သိုင်းသူတော်စင်ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့်
Vol. 66 Ch. 921
အခန်း (၉၂၁) သိုင်းသူတော်စင်ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့်
ရန်ကျောက်ကဲနှင့် ဖုထင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပြိုင်တူခေါင်းညိတ်ရင်း ဝဲဂယက်ကြီးအတွင်း ဝင်ရောက်လိုက်ကြသည်။
သူတို့ပတ်ဝန်းကျင်တစ်ခုလုံး ဖရိုဖရဲဖြစ်စဉ်များဖြင့် ပြည့်နက်နေပြီး အလင်းရောင်များပျံ့နှံ့ထွက်ပေါ်လျှက်ရှိသည်။
အချိန်အတန်ကြာပြီးနောက် အလင်းရောင်များ မှိန်ဖျော့သွားပြီး သူတို့နှစ်ယောက်ရှေ့တွင် အဆုံးမဲ့အမှောင်ထုတစ်ခု ထွက်ပေါ်လာသည်။
ထိုအမှောင်ထုထဲမှ ဝိညာဉ်စွမ်းအားနှင့် ချီစွမ်အားစီးဆင်းမှုများက စကြာဝဠာထဲမှ ကြယ်စင်များလှည့်ပတ်နေသည့်အလား လည်ပတ်နေ၏။
သူတို့အနေဖြင့် စန်းချင်း(၃)ပါးအဆက်အနွယ် ကျင့်ကြံသူများနေထိုင်အုပ်စိုးရာနေရာသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိလိုက်သည်။
သူတို့ရှေ့မှ ဗလာနယ်က ပရမ်းပတာဖြစ်နေပြီး များပြားလှစွာသော အတွန့်များနှင့် အရေးအကြောင်းများစွာဖြင့် ရွေ့လျားရန်ခက်ခဲနေသည့်တိုင် သူတို့အတွက် အထက်ဘုံကမ္ဘာသို့ပြန်ရောက်ရန် အချိန်တစ်ခုသာလျှင် လိုအပ်တော့သည်။
အရင်တစ်ချိန် ဗုဒ္ဓဘာသာကမ္ဘာမှ ပြန်လာစဉ်က အတွေ့အကြုံရှိသဖြင့် ရန်ကျောက်ကဲအတွက်တော့ အလွန်လွယ်ကူလှသည်။
ထိုစဉ်က သူက ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင် ဖြစ်သည်။ ယခု သူက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်နေပြီး နတ်ဘုရားထောင်ချောက်ဓားကိုလည်း ကျင့်ကြံထားပြီဖြစ်ရာ စကြဝဠာ၏ ရှုပ်ထွေးနေသောနေရာကို ဖြတ်ကျော်ရန် ပိုမိုလွယ်ကူစေခဲ့သည်။
“အချိန်အများကြီးကုန်မသွားပေမယ့် အမတခုံရုံးနယ်မြေကနေပြန်လာရတာ တစ်ဘဝလုံးဖြတ်ကျော်ခဲ့ရသလား ထင်မှတ်ရတယ်”
ရန်ကျောက်ကဲ ပြုံးရင်းဆိုသည်။
ဖုထင်က ခေါင်းညိတ်ရင်း...
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက လုန်ရွှယ်ကျီးနဲ့ ရှင့်ဆီမှာရှိနေတဲ့ ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ ရတနာပစ္စည်းကြောင့်သာမဟုတ်ရင် ကျွန်မတို့ အတော်လေး အန္တရယ်နီးနေလောက်ပြီ”
ရန်ကျောက်ကဲက...
“လမ်းမှားတာအိုက လူသားအထွတ်ထိပ်ကျင့်ကြံသူဖြစ်တဲ့ ဟောက်ယန်နန်းတော်အဆက်အနွယ်ရဲ့ ကံတရားလို့ပဲပြောရတော့မယ် ၊ အရင်က သူတို့ဘိုးဘေးကလည်း ယိုးမင်ဧကရာဇ်နဲ့တိုက်ခိုက်ခဲ့တာကို ကံကောင်းတယ်လို့ ဆိုရမယ် ၊ မဟုတ်ရင် ယိုးမင်ဂမ္ဘီရစက်ဝန်းက ဟောက်ယန်နန်းတော်ရဲ့သိုင်းပညာကိုမှတ်မိနေမှာ မဟုတ်ဘူး”
ဖုထင်က မှောင်မှိုင်းသည့်မျက်နှာထားဖြင့်...
“ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ရတနာပစ္စည်းတွေက အန္တရယ်ကျရောက်နိုင်တယ်လို့ အရင်တုန်းက အဖေပြောဖူးတယ် ၊ ဒါပေမဲ့ အကြောင်းပြချက်ကို ထုတ်မပြောခဲ့ဘူး ၊ ကျွန်မ သိုင်းသူတော်စင် အထွတ်ထိပ်အဆင့်ရောက်မှ ပြောပြလို့ရမယ်လို့ ပြောခဲ့တယ် ၊ ကြည့်ရတာ... ဒီကိစ္စက အမတခုံရုံးနဲ့ဆက်စပ်နေနိုင်တယ်”
ဖုထင်က ရန်ကျောက်ကဲကိုလှမ်းကြည့်ရင်း...
“အမတခုံရုံးအုပ်ချုပ်တဲ့နယ်မြေတွေဘက်ခြမ်းကနေ ကျွန်မတို့ကမ္ဘာဘက်ခြမ်းကိုပြန်ရောက်လာပြီးတဲ့နောက် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတဲ့နာမည်ကို ထပ်ပြီးတွေးကြည့်မိသေးတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်နှာထက်မှအပြုံးရိပ်ပျောက်ကွယ်သွားပြီး အလေးအနက်မေးလိုက်သည်။
“ဘယ်လိုခံစားရလဲ”
ဖုထင်သည် ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်ပြီး...
"ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ခံစားချက်က ရှိနေသေးတယ်"
ရန်ကျောက်ကဲ အတွေးနက်သွားသည်။
ဖုထင်အနေဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏အမည်ကို ကိုးရွယ်ရွတ်ဆိုရန် မဖြစ်နိုင်သည်မှာ သေချာပါသည်။
ပြဿနာရှိသည်မှာ ဖုထင်က ထိုနာမည်ကိုတွေးမိရုံဖြင့် သူမ၏အတွေးကပုံမှန်မဟုတ်ဘဲ တစ်ခုခုဖြစ်လာသည်ဟု ထင်မြင်နေခြင်း ဖြစ်၏။
‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ၏ ဖြစ်တည်မှုကိုသိရှိပြီးနောက် သဏ္ဌန်မရှိသောမျိုးစေ့တစ်ခုက သူမနှလုံးသားထဲ စိုက်ပျိုးခံရသည့်ပမာ ဆိုနိုင်သည်။
သို့သော် လောလောဆယ် ထိုမျိုးစေ့ကအပင်မပေါက်သေးပေ။
အနာဂတ်တွင် အပင်ပေါက်လာနိုင်မလားဆိုသည်ကတော့ ပြောရခက်သည်။
ပိုးသားဧကရာဇ် ၊ အရှေ့မြောက်ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ နှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ တို့ အရင်ကပြောခဲ့ဖူးသည့် ‘သူတို့အနေဖြင့်ပြောမပြနိုင်သော တားမြစ်ထားသည့်ကိစ္စ’ ဆိုသည်မှာ အမတခုံရုံး ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့နှင့် ပတ်သက်နေနိုင်သည်။
ယခု ဤကိစ္စနှင့်ပတ်သက်ပြီး သူတို့အရမ်းသတိထားနေသည်မှာ အံ့သြစရာမရှိဟု ရန်ကျောက်ကဲ ခံစားမိသည်။
ဖုထင်ဆိုသည်က အရည်အချင်းနှင့် တန်ခိုးစွမ်းအား မည်သို့ရှိသူမျိုးလဲ။
အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် သူမနှင့်ကျင့်ကြံခြင်းအဆင့်တူညီလျှင် သူမကိုတည်ငြိမ်စွာ အနိုင်ယူနိုင်မည့်သူ (၂)ယောက်သာရှိသည်ဟု ရန်ကျောက်ကဲတွေးထင်မိသည်။
တစ်ယောက်က ရှောင်ကျန့်နတ်ဓားရှင် ‘လုန်ရွှယ်ကျီး’။
နောက်တစ်ယောက် သူ၏ဖခင် ‘ရန်တိ’။
ထို့ပြင် ရန်ကျောက်ကဲနှင့် တိုက်ခိုက်ခဲ့ဖူးသူများကြားတွင် ဖုထင်နှင့်ကျင့်ကြံခြင်းအဆင့်တူညီကြပါက သူမကို အနိုင်ယူနိုင်မည့်သူ တစ်ယောက်မှ မရှိပေ။
ဖုထင်၏တန်ခိုးစွမ်းအားက သူမ၏ကျင့်ကြံခြင်းစွမ်းအားတွင်သာမက အရည်အချင်းနှင့် နားလည်နိုင်စွမ်းများအပေါ်တွင်လည်း မူတည်သည်။
သူမ၏ စိတ်ဓာတ်၊ ဆန္ဒ၊ တိုက်ပွဲအတွေ့အကြုံ၊ ဉာဏ်ရည်ဉာဏ်သွေး၊ စူးစမ်းနိုင်စွမ်းနှင့် လိုက်လျောညီထွေရှိမှုတို့သည် အလွန်ထူးချွန်ကြသည်။
သို့သော် ထိုကဲ့သို့သော ပြိုင်ဘက်ကင်းအရည်အချင်းရှိသူတစ်ယောက်သည်ပင် အမတခုံရုံး၏ထူးခြားဆန်းကျယ်မှုနှင့် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ကို ခုခံတားမြစ်နိုင်ခြင်း မရှိခဲ့ပေ။
“’ရန်’ သခင်လေး ၊ ရှင်ရော အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လို့ တွေးလိုက်တာနဲ့ မူမမှန်တာတွေ မခံစားရဘူးလား”
ဖုထင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ထိုမေးခွန်းကိုကြားတော့ ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် တုန်ခါသွားသည်။
သူ့အတွက်တော့ တကယ်တမ်း တစ်မျိုးတစ်မည်ခံစားရခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသောကြောင့် ဖြစ်နိုင်သည်။
သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာက ဗုဒ္ဓအလင်းတန်းကို ပျက်ဆိးစေနိုင်သော်လည်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုသောနာမည်၏ လွှမ်းမိုးနိုင်စွမ်းပြဿနာကိုဖြေရှင်းရန် မလုံလောက်ပေ။
ဖုထင်က ဗဟုသုတများစွာရှိသူ ဖြစ်သည်။ ဤကိစ္စကို သူမကိုယ်တိုင်မရှင်းမလင်းဖြစ်နေလျှင်တောင်မှ ဖခင်ဖြစ်သူ ပိုးသားဧကရာဇ်ထံ သွားရောက်ပြောပြမည် ဖြစ်သည်။
ထိုအချိန်တွင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နာမည်ကြားသည့်အခါ ဖုထင်ကသာ တစ်မျိုးတမည်ခံစားရပြီး ရန်ကျောက်ကဲက ဘာမှမဖြစ်သည့်အခါ သံသယဝင်စရာဖြစ်လာနိုင်၏။
ရန်ကျောက်ကဲအနေဖြင့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကဲ့သို့ ပြိုင်ဘက်ကင်းသိုင်းပညာတစ်ရပ်နှင့်ပတ်သက်ပြီး ဖြေရှင်းမရနိုင်သော သံသယအချို့ အမြဲတမ်းရှိခဲ့သည်။
ထို့ကြောင့် ထိုကျမ်းစာအားကျင့်ကြံထားခြင်းကို အစဉ်အမြဲဖုံးကွယ်ထားခဲ့ခြင်းပင်။
ယခု ဖုထင်၏အမေးစကားကိုကြားသည်နှင့် ရန်ကျောက်ကဲက ပြန်ဖြေလိုက်သည်။
“ငါ့အတွက်တော့ သာမန်ထက်မပိုပါဘူး ၊ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကို ကျင့်ကြံထားလို့လားတော့ မသိဘူး”
“ယိုးမင်ဧကရာဇ်ရဲ့ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ထဲမှာ အဆုံးမရှိတဲ့ ပရမ်းပတာဖြစ်စဉ်တွေ ပါရှိနေတယ်လို့ ငါ ယောင်ဝါးဝါး ခံစားရတယ် ၊ အဲဒါကြောင့်များလားလို့ သံသယဝင်မိတယ်”
“ဒါပေမဲ့...”
ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်သည်။
“အဲဒီ ယိုးမင်ဂမ္ဘီရပညာထဲမှာ ကွယ်ဝှက်ထားတဲ့အရာကို ရှာဖွေဖို့က ငါ့အတွက် ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နိုင်တယ် ၊ ဘာလို့လဲဆိုတော့ ငါက နဂိုကတည်းက ဒီပညာကိုကျင့်ကြံထားတဲ့သူ မဟုတ်ဘူးလေ”
ထိုစကားကြားတော့ ဖုထင်က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်သည်။
“အင်း... ဖြစ်နိုင်ပါတယ်”
သူမ၏အဖြေစကားကိုကြားတော့ ရန်ကျောက်ကဲက ထိုစကားထဲမှ အခြားသောအဓိပ္ပါယ်အချို့ကို ဆုပ်ကိုင်နိုင်ခဲ့သည်။
ဤစကားအဓိပ္ပါယ်အရ ခွန်လွန်တောင် မြောက်ဖေးတောင်ထွတ်မှ ပိုးသားဧကရာဇ်၏ အဆက်အနွယ်သည် ရှန်းထျန်းဝူထိုက်မှ ပထမဆုံးအရာဖြစ်သော ‘ထိုက်ယိ’ ၏ဖြစ်စဉ်ကိုထင်ရှားစေသည့် ထိုက်ယီလက်သီးသိုင်းကိုပိုင်ဆိုင်ထားခြင်းမရှိဆိုသော အချက်ဖြစ်သည်။
သို့သော် အမတခုံရုံးနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ အထူးဝိသေသလက္ခဏာများကို တွေးတောမိသည့်အခါ ရန်ကျောက်ကဲမှာ အတော်လေး ဦးနှောက်ချောက်သွားရသည်။
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က တာအိုဝါဒဆိုပေမယ့် ဘုရားလောင်းရဲ့ဗုဒ္ဓဘာသာကျင့်ကြံခြင်းနဲ့ အလားတူပြဿနာမျိုးတွေ ရှိနေနိုင်တယ်”
ဖုထင်က ရန်ကျောက်ကဲကိုကြည့်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
“’ရန်’ သခင်လေး ၊ အမတခုံရုံးနဲ့လမ်းမှားတာအိုကိစ္စက ပေါ့ပေါ့တန်တန် မဖြစ်နိုင်ဘူး ၊ ရှင်နဲ့ ရှင်းရဲ့ဂိုဏ်းက ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ပိုင်ဆိုင်ထားပေမယ့် သိပ်ပြီးမစွန့်စားတာကောင်းလိမ့်မယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပါပဲ”
စိတ်မကောင်းစရာမှာ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရက်ကို တပည့်များစွာကျင့်ကြံနိုင်ရန် မပြုလုပ်နိုင်သေးခြင်း ဖြစ်၏။ မဟုတ်ပါက ထိုအရာက သူတို့အတွက် အလွန်ကောင်းမည် ဖြစ်သည်။
သို့သော် ဤသို့သောသတင်းအချက်အလက်က သူတို့ဝါဒတောင်ဂိုဏ်းကို ချက်ချင်းတော့ ကံဆိုးမိုးမှောင်ကျစေမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဤသို့သောအခြေအနေမျိုးတွင် အားလုံးအနေဖြင့် ပါးစပ်ပိတ်ထားသည်က အကောင်းဆုံး ဖြစ်သည်။
အမတခုံရုံး၏သတင်းများ ပြန့်ပွားခြင်းကိုတားဆီးရန် အထက်ဘုံကမ္ဘာက ဗုဒ္ဓဘာသာ၏တည်ရှိမှုကိုပါ ကန့်သတ်ထားခြင်း ဖြစ်နိုင်သည်။
“ဒီအကြောင်းကိုသာ ပိုပြီးအသေးစိတ်သိနိုင်မယ်ဆိုရင်...”
ရန်ကျောက်ကဲ သူ့မျက်လုံးများကို အနည်းငယ်မှေးမှိတ်ရင်း တွေးလိုက်သည်။
သူ့မိခင် ရွှယ်ချူးချင်၏မျိုးရိုးနှင့် ယိုးမင်ဂိုဏ်းပျက်စီးခြင်းတို့သည် အမတခုံရုံးနှင့် သေချာပေါက် ဆက်စပ်နေပုံရသည်။
ရန်ကျောက်ကဲသည်လည်း ဤအရာနှင့်ပတ်သက်ပြီး မရေရာသော အယူအဆအချို့ရှိခဲ့ပြီး အတည်ပြုရန် လိုအပ်နေသေးသည်။
တွေးရင်းဖြင့် သူ့မျက်လုံးများ ရုတ်တရက်တောက်ပသွားပြီး မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ဖုထင်က သူ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း...
“ဘာဖြစ်လို့လဲ ‘ရန်’ သခင်လေး”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒီနေ့ ငါ့ရဲ့ကံကြမ္မာက တောက်ပနေပုံရတယ် ၊ ဒီ’ရန်’ ကိုရှေ့ဆက်ခွင့်ပြုပါ”
ပြောပြီးသည်နှင့် သူက ခရီးမဆက်တော့ဘဲ နေရာတွင်မတ်တတ်ရပ်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။
သူ့ပုံစံကိုမြင်တော့ ဖုထင်သည်လည်း တစ်စုံတစ်ခုကိုမှန်းဆမိသွားပြီး သူမမျက်လုံးထဲတွင် တုန်လှုပ်ချောက်ချားမှုများ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက တင်ပျဉ်ခွေထိုင်နေပြီး သူ၏ သွေးကြောဆုံချက်များက တစ်ပြိုင်နက်တည်းလှုပ်ရှားလာကာ သူ၏ခန္ဓာကိုယ်မှ အလင်းရောင်များဖြာထွက်လာပြီး တကယ့်စကြာဝဠာမှ ကြယ်စင်ပေါင်းများစွာဖြင့် ပဲ့တင်ထပ်သွားသည်။
ရန်ကျောက်ကဲ၏လည်ပင်းတွင် အလင်းမှုံများတောက်ပလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြယ်စင်ရောင်များတောက်ပသွားသည်ကို ဖုထင် တွေ့လိုက်ရသည်။
လည်ပင်းဆီမှအလင်းမှုန်များက သွေးကြောဆုံချက်များ ကြယ်စင်များနှင့်ပဲ့တင်ထပ်နေခြင်းဖြင့် နှိုင်းယှဉ်ပါက အနည်းငယ် မှေးမှိန်နေဟန် ရှိသည်။
သို့သော် ထိုအလင်းမှုန်များ ပေါ်လာသည်နှင့် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံးက ထူးထူးခြားခြား အရှိန်အဟုန်မြင့်မားလာကာ တန်ခိုးစွမ်းအားက လျှင်မြန်စွာ မြင့်တက်လာသည်။
ဖုထင်ကိုယ်တိုင်က ဤအဆင့်သို့မရောက်သေးသည့်တိုင် ရန်ကျောက်ကဲ၏ လက်ရှိအခြေအနေကို သူမ သတိမပြုမိဘဲ မနေနိုင်ပေ။
ဤသည်က...
ရန်ကျောက်ကဲအနေဖြင့် မထင်ရှားသော သွေးကြောဆုံချက်များထဲမှတစ်ခုကို သန့်စင်နိုင်ခဲ့ပြီး နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့ အောင်မြင်စွာ တက်ရောက်သွားခြင်းဖြစ်ပေသည်။