."

ရှန်းထျန်းကျိုး ရယ်မောလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ "အဲ့လောက်ကောင်းတဲ့ အခွင့်အလမ်းရှိလို့ကတော့ ဒါပေါ့..သေချာပေါက် ပြန်မှာပေါ့..."

"သေချာလို့လား.."လင်းရီ မေးလိုက်သည်။

"သေချာတယ်..."ရှန်းထျန်းကျိုး အပြုံးလေးဖြင့် ပြောလိုက်ပြီး "တကယ်လို့ သူတို့ကသာ လုံလောက်တဲ့ ထောက်ပံ့ငွေနဲ့ လွတ်လပ်ခွင့်သာ ပေးမယ်ဆိုလို့ကတော့ ဒီမှာကို မနေဘူး..."

"ဟား...."

လင်းရီ ရယ်မောလိုက်ပြီး ရှန်းထျန်းကျိုးကို စိတ်လှုပ်ရှားစွာဖြင့် လက်ဆွဲနှုတ်ဆက်လိုက်၏။

"အဲ့လိုဆိုလို့ကတော့ ဒါရိုက်တာရှန်း..လုံရှင်းသုတေသန စင်တာရဲ့ ကိုယ်စား ကျုပ်ကပဲ ခင်များကို ကျုပ်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါရစေ... "

"ဟမ်..."

ရှန်းထျန်းကျိုး ကြက်သေသေသွားခဲ့သည်။

သူ ရင်းနှီးနွေးထွေးသော သူငယ်ချင်းဆက်ဆံရေးအကြောင်း ရိုက်ကူးထားသည့် ကာတွန်းကားကို ကြည့်နေစဉ် ရုတ်တရက်ကြီး သတိမပေးဘဲ ဒိုင်နိုဆောဥယျာဉ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။

ဒါကြီးက ဘယ်လိုငရဲလဲဟ...

"သေချာမကြားလိုက်ဘူးလား.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျုပ်ကိုယ့်ကို မိတ်ဆက်ပေးပါရစေ...ကျုပ်က ကျိုးဟိုင် လုံရှင်း သုတေသနစင်တာရဲ့ ဥက္ကဌ လင်းရီပါ..ဒါရိုက်တာရှန်းကို ကျုပ်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါရစေ"

"မစ်..မစ္စတာလင်း..ခင်များက လုံရှင်းသုတေသနစင်တာရဲ့ ဥက္ကဌ..."ရှန်းထျန်းကျိုး အကြည့်များ ပြူးကျယ်သွားခဲ့သည်။ "‌အရင်တုန်းကလည်း လူနှစ်ယောက်လာပြီးတော့မှ သူတို့ကလည်း လုံရှင်း သုတေသန စင်တာကပါလို့ ပြောဖူးသေးတယ်..."

"အမှန်ပဲလေ..သူတို့ကလည်း ကျုပ်လူတွေ..ဒါပေမယ့် မအောင်မြင်လို့ ဒီတစ်ကြိမ် ကျုပ်ကိုယ်တိုင် ရောက်လာခဲ့တာ..."

ရှန်းထျန်းကျိုး တခဏမျှ ကြောင်အနေ၏။ သူ ရုတ်တရက် ထောင်ချောက်ထဲသို့ သက်ဆင်းမိသလို ခံစားလိုက်ရသည်။

"ဒါဆို မိုက်ခရိုဆော့ဖ်ကို လာခဲ့တာကလည်း ကျုပ်နဲ့ နီးကပ်အောင်လို့ပေါ့..."

"အင်းအဲ့လိုပါပဲ..တည့်တိုးကနေ မရမှတော့ ထောင့်ကွေးကနေ ချဉ်းကပ်ရမယ်လေ..."

ထို့နောက် လင်းရီ လေးနက်တည်ကြည်သည့် အမူအရာဖြင့် သူ၏ အိတ်ကပ်ထဲမှ USB drive ကို ထုတ်လိုက်ပြီး "ဒါက ကျုပ်တို့ရဲ့ ချစ်ပ်ဗားရှင်း ၂.၀ intelရဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့တောင် ယှဉ်လို့ရတယ်..ဒါပေမယ့် ကျုပ်တို့ ဖိုတိုလီတိုဂရပ်ဖီစက်ကို ၀ယ်ပြီး ထုတ်လုပ်တော့မယ့် အချိန်ကျ တစ်ယောက်ယောက်က နောက်ကွယ်ကနေ ၀ယ်လို့မရအောင် ပိတ်ဆို့ထားတယ်..ဒီတော့ ကျုပ်တို့လည်း ကိုယ့်ဘာကိုယ် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်..."

"မစ္စတာလင်း ..ခင်များ လာနောက်နေတာလား..ဖိုတိုလီတိုဂရပ်ဖီစက်ကို ကိုယ်တိုင် ထုတ်လုပ်ချင်နေတယ်ပေါ့...."

ရှန်းထျန်းကျိုး မယုံကြည်နိုင်ဖြစ်သွားပြီး တစ်ချိန်တည်းတွင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

"ASML တောင်မှ ခုလက်ရှိ ကမ္ဘာ့အဆင့်မှီ စက်တစ်လုံးဖြစ်အောင် နှစ်တွေအများကြီး ကြိုးစားခဲ့ရတာ...ကျုပ်တို့သာ ဖိတိုလီတိုဂရပ်ဖီစက်ကို ကိုယ့်ဘာသာလုပ်မယ်ဆို အချိန်ဘယ်လောက် ကြာမလဲဆိုတာ ဘယ်သူက သိမှာလဲ..."

"အဲ့တာတော့ အမှန်ပဲ.."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဒါပေမယ့် တစ်ယောက်ယောက်ကတော့ လုပ်မှဖြစ်မယ်လေ ..ဟုတ်တယ်မလား..."

လင်းရီ သက်ပြင်း တစ်ချက်ချပြီး "ဟွာရှရဲ့ အိမ်ခြံမြေတွေ ဘာလို့ ဈေးဒီလောက် ကြီးနေတယ်လို့ ထင်လဲ...အဲ့တာက ကျုပ်တို့ ပြည်တွင်း GDPကို တိုးတက်အောင် လုပ်ဖို့ မဟုတ်ဘူးလား..တစ်နေ့နေ့တစ်ချိန်ချိန် ဟွာရှရဲ့ ချစ်ပ်နယ်ပယ်သာ နိုင်ငံတကာရဲ့ ရှေ့ဆုံးကို ရောက်သွားခဲ့ရင် ဒီပြဿနာတွေက အလိုအလျောက် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်...."

"ဟွာဝေး (Huawei)က ဥပမာကောင်းပဲ..အမေရိကန်က သူတို့ကို ဘယ်လို ဆက်ဆံလဲဆိုတာ အသိပဲ မဟုတ်လား.."

"ကျုပ်ယုံကြည်တယ် ..တစ်နေ့ ကျုပ်တို့ ပရောဂျက်ရဲ့ ရလဒ်သာ ထွက်လာခဲ့မယ်ဆိုရင် ခင်များရဲ့ မွေးရပ်မြေက အဝေးကနေ လှမ်းကြည့်လို့ရတဲ့ နေရာဖြစ်လာလိမ့်မယ်..ခင်များ ဘယ်တော့မှ တကူးတကပြန်သွားစရာ မလိုတော့တဲ့ နေရာကနေပေါ့... "

စာစဉ် (၂၁) ပြီး၏။

All Chapters