ဧကရာဇ်များကြား ဖြစ်ပွားလာမည့်တိုက်ပွဲ
Vol. 66 Ch. 922
အခန်း (၉၂၂) ဧကရာဇ်များကြား ဖြစ်ပွားလာမည့်တိုက်ပွဲ
စောစောလေးကပင် ဝါဒတောင်တွင် တံခါးပိတ်ကျင့်ကြံနေသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့အားအဟန့်အတားဖြစ်စေသည့် ကျင့်ကြံခြင်းတစ်ဆို့မှုကို အောင်မြင်စွာချိုးဖျက်နိုင်ခဲ့သည်။
သူ၏အဓိကသွေးကြောဆုံချက်များအားလုံးက တကယ့်စကြာဝဠာကြီးအတွင်းမှ ကြယ်စင်များနှင့်ပဲ့တင်ထပ်သွားပြီး နတ်ဘုရားသိမြင်ခြင်းအစစ်အမှန်ကို သတိရှိပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မထင်ရှားသော သွေးကြောဆုံချက်များထဲမှတစ်ခုကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
ထိုသို့ဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သည်။
ထို့ကြောင့် အဆင့်သစ်တစ်ခုသို့ တက်လှမ်းလာသည်ဟု ဆိုနိုင်သည်။
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကြားမှ ချိတ်ဆက်မှုမှာ မရေမတွက်နိုင်သော အာကာသအလွှာများ ခြားနားနေသဖြင့် အားပျော့နေသည့်တိုင် သူ၏ကိုယ်ပွား ကျင့်ကြံခြင်းအဆင့်တက်သွားသည်ကို ရန်ကျောက်ကဲ အာရုံခံနိုင်ခဲ့၏။
ထို့ထက်ပိုပြီးအရေးကြီးသည်မှာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ထိုသို့ မထင်ရှားသော သွေးကြောဆုံချက်ကို သန့်စင်လိုက်ချိန်တွင် ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းအတွက်လည်း များစွာအထောက်အကူဖြစ်စေသော နားလည်မှုအချို့ကို ရရှိခဲ့သည်။
တန်ခိုးစွမ်းအားရှင်များ ကိုယ်ပွားများသန့်စင်ကြသည်မှာ ရှားပါးကိစ္စတစ်ခုဖြစ်သော်လည်း သာမန်အရာတော့မဟုတ်ပေ။
သို့သော် ကျင့်ကြံသူတစ်ယောက်၏လက်ရှိကျင့်ကြံခြင်းအဆင့်ထက် ပိုမိုအဆင့်မြင့်မားသော ကိုယ်ပွားတစ်ခု သန့်စင်နိုင်ခြင်းကတော့ ရှီလင်ဦးချို ၊ ဇာမဏီအတောင်ကဲ့သို့ အလွန်တရာ ရှားပါးပေသည်။
ရန်ကျောက်ကဲက ထိုသို့ရှားပါးဖြစ်ရပ်များထဲမှတစ်ခုကို ပြုလုပ်ထားခြင်းပင်။
မတူညီသည့်သိုင်းပညာများကို ကျင့်ကြံခဲ့သူများအနေဖြင့် သူတို့လျှောက်လှမ်းခဲ့သောလမ်းများကလည်း ကွဲပြားမှုရှိမည် အမှန်ပင်။ သိုင်းကျင့်ကြံသူများနှင့် သူတို့၏ကိုယ်ပွားများသည်လည်း အလားတူပင် ဖြစ်၏။
ထို့ကြောင့် တစ်ဖက်မှအတွေ့အကြုံများက အခြားတစ်ဖက်အတွက် အဖိုးတန်သည့် ရည်ရွှန်းခြင်းများ ဖြစ်လာနိုင်သည်။ သို့သော် အသိပညာအတားအဆီးများရှိလာနိုင်ပြီး အသစ်သောအတားအဆီးများဆီသို့လည်း ဦးတည်သွားနိုင်သည်။
သို့တိုင် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်အစစ်အမှန်က စုဆောင်းမှုအလွန်များပြားသည်။
သူက သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်သို့တက်လှမ်းပြီးသည့်နောက် ကျင့်ကြံခြင်းအရှိန်အဟုန် နှေးကွေးသွားခြင်း မရှိခဲ့ပေ။
ကျူတောပင်လယ်ဒေသတွင် တိုက်ပွဲကြီးပြီးဆုံးသွားသည့်တိုင် သူက အားလျော့မသွားဘဲ စဉ်ဆက်မပြတ် ကျင့်ကြံနေခဲ့သည်။
မူလကောင်းကင်ကျမ်းစာ၏ ကနဦးကျမ်းစာ (၃)စောင်ထဲမှ တစ်ခုဖြစ်သော ‘စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ’ က အမှန်တကယ် အံ့သြဖွယ်ရာ ကောင်းလှ၏။
ထိုလေးနက်သောသိုင်းပညာကို ကျင့်ကြံနေခြင်းမရှိလျှင်တောင်မှ အသက်ရှူလိုက်တိုင်း ချီစွမ်းအားများကို စုဆောင်းနေပြီး ကျင့်ကြံခြင်းအခြေခံကို အချိန်တိုင်းမြှင့်တင်ပေးနေခဲ့သည်။
စက္ကန့်တိုင်း၊ အခိုက်အတန့်တိုင်း၊ ခဏတိုင်း ကျင့်ကြံနေသည့်အလား ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲမှာ အချိန်တိုင်းကျင့်ကြံနေသည့်အလားဖြစ်ပြီး သူ၏စုဆောင်းမှုများမှာလည်း အခြားသူများထက် သာလွန်ပေသည်။
အမုန်းတရားမဲ့တာအိုနန်းတော်တွင် ပိုးသားဧကရာဇ်နှင့်မတွေ့ဆုံခဲ့ကြသော်လည်း ရန်ကျောက်ကဲတို့သားအဖက အေးဆေးစွာမနေဘဲ ကျင့်ကြံခြင်းကို အာရုံစိုက်ခဲ့ကြသည်။
ယင်းမတိုင်မီကပင် ရန်ကျောက်ကဲက သိုင်းသူတော်စင် ပဉ္စမအဆင့် အထွတ်ထိပ်တွင်ရောက်ရှိနေပြီး အဓိကသွေးကြောဆုံချက်များအားလုံးကို သန့်စင်ထားလျှက် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့ရောက်ရှိရန် စက္ကူပါးတစ်ချပ်မျှသာ ဝေးကွာတော့သည်။
ယခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မထင်ရှားသည့် သွေးကြောဆုံချက်တစ်ခုကို သန့်စင်လိုက်သည့်အခါ ရန်ကျောက်ကဲသည်လည်း သူရင်ဆိုင်နေရသည့် ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို ဖြတ်ကျော်နိုင်ခဲ့သည်။
ထို့ကြောင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့တက်လှမ်းသွားသည်နှင့် ရန်ကျောက်ကဲသည်လည်း သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်ရောက်သွားခဲ့သည်။
ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့်တက်သွားချိန်တွင် ဖုထင်မှလွဲပြီး သူ့အနားတွင် မည်သူမှမရှိခဲ့ပေ။
ဖုထင်သည် သူ့ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေကာ ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်ရန် ကူညီပေးရင်း မည်သည့်အန္တရယ်မှ မပြုလုပ်ခဲ့ပေ။
ရန်ကျောက်ကဲ ကျင့်ကြံခြင်း ရပ်တန့်လိုက်သည့်အခါ သူ့ကို လေးစားမှုအပြည့်ဖြင့်ကြည့်နေသည့် ဖုထင်ကိုတွေ့ရသည်။
သူမက...
“’ရန်’ သခင်လေးက တကယ့်ပါရမီရှင်ပဲ ၊ ဖုထင် တကယ်ပဲလေးစားမိပါတယ်”
ရန်ကျောက်ကဲက ဖုထင်ကိုလှမ်းကြည့်ရင်း...
“ဒါက ကံကြမ္မာရိုက်ချက်တစ်ခုပါပဲ ၊ ‘ဖု’ မိန်းကလေးက ကျွန်တော့်ကို ချီးကျူးလွန်းနေပြီ ၊ ငါ ကျင့်ကြံခြင်းအဆင့်တက်တုန်း စောင့်ကြည့်ကူညီပေးခဲ့တဲ့ ‘ဖု’ မိန်းကလေးကို ကျွန်တော်က ကျေးဇူးတင်ရမှာပါ”
ရန်ကျောက်ကဲက ဖုထင်ကိုလှမ်းကြည့်ရင်း ဆိုသည်။
“ငါထင်တာမမှားဘူးဆိုရင် ‘ဖု’ မိန်းကလေးရဲ့ အဓိကသွေးကြောဆုံချက်အားလုံးနီးပါး နတ်ဘုရားသိမြင်ခြင်းအဖြစ် သန့်စင်ပြီးနေပြီ မဟုတ်လား”
ဖုထင်က…
“ကျင့်ကြံတယ်ဆိုတာ အဆင့်မြင့်မားလာလေ ပိုပြီးခက်ခဲလေပဲ ၊ အောင်မြင်ဖို့နီးစပ်တယ်ဆိုတာ ခပ်ရှားရှားပဲ”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
ကျင့်ကြံခြင်းအဆင့်ပေါင်းများစွာကို ပိုင်းခြားကြည့်မည်ဆိုလျှင် ယေဘူယျအားဖြင့် အဆင့်တစ်ခုစီ၏ အစပိုင်းနှင့်အဆုံးပိုင်းသည် အခက်ခဲဆုံး ဖြစ်သည်။
ကောင်းမွန်သောအစပြုခြင်းဖြင့် လမ်းကြောင်းမှန်ပေါ်ရောက်ရှိပြီးနောက် အလယ်ပိုင်းတွင် အတော်လေးလွယ်ကူလာမည် ဖြစ်သည်။ သို့သော် နောက်ဆုံးအဆင့်မှာတော့ စုဆောင်းမှုအများအပြားမရှိပါက ရှောင်လွှဲမရသောအခက်အခဲများဖြင့် ရင်ဆိုင်ရနိုင်သည်။
ရန်ကျောက်ကဲက သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သို့ရောက်ရှိခဲ့ပြီးနောက် ဖုထင်နှင့်အတူ ဆက်လက်ခရီးထွက်လာကြသည်။
ကျင့်ကြံခြင်းအဆင့်တက်လာသည်နှင့်အမျှ ရန်ကျောက်ကဲက ပရမ်းပတာဗလာနယ်အာကာသထဲတွင် ပိုမိုသက်သောင့်သက်သာရှိစွာဖြင့် အထက်ဘုံကမ္ဘာသို့ ပြန်လာနိုင်ခဲ့သည်။ လမ်းကြောင်းက သဘာဝအတိုင်း ချောမွေ့လျှက်ပင်။
ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက် ရန်ကျောက်ကဲနှင့် ဖုထင်တို့ အထက်ဘုံကမ္ဘာနှင့် တဖြည်းဖြည်း နီးကပ်လာသည်ဟု ခံစားလာရသည်။
အလင်းရောင်များတောက်ပနေသည့် ဗလာနယ်ဖြတ်လမ်းကြောင်းအတွင်းမှ ထွက်လာကြပြီးသည့်နောက် နှစ်ယောက်လုံး စိတ်သက်သာရာရစွာဖြင့် အထက်ဘုံကမ္ဘာကို ရှာဖွေရန် ဆက်လက်ထွက်ခွာလာကြသည်။
ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီးနောက် ရန်ကျောက်ကဲ ပြုံးလိုက်၏။
သူတို့လက်ရှိရောက်နေသည့်နေရာက အထက်ဘုံကမ္ဘာနှင့်အတော်လေး နီးကပ်နေပြီ ဖြစ်ပြီး သူနှင့် ဖုထင်တို့ အောင်မြင်စွာ ပြန်လာနိုင်ခဲ့ကြပေပြီ။
အထက်ဘုံကမ္ဘာ၏ မည်သည့်နေရာသို့ရောက်ရှိမည်ကို မသိကြသော်လည်း ပြန်လာနိုင်ခဲ့ကြသည်မှာ အသေအချာပင်။
ထိုအချိန်...
သူတို့ရှေ့မှကောင်းကင်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် တုန်လှုပ်သွားကာ ပွင့်ထွက်လာပြီး အထဲမှ လူတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူက ပြင်ပဗလာနယ်ထဲသို့လာရောက်ရင် အထက်ဘုံကမ္ဘာမှ ထွက်ခွာလာခြင်း ဖြစ်ဟန်တူသည်။
ရန်ကျောက်ကဲနှင့် ဖုထင်ကိုတွေ့တော့ ထိုသူက အလွန်တရာ အံ့အားသင့်သွားသည်။
ထိုသူက အနက်ရောင်ဝတ်ရုံခြုံထားပြီး အသက် (၅၀)ခန့် အသွင်အပြင်ရှိသည်။ သူ့အသွင်သဏ္ဌန်က တည်ကြည်ဖြောင့်မတ်ပြီး သိက္ခာအပြည့်နှင့် ဖြစ်၏။
ထိုအနက်ရောင်ဝတ်လူက ဖုထင်ကိုမြင်တော့ အံ့အားသင့်သွားပြီး...
“ကြာပန်းနီဒေဝီ’ဖုထင်’ ၊ မင်း အထက်ဘုံကမ္ဘာကို ပြန်ရောက်ပြီလား”
ထို့နောက် သူက ခဏမျှတုံ့ဆိုင်းရင်း ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။
“မင်းက... မင်းက ဝါဒတောင်က ရန်ကျောက်ကဲဖြစ်ရမယ်”
ဖုထင်က ထိုအနက်ရောင်ဝတ်လူကို ချက်ချင်းမှတ်မိသွားသည်။
“ကျောက်စိမ်းတောင်ဂိုဏ်းချုပ်’လျို’ ပဲ”
ထို့နောက် သူမက သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်၏။
“’ရန်’သခင်လေး ၊ သူက အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ကောင်းကင်တဲနန်းတောင် ၊ ကျောက်စိမ်းတောင်ဂိုဏ်းချုပ် ‘လျိုရှန်းထုန်’ ပါ”
“’လျို’ ဂိုဏ်းချုပ် ၊ သူက ‘ရန်’သခင်လေး ‘ရန်ကျောက်ကဲ’ ပါ”
အထက်ဘုံကမ္ဘာအလယ်ပိုင်း ဗဟိုချက်ဒေသဖြစ်သော ကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် အကျယ်ပြန့်ဆုံးသောနေရာမှာ ခွန်လွန်တောင် ဖြစ်သည်။
သို့သော် ကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် ခွန်လွန်တောင်အပြင် အခြားသောဒေသများလည်း ရှိနေသေးသည်။ ‘ကောင်းကင်တဲနန်းတောင်’ က ထိုဒေသများထဲမှ တစ်ခုဖြစ်၏။
ရန်ကျောက်ကဲသည် ကျောက်စိမ်းတောင်တန်းဂိုဏ်းအကြောင်း တစ်ခါမှ မကြားဖူးသော်လည်း ကောင်းကင်တဲနန်းတောင်အကြောင်း ကြားဖူးထားသည်မှာ ကြာခဲ့ပေပြီ။
ဤလျိုရှန်းထုန်ဆိုသူက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး သာမန်မဟုတ်သော တန်ခိုးစွမမ်းအားများကို ပိုင်ဆိုင်ထားသည်။
သို့သော် ရန်ကျောက်ကဲ သိရှိထားသည်များအရ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်ယ်တွင် တည်ငြိမ်စွာ ခြေကုပ်ယူရန်မှာ မလွယ်ကူလှပေ။
ထိုနေရာတွင် ခြေကုပ်ယူရန်အတွက် လုံလောက်ခိုင်မာသော တန်ခိုးစွမ်းအားနှင့် အင်အားကို ပိုင်ဆိုင်ရမည် ဖြစ်၏။ မဟုတ်ပါက အားကောင်းသည့်ကျောထောက်နောက်ခံကို ပိုင်ဆိုင်ရပေမည်။
ကျောက်စိမ်းတောင်တန်းဂိုဏ်း၏နောက်ခံမှာ မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးများ ဖြစ်လေမည်လားဟု ရန်ကျောက်ကဲ တွေးမိသည်။
လျိုရှန်းထုန်ကတော့ အထက်ဘုံကမ္ဘာသို့ အတူတူပြန်ရောက်လာသည့် ရန်ကျောက်ကဲနှင့် ဖုထင်ကိုကြည့်ရင်း အလွန်တရာ အံ့အားသင့်နေဟန် ရှိသည်။
ဖုထင်ကလည်း ထိုအချက်ကိုသတိထားမိသွားပြီး...
“လျိုဂိုဏ်းချုပ် တစ်ခုခုထူးခြားတာများဖြစ်လို့လား ၊ ကျွန်မ ပြင်ပဗလာနယ်ထဲကို ခရီးထွက်သွားတာ ၊ အထက်ဘုံကမ္ဘာနဲ့ ချိန်အကြာကြီး အဆက်အသွယ်ပြတ်သွားတယ် ၊ ဒီနေ့မှပြန်ရောက်လာတာ...”
လျိုရှန်းထုန်က လေးလံသည့်လေသံဖြင့်...
“မအံ့သြတော့ပါဘူး”
သူက ဆက်ပြောသည်။
“ဒီနေ့က အရင်တုန်းက ခွန်လွန်အထင်ကရ (၉)ပါးထဲက မီးလျှံထက်ယံအရှင်သခင်ရဲ့ အမတမှော်ဝင်ပစ္စည်းဖြစ်တဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့ ပိုးသားဧကရာဇ်တို့ တိုက်ခိုက်မယ့်နေ့ပဲ ၊ ဒီနေ့မှာ တိုက်ခိုက်ဖို့ သူတို့တွေရွေးချယ်ထားကြတာလေ”
“အထက်ဘုံကမ္ဘာပျက်ဆီးသွားမှာကို ရှောင်ရှားနိုင်ဖို့အတွက် သူတို့က ပြင်ပဗလာနယ်ထဲမှာ တိုက်ခိုက်ဖို့ရွေးချယ်ခဲ့ကြတာ ၊ တော်တော်များများက သူတို့ရဲ့တိုက်ပွဲကိုလာကြည့်ဖို့ ရည်ရွယ်ထားကြတယ် ၊ ငါလည်း တိုက်ပွဲလည်ကြည့်တာပါ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲနှင့် ဖုထင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
လျိုရှန်းထုန်က သက်ပြင်းချရင်း...
“အမတမှော်ဝင်လက်နက်တစ်ခုဖြစ်တဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူ့ကိုယ်သူ ဧကရာဇ်အဆင့်အဖြစ် သတ်မှတ်ထားတယ် ၊ သူ့မှာ သိစိတ်အပြည့်အဝရှိလိမ့်မယ်လို့ ထင်မထားမိဘူး”
သူက ဖုထင်ကိုကြည့်ရင်း...
“ပိုးသားဧကရာဇ်မရှိတုန်း မင်းတို့ရဲ့ အမုန်းတရားမဲ့တာအိုနန်းတော်ကို သူက ဖျက်ဆီးပစ်ခဲ့တယ်လို့ သတင်းရတယ် ၊ ပြီးတော့ သူက အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့ ကျင်းထင်တောင်ကို လာပြီးတိုက်ခိုက်တယ်လေ”