ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်လာခြင်း
Vol. 20 Ch. 270
ခေါင်းဆောင်တောက်ရင်က တောက်ပနေသောမျက်လုံးများဖြင့် ဟန်မူယဲ့ဘက်သို့ လှည့်လာသည်။
“ငါ့ကျင့်ကြံဆင့်နဲ့ဆိုရင် မူလမီးတောက်ကမ္ဘာထဲမှာ ငါက ပြိုင်ဘက်ကင်းတယ်”
“မင်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်ရောက်သွားရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့တပည့်တွေကို ဒီကမ္ဘာမှာလေ့ကျင့်ဖို့ စီစဉ်ပေးလို့ရတယ်”
ခေါင်းဆောင်တောက်ရင်၏ကျင့်ကြံဆင့်က ကောင်းကင်ဘုံအဆင့်နှင့် နီးကပ်နေသည်။ သူသည် မူလမီးတောက်ကမ္ဘာထဲ၌ ပြိုင်ဘက်ကင်းသည်။ ထိုကမ္ဘာထဲမှ ထွက်မသွားလျှင် လက်ရည်တူသောပြိုင်ဘက် မရှိနိုင်ပေ။
ယနေ့တွင် သူက ဟန်မူယဲ့ကို ကာကွယ်ပေးလိုသောကြောင့် မူလကောင်းကင်ကမ္ဘာထဲမှ ဆွဲထုတ်ခံရခြင်းဖြစ်သည်။
မူလမီးတောက်ကမ္ဘာထဲတွင် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတချို့ ထပ်ရှိလာမည်ဆိုလျှင်ပင် သူ့ကို မသတ်နိုင်ပေ။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူ့တွင် ကမ္ဘာချိပ်စည်းတံဆိပ်နှင့် မူလမီးတောက်ကမ္ဘာ၏ တာအိုအမှတ်အသားရှိသည်။ သူက ဤကမ္ဘာသို့ လွယ်ကူစွာ ပြန်လာနိုင်သည်။
သို့သော်လည်း သူက ထိုအကြောင်းကို ခေါင်းဆောင်တောက်ရင်အား ပြောမပြခဲ့ပေ။
ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့ကိုဦးဆောင်၍ မူလမီးတောက်ကမ္ဘာထဲသို့ ပြန်ဝင်လာသည်။
ခုန်းလင်တာအိုဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ယောက်မှာ လုံခြုံစွာဖြင့်ပြန်ရောက်လာသော သူတို့နှစ်ယောက်ကို မြင်လိုက်ရသောအခါတွင် မျက်လုံးပြူးသွားကြသည်။
‘ဂိုဏ်းရဲ့ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကတောင် သူတို့နှစ်ယောက်ကို ဘာမှမလုပ်နိုင်ဘူးလား’
သူတို့က တုံ့ဆိုင်းမနေဘဲ ချက်ချင်းထွက်ပြေးသွားကြသည်။
ခေါင်းဆောင်တောက်ရင်က သူတို့နောက်သို့ မလိုက်တော့ပါ။
သူသည် ဤကမ္ဘာ၌ နေထိုင်မည် ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် ထိုနှစ်ယောက်နှင့် ပြေတမ်းလိုက်တမ်းကစားရန် အခွင့်အရေးအများအပြား ရလာပေလိမ့်မည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက် ထွက်ပြေးသွားသောကြောင့် ခုန်းလင်တာအိုဂိုဏ်း၏တပည့်များလည်း ဆက်မနေရဲတော့ပေ။ သူတို့က လူစုခွဲပြီး ထွက်ပြေးသွားကြသည်။
သွေးများနှင့် ဖုံးလွှမ်းနေသောလုကောက ပြုံးလိုက်သည်။
သူတို့က မူလမီးတောက်နန်းတော်သို့ လုံခြုံစွာပြန်ရောက်လာသောအခါတွင် ဝမ်လော့ရှန်နှင့် တခြားလူများမှာ အံ့အားသင့်နေကြသည်။
ဟန်မူယဲ့သည် မူလမီးတောက်ကမ္ဘာထဲတွင် ဆက်မနေတော့ပါ။ သူသည် ခေါင်းဆောင်တောက်ရင်နှင့် ဆွေးနွေးကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတပည့်များကို ဤကမ္ဘာသို့ပို့ပြီးသောအခါတွင် ပြန်သွားရန် စီစဉ်ထားသည်။
သူက နဝင်းကိုးပါးတိမ်မြူရွှေကြာစေ့ဆေးလုံးကို ဖော်စပ်ရန်အတွက် မီးပြင်ဖိုတစ်လုံး ရှာရပေဦးမည်။
ယခုအချိန်တွင် သူသည် နေကိုးစင်းနည်းစနစ်ကိုလည်း ရရှိထားသည်။ ထို့ကြောင့် ပင်ကိုယ်ပါရမီကို မြှင့်တင်ပြီး ကောင်းမွန်စွာကျင့်ကြံရန် အချိန်ကျလာပြီဖြစ်သည်။
“စီနီယာအစ်ကိုဟန်၊ ကျုပ် ဒီကမ္ဘာထဲမှာ ခဏလောက်နေခဲ့ချင်တယ်”
လုကောက တိတ်ဆိတ်စွာပြောသည်။
‘ဒီကမ္ဘာမှာ နေချင်တာလား’
လုကော၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များကို ကြည့်လိုက်ပြီး ဟန်မူယဲ့က ပြုံးလျှက် ခေါင်းညိတ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဖုန်းရှို့တောင်တိုက်ပွဲအပြီး၌ နောက်ထပ်တိုက်ပွဲများ မရှိတော့ပေ။
လုကောသည် တိုက်ပွဲကိုအသုံးချ၍ လေ့ကျင့်လိုလျှင် မူလမီးတောက်ကမ္ဘာမှာ အသင့်တော်ဆုံးဖြစ်သည်။
လွန်ခဲ့သောရက်များက လုကောသည် သူပေါင်းစပ်ထားသောဓားနှင့် ပို၍ပနံသင့်လာသည်။
သူသည်သာ ဓားကို အပြည့်အဝထိန်းချုပ်နိုင်လျှင် ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ ရောက်သွားနိုင်သည်။
“ကောင်းပြီ။ အစ်ကိုလုက မူလမီးတောက်ကမ္ဘာထဲမှာ ခေါင်းဆောင်တောက်ရင်ကို ကူညီပေးလိုက်ပါ”
ဟန်မူယဲ့က လုကော၏ပခုံးကို ပုတ်ပေးလိုက်သည်။ ထို့နောက် သူက လက်မြှောက်ပြီး ဝင်္ကပါပြား၏စွမ်းအားကို အသက်သွင်းလိုက်သည်။
မှိန်ဖျော့နေသော လေဟာနယ်စွမ်းအားများသည် ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။
ဝမ်လော့ရှန်၊ ခေါင်းဆောင်တောက်ရင်နှင့် တခြားလူများ၏အကြည့်အောက်မှာ သူသည် အလင်းတန်းထဲ၌ ပျောက်ကွယ်သွားသည်။
ထိုလူများကြားထဲတွင် ဝမ်လော့ရှန်မှာ စိတ်အပျက်ဆုံးဖြစ်နိုင်သည်။
ဟန်မူယဲ့က တိမ်တိုက်နဂါးဓားကို ယူသွားပြီး ခေါင်းဆောင်တောက်ရင်မှာ ကျန်နေခဲ့သည်။
မူလမီးတောက်နန်းတော်က လုံခြုံနေသော်လည်း သူ့တိုက်ခိုက်နိုင်စွမ်းနှင့် အခွင့်အာဏ်မှာ အများအပြားလျော့ကျသွားသည်။ သူ မပျော်နိုင်ပေ။
သူက မပျော်သော်လည်း ဟန်မူယဲ့ ထွက်မသွားမီ သိုလှောင်ရုံကိုရှင်းထုတ်၍ ဓားအလက်ငါးရာ ထည့်ပေးလိုက်သည်။
ထိုအရာက သူတို့သဘောတူညီမှု၏ တစ်ဝက်ဖြစ်သည်။
ဟန်မူယဲ့ကလည်း ကျန်ရှိနေသော ဝိညာဉ်ကျောက်တုံးများကို ပေးခဲ့သည်။
ဤကမ္ဘာထဲမှာ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းမရှိသောကြောင့် ဝိညာဉ်ကျောက်တုံးတိုင်းက အလွန်အဖိုးတန်သည်။
အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးငါးရာသည် မူလမီးတောက်နန်းတော်မှ ကမ္ဘာမြေအဆင့်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းကို များစွာလျင်မြန်လာစေပေလိမ့်မည်။
ဟန်မူယဲ့က ဝိညာဉ်တစ်ဝက်အဆင့်သို့ ရောက်နေသောဓားများကို အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ပြန်ယူသွားခဲ့လျှင် အနည်းဆုံး နှစ်ဆပြန်ရပေမည်။
ဤတစ်ကြိမ်မှာ တည်နေရာရွှေ့ပြောင်းသောအခါတွင် ဟန်မူယဲ့က မတူညီသောခံစားချက်ကို ခံစားရသည်။
အနက်ရောင်ဓားငယ်၏ လေဟာနယ်စွမ်းအားက အာကာသလမ်းကြောင်းကို ပြန်ပြင်နေသည်။
သူက နေမင်းရောင်ဝါနန်းတော်၏ ပျက်စီးနေသောခန်းဆောင်ထဲသို့ ပြန်ရောက်လာသောအခါတွင် အက်ကွဲနေသောအလင်းလွှာသည် အကောင်းအတိုင်းပြန်ဖြစ်သွားခဲ့သည်။
အကြိမ်ရေများစွာမသုံးနိုင်သော အာကာသလမ်းကြောင်းက ထပ်မံအသုံးပြုနိုင်ပြီဖြစ်သည်။
ထိုအရာက အံ့အားသင့်စရာတစ်ခုဖြစ်သည်။
ဟန်မူယဲ့သည် မူလမီးတောက်ကမ္ဘာနှင့် အချိန်အတော်ကြာအောင် ဆက်သွယ်နိုင်လျှင် သူနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် အလွန်အကျိုးရှိပေလိမ့်မည်။
မျိုးဆက်သစ်တပည့်များကို လေ့ကျင့်ပေးခြင်းနှင့် ဓားသတ္တုကုန်ကြမ်းအမျိုးမျိုးကို လဲလှယ်ခြင်းဖြင့် ဟန်မူယဲ့က အကျိုးအမြတ်များရနိုင်သည်။
ဟူး…
တိမ်တိုက်နဂါးဓားသည် အဖြူရောင်ဝတ်စုံနှင့်လူငယ်အဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ဘေးမှာ ရပ်လိုက်သည်။
ကျိုးယွင်လုံက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ခေါင်းခါလျက် သက်ပြင်းချသည်။
“ဒီကမ္ဘာကို နှစ်ပေါင်းထောင်ချီအောင် ပြန်မလာနိုင်ခဲ့ဘူး။ ဒါက နေမင်းရောင်ဝါနန်းတော်ရဲ့ အပျက်အစီးတွေပေါ့”
သူသည် နေမင်းရောင်ဝါနန်းတော်၏ အဓိကဓမ္မရတနာများထဲမှ တစ်ခုဖြစ်ပြီး နေမင်းရောင်ဝါနန်းတော်နှင့် နက်ရှိုင်းသောဆက်ဆံရေးရှိသည်။
ယခုအချိန်တွင် အပျက်အစီးများကိုမြင်လိုက်ရသောကြောင့် သူက ဝမ်းနည်းနေမိသည်။
“ဟင်း…၊ အဲဒီတော့ ဘာဖြစ်လဲ။”
“ဝိညာဉ်သူငယ်၊ ဝိညာဉ်ကိုယ်ခွဲနဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကြီးတွေကတောင် သေသွားနိုင်တာပဲ”
“ကျင့်ကြံခြင်းက ထာဝရခံပါ့မလား”
တာအိုဆရာတယန်က ကျောက်လှေကားပေါ်တွင်ရပ်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်ထားသည်။ သူက အဝေးသို့ကြည့်လျက် တည်ငြိမ်စွာပြောသည်။
သူက လောကကို ထွင်းဖောက်မြင်နိုင်သော ပညာရှိကျွမ်းကျင်သူတစ်ယောက်နှင့် တူနေသည်။
“သခင်ပြောတာ မှန်တယ်။ ကျုပ်က အမြင်မကျယ်ဘူးပဲ”
ကျိုးယွင်လုံ၏အကျင့်စရိုက်က အလွန်ဖြောင့်မတ်သည်။
ဟန်မူယဲ့က သူ၏ခံစားချက်များကို ဂရုစိုက်မနေနိုင်ပေ။ သူက လက်မြှောက်ပြီး အစီအရင်ပြားကို သိမ်းလိုက်သောကြောင့် အလင်းလွှာက ပျောက်ကွယ်သွားသည်။ ထို့နောက် သူက ခြေလှမ်းကျဲများနှင့်အတူ အဝေးသို့ထွက်သွားသည်။
နေမင်းရောင်ဝါနန်းတော်၏နယ်မြေက အပျက်အစီးများဖြင့် ပြည့်နေသည်။
လူတချို့က ရှေ့တွင် လမ်းပိတ်ထားသည်။
“တာအိုရောင်းရင်း၊ ငါတို့က ရတနာရှာဖို့ရောက်လာခဲ့တာပါ။ မင်းက တစ်ယောက်တည်းဆိုတော့ ငါတို့နဲ့လိုက်ခဲ့ပါလား”
အုပ်စုခေါင်းဆောင်သည် မီးခိုးရောင်တာအိုဝတ်စုံကိုဝတ်ထားသော တာအိုတန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သူက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့သည် နောက်ကျောတွင် ဓားသေတ္တာတစ်ခုကို သယ်ပိုးထားသည်။ ထိုဓားသေတ္တာထဲတွင် ခရမ်းမီးတောက်ဓားနှင့် ကံကြမ္မာဓားတို့ ရှိနေကြသည်။ တိမ်တိုက်နဂါးဓားကိုတော့ သူ့ခါးတွင် ချိတ်ဆွဲထားသည်။
တာအိုဆရာတယန်ကတော့ လေပြေလေညင်းအသွင်ပြောင်း၍ သူ့နောက်မှ လိုက်လာသည်။
ဟန်မူယဲ့သည် သမာဓိစွမ်းအားကို လေ့ကျင့်ထားသောကြောင့် သူ့ပုံစံက ဓားကျင့်ကြံသူတစ်ဦးနှင့်မတူဘဲ ပညာတတ်သေမျိုးတစ်ယောက်နှင့် တူနေသည်။
သို့သော်လည်း သေမျိုးလူသားများက နေမင်းရောင်ဝါနန်းတော်ဟောင်းသို့ မလာနိုင်ပေ။
“ကျုပ်က ဒီမှာ ရတနာတွေရှာဖို့ စိတ်မဝင်စားဘူး”
ဟန်မူယဲ့က ရှေ့တွင် ရှိနေသောလူများကိုကြည့်လိုက်ပြီး ခေါင်းခါသည်။
သူ့စကားများကို ကြားလိုက်ရသောအခါတွင် မျက်နှာချင်းဆိုင်တွင် ရှိနေသောလူများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အသာအယာလှုပ်ရှား၍ ဟန်မူယဲ့၏ပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်သည်။
“လွန်ခဲ့တဲ့ရက်ပိုင်းက ဒီနေရာကနေ ကျင့်ကြံသူအုပ်စုတစ်စု ထွက်လာခဲ့တယ်။ သူတို့မှာ ဝိညာဉ်တစ်ဝက်အဆင့်ဓားတွေ ရှိနေတယ်”
စကားပြောခဲ့သောလူအိုကြီးက ဟန်မူယဲ့ကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသော တိမ်တိုက်နဂါးဓားကို ကြည့်သည်။
“တာအိုရောင်းရင်း၊ မင်းရဲ့ဓားကို ဝိညာဉ်ကျောက်တုံးတစ်ထောင်နဲ့ ငါတို့ကို ရောင်းလိုက်ပါလား”
သူတို့က ဟန်မူယဲ့ကို လုယက်ရန် ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။
ဟန်မူယဲ့က ကျင့်ကြံဆင့်မြင့်မားပုံမရဘဲ ဓားအများအပြားရှိနေပုံပေါ်သည်။
ဟန်မူယဲ့က နေရာမှာတင်ရပ်ပြီး စဉ်းစားနေသည်။
တစ်ဖက်တွင်တော့ လူတစ်ယောက်က စိတ်မရှည်စွာပြောသည်။
“ကောင်လေး မြန်မြန်လုပ်။ မင်းရဲ့ စုတ်ပြတ်နေတဲ့ဓားကို ဝိညာဉ်ကျောက်တုံးတစ်ထောင်နဲ့ဝယ် ....”
ထိုလူက စကားပြော၍ မပြီးသေးမီ ဓားအလင်းတစ်ခုသည် သူ့ရှေ့သို့ ရောက်လာ၏။ ထိုဓားအလင်းက သူ့လည်ပင်းတွင်ရှိသော အရေပြားလွှာတစ်ခုကို ကွာကျသွားစေသည်။
ဓားအလင်း၏အေးစက်မှုက ထိုလူ၏နှလုံးသားနှင့် အဆုတ်များထဲသို့အထိ ထိုးဖောက်သွားသောကြောင့် သူသည် အားနည်းလာပြီး ဒူးထောက်ကျသွားသည်။
တိမ်တိုက်နဂါးဓားက ဟန်မူယဲ့၏အရှေ့တွင် တိတ်ဆိတ်စွာလွင့်မျောနေသည်။
“ဝိညာဉ်…၊ ဝိညာဉ်…၊ ဝိညာဉ်လက်နက်”
လူတိုင်းက မျက်လုံးပြူးသွားသည်။
ရှောက်ယိုစွန်းတို့အုပ်စု ထွက်သွားသောအခါတွင် လူတိုင်းတွင် ဓားတစ်လက်စီရှိနေသည်။ မူလမီးတောက်နန်းတော်၏တပည့်များက ဝိညာဉ်တစ်ဝက်အဆင့်လက်နက်များကို ကိုင်ဆောင်ထားကြသည်။
ထို့ကြောင့် နေမင်းရောင်ဝါနန်းတော်ဟောင်းက ဓားသိုလှောင်ထားသောနေရာကို ရှာတွေ့သွားကြသည်ဟု တခြားလူများက ထင်သွားခဲ့သည်။
သူတို့က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လုယက်ရန် ရောက်လာခဲ့ကြသည်။
ဟန်မူယဲ့တွင် ဝိညာဉ်အဆင့်လက်နက်ရှိနေလိမ့်မည်ဟု သူတို့ထင်မထားမိပေ။
ထိုဝိညာဉ်လက်နက်ဖြင့်ဆိုလျှင် လက်မြှောက်ပြီး သူတို့အားလုံးကို သတ်ပစ်နိုင်သည်။
“ကျုပ်မျိုးရိုးနာမည်က ဟန်ပဲ”
ဟန်မူယဲ့၏ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းတစ်ခုပေါ်လာသည်။
‘အဲ့ဒါက ဘာပြောချင်တာလဲ’
‘ဟန်မျိုးရိုးက ဘာအရေးပါလို့လဲ’
လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ကျုပ်နာမည်က ဟန်မူယဲ့”
သူက စကားထပ်ပြောလိုက်သောအခါတွင် ဓားဆန္ဒက အားကောင်းလာသည်။
“တိမ်မြုံကမ်းပါးတိုက်ပွဲအပြီးမှာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ကျင့်ကြံသူတွေက ကျုပ်ကို ဓားအင်မော်တယ်ဟန်လို့ ခေါ်ကြတယ်”
ဓားအင်မော်တယ်ဟန်မူယဲ့…
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်လူငယ်ကျင့်ကြံသူ…
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားကျင့်ကြံသူ ထူစွန်းရှစ်သည်ပင် သူနှင့်အတူ ပူးပေါင်းခဲ့သည်။ သူသည် ဓားအင်မော်တယ် ဟန်မူယဲ့ဖြစ်သည်။
“အင်မော်တယ် .... ဟန်…”
“အင်မော်တယ်ဟန်မှန်း မသိခဲ့လို့ပါ”
“ကျုပ်တို့ကို ချမ်းသာပေးပါ အင်မော်တယ်။ ကျုပ်တို့က စနောက်နေရုံတင်ပါ ....”
လူတိုင်း၏မျက်နှာက ဖြူဖျော့သွားပြီး အသနားခံလိုက်ကြသည်။
‘ငါတို့ထွက်ပြေးသင့်လား’ သူတို့တွေးမိသည်။
ထိုကျွမ်းကျင်သူမျိုး၏ရှေ့တွင် ထွက်ပြေးခြင်းက သေလမ်းရှာခြင်းဖြစ်သည်။
တစ်ဖက်မှာ အသနားခံခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
“အခုအချိန်ကစပြီး နေမင်းရောင်ဝါနန်းတော်ဟောင်းက အံ့ဖွယ်ကိုးပါးဂိုဏ်းရဲ့နယ်မြေဖြစ်လာလိမ့်မယ်။ အပြင်လူတွေ ဝင်ခွင့်မရှိဘူး”