← Chapters

မဟာကပ်ဘေးကြီးအလွန်ကာလ ဓားတာအိုတွင်လောကပထမ

Vol. 66 Ch. 919

မဟာကပ်ဘေးကြီးအလွန်ကာလ ဓားတာအိုတွင်လောကပထမ

Vol. 66 Ch. 919

အခန်း (၉၁၉) မဟာကပ်ဘေးကြီးအလွန်ကာလ ဓားတာအိုတွင်လောကပထမ

လုန်ချွမ်ဧကရာဇ်၏စကားကိုကြားတော့ ကောင်းချင်က မှင်တက်သွားပြီး...

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

“ဘေးတော်ရွှမ်ဟွမ်က သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ပြီး တိုက်ခိုက်ခဲ့လို့လား”

လုန်ချွမ်ဧကရာဇ်က မည်သည့်စကားမှမဆိုဘဲ ပြုံးနေလေသည်။

ကောင်းချင်ပေါ်က ဖြည်းညင်းစွာဖြင့်...

“မင်းရဲ့အဘိုးက အထက်ဘုံကမ္ဘာကိုသွားပြီး ရှောင်ကျန့်နတ်ဓားရှင်ဆိုပြီး နာမည်ကြီးလာခဲ့တယ် ၊ မင်း အဲဒါကို သိတယ်မဟုတ်လား”

ကောင်းချင်က ခေါင်းညိတ်ရင်း...

"ဟုတ်... သမီးသိပါတယ်"

ကောင်းချင်ပေါ်က...

“ရှောင်ကျန့်နတ်ဓားရှင်ရှိတဲ့အတွက် တာ့ကျန့်နတ်ဓားရှင်ဆိုတာလည်း ရှိမှာပဲမဟုတ်လား”

ကောင်းချင်က စဉ်းစားရင်း...

“ဒါက... အဘိုးဆိုလိုတာက...”

မေးခွန်းထုတ်ရင်း ကောင်းချင် နားမလည်နိုင်ဖြစ်သွားသည်။

ကောင်းချင်ပေါ်က...

"အထက်ဘုံကမ္ဘာက ခွန်လွန်တောင်မှာ ခွန်လွန်အထင်ကရကိုးပါးဆိုတာ ရှိခဲ့ဖူးတယ်လေ ၊ အဲဒီထဲက တစ်ယောက်က မဟာကပ်ဘေးကြီးအလွန်ကာလ ဓားတာအိုမှာ လောကပထမအဖြစ် ချီးမြှောက်ခံရတယ်”

ထိုစကားကြားတော့ ကောင်းချင်က မျက်လုံးပြူးလျှက်အဘိုးဖြစ်သူကို စိုက်ကြည့်လိုက်သည်။

အနားတွင်ရှိနေသော လုန်ရွှယ်ကျီးက...

“ရွှေစင်ထက်ယံအရှင်သခင်ကို တာ့ကျန့်နတ်ဓားရှင်လို့လည်း လူသိများကြတယ်”

သူကစိတ်လှုပ်ရှားဟန်ဖြင့်...

"စိတ်မကောင်းစရာက သူ့ရဲ့ဓားသိုင်းစွမ်းရည်ကို ငါကိုယ်တိုင်တွေ့ပြီး လက်တွေ့မစမ်းသပ်နိုင်တာပဲ"

လုန်ချွမ်ဧကရာဇ်က ပြုံးရင်း...

“ဂိုဏ်းတူအစ်ကိုရဲ့ ဓားသိုင်းပညာအားလုံး မင်းကိုလက်ဆင့်ကမ်းပေးပြီးပြီ ၊ ဒါပေမဲ့ မင်းကိုယ်တိုင် သူနဲ့ရင်ဆိုင်ပြီး အတွေ့အကြုံယူချင်ရင်တော့ နည်းလမ်းမရှိတော့ဘူး”

ထိုစကားကြားတော့ လုန်ရွှယ်ကျီးက ပြုံးလိုက်၏။

ကောင်းချင်က သိချင်စိတ်ဖြင့်...

“ဘေးတော်က အထက်ဘုံကမ္ဘာမှာ မွေးဖွားလာတဲ့သူဆိုတာသိပေမယ့် ရွှေစင်ထက်ယံအရှင်သခင်ကတော့ ဘေးတော်ရဲ့ ဂိုဏ်းတူအစ်ကိုလို့ သမီးတစ်ခါမှ မသိခဲ့ဘူး”

လုန်ချွမ်ဧကရာဇ်က ညင်သာစွာပြုံးရင်း...

“အထက်ဘုံကမ္ဘာမှာတောင် ဒီအကြောင်းသိတဲ့သူ သိပ်မရှိဘူး”

ကောင်းချင်က ခေါင်းညိတ်ရင်း...

“ဘေးတော်... ဘေးတော်ရွှမ်ဟွမ်က အရင်တုန်းက ရွှေစင်ထက်ယံအရှင်သခင်ကို တကယ်ရှုံးခဲ့တာလား ၊ ပြီးတော့... အဲဒီလူက မဟာကပ်ဘေးကြီးအလွန်ကာလမှာ တကယ်ပဲ လောကပထမ ဓားသိုင်းကျင့်ကြံသူလား...”

သူမ၏မျက်နှာလေးက ထိုအချက်များကို လက်ခံသဘောတူချင်ဟန် မရှိပေ။

စန့်ချင်အဆက်အနွယ်များတွင် နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးသာမက သိုင်းပညာအမွေအနှစ်များစွာရှိလေသည်။

သို့သော် သူတို့က ဓားတာအိုတွင် အမြင့်မားဆုံးအဆင့်ရှိသည့် နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးအတွက် အမြဲတမ်း ဂုဏ်ယူခဲ့ကြသည်။

ရှေးခေတ်အချိန်ကတည်းက စန့်ချင်အဆက်အနွယ်များမှ မရေမတွက်နိုင်သော ဓားသိုင်းကျင့်ကြံသူ တန်ခိုးစွမ်းအားရှင်များကို မွေးထုတ်ပေးခဲ့သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် စန့်ချင်အဆက်အနွယ်များက ကမ္ဘာများစွာတစ်ခွင်တွင် ဓားသိုင်းဖြင့် ကျော်ကြားခဲ့ကြ၏။

ထို့ကြောင့် ကောင်းချင်၏ နှလုံးသားထဲတွင် သူမ၏ဘေးတော် ရွှမ်ဟွမ်ဧကရီက လောကပထမ ဓားသိုင်းကျင့်ကြံသူဟု မှတ်ယူထားခဲ့သည်။

အထက်ဘုံကမ္ဘာတွင် “ဓားဧကရာဇ်” ဟု လူသိများသည့် ဧကရာဇ်တစ်ပါး ရှိနေသည့်တိုင် တကယ်တမ်း လောကပထမ ဓားသိုင်းကျင့်ကြံသူမှာ ရွှမ်ဟွမ်ဧကရီသာလျှင် ဖြစ်ခဲ့သည်။

သူမ၏အဘိုးလေးဖြစ်သူ လုန်ရွှယ်ကျီးသည်လည်း ဓားတစ်လက်ဖြင့် အထက်ဘုံကမ္ဘာသို့သွားရောက်ခဲ့ပြီး ကျင့်ကြံသူများအားလုံးကို အနိုင်ယူခဲ့ခြင်းက ဤအချက်ကို သက်သေပြနေခဲ့သည်ပင်။

ကောင်းချင်ပေါ်က...

“ရွှေစင်ထက်ယံအရှင်သခင်က အဖေ့ကိုရှာဖို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ရောက်လာခဲ့တာ ၊ သူက အမေနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး နောက်ဆုံးမှာ အမေရှုံးသွားတယ်”

သူ့မျက်နှာအမူအရာက အနည်းငယ်စိတ်ရှုတ်ထွေးဟန်ဖြင့်...

“ဒီအရှုံးကို အမေကိုယ်တိုင်ဝန်ခံခဲ့တာ ၊ အမေက ဓားသိုင်းမှာဘယ်တော့မှ မရှုံးနိမ့်ခဲ့ပေမယ့် အဲဒီတုန်းကတော့ ရွှေစင်ထက်ယံအရှင်သခင်ကို တကယ်ရှုံးနိမ့်ခဲ့တာ”

“သူတို့ တိုက်ပွဲတစ်ပွဲပဲ တိုက်ခိုက်ခဲ့ကြတာလေ ၊ ဒီနှစ်တွေတစ်လျှောက် အမေက ဓားတာအိုမှာပိုပြီးတိုးတက်လာတယ် ၊ သူက ရွှေစင်ထက်ယံအရှင်သခင်နဲ့ ထပ်ပြီးမတိုက်ခိုက်နိုင်တော့တဲ့အတွက် အမြဲတမ်း နောင်တရနေခဲ့တာ”

ကောင်းချင်က စိတ်လက်မကြည်သာဟန်ဖြင့် နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။

ကောင်းချင်ပေါ်က မြေးဖြစ်သူကိုကြည့်ရင်း ဖြည်းညင်းသည့်လေသံဖြင့်...

“အမေရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ငါတို့စန့်ချင်အဆက်အနွယ်တွေ မျက်နှာမပျက်ခဲ့ပါဘူး ၊ ကံကောင်းတာက... အဲဒီတုန်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ လူတစ်ယောက် ရှိနေတယ်လေ”

ကောင်းချင်က စိတ်ဓာတ်တက်ကြွသွားပြီး သိချင်းစိတ်အပြည့်ဖြင့်...

“ဘေးတော်ရွှမ်ဟွမ်ရဲ့ ဆရာလား... သူက အဲဒီတုန်းက ဒဏ်ရာရထားလို့ တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား ၊ ပြီးတော့...”

ဓားသိုင်းပညာအရ ပြောရမည်ဆိုလျှင် ရွှမ်ဟွမ်ဧကရီက သူမ၏ဆရာထက်ပင် သာလွန်သူ ဖြစ်သည်။ သို့သော် သူမက ရွှေစင်ထက်ယံအရှင်သခင်ကိုတော့ ရှုံးနိမ့်ခဲ့ရသည်။

လုန်ရွှမ်ကျီးက...

“အစ်ကိုကြီးပြောတဲ့သူက တခြားတစ်ယောက်ပါ ၊ သူက ငါတို့ရဲ့ဆရာဒေါ်လေး... မင်းရဲ့ဘေးတော်ရွှမ်ဟွမ်ရဲ့ ဂိုဏ်းတူညီမလေးပဲ”

ကောင်းချင်က မျက်တောင်တစ်ချက်ခတ်ကာစဉ်းစားလိုက်ပြီးမှ တစ်စုံတစ်ခုကိုနားလည်သွားဟန်ဖြင့် လက်ခုပ်တစ်ချက်တီးလိုက်ရင်း...

“အဘိုးလေးပြောတာ... ဒဏ္ဍာရီဆန်တဲ့ ကျိကျီဧကရီလား ၊ သူက ဘေးတော်လေး ဓားဧကရီမဟုတ်လား”

ကျိကျီချောက်ကမ်းပါးမှ အပြာရောင်ခရီးရှည်နန်းတော်။

ထိုနေရာက စန့်ချင်အဆက်အနွယ်တည်ထောင်သူ လင်ပေါင်ထျန်းကျွင်း အတိတ်တစ်ချိန်ကနေထိုင်ခဲ့သော နေရာဖြစ်သည်။

သူမ၏ဧကရီဘွဲ့နာမည်ကို ကျိကျီဟုပေးထားပြီး သူမကို ဓားဧကရီဟုလည်းလူသိများကြသည်။ သူမ၏ဓားစွမ်း မည်မျှမြင့်မားသည်ကတော့ စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။

အထက်ဘုံကမ္ဘာတွင်တော့ သူမကိုသိရှိသူ အလွန်နည်းပါးခဲ့သည်။ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာပင် သူမအား ဒဏ္ဍာရီသဖွယ် မှတ်တမ်းမှတ်ရာများတွင်သာ တွေ့ရှိနိုင်တော့သည်။

ကောင်းချင်ပေါ်က...

“အဲဒီတုန်းက ဆရာဒေါ်လေးက တံခါးပိတ်ကျင့်ကြံနေတာ ၊ ဒါပေမဲ့ တင်းတင်းကျပ်ကျပ်ကျင့်ကြံနေတာမဟုတ်လို့ ရွှေစင်ထက်ယံအရှင်သခင်ရောက်လာတော့ ရှေ့ထွက်ရင်ဆိုင်ခဲ့ရတယ် ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အကြီးအကဲတွေတောင်ဘယ်လိုမှမတတ်နိုင်လို့ သူ့ကိုထွက်လာဖို့ ပြောခဲ့ရတာပဲ”

ကောင်းချင်က စိတ်အားထက်သန်စွာဖြင့်...

“ဒါဖြင့် ဘေးတော်လေးက ရွှေစင်ထက်ယံအရှင်သခင်ကို အနိုင်ယူခဲ့တာပေါ့...”

ကောင်းချင်ပေါ်က သူ၏မုတ်ဆိတ်မွှေးဖြူဖြူများကိုပွတ်သပ်ရင်း မချိပြုံးပြုံးလိုက်သည်။

“တိုက်ပွဲက သရေကျသွားတယ်...”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အဆုံးသတ်မှာတော့ သမီးရဲ့ဘေးတော်လေးက ရွှေစင်ထက်ယံအရှင်သခင်ကို သိုင်းကွက်တစ်ဝက်စာ ရှုံးနိမ့်သွားတယ်လို့ ဝန်ခံခဲ့တယ်”

လုန်ရွှယ်ကျီးက...

“အမေရော တခြားအကြီးအကဲတွေရောက ဒီရလဒ်ကိုတိတ်တဆိတ်ဝန်ခံခဲ့ကြတယ်”

ကောင်းချင်က စိတ်မချမ်းသာဟန်ဖြင့်...

"ဒါပေမယ့် ဘာလို့လဲ..."

ကောင်းချင်ပေါ်က သက်ပြင်းချရင်း...

“ဘာလို့လဲဆိုတော့... အဘိုးတို့စန့်ချင်အဆက်အနွယ်တွေမှာ လင်ပေါင်ထျန်းကျွင်းရဲ့ နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးကို ကျင့်ကြံပြီး မရေမတွက်နိုင်တဲ့ ထိပ်တန်းအဆင့် ဓားတာအိုကျင့်ကြံသူတွေကို ခေတ်အဆက်ဆက် မွေးထုတ်ပေးခဲ့တယ်”

“ရွှေစင်ထက်ယံအရှင်သခင်ကတော့ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ ဇွဲလုံ့လအစွမ်းအစကို အသုံးပြုပြီး ယွိချင်အဆက်အနွယ်ရဲ့ အမြင့်ဆုံးသိုင်းပညာကို အသွင်ပြောင်းပြီး ကိုယ်ပိုင်အဆက်အနွယ်တစ်ခု တည်ထောင်ခဲ့တယ် ၊ သူက ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ ကိုတီထွင်ခဲ့ပြီး အဆုံးစွန်သောဓားတာအိုနဲ့ ကမ္ဘာကိုအုပ်စိုးခဲ့တယ် ၊ သူတီထွင်ခဲ့တဲ့ဓားသိုင်းက နတ်ဘုရားသုတ်သင် ဓားသိုင်း (၄)မျိုးနဲ့ ကောင်းကောင်းယှဉ်နိုင်တယ်လို့ ပြောလို့ရတယ်လေ”

“နတ်ဘုရားများအုပ်စိုးစဉ်” ခေတ်ကာလ ၊ ဒဏ္ဍာရီထဲမှအချိန်ကာလများတွင်ပင် နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးက ယွိချင်အဆက်အနွယ်များလက်ထဲ ကျရောက်သွားခဲ့ပြီး ထိုက်ချင်အဆက်အနွယ်နှင့် ယွိချင်အဆက်အနွယ်မှ ဓားသိုင်းကျင့်ကြံသူများစွာ ထွက်ပေါ်လာခဲ့သည်။ သို့တိုင် ဓားတာအိုအောင်မြင်မှုတွင် စန့်ချင်အဆက်အနွယ်များက တန်ခိုးအကြီးဆုံးဖြစ်ပြီး မည်သူမှ သူတို့ကို အမီလိုက်နိုင်ခြင်း မရှိခဲ့ပေ။

နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးသည် သမိုင်းတစ်လျှောက်တွင် အစွမ်းအထက်ဆုံး ဓားတာအိုဖြစ်ခဲ့သည်။

နောက်ထပ်ဓားသိုင်းတစ်ခုကိုတီထွင်ထားသော လူတစ်ယောက်ထွက်ပေါ်မလာခင်အထိဟု ဆိုနိုင်သည်။

ထို‌နောက်မှာတော့...

ရွှေစင်ထက်ယံအရှင်သခင်နှင့် သူ၏ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ ထွက်ပေါ်လာခဲ့လေသည်။

လုန်ချွမ်ဧကရာဇ်သည် အတွေးလွန်နေဟန်ရှိပြီး တစ်လျှောက်လုံး စကားဝင်ပြောခြင်း မရှိခဲ့ပေ။ သူက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အကြောင်းအရာများကို ပြန်လည်အမှတ်ရနေဟန် ရှိသည်။

သူ့အတွေးထဲတွင်...

လူငယ်တစ်ယောက်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောရင်း...

“ရှင်းချွမ်.. လာစမ်း လာစမ်း... မင်းကို ဒီနေ့ ကောင်းတာလေးတစ်ခုပြမလို့ ၊ ငါကိုယ်တိုင်တီထွင်ထားတဲ့ဓားသိုင်းပေါ့”

နောက်ထပ်အတွေးပုံရိပ်တစ်ခု...

နောက်ပိုင်းမျိုးဆက်ဓားတာအိုတွင် တန်ခိုးစွမ်းအားအကြီးမားဆုံးဖြစ်သည့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ အပြင်ဘက်တွင် အဆုံးမရှိပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလျှက် ရှိသည်။

ခရမ်းရောင်ဝတ်လူငယ်က ဓားဖြင့်ခုတ်ပိုင်းချလိုက်ပြီး မိုးမြေတစ်ခွင်ကို ဖွင့်လှစ်လိုက်သည်။

အဖြူရောင်ဝတ်မိန်းကလေးက ဓားကိုထိုးစိုက်လိုက်ပြီး မိုးမြေတစ်ခွင်မှ တာအိုကို ငြိမ်းသတ်ပစ်လိုက်သည်။

ဤအမြင့်ဆုံးအဆင့်တိုက်ပွဲသည် မဟာကပ်ဘေးကြီးအလွန်ကာလ ဓားတာအိုပြိုင်ပွဲတွင် အကြီးမားဆုံးနှင့် အထက်မြက်ဆုံးအား ထင်ရှားစေသည်။

လုန်ချွမ်ဧကရာဇ်အတွက်တော့ သူ့ဘဝ တွေ့မြင်ဖူးသမျှတွင် အခမ်းနားဆုံးတိုက်ပွဲ ဖြစ်ခဲ့သည်။

ယခုအချိန်ထိ ပြန်လည်တွေးတောလိုက်တိုင်း အဆုံးမဲ့လွမ်းဆွတ်တသမှုများကို ပြန်လည်ယူဆောင်လာနေဆဲသာပင်။

ထိုသို့သောတိုက်ပွဲမျိုးက ပထမဆုံးအကြိမ်ဖြစ်ခဲ့သလို နောက်ဆုံးအကြိမ်လည်း ဖြစ်ခဲ့သည်။

အဲဒီနောက်ပိုင်း ကျော်လွန်သွားသော ထောင်စုနှစ်များစွာတွင် ထိုကဲ့သို့သောတိုက်ပွဲမျိုး ဘယ်သောအခါမှ ဖြစ်ပေါ်မလာတော့ပေ။

လုန်ချွမ်ဧကရာဇ် သတိပြန်ဝင်လာပြီးနောက် တုန်လှုပ်နေဟန်ရှိသောကောင်းချင်းကိုကြည့်ရင်း ပြုံးလိုက်သည်။

“သမီးရဲ့ဘေးတော်ရွှမ်ဟွမ်ရဲ့ ဂိုဏ်းတူညီမလေးက ရွှေစင်ထက်ယံအရှင်သခင်ကို သိုင်းကွက်တစ်ဝက်ရှုံးနိမ့်တာ ဝန်ခံလိုက်တယ် ၊ ဒီတိုက်ပွဲက မဟာကပ်ဘေးကြီးအလွန်ကာလမှာ ဓားတာအိုရဲ့ နံပါတ်(၁)ပုဂ္ဂိုလ် ဘယ်လူလဲဆိုတာ ဆုံးဖြတ်ချက်ပေးခဲ့တဲ့တိုက်ပွဲပါပဲ”

ကောင်းချင်၏စိတ်များက ထိုစဉ်အခါက တိုက်ပွဲမြင်ကွင်းကိုစိတ်ကူးကြည့်ရင်း အတွေးများပျံ့လွင့်သွားသည်။

အတန်ကြာတော့မှ သူမက ဘေးတော်ဖြစ်သူကို သနားစရာမျက်နှာအမူအရာဖြင့် ကြည့်ရင်း...

“ဘေးတော်... ရွှေစင်ထက်ယံအရှင်သခင်က ဘေးတော်ရွှမ်ဟွမ်ကို အနိုင်ယူခဲ့တယ် ၊ ပြီးတော့ ဘေးတော်လေးကျိကျီဧကရီကိုလည်းအနိုင်ယူခဲ့တယ် ၊ ဒါဖြင့်... ဘေးတော်က...”

လုန်ချွမ်ဧကရာဇ်က ရယ်မောရင်း...

“ဘေးတော်က နောက်မှာပဲနေရတာပေါ့ ၊ မဟုတ်ရင်... ဘယ်လိုလုပ် မင်းရဲ့ဘေးတော်ရွှမ်ဟွမ်ကို လက်ထပ်လို့ရတော့မလဲ ၊ အဲဒီလိုသာဆိုရင်... သမီးပြောသလိုပဲ... ဟောဒီချင်အာလေးလည်းရှိလာမှာမဟုတ်ဘူး ၊ သမီးအဘိုးလည်းရှိလာမှာ မဟုတ်ဘူး ၊ သမီးအဘိုးလေးလည်းရှိလာမှာမဟုတ်သလို သမီးရဲ့ ဦးလေးဟန့်ဟွာလည်း ရှိလာမှာမဟုတ်ဘူး”

All Chapters