ဗိုက်ဆာရင် စားရမှာပဲ
Vol. 67 Ch. 919
" မျိုးမစစ်လေး " တာအိုပညာရှင်လင်ဟေ့မှာ ဝိညာဉ်လှေကြီး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူသည် ယခုအကြိမ်တွင် အမှားလုပ်မိခဲ့သည်ဖြစ်ကြောင်း ဝန်ခံလိုက်ရ၏။
သူသည် လုံနန်ကျစ်အား လျှော့တွက်မိခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့်လည်း သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ထာဝရကြယ်ကြီးဆီသို့သွားကာ သူ့အား သတ်ဖြတ်ရန် မကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် ရှဲ့မိသားစုကြောင့် စိုးရိမ်နေခဲ့ရသဖြင့် အလောတကြီး မပြုမူရဲခဲ့ပေ။
နောက်ဆုံးတွင် သူသည် သူ၏ ပြိုင်ဘက်မှာ ယခုလောက်အထိ ရဲတင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ အရေးအကြီးဆုံးအချက်မှာမူ... ဝိညာဉ်လှေကြီးပေါ်မှ လူပုံစံစက္ကူရုပ်မှာ သူ၏ ပြိုင်ဘက်အား ကူညီပေးခဲ့ခြင်းပင်။
သူ၏ သက်တမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် တစ်ခါမှမကြုံဖူးပေ။
ယခုတွင် သူသည် မည်ကဲ့သို့ ဆက်လက်ပြုမူရမှန်း မသိနိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ အကယ်၍ သူ၏ ပြိုင်ဘက်မှာ သူတို့၏ လူမျိုးစုထဲမှ ပါရမီရှင်အား သတ်ဖြတ်ပစ်ခဲ့မည်ဆိုပါက သူသည်လည်း နောက်ဆံတင်းနေစရာ မလိုဘဲ ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ သို့သော် သူ၏ ပြိုင်ဘက်မှာ စဉ်းစားဆင်ခြင်ဉာဏ်မရှိသူတစ်ယောက် မဟုတ်သောကြောင့် ရှင်လင်းအား သတ်ဖြတ်ခဲ့ခြင်းမရှိဘဲ အရှင်လက်လက် ဖမ်းဆီးသွားခဲ့သည်ဖြစ်ရာ သူသည် အလွယ်တကူ ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် မျက်လုံးများမှေးကာ သူ၏ သတ်ဖြတ်လိုစိတ်များကို ချုပ်တည်း၍ လက်ရှိအခြေအနေကြီးအား မည်ကဲ့သို့ ကိုယ်တွယ်ဖြေရှင်းရမည်နည်းဟု စဉ်းစားတွေးတောနေလိုက်တော့သည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားနေသည့် ဝိညာဉ်လှေကြီးနှင့် ထိုလှေပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေရင်း မျက်နှာအမူအရာများ ပျက်ကာ ဇောချွေးများ ပြန်လာရ၏။ သူ၏ မျက်နှာတစ်ခုလုံးမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေရပြီဖြစ်သည်။ သူသည် လုံနန်ကျစ်၏ ရဲစွမ်းသတ္တိအား လျှော့တွက်မိခဲ့ခြင်း ဖြစ်၏။ ထိုအချိန်တွင် သူသည် လုံနန်ကျစ်၏ တိုက်ပွဲမှတ်တမ်းဟောင်းများကို ပြန်၍သတိရသွားသည်။
လုံနန်ကျစ်မှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေခဲ့စဉ်တုန်းက ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ နဂါးနက်တပ်ရင်း၏ လက်ချက်ကြောင့် ထိခိုက်နစ်နာသွားခဲ့ရ၏။ သို့သော် သူသည် ထို တိုက်ပွဲထဲ၌ ထိုတပ်ရင်း ခေါင်းဆောင်ကြီး၏ တပည့်အား သတ်ဖြတ်နိုင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ထို့နောက် သူသည် အင်အားပြန်လည်စုစည်းကာ နဂါးနက်တပ်ရင်းအား ချေမှုန်းခဲ့သဖြင့် လူအများမှာ သူ့အား " အရူးလုံ " ဟု နာမည်ပြောင် ပေးခဲ့ကြသည်မဟုတ်ပါလော။
သူ့လိုမျိုး အရူးတစ်ယောက်မှာ သူ၏ သေရေးရှင်ရေးကိုပင် ဂရုစိုက်နေမည်မဟုတ်ပေ။ သူသည် သူ့ကိုယ်သူ စတေးပစ်ရလျှင်တောင် သူ၏ ရန်သူများအား သတ်ဖြတ်နိုင်မည်ဆိုပါက ပျော်ရွှင်နေမည့် လူစားမျိုးဖြစ်သည်။
ထိုကဲ့သို့သော အရူးတစ်ယောက်မှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ရှေ့၌ ကျားခံတွင်းဝမှ အစာကို လုယူရန်လည်း ဝန်လေးနေမည် မဟုတ်ပေ။ ယခုတွင် သူသည် ထိုသို့လုယူရာ၌ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ လှေပေါ်၌ လိုက်ပါသွားပြီး အဝေးသို့ထွက်ခွာသွားသည့် ဝမ်ပေါင်လဲ့အား ငေးကြည့်နေရင်း သူ၏ ရူးသွပ်ဖွယ်ရာ တိုက်ပွဲမှတ်တမ်းပုံရိပ်များအား တစ်ခုပြီးတစ်ခု ပြန်လည် မြင်ယောင်လာတော့သည်။ သူသည် လုံနန်ကျစ်အား အပြစ်လုပ်မိခဲ့သည့်အတွက် နောင်တရနေရပြီ ဖြစ်သည်။
သူ ထိုကဲ့သို့ နောင်တကြီးစွာရနေစဉ် ဝိညာဉ်လှေကြီးမှာ တဖြည်းဖြည်းနှင့် မှုန်ဝါးဝါးဖြစ်သွားပြီး နောက်ဆုံးတွင် သူတို့၏ မြင်ကွင်းထဲမှ လုံးဝပျောက်ကွယ်သွားတော့သည်။ ၎င်းမှာ အံ့သြမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် စကြဝဠာကြီးအား ထိုးခွင်းသွားနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုလှေကြီးပေါ်တွင်ရပ်ကာ အပြင်ဘက်သို့ ငေးကြည့်နေရင်း သူ၏ မျက်ဝန်းများထဲတွင် ကြယ်တာရာများဖြင့် ပြည့်နှက်နေသည့် စကြဝဠာကြီးမှာ မြစ်တစ်စင်းကဲ့သို့ ပြောင်းလဲသွား၏။ ထို့ကြောင့် ဤ ဝိညာဉ်လှေကြီးမှာ ကြောက်ခမန်းလိလိ မြန်ဆန်နေပြီဖြစ်ကြောင်း သူက သိလိုက်ရသည်။ တစ်ချိန်ထဲမှာပင် သူသည် စိတ်အေးသွားရသဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်၏။
လှေလှော်နေသည့် လူပုံစံစက္ကူရုပ်မှာ သူ့အား ခေါင်းညိတ်ပြခဲ့သည်ဖြစ်သလို ယခုတွင် လှေကြီးမှာလည်း စတင်ရွေ့လျားနေပြီ မဟုတ်ပါလော။ ၎င်းမှာ သူ့အား လှေပေါ်မှ နှင်ချခဲ့ခြင်း မရှိသောကြောင့် သူ၏ အစီအစဉ်မှာ အောင်မြင်သွားပြီဟု ဆိုနိုင်ပေသည်။ သူ၏ လက်ထဲမှ ကတ်ပြားမှာ ကြယ်သုသာန်ဝင်ခွင့်နေရာအား ကိုယ်စားပြုရပေမည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် စိတ်အေးလက်အေးဖြစ်သွား၏။ ထို့နောက် သူသည် သူ၏ စကြဝဠာကြီးအား ကြည့်ရှုနေရာမှ နောက်သို့ပြန်လှည့်လာပြီး သူ၏ ဘေးပတ်ပတ်လည်ရှိ ပါရမီရှင် အယောက်ငါးဆယ်ဝန်းကျင်ခန့်အား အကဲခတ်လိုက်သည်။
ထို အယောက်ငါးဆယ်ထဲတွင် အမျိုးသားများသာမက အမျိုးသမီးများပါ ပါပေသည်။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာထိုင်နေကြ၏။ သို့ဖြစ်ရာ သူတို့မှာ ကိုယ်ပိုင်ရာထူးအဆင့်အတန်း အသီးသီးအား ပိုင်ဆိုင်ထားကြပြီး အခြားသူများနှင့် အရောတဝင် မလုပ်လိုကြောင်း သိနိုင်ပေသည်။ သူတို့ထဲတွင် ဝမ်ပေါင်လဲ့နှင့် ငြင်းခုံခဲ့ဖူးသဖြင့် သူ့အား မကျေမနပ်ဖြစ်နေသည့် မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေကြသည့် လူအချို့မှ လွဲ၍ အခြားသူများ၏ မျက်နှာအမူအရာများမှာ အမျိုးမျိုးဖြစ်နေကြသည်။
အချို့မှာ အံ့အားသင့်ကာ အချို့မှာ အထူးတဆန်း ဖြစ်နေကြပြီး အချို့မှာမူ သူ့အား လုံးဝ စိတ်မဝင်စားကြသည့်ပုံပင်။
" မင်္ဂလာပါ။ ငါတို့တွေ ထပ်ဆုံကြပြန်ပြီနော် " ဝမ်ပေါင်လဲ့မှာ သူသည် လှေပေါ်ရှိ လူတိုင်းနှင့် ရင်းနှီးသောဆက်ဆံရေးတစ်ခုအား တည်ဆောက်ထားသင့်ကြောင်း ခံစားလိုက်ရသဖြင့် မျက်စိပေကလပ်ပေကလပ် လုပ်ကာ လူတိုင်းအား နှုတ်ဆက်လိုက်၏။
သို့သော် သူတို့ထဲမှ အများစုမှာမူ သူ့အား လျစ်လျူရှုထားကြသည်သာ ဖြစ်သည်။ အေးတိအေးစက် အမူအရာဖြင့် နှာမှုတ်လိုက်ကြသည့် လူအချို့ပင် ရှိနေသေးသည်။ သူတို့မှာ သူ၏ အစွမ်းအစများကို အသိအမှတ်ပြုကြပါသော်လည်း သူ လှေပေါ်သို့ တက်လာသည့် နည်းလမ်းမှာ စည်းမျဉ်းအချို့အား ချိုးဖောက်နေသကဲ့သို့ ဖြစ်နေသောကြောင့် စိတ်ထဲတွင် ကျေနပ်မှုမရှိကြပေ။
" ကျေးဇူးမသိတတ်တဲ့ ကောင်တွေ။ အရင်တုန်းက ငါ သူတို့အတွက် လှေလှော်ပေးခဲ့ရတာလေ " ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်ကာ တွေးလိုက်၏ " မင်းတို့က ငါ့ကို လျစ်လျူရှုထားမှတော့ ငါကလည်း မင်းတို့ကို ပြန်ပြီးတော့ လျစ်လျူရှုထားရတာပေါ့ "
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် အလုပ်ရှုပ်ခံ၍ သူတို့၏ ခင်မင်ရင်းနှီးမှုများကို ရယူနေမည် မဟုတ်ဟု ဆုံးဖြတ်လိုက်၏။ သူတို့အားလုံးမှာ အလွန်အင်မတန်မှ မာနကြီးကြသည့်လူများဖြစ်ကြောင်း အထင်အရှားသိမြင်နိုင်ပေသည်။ သို့သော် သူသည် သူတို့မှာ ထိုကဲ့သို့ မာနကြီးပိုင်ခွင့် ရှိကြောင်း ဝန်ခံရပေမည်။
ထို ပါရမီရှင်များထဲတွင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ပါရမီရှင်ထက် အဆင့်နိမ့်ကျသည့် လူ တစ်ယောက်မှမပါပေ။ သူ့ထက်ပို၍ အစွမ်းထက်သည့် လူအချို့ပင် ရှိနေသေးသည်။ သူတိုအားလုံးမှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြပါသော်လည်း သူတို့၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်များမှာ တစ်ယောက်နှင့်တစ်ယောက် မတူကြသောကြောင့် အဆင့်အတန်းများ ကွဲပြားခြားနားနေကြ၏။
သူတို့ထဲမှ တစ်ယောက်မှာဆိုလျှင် ဝမ်ပေါင်လဲ့၏ အာရုံအား ဖမ်းစားနိုင်ခဲ့၏။ ထို ပါရမီရှင်မှာ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမသည် မျက်နှာဖုံးတစ်ခု တပ်ထားသောကြောင့် သူသည် သူမ၏ မျက်နှာအား ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။ ထို မျက်နှာဖုံးပေါ်၌ ထွင်းထားသည့် မျက်နှာမှာမူ အလွန်အင်မတန်မှ ချောမောလှပကာ အေးစက်မှုအပြည့်ရှိနေ၏။
ဝမ်ပေါင်လဲ့မှာ သူမအား တစ်ခဏမျှသာ ဖျတ်ခနဲ ကြည့်မိလိုက်ပါသော်လည်း ထိုအမျိုးသမီးမှာ တစ်စုံတစ်ခုအား သတိထားမိသွားသည့် ပုံဖြင့် ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် ခံစားချက် တစ်စုံတစ်ရာပင် မပါပေ။ သို့ဖြစ်ရာ သူမသည် လူသေတစ်ယောက်အား စိုက်ကြည့်နေသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာမူ အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ သူမအား ပြုံးပြလိုက်၏။
ထိုအခါ သူမသည် မျက်ဝန်းများ ဖျတ်ခနဲ အရောင်လက်သွားပြီး ဝမ်ပေါင်လဲ့အား လျစ်လျူရှုထားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးတစ်ဖက် ပင့်မိသွားပြီး စိတ်ထဲ၌ တွေးမိလိုက်၏။
" ပြည်ထောင်စုကြီးထဲမှာ ရုပ်အချောဆုံးဖြစ်တဲ့ ငါ့လိုလူက သူ့ကို ပြုံးပြခဲ့တာတောင် သူက ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့။ ဟွန်း "
" ထားလိုက်ပါလေ။ ရုပ်လှအောင် မျက်နှာဖုံးတပ်ထားရတဲ့ လူတွေက တကယ့်လက်တွေ့မှာ ရုပ်ဆိုးကြီးတွေပဲ ဖြစ်နေမှာပါ "
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် နေရာလွတ်တစ်ခုကို ရှာဖွေကာ အောက်သို့ ထိုင်ချလိုက်ပြီး ဤခရီးစဉ်ထဲမှ ရရှိနိုင်မည့် အကျိုးအမြတ်များကို စဉ်းစားတွေးတောနေလိုက်တော့သည်။ ထို့အပြင် သူသည် ကြယ်သုဿာန်ထဲသို့ ရောက်ရှိသွားချိန်တွင် သူ၏ သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ်နှင့် သူ၏ကြားရှိ ခင်မီရင်းနှီးမှုကို အသုံးချကာ အခွင့်အလမ်းများ ဖန်တီးနိုင်ရန် တွေးနေ၏။
" ငါ ဂြိုဟ်အဆင့်ကို တက်လှမ်းနိုင်ရမယ် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းလာပြီး သန္နိဋ္ဌာန်ချလိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ ဝိညာဉ်လှေကြီးမှာမူ ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်ရွေ့လျားသွားနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ နောက်ဆုံးခရီးသည် ဖြစ်သည့်ပုံပင်။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် တစ်ချိန်လုံး တရားထိုင်နေခဲ့ရသည်ဖြစ်ရာ နောက်ဆုံးတွင် ဂနာမငြိမ် ဖြစ်လာရတော့သည်။
အရားအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်လွန်းနေသည် မဟုတ်ပါလော။ လှေပေါ်တွင် ရှိနေသည့် လူတိုင်းမှာ စကားတစ်ခွန်းမှ မပြောကြသလို တုန်တုတ်မျှပင် မလှုပ်ကြပေ။ သူတို့အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်နေကြပြီး ခရီးစဉ်ပြီးဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
ဝမ်ပေါင်လဲ့မှာ ရက်အနည်းငယ်ခန့် သည်းခံနိုင်ခဲ့ပါသော်လည်း ဆယ်ရက်ကျော် ကုန်ဆုံးသွားပြီးနောက် အလွန်အင်မတန်မှ ပျင်းရိလာတော့သည်။ ထို့ကြောင့် သူသည် မတ်တတ်ထလာပြီး လှေဦးပိုင်းဆီသို့ သွားလိုက်၏။ လူအချို့မှာ သူ၏ အပြုမူများကို သတိထားမိလိုက်သည်။
" လူကြီးမင်း။ လှေလှော်ရတာ မောနေလောက်ရောပေါ့။ ကျွန်တော် ကူလှော်ပေးပါရစေ။ လူကြီးမင်း မှတ်မိတယ်မလား။ ကျွန်တော်က လှေလှော်ရတာ သိပ်ကြိုက်တာလေ "
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် သူ့အား သတိထားမိသွားသည့် လူများမှာ ပိုများလာ၏။ သူလှေလှော်ခဲ့သည့် မြင်ကွင်းအား မြင်ဖူးခဲ့သည့် ပါရမီရှင်များမှာဆိုလျှင် မျက်စိမျက်နှာ ပျက်သွားကြသည်။ ထိုမြင်ကွင်းအား မမြင်ဖူးခဲ့သည့် လူများမှာမူ ဆွံ့အမှင်တက်သွားကြ၏။
ဝမ်ပေါင်လဲ့မှာ သူတို့အားလုံး၏ ရှေ့၌ မလှုပ်မယှက်ရပ်ကာ အချိန်အကြာကြီး စောင့်ဆိုင်းနေလိုက်၏။ သို့သော် လူပုံစံစက္ကူရုပ်မှာ သူ့အား လျစ်လျူရှုထားသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ရသည်။ လူတိုင်း၏ ရှေ့တွင် ထိုကဲ့သို့ ပြုမူနေရသည်မှာ အနည်းငယ်ခန့် ရှက်စရာကောင်းပါသော်လည်း သူသည် အရေထူသည့် လူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ချောင်းဟန့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ လူပုံစံစက္ကူရုပ်အား တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် ဆိုလိုက်တော့သည်။
" အခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း။ လူကြီးမင်းက ကျွန်တော် သိပ်မကြာခင်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာကိုသိလို့ ကျွန်တော့်ကို အပင်ပန်းမခံစေချင်မှန်း ကျွန်တော် သိပါတယ်။ ကျေးဇူးတင်ပါတယ် လူကြီးမင်း " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့ ပြန်လှည့်သွားပြီး သူ တရားထိုင်နေခဲ့သည့် နေရာဆီသို့ ပြန်သွားလိုက်၏။ ထို့နောက် အခြားသူများ သူ့အား အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေစဉ်မှာပင် သူသည် ခါးမတ်မတ်ထိုင်ကာ တရားပြန်ထိုင်နေလိုက်တော့သည်။
သူသည် သူ၏ ဘေးပတ်ပတ်လည်ရှိ လူများ၏ အကြည့်များကို ဂရုစိုက်နေခြင်းမရှိပေ။ သို့သော် သူသည် ထိုနေရာတွင် တစ်ခဏမျှသာ ထိုင်ရသေးပါသော်လည်း ခဏအကြာတွင် မနေနိုင်တော့သဖြင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုမိလိုက်ဆဲပင်။
" ဒီတစ်ခေါက် ကြယ်သုဿာန်ထဲ ဝင်ခွင့်ရတဲ့ လူအရေအတွက်က ဒီလောက်ပဲ ရှိတာလားဟ " သူသည် လူတိုင်းအား တိတ်တဆိတ် အကဲခတ်ကြည့်ရှုထားခဲ့ပြီးသား ဖြစ်သလို စိတ်ထဲတွင် နှိုင်းယှဥ်မှုများ ပြုလုပ်ထားပြီးသားလည်း ဖြစ်သည်။ မျက်နှာဖုံးနှင့် အမျိုးသမီးအပြင် သက်တူရွယ်တူများထက် အများကြီးပို၍ အစွမ်းထက်နေကြသည့် လူအချို့လည်း ရှိနေသေးသည်။ သို့သော် သူသည် သူ့တို့အား အခက်အခဲမရှိ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။
သူသည် လှေပေါ်မှ ပါရမီရှင်များကိုသာမက လှေကြီး၏ အပြင်အဆင်နှင့် တည်ဆောက်ပုံများကိုလည်း ကြိမ်ဖန်များစွာ အကဲခတ်ကြည့်ရှုထားပြီးသား ဖြစ်သည်။ သူ၏ အာရုံအား အဖမ်းစားနိုင်ဆုံး အရာမှာ... လှေပဲ့ပိုင်းရှိ ပလ္လင်ကြီး ဖြစ်ပေသည်။
ထို ပလ္လင်ကြီးမှာ သစ်သားဖြင့်ပြုလုပ်ထားသည့်ပုံ ပေါ်ပြီး ၎င်း၏ ပုံပန်းသွင်ပြင်မှာ ထူးခြားနေခြင်း မရှိပေ။ ၎င်းပေါ်တွင် ထာဝရစဉ် လောင်ကျွမ်းနေမည့်ပုံ ပေါက်နေသော အမွှေးတိုင်တစ်တိုင်နှင့် အနီရောင်သစ်သီးများ တင်ထားသည့် ပန်းကန်ပြားတစ်ချပ်လည်း ရှိနေသေးသည်။ ထို ပန်းကန်ပြားပေါ်တွင် စုစုပေါင်း သစ်သီးခုနစ်လုံးခန့် ရှိနေ၏။
ဝမ်ပေါင်လဲ့မှာ လတ်လျားလတ်လျား ဖြစ်နေသလို လှေလှော်ခွင့်လည်း ရတော့မည်မဟုတ်ကြောင်း သိထားသည်ဖြစ်ရာ သူ၏ အာရုံများမှာ ထို သစ်သီးများပေါ်သို့ အလိုလို ရောက်ရှိသွားတော့သည်။
" ဒီ သစ်သီးတွေကို စားလို့ရလားမသိဘူး... အရသာရှိမယ့်ပုံပဲ " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ်နှင့် ထိုသစ်သီးများကို စိုက်ကြည့်ရင်း မသိစိတ်မှနေ၍ သူ၏ ဗိုက်အား လက်ဖြင့် ပွတ်နေမိတော့သည်။