← Chapters

ကျုပ် ဆုတောင်းတယ်

Vol. 67 Ch. 920

ကျုပ် ဆုတောင်းတယ်

Vol. 67 Ch. 920

ဝမ်ပေါင်လဲ့မှာ သူသည် လောဘကြီးနေခြင်းမဟုတ်ဘဲ ထို အနီရောင်သစ်သီးများမှာ စားချင်စရာ ကောင်းလွန်းနေသောကြောင့်သာ ယခုလို ခံစားနေရခြင်းဖြစ်သည်ဟု မှတ်ယူလိုက်၏။

" အဲလိုပဲဖြစ်မှာပါ။ အဲလိုမှ မဟုတ်ရင် ငါ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ထဲမှာ အတွင်းကလီစာတွေမှ မရှိဘဲ။ ဘယ်လိုလုပ်ပြီးတော့ အစာစားချင်စိတ် ပေါ်လာရမှာလဲ " ဝမ်ပေါင်လဲ့မှာ သူ၏ ဗိုက်အား လက်ဖြင့်ပွတ်ကာ အနီရောင်သစ်သီးများအား စိုက်ကြည့်ရင်း ၎င်းတို့အား ရွံရှာမုန်းတီးလာသလို ခံစားလိုက်ရတော့သည်။

သို့ဖြစ်ရာ သူသည် ထိုသစ်သီးများအား စားသုံးကာ အပြစ်ပေးမှရပေမည်။ ထိုသို့ စားသုံးခြင်းမှာ ထိုသစ်သီးများအတွက် အကြီးမားဆုံးသော အပြစ်ဒဏ်ကြီး ဖြစ်ပေသည်။ သူသည် ထိုသို့တွေးရင်း စိတ်ဓာတ်များတက်ကြွလာရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုသစ်သီးများသည် ပလ္လင်ပေါ်၌ တစ်ချိန်လုံး ရှိနေခဲ့သည်ဖြစ်ကြောင်း သိရှိထားပြီးဖြစ်၏။ ထို့အပြင် ရက်ပေါင်းများစွာ ကုန်ဆုံးပြီးသွားသည့်တိုင်အောင် မည်သူကမှ ၎င်းတို့အား ယူခဲ့ခြင်း မရှိပေ။

သို့ဖြစ်ရာ လှေပေါ်မှ ပါရမီရှင်များမှာ ထိုသစ်သီးများအား ယူခွင့်မရှိခြင်း ဖြစ်ရမည်ဟု သူက ကောက်ချက်ချလိုက်၏။ တားမြစ်ချက်တစ်ခု ရှိနေခြင်း သို့မဟုတ် လှေလှော်နေသည့် လူပုံစက္ကူရုပ်ကြီးက ခွင့်မပြုခြင်း ဖြစ်ရပေမည်။

" တားမြစ်ချက်တစ်ခုခု ရှိနေရင်တော့ ထားလိုက်ပါတော့။ ငါ မချိုးဖောက်တော့ပါဘူး။ ဒါပေမဲ့ လူပုံစက္ကူရုပ်ကြီးက ခွင့်မပြုတာဆိုရင်တော့... " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ သူသည် လှေလှော်နေသည့် လူပုံစက္ကူရုပ်ကြီးနှင့် ခင်မင်ရင်နှီးသော ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ခံစားနေရသည်။ သူ၏ သိုလှောင်လက်စွပ်ထဲမှ လူပုံစက္ကူရုပ်မှာ ၎င်းနှင့် တစ်နည်းနည်းဖြင့် ပတ်သတ်နေခြင်း ဖြစ်ရပေမည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ယုံကြည်မှုများပြင်းထန်လာ၏။ သူသည် လှေလှော်ခွင့် မရလျှင်တောင် သစ်သီးများအား စားသုံးခွင့်ရှိမည်ဆိုပါက မဆိုးကြောင်း မှတ်ယူလိုက်သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ တရားထိုင်နေရာမှ မတ်တတ်ထလာ၏။ သူ မတ်တတ်ထလာသည်နှင့် ဘေးပတ်ပတ်လည်မှ ပါရမီရှင်အချို့မှာ သူ့အား ချက်ချင်းသတိထားမိသွားကြသည်။

သူတို့ထဲတွင် ဝမ်ပေါင်လဲ့မှာ အမှန်တကယ်ပင် တမူထူးခြားသည့် လူတစ်ယောက် ဖြစ်ပေသည်။ သူသည် ပထမဆုံးအကြိမ်တုန်းက လှေပေါ်သို့ တက်လာခဲ့ပြီးနောက် လှေလှော်နိုင်ခဲ့သည့်အပြင် ယခုတွင်လည်း လူတိုင်း၏ ရှေ့တွင် ဝင်ခွင့်နေရာတစ်နေရာအား လုယူခဲ့သည် မဟုတ်ပါလော။ ထို အခြင်းအရာများကို ကြည့်လျှင် သူသည် သာမန်လူများနှင့် မတူကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် အစတုန်းက သူ့အား စိတ်မဝင်စားခဲ့သည့် လူများပင်လျှင် ယခုတွင် သတိကြီးကြီးထားကာ သူ့အား စောင့်ကြည့်နေကြပြီ ဖြစ်သည်။

သူနှင့် ကတောက်ကဆဖြစ်ခဲ့ဖူးသည့် လီလင်းကျစ်၊ ဝမ်ယိရှန်နှင့် အခြားသူများမှာဆိုလျှင် ပိုဆိုးပေသည်။ သူတို့မှာ အပေါ်ယံတွင် ဝမ်ပေါင်လဲ့အား အထင်မြင်သေးကာ ရွံရှာစက်ဆုပ်သည့်ပုံ ပေါက်နေကြသည့်တိုင်အောင် စိတ်ထဲတွင်မူ သတိကြီးကြီးထားနေရ၏။ ယခုတွင် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ မတ်တပ်ထလာသည်ဖြစ်ရာ သူတို့မှာ သူ့အား လှမ်းကြည့်လိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာမူ သူတို့၏ရှေ့တွင် မတ်တပ်ထလာပြီး လှေပဲ့ပိုင်းရှိ ပလ္လင်ကြီးဆီသို့ ဦးတည်သွားလိုက်၏။ ထိုအခါ သူတို့မှာ ဝမ်ပေါင်လဲ့ တွေးနေသည့်အရာများကို ချက်ချင်း ရိပ်မိသွားကြသည်။

" သူက အဲဒီ သစ်သီးတွေကို စားဖို့ပြင်နေတာလား "

သူတို့မှာ ထိုသို့ ရိပ်မိသွားကြပါသော်လည်း အမူအရာများ ပြောင်းလဲသွားကြခြင်းမရှိဘဲ ဆက်လက်စောင့်ကြည့်နေလိုက်၏။ ဝမ်ပေါင်လဲ့၏ စွမ်းဆောင်မှုများမှာ တမူထူးခြားလွန်းနေသည် မဟုတ်ပါလော။ ကြယ်သုဿာန် သံတမန်ကြီး သူ့အပေါ် သဘောထားဆက်ဆံသည့် ပုံစံမှာ အခြားသူများနှင့် မတူပေ။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့သည် ထိုသစ်သီးများအား လုံးဝစားနိုင်လိမ့်မည်မဟုတ်ဟု တစ်ရာရာခိုင်နှုန်းနီးပါး ယုံကြည်ထားသည့်တိုင်အောင် တရားသေ မှတ်ထား၍ မဖြစ်ပေ။

ဝမ်ပေါင်လဲ့မှာမူ သူတို့၏ အကြည့်များကို လျစ်လျူရှုကာ လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် လှေပဲ့ပိုင်းဆီသို့ ဦးတည်သွားလိုက်၏။ ထို့နောက် သူသည် ပလ္လင်ပေါ်သို့ တက်ရန် ပြင်လိုက်သည်။ သို့သော် သူ ထို ပလ္လင်အနီးသို့ ရောက်ရှိသွားစဥ်မှာပင် လှေလှော်နေသည့် လူပုံစက္ကူရုပ်ကြီးမှာ ၎င်း၏ လက်ထဲမှ စက္ကူလှော်တက်အား မြှောက်လိုက်၏။ ၎င်းမှာ မန္တန်များကိုပင် အသုံးပြုနေစရာမလိုပေ။ သူ ထိုသို့ မြှောက်လိုက်သည်နှင့် လှိုင်းတွန့်တစ်ခု ပေါ်ပေါက်လာပြီး ထို ပလ္လင်ကြီးဆီသို့ သွားနေသည့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။

သူသည် ပလ္လင်ကြီးထဲမှ အားကောင်းသော စွမ်းအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်ပြီး သူ့ပေါ်သို့ တောင်ကြီးတစ်လုံး ပြိုကျလာသည့်အလား ခံစားလိုက်ရသည်။ သူသည် ၎င်းအား ရှောင်တိမ်းနိုင်စွမ်းမရှိသဖြင့် ချက်ချင်းဆိုသလိုပင် ထို စွမ်းအားများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။ ထိုအခါ သူသည် နောက်သို့ အားပါပါ တွန်းထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသဖြင့် ဒယိမ်းဒယိုင်ဖြစ်ကာ လဲကျသွားရသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း မတည်မငြိမ် ဖြစ်နေပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေခဲ့သကဲ့သို့ ခံစားနေရတော့သည်။

ဘေးနားတစ်ဝိုက်မှ လူများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လှောင်ပြုံးပြုံးလိုက်ကြပြီး ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြ၏။ သူတို့မှာ ကြယ်သုဿာန်သံတမန်ကြီး ဝမ်ပေါင်လဲ့အား ဆက်ဆံသည့်ပုံစံကြောင့် မနာလိုဖြစ်နေခဲ့ကြရသည် မဟုတ်ပါလော။ ယခုတွင် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ သူတို့အတိုင်း ပြန်ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် ပျော်ရွှင်ကျေနပ်သွားကြ၏။

" ရှဲ့တလုဆိုတဲ့ကောင်က ဦးနှောက်တစ်ခြမ်း လွတ်နေတာပဲ ဖြစ်မှာ။ ဒီ သစ်သီးတွေက အစကတည်းက လှေပေါ်မှာ ရှိနေခဲ့တာလေ။ ငါတို့တွေ ဆန္ဒရှိတဲ့အတိုင်းသာ ယူလို့ရနေမယ်ဆိုရင် အစကတည်းက အကုန်လုံး ယူပြီးသွားလောက်ပြီ "

" သူ့ကြည့်ရတာ ကျပ်မပြည့်ဘူးထင်ပါတယ်။ ကြယ်ကြွေလှေပေါ်က သစ်သီးတွေအကြောင်း ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ဖော်ပြထားပြီးသားလေ။ သမိုင်းတစ်လျှောက်လုံးမှာ အဲဒီသစ်သီးတွေထဲက တစ်လုံးကို ယူနိုင်ခဲ့တဲ့လူ တစ်ယောက်ပဲ ရှိသေးတယ်။ သူက အဆုံးမဲ့မျိုးနွယ်စုရဲ့ နံပါတ်သုံး တော်ဝင်မင်းသားပဲ။ သူက တမူထူးခြားတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတာမလို့သာ အဲဒီသစ်သီးတစ်လုံးကို ယူနိုင်ခဲ့တာ "

လူတိုင်းမှာ သူတို့၏ အတွေးများကို ထုတ်ပြောခြင်း မရှိပါသော်လည်း လီလင်းကျစ်နှင့် အခြားသူများ၏ အထင်မြင်သေးသော မျက်နှာအမူအရာများမှာမူ ပို၍ သိသာထင်ရှားလာကြ၏။

အထူးသဖြင့် လီလင်းကျစ်မှာဆိုလျှင် စကားတစ်ခွန်းမှ မပြောပါက ဝမ်ပေါင်လဲ့အား လှောင်ပြောင်နိုင်မည့် အခွင့်အရေးအား လက်လွှတ်ဆုံးရှုံးလိုက်ရသလို ဖြစ်သွားမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူသည် မထီမဲ့မြင်အမူအရာနှင့် အေးစက်စွာ ရယ်မောလိုက်တော့သည်။

" လှေပေါ်မှာ ကျပ်မပြည့်တဲ့လူတစ်ယောက် ပါလာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ရှဲ့တလု။ သမိုင်းတစ်လျှောက်လုံးမှာ ကြယ်ကြွေလှေပေါ်က ဝိညာဉ်သစ်သီးကို ရယူပိုင်ဆိုင်ဖူးတဲ့လူ တစ်ယောက်ပဲ ရှိတယ်ဆိုတာ မင်း မသိဘူးလား။ ဘာလဲ။ မင်းက ဒုတိယမြောက်လူ ဖြစ်ချင်နေတာလားကွ "

ထိုအခါ ဝမ်ယိရှန်နှင့် အခြားသူများမှာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာ သူတို့၏ ရယ်မောသံများကို ကြားလိုက်ရပြီး သူတို့၏ မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါ သူ၏ ကျင့်ကြံခြင်းစွမ်းများကို ပြန်လည်တည်ငြိမ်သွားအောင် ထိန်းသိမ်းနေရာမှ အနည်းငယ်ခန့် ဒေါသထွက်သွားရသလို စိတ်အနှောင့်အယှက်လည်း ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် သူတို့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင်ကျိတ်၍ ရေရွတ်လိုက်တော့သည် " ငါ မယုံဘူးကွာ "

ထို့နောက် သူသည် နှာမှုတ်ကာ အောက်သို့ထိုင်ချလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ ဆုတောင်းပြည့်ပုလင်းအား ထုတ်ယူလိုက်တော့သည်။

သူသည် ထို ဆုတောင်းပြည့်ပုလင်း၏ ဘေးထွက်ဆိုးကျိုးများကို ဂရုစိုက်နေခြင်းမရှိတော့ပေ။ လျှပ်စီးမုန်တိုင်းကြီး ထပ်၍ ပေါ်ပေါက်လာလျှင်တောင် ဝိညာဉ်လှေကြီးမှာ ၎င်းအား ခုခံတွန်းလှန်နိုင်စွမ်း ရှိနေဦးမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုသို့တွေးလိုက်ပြီးနောက် စိတ်ထဲတွင် ဆုတောင်းလိုက်တော့သည်။

" ကျုပ် အဲဒီသစ်သီးကို လိုချင်တယ် "

ပုလင်းလေးမှာ တုံ့ပြန်ခဲ့ခြင်းမရှိပေ။

" ကျုပ် အဲဒီပလ္လင်ပေါ် တက်ချင်တယ် "

သို့သော် ပုလင်းလေးမှာမူ တုံ့ပြန်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်ပြီး ဆုတောင်းပြည့်ပုလင်းလေးအား စိတ်ပျက်သွားရတော့သည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ ဆုတောင်းရန် ပြင်လိုက်ပြန်သည်။

" လှေပေါ်က လူပုံစက္ကူရုပ်ကြီး ငါ့ကို မတားရင် သိပ်ကောင်းမှာပဲကွာ... "

ဝမ်ပေါင်လဲ့တစ်ယောက် သူ၏စိတ်ထဲ၌ ထိုစကားလုံးများကို ရေရွတ်မိလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြင်းအထန် တုန်ရီသွားရ၏။ ထို့နောက် သူသည် ဆုတောင်းပြည့်ပုလင်းလေး အပူချိန်မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် စိတ်လှုပ်တရှား ဖြစ်သွားရပြီး အသက်ရှုသံများ မြန်ဆန်လာတော့သည်။ သူသည် မကျေမနပ်နှင့် ဆုတောင်းရန် ကြိုးစားလိုက်ခြင်း ဖြစ်ပါသော်လည်း တတိယမြောက်အကြိမ်တွင် ဆုတောင်းပြည့်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ထို့ကြောင့် သူသည် မလှုပ်မယှက်နှင့် ထိုင်ကာ လှေလှော်နေသည့် လူပုံစက္ကူရုပ်အား လှမ်းကြည့်နေရင်း မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီးနောက် အံကြိတ်လိုက်၏။ ထို့နောက် သူသည် ထို ဆုတောင်းပြည့်ပုလင်းလေးအား သိမ်းဆည်းကာ လူတိုင်း၏ ရှေ့တွင် နောက်ထပ်တစ်ကြိမ်ထပ်၍ မတ်တတ်ထလာပြန်သည်။

" မင်း နောက်တစ်ခေါက် ထပ်ပြီးတော့ ကြိုးစားဦးမလို့လား။ ရှဲ့တလု။ ငါ မင်းရဲ့ သတ္တိကိုတော့လေးစားပါတယ်။ ကြိုးစားလိုက်ဦးကွာ " လီလင်းကျစ်မှာမူ ဝမ်ပေါင်လဲ့အား လှမ်းကြည့်ကာ လှောင်ပြောင်လိုက်၏။

" လီလင်းကျစ်။ မင်းရဲ့ ဖေဖေကြီးကို သေချာကြည့်ထား " ဝမ်ပေါင်လဲ့မှာ ငြိမ်ခံနေတတ်သည့် လူစားမျိုးမဟုတ်ပေ။ ထို့ကြောင့် သူသည် လီလင်းကျစ်၏ လှောင်ပြောင်ရယ်မောသံများကို ကြားလိုက်ရသောအခါ သူ့အား အေးစက်စက်မျက်ဝန်းများဖြင့် လှမ်းကြည့်ကာ ကြိမ်းဝါးလိုက်၏။

ဝမ်ပေါင်လဲ့၏ အကြည့်မှာ ရေခဲတမျှ အေးစက်နေသောကြောင့် လီလင်းကျစ်မှာ မျက်လုံးများ မှေးသွားရ၏။ သူ၏ ဘေးတွင်ရှိနေသည့် သူ၏ အပေါင်းအပါများမှာလည်း မျက်လုံးများ မှေးသွားကြပြီး ဝမ်ပေါင်လဲ့အား ရန်ပြုလိုသည့်ပုံ ပေါက်နေတော့သည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ သူတို့အား ဤ လှေကြီးပေါ်၌ တိုက်ခိုက်လိုက်မည်ဆိုပါက သူတို့မှာလည်း ငြိမ်ခံနေကြမည်မဟုတ်ကြောင်း သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာမူ လီလင်းကျစ်နှင့် အခြားသူများအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် နှာမှုတ်ကာ ပလ္လင်ကြီးဆီသို့ လျှောက်လှမ်းသွားလိုက်ပြန်သည်။ သူ၏ အမြန်နှုန်းမှာ ပထမဆုံးအကြိမ်တုန်းက အတိုင်းပင်။ ထိုသို့ဖြင့် သူသည် ပလ္လင်ကြီး၏ အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိသွားပြီး ပလ္လင်ပေါ်သို့တက်ရန် ပြင်လိုက်၏။ ပထမဆုံး အကြိမ်တုန်းက သူသည် ထိုနေရာသို့ ရောက်သွားချိန်တွင် လူပုံစံစက္ကူရုပ်ကြီး၏ တားဆီးခြင်းကို ခံခဲ့ရသည်ဖြစ်သည်။

လီလင်းကျစ်နှင့် အပေါင်းအပါများမှာမူ လှောင်ပြုံးပြုံးနေကြ၏။ အခြား ပါရမီရှင်များမှာလည်း သူ့အား တည်ကြည်စွာ စိုက်ကြည့်နေကြသည်။ သူတို့၏ အမူအရာများမှာ အနည်းနှင့်အများ အထင်မြင်သေးသည့်ပုံ ပေါက်နေကြသည်သာ ဖြစ်သည်။ သူတို့အားလုံးမှာ မည်သူကမှ ထိုသစ်သီးအား စားနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားကြသည့် ပုံပင်။

သို့သော် သူတို့အားလုံး ထိုကဲ့သို့စိုက်ကြည့်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့လှမ်းခုန်ကာ ပလ္လင်ကြီး၏ ရှေ့သို့ ရောက်ရှိသွား၏။

ယခုအကြိမ်တွင် လူပုံစံစက္ကူရုပ်ကြီးမှာ သူ့အား တားဆီးခဲ့ခြင်းမရှိပေ။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကို သတိမထားမိသည့် အမူအရာဖြင့် လှေဆက်လှော်နေဆဲပင်။

ထို့ကြောင့် လူတိုင်းမှာ မျက်လုံးများပြူးသွားကြပြီး ယောက်ယက်ခတ်သွားကြတော့သည်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးပင်လျှင် မျက်လုံးများ ပွင့်လာရ၏။ သူမသည် သူမ၏ မျက်ဝန်းများထဲမှ အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များကို ဖုံးကွယ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။

သူတို့အားလုံးမှာ ဆွံ့အမှင်တက်ကာ ကြက်သေသေနေကြရပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့ သူတို့၏ ရှေ့၌ ပလ္လင်ကြီးဆီသို့ ရောက်ရှိသွားပြီး ၎င်းပေါ်ရှိ သစ်သီးတစ်လုံးအား လှမ်းယူလိုက်သည်ကို ငေးကြည့်နေရုံမှတစ်ပါး အခြား ဘာမှ မတတ်နိုင်ခဲ့ပေ။ သူသည် ထိုသစ်သီးအား တစ်ဝက်တိတိ ကိုက်စားလိုက်၏။

ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်အားရနေပြီ ဖြစ်သည်။ သူသည် ဆုတောင်းပြည့်ပုလင်းလေးမှာ အသုံးဝင်နေဆဲဖြစ်သည်ဟု ခံစားနေရ၏။ သူသည် ဆုတောင်းပြည့်သွားခဲ့သဖြင့် လူပုံစံစက္ကူရုပ်ကြီးမှာ သူ့အား တားဆီးခဲ့ခြင်းမရှိပေ။ သူ ထိုသစ်သီးအား တစ်ကိုက်ကိုက်လိုက်သည်နှင့် သူ၏ ပါးစပ်ထဲ၌ မွှေးပျံ့သော ရနံ့တစ်ခု ပြည့်နှက်သွား၏။ ထို့နောက် သူသည် ဝတ်ရည်များ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ပျံ့နှံ့သွားသကဲ့သို့ ခံစားလိုက်ရပြီး လန်းဆန်းတက်ကြွလာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုသစ်သီးအား အကြိမ်ရေအနည်းငယ်ခန့် ထပ်ကိုက်လိုက်ပြီးနောက် ၎င်း၏ အူတိုင်ပါမကျန် မျိုချပစ်လိုက်တော့သည်။ ထို့နောက် သူသည် လေချဉ်တက်လိုက်ပြီး မျက်လုံးများကျွတ်ထွက်လာလုမတတ် ဖြစ်နေကြသည့် ပါရမီရှင်များအား ပြန်၍လှည့်ကြည့်လိုက်၏။

" အရသာလေးက မဆိုး... ဟင်... "

All Chapters