ဂိုဏ်းတူအစ်ကိုက ဂိုဏ်းတူညီမကိုလက်ထပ် ၊ ဂိုဏ်တူညီလေးက ဂိုဏ်းတူအစ်မကိုလက်ထပ်
Vol. 66 Ch. 920
အခန်း (၉၂၀) ဂိုဏ်းတူအစ်ကိုက ဂိုဏ်းတူညီမကိုလက်ထပ် ၊ ဂိုဏ်တူညီလေးက ဂိုဏ်းတူအစ်မကိုလက်ထပ်
ဘေးတော်ဖြစ်သူက စောစောက သူမပြောသည့်အမူအရာနှင့်စကားများကိုအတုခိုးပြီး နောက်ပြောင်လိုက်သည့်အခါ ကောင်းချင်က မိန်းကလေးမပီသစွာ အော်ကြီးဟစ်ကျယ် ရယ်မောလိုက်တော့၏။
ဘေးတွင်ရှိနေသည့် ကောင်းချင်ပေါ်မှာ မြေးဖြစ်သူကိုကြည့်ရင်း သူ့မျက်နှာထက် ဒေါသထွက်သည့်အရိပ်အယောင် ထင်ဟပ်လာသည်။
သူက တည်ကြည်လေးနက်သော ကိုယ်ရည်ကိုယ်သွေးရှိသူတစ်ယောက်ပင်။
သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းထားရန် မခက်ပေ။ သို့တိုင် သူက အဘိုးအိုတစ်ယောက်အသွင်ဖြစ်သာနေထိုင်ပြီး ထိုသို့နေထိုင်သည်က တည်ကြည်ခန့်ငြားမှုကို ထိန်းသိမ်းနိုင်သည်ဟု ခံစားမိသောကြောင့် ဖြစ်၏။
စိတ်မကောင်းစရာမှာ သူ၏ညီဖြစ်သူ လုန်ရွှယ်ကျီးကလည်း လူငယ်အသွင်အပြင်ထိန်းသိမ်းထားသည့်အပြင် ဖခင်ဖြစ်သူ လုန်ချွမ်ဧကရာဇ်ကလည်း မြေးဖြစ်သူနှင့် နောက်ပြောရယ်မောနေလေရာ သူ့မှာအနေရခက်ခက်ရှိလှသည်။
“အဲဒီတုန်းက အထက်ဘုံကမ္ဘာနဲ့ အဘိုးတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရဲ့ ဆက်ဆံရေးက အခုလောက်မတင်းမာသေးဘူး”
ကောင်းချင်ပေါ်က သူ၏မြေးမလေးအား ရှင်းပြသည်။
“တစ်ဖက်နဲ့တစ်ဖက် မကြာခဏ အသွားအလာရှိကြတယ် ၊ အိမ်ထောင်ရေးမှာလည်း နှစ်ဦးနှစ်ဖက်သဘောကျတယ်ဆိုရင် ဘယ်သူကမှမတားမြစ်ကြဘူး”
အထက်ဘုံကမ္ဘာနှင့်ပတ်သက်ပြီး ကောင်းချင်က မာနတရားရှိသော်လည်း အဘယ့်ကြောင့် ထိုသို့ကွဲပြားသွားရသည်ကို မသိရှိသေးပေ။
အဘိုးဖြစ်သူက သူမကိုသတိပေးခဲ့သဖြင့်သာ ဤအချက်များကို တဖြည်းဖြည်းနားလည်လာရခြင်း ဖြစ်သည်။
ထိုစဉ်အချိန်ကတော့ သူမ၏ဘေးတော်များအကြားအိမ်ထောင်ရေးက အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့ကြား ပေါင်းစည်းမှုကို ကိုယ်စားပြုသည်။
လုန်ချွမ်ဧကရာဇ်နှင့် ရွှမ်ဟွမ်ဧကရီတို့ကြားမှ ဆက်ဆံရေးက ကြီးမားလှသည်။ လက်ထပ်ပြီးနောက်မှာတော့ လုန်ချွမ်ဧကရာဇ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်သာ နေထိုင်ခဲ့သည်။
ထို့နောက်ပိုင်းတွင်တော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အထက်ဘုံကမ္ဘာကြားမှဆက်ဆံရေး အလွန်တင်းမာလာခဲ့သည်။
လုန်ချွမ်ဧကရာဇ်ကပြုံးရင်း...
“တကယ်တော့ သမီးရဲ့ဘေးတော်ရွှမ်ဟွမ်ထက် ကျုပ်ကပိုပြီးတော်တာပါနော် ၊ ဒါပေမဲ့ သူ့ကိုလက်ထပ်ချင်တော့လည်း အမြဲတမ်းသူ့ကိုအလျှော့ပေးပြီး သူ့နောက်မှာပဲနေခဲ့ရတာ”
“သမီးရဲ့ဘေးတော်ရွှမ်ဟွမ်ရဲ့ ဂိုဏ်းတူညီမလေးကိုလက်ထပ်ယူပြီး အပြာရောင်ခရီးရှည်နန်းတော်ကခေါ်ထုတ်သွားတဲ့ ဂိုဏ်းတူအစ်ကိုနဲ့တော့ ကျုပ်ကမတူဘူးပေါ့”
ကောင်းချင် မျက်လုံးပြူးသွားပြီး...
“ဟမ်... ဘေးတော်လေးနဲ့ ရွှေစင်ထက်ယံအရှင်သခင်က လက်ထပ်ခဲ့တာလား”
လုန်ချွမ်ဧကရာဇ်က အနိုင်ရသူတစ်ယောက်ပမာ ပြုံးရင်းခေါင်းညိတ်လိုက်သည်။
ကောင်းချင်က မယုံနိုင်စွာဖြင့် အဘိုးဖြစ်သူ ကောင်းချင်ပေါ်ကို လှည့်ကြည့်လိုက်တော့...
အဘိုးဖြစ်သူက တည်ငြိမ်စွာဖြင့်...
“အမှန်ပဲ...”
လုန်ဟန့်ဟွာက လုန်ရွှယ်ကျီးကိုလှမ်းကြည့်လိုက်တော့ ဖခင်ဖြစ်သူကလည်း အလားတူပင် ခေါင်းညိတ်ပြလေသည်။
ထိုစဉ်တစ်ချိန်က သူ၏ဓားကိုဆွဲကိုင်လျှက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ရောက်လာသည့် ရွှေစင်ထက်ယံအရှင်သခင်အကြောင်း စိတ်ကူးကြည့်ရင်း ကောင်းချင် အတော်လေးအံ့အားသင့်နေမိသည်။ ထို့နောက် သူက စန့်ချင်အဆက်အနွယ်မှ အထူးချွန်ဆုံးတပည့်ဖြစ်သူကို လက်ထပ်ယူကာ အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။
အတန်ကြာမှ...
“ဟီးဟီး...”
ကောင်းချင်မျက်နှာမချိုမချဉ်ဖြစ်သွားပြီး ရယ်မောလိုက်သည်။
“ဂိုဏ်းတူအစ်ကိုက ဂိုဏ်းတူညီမကိုလက်ထပ်တယ် ၊ ဂိုဏ်တူညီလေးက ဂိုဏ်းတူအစ်မကိုလက်ထပ်တယ်...”
လုန်ချွမ်ဧကရာဇ်က တဟားဟားရယ်မောရင်း...
“အမှန်ပဲ...”
ကောင်းချင်က သဘောကျစွာဖြင့် လက်ခုပ်တီးရင်း...
“မကြားဖူးတာတွေ ကြားနေရတာပဲ...”
မြေးမလေး၏ ကပြက်ကချော်အပြုအမူကိုမြင်တော့ ကောင်းချင်ပေါ်က သူမကို စူးစိုက်ကြည့်လိုက်သည်။
သို့သော် လုန်ချွမ်ဧကရာဇ်ကိုယ်တိုင်က မျက်လုံးပေါက်ပင်မမြင်ရတော့လောက်အောင် ရယ်မောနေသည်ကိုတွေ့ရသည့်အခါ ကောင်းချင်ပေါ်မှာ ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားပြီး သက်ပြင်းသာချလိုက်တော့သည်။
ဤသည်ကိုကြည့်ပြီး လုန်ရွှယ်ကျီးနှင့် လုန်ဟန့်ဟွာတို့ကတော့ မပြုံးဘဲ မနေနိုင်ကြပေ။
“ဒါနဲ့ ဘေးတော်... ဘေးတော်ရဲ့ဂိုဏ်းတူအစ်ကိုနဲ့ ကျိကျီဧကရီက အခုဘယ်မှာလဲ”
ကောင်းချင်က စူးစမ်းလိုစိတ်ဖြင့် ရုတ်တရက်မေးမြန်းလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ...
“ဘေးတော်လေးကျိကျီဧကရီအကြောင်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ဒဏ္ဍာရီလိုပဲကျန်ရစ်ခဲ့တော့တယ် ၊ အထက်ဘုံကမ္ဘာမှာလည်း သူတို့မရှိကြဘူး ၊ သူတို့ အခုဘယ်ကိုရောက်နေကြလဲ”
အခန်းထဲတွင် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
လုန်ချွမ်ဧကရာဇ်မျက်နှာထက်မှအပြုံးရိပ်ပျောက်ကွယ်သွားပြီး သူ၏မျက်ဝန်းများက နက်နဲဝေးကွာသွားလေသည်။ သူက ခေါင်းကိုမော့လျှက် မျက်နှာကျက်သို့တိတ်တဆိတ်စိုက်ကြည့်ရင်း မျက်လုံးများကို အသာမှေးမှိတ်လိုက်သည်။
ဒါကိုမြင်တော့ ကောင်းချင် အံ့အားသင့်သွားသည်။
သူမဘေးနားမှ အဘိုးဖြစ်သူက ကောင်းချင်ပေါ်က တိုးလျသည့်လေသံဖြင့်...
“ဒီအကြီးအကဲနှစ်ယောက်လုံး မရှိကြတော့ဘူး”
ထိုစကားကြားတော့ ကောင်းချင်၏နှလုံးသားတုန်လှုပ်သွားပြီး လုန်ချွမ်ဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။
လုန်ချွမ်ဧကရာဇ်က မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်ပြီး အခန်းထဲမှလေထုသည်လည်း တဖန်ပြန်လည်ငြိမ်သက်သွားသည်။
“လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက သူတို့တွေကွယ်လွန်သွားကြပြီ...”
“မဟာကပ်ဘေးကြီးနဲ့အတူ တာအိုအယူဝါဒလည်း အကြီးအကျယ် ယိုယွင်းသွားခဲ့တယ် ၊ တာအိုဝါဒ ပြန်လည်ရှင်သန်လာဖို့အတွက် အခက်အခဲများစွာနဲ့ရင်ဆိုင်ရသလို ပေးဆပ်အနစ်နာခံရတာတွေလည်း အများကြီးရှိတယ်လေ”
ကောင်းချင်က တိုးလျသည့်လေသံဖြင့်...
“တောင်းပန်ပါတယ် ဘေးတော်...”
လုန်ချွမ်ဧကရာဇ်က ပြုံးလျှက်ခေါင်းခါယမ်းရင်း...
“ဘာမှမဖြစ်ပါဘူး မြေးရယ်...”
ကောင်းချင်ပေါ်က သက်ပြင်းချရင်း...
“ရွှေစင်ထက်ယံအရှင်သခင်နဲ့ ဆရာဒေါ်လေးအတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ် ၊ သူတို့လင်မယားရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတယ်လို့ ပြောလို့ရတယ်”
သူက ဆက်ပြောသည်။
“မဟုတ်လို့ကတော့ သူတို့ရဲ့အနာဂတ်အောင်မြင်မှုတွေက လင်ပေါင်ထျန်းကျွင်းရဲ့ တပည့်ရင်းသောပေါင်ထျန်းကျွင်း ၊ ယွမ်စီထျန်းကျွင်းရဲ့တပည့်ရင်း တာအိုဆရာယွိတင် ၊ ထိုက်စန့်လောင်ကျွင်းရဲ့တပည့် ကျီဝေးဧကရာဇ်တို့လို ကျော်ကြားတဲ့ဂုဏ်သရေမျိုးရရှိမှာအမှန်ပဲ”
ထိုစကားကြားတော့ ကောင်းချင်နှင့် လုန်ဟန့်ဟွာတို့နှစ်ယောက်လုံး နားမလည်နိုင်လောက်အောင် ဆုံးရှုံးမှုတစ်ရပ်အား ခံစားလိုက်ကြရသည်။
လုန်ရွှယ်ကျီးက အေးဆေးတည်ငြိမ်စွာဖြင့်...
“ဒါက ဘိုးဘေးတွေ စိုက်ပျိုးခဲ့တဲ့အပင်တွေပဲ ၊ သူတို့ပျိုးခဲ့တဲ့မီးတောက်တွေက အမြဲတမ်းတောက်လောင်နေမှာပဲ ၊ သူတို့ရဲ့မျိုးဆက်တွေကလည်း သူတို့နေရာကို သေချာပေါက် အစားထိုးဝင်ရောက်လာမှာပါပဲ”
လုန်ချွမ်ဧကရာဇ်က သားဖြစ်သူကိုကြည့်ရင်း ပြုံးလိုက်သည်။
“အမှန်ပဲ...”
***
“အခု ငါတို့ ‘တံတိုင်း’ ရဲ့တစ်ဖက်ခြမ်းကိုပြန်သွားဖို့ မျှော်လင့်ချက်ရှိပြီထင်တယ် ၊ အထက်ဘုံကမ္ဘာကိုပြန်ရောက်နိုင်တော့မယ်”
ရန်ကျောက်ကဲက သူ့အရှေ့မှ ရှုတ်ထွေးပြီးနေရာအနှံစီးဆင်းနေသော ချီစွမ်းအားများကို ခွဲခြမ်းစိတ်ဖြာရင်း ပြုံးလျှက်စကားဆိုလိုက်သည်။
ဖုထင်က...
“အမှန်ပဲ... အနည်းဆုံး (၈၀)ရာနှုန်းတော့အခွင့်အရေးရှိတယ်”
ဟောက်ယန်အရှင်သခင်’ဖေးဟွာ’ ကို သုတ်သင်ပြီးနောက် သူတို့နှစ်ယောက် အဝေးဆုံးနေရာသို့ ထွက်ပြေးလာခဲ့ကြသည်။
ယန့်ဖန်းနတ်ဘုံနယ်မြေဖြစ်သည့် မျှော်စင်ကမ္ဘာအနီးတစ်ဝိုက်တွင် အခြားသော တန်ခိုးစွမ်းအားရှင်များ၏ စွမ်းအားရောင်ဝါများ ဆင်းသက်လာသည်ကို ခံစားရသည်။
အမတကူးပြောင်းခြင်းအလယ်ဆင့် ရှန်ကျွင်း အသတ်ခံခဲ့ရသည်ကပင် ရုန်းရင်းဆန်ခတ်အခြေအနေများဖြစ်လာနိုင်သည်မှာ သေချာသလောက်ရှိပြီး လူသားအထွတ်ထိပ်အဆင့် ဖေးဟွာ သတ်ဖြတ်ခံရခြင်းက လူအများကိုပိုမိုအာရုံစိုက်မိစေမည် ဖြစ်၏။
ထို့ပြင် လုန်ရွှယ်ကျီးကလည်း အမတခုံရုံးမှ လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့သေးသည်။
လူသားအထွတ်ထိပ်ကျင့်ကြံသူနှစ်ယောက် တူညီသောနေရာတွင် အချိန်တိုအတွင်း ရှေ့ဆင့်နောက်ဆင့်သေဆုံးသွားခြင်းအား သတိမပြုမိရန်မှာ မည်သို့မှမဖြစ်နိုင်သည့်ကိစ္စ ဖြစ်သည်။
သို့ရာတွင် ယန့်ဖန်းနတ်ဘုံမှ လူသားအထွတ်ထိပ် ကျင့်ကြံသူ (၂)ယောက် တစ်ပြိုင်တည်းသုတ်သင်ခံလိုက်ရသဖြင့် ထိုနေရာအနီးတဝိုက်တွင် ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ သိပ်ပြီးရှိမည် မဟုတ်ပေ။
ထို့ပြင် ဗုဒ္ဓဘာသာကျင့်ကြံသူများကိုလည်း ထိပ်တိုက်ရင်ဆိုင်ရဦးမည်ဖြစ်ရာ အချိန်တိုအတွင်း ဤနေရာသို့ အမတခုံရုံးမှ အခြားသော တန်ခိုးစွမ်းအားရှင်များ ရောက်ရှိလာရန်မှာ မဖြစ်နိုင်သေးပေ။
ရန်ကျောက်ကဲနှင့် ဖုထင်တို့က ထိုအခွင့်အရေးကိုအသုံးချပြီး အဝေးသို့ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူဖြစ်သဖြင့် အမတခုံရုံးမှလူတစ်ယောက်ကိုသသတ်ဖြတ်လိုက်သည့်တိုင် မည်သည့်သဲလွန်စမှ ကျန်ရစ်မည် မဟုတ်ပေ။
တစ်ဖက်မှ ဖမ်းဆီးမိသည့်တိုင် မျက်မြင်သက်သေမရှိပါက သူ့နောက်သို့လိုက်ပါလာရန် မည်သည့်သဲလွန်စမှ ရှိမနေပေ။
ယခု ရန်ကျောက်ကဲက လက်တစ်ဖက်ကိုပင့်မြှောက်လိုက်ပြီး လေထုထဲတွင်အင်းသင်္ကေတများစွာကိုရေးဆွဲလိုက်ရာ အလင်းရောင်ပင်လယ်ပြင်တစ်ခုပမာ လေထုတစ်ခုလုံး တောက်ပလင်းထိန်သွားသည်။
ဘေးနားမှ ဖုထင်က ရန်ကျောက်ကဲဖန်တီးထားသော အလင်းပင်လယ်ပြင်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး သူမ၏လက်ကိုဆန့်ထုတ်ကာ အင်းသင်္ကေတများရေးဆွဲလိုက်ပြီး ရန်ကျောက်ကဲ၏ကြိုးစားမှုကို ကူညီပေးလိုက်သည်။
ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ သူမကိုအထင်ကြီးလေးစားစွာဖြင့် ခေါင်းညိတ်လိုက်မိသည်။
“’ဖု’ မိန်းကလေးက တကယ့်ကိုရှားပါးပါရမီရှင်တစ်ယောက်ပဲ”
သူ၏လုပ်ဆောင်ချက်ကိုနားလည်ပြီး သူ၏ကြိုးပမ်းအားထုတ်မှုတွင် ကူညီပေးနိုင်ခြင်းမှာ ဖုထင်အနေဖြင့် ဗဟုသုတကြွယ်ဝပြီး နောက်ခံကောင်းရုံဖြင့် ပြုလုပ်နိုင်မည့်အရာ မဟုတ်ပေ။
ဖုထင်က ဘက်စုံပါရမီရှင်ဟု လူအများပြောနေကြသည်မှာ အမှန်ပင် ဖြစ်သည်။
ဘက်စုံပါရမီရှင်ဆိုသည်မှာ ဝါကြွားပြော၍မရနိုင်ဘဲ ပညာရပ်တိုင်းတွင် အရည်အချင်းပြည့်မီစွာ တတ်ကျွမ်းနေခြင်းကိုဆိုလိုသည်။
ဖုထင်က အရာခပ်သိမ်းကိုကျွမ်းကျွင်သော တကယ့်ပါရမီရှင်တစ်ယောက်ဖြစ်ပေ၏။
ရန်ကျောက်ကဲ၏ချီးကျူးစကားကိုကြားတော့ ဖုထင်က...
“’ရန်’ သခင်လေးက ချီးကျူးလွန်းနေပြီ ၊ တကယ်တော့ ရှင်ကသာ ဖုထင်ကို အံ့အားသင့်စေခဲ့တာပါ ၊ လမ်းမှားတာအိုရဲ့ အမတခုံရုံးနယ်မြေနဲ့ စန်းချင်း(၃)ပါးရိုးရာဓလေ့တာအိုနယ်မြေကို ချိတ်ဆက်ပေးနိုင်တဲ့ လမ်းကြောင်းတစ်ခုဖွင့်လှစ်ဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပဲ ၊ ဒါပေမဲ့ ရှင်ကတော့ ဖွင့်လှစ်နိုင်ခဲ့တယ်”
ပိုးသားဧကရာဇ်၏သမီးတော်အနေဖြင့် သူမက ဗုဒ္ဓဘာသာ၏တည်ရှိမှုကို သိရှိထားသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် မတူညီသည့် အယူဝါဒများကြား ခြားထားသော “တံတိုင်း” ကိုဖြတ်ကျော်ရန်မှာ နတ်ဘုရားအဆင့် တက်လှမ်းပြီးသူများသာ လုပ်ဆောင်နိုင်ကြောင်း သူမ သိရှိခဲ့သည်။
အနောက်ပိုင်းထိပ်တန်းအရှင်သခင်ကဲ့သို့ ဗလာနယ်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူများက ရှားရှားပါးပါး ခြွင်းချက်မျှသာ ဖြစ်သည်။ သို့တိုင် အနောက်ပိုင်းထိပ်တန်းအရှင်သခင်က သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေပြီ။
သို့ဖြစ်ရာ ရန်ကျောက်ကဲလိုလူတစ်ယောက်အနေဖြင့် ပြင်ပပစ္စည်းများ၏အကူအညီကိုမယူဘဲ လက်ရှိကျင့်ကြံခြင်းအဆင့်မျှဖြင့် ဤသို့ ပြုလုပ်နိုင်ခြင်းမှာ အမှန်တကယ်ပင် ရှားပါးကိစ္စဖြစ်၏။
ရန်ကျောက်ကဲကပြုံးရင်း...
“ငါက ပိုးသားဧကရာဇ်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး”
သူက ဆက်ပြောသည်။
“မင်းရဲ့ခမည်းတော်နဲ့ တခြားတန်ခိုးစွမ်းအားရှင်တွေဆိုရင် ‘တံတိုင်း’ ကိုဖြတ်ပြီး ကမ္ဘာတွေကြားခရီးသွားဖို့ဆိုတာ မခက်ခဲဘူး မဟုတ်လား ၊ ငါ့အတွက်တော့ ဒီ ဗလာနယ်ဖြတ်လမ်းကြောင်းကိုဖြတ်သန်းသွားဖို့ ရက်နည်းနည်းလောက်ကြာဦးမှာ”
“စွမ်းဆောင်ရည်ကွာခြားချက်က ကမ္ဘာခြားနေတာလေ ၊ ပြီးတော့... ငါက ဗလာနယ်ဖြတ်လမ်းကြောင်းဖွင့်ဖို့ အချိန်အများကြီးယူရတယ် ၊ မင်းရဲ့ခမည်းတော်နဲ့ တခြားတန်ခိုးစွမ်အားရှင်တွေကတော့ လွယ်လွယ်နဲ့ပေါ့ပေါ့ပါးပါးပဲ လုပ်နိုင်တယ်လေ”
ဖုထင်က ခေါင်းခါယမ်းရင်း...
“ဒါပေမဲ့ ဒီလောက်လုပ်နိုင်ဖို့တောင် အတော်ခက်ခဲနေပါပြီ”
သူတို့နှစ်ယောက် စကားစမြည်ပြောနေစဉ် သူတို့ရှေ့ အလင်းရောင်အလယ်ဗဟိုတွင် ရေဝဲဂယက်လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဝဲဂယက်အောက်ခြေတွင် ပုံပျက်နေသည့် ဗလာနယ်အာကာသကိုတွေ့မြင်ရပြီး တောက်ပသောအလင်းရောင်များ ထုတ်လွှတ်လျှက် ရှိလေ၏။