မြေကမ္ဘာဧကရာဇ်
Vol. 66 Ch. 924
အခန်း (၉၂၄) မြေကမ္ဘာဧကရာဇ်
“တိုက်ပွဲနေ့ရက်သတ်မှတ်ပြီးတဲ့နောက် လွှမ်းခြုံဧကရာဇ်နဲ့ မြေကမ္ဘာထိပ်တန်းအရှင်သခင် (၂)ယောက်လုံး အထက်ဘုံကမ္ဘာက ထွက်ခွာသွားကြတယ် ၊ ပြီးတော့ ပိုးသားဧကရာဇ်ကလည်းခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ်ကို ပြန်မသွားဘူးထင်တယ်”
လျိုရှန်းထုန်က ဆက်ပြောသည်။
“ဒါပေမဲ့ မကြာခင်ကပဲ မြေကမ္ဘာထိပ်တန်းအရှင်သခင်ကပြန်ရောက်လာတယ် ၊ သူက ဒီတိုက်ပွဲမှာ နှစ်ဘက်လုံးဘက်က သက်သေလုပ်ပေးရမှာပါ”
လျိုရှန်းထုန်၏စကားကိုကြားတော့ ရန်ကျောက်ကဲချက်ချင်းစိတ်သက်သာရာရသွားသည်။
ကြည့်ရသည်မှာ အထက်ဘုံကမ္ဘာအပြင်ဘက်တွင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကို အာရုံစိုက်စေသည့် ကြီးမားသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဟန် ရှိသည်။
အမတခုံရုံးနှင့် ဗုဒ္ဓဘာသာ၏တည်ရှိမှုကို သိရှိထားပြီးဖြစ်သော ရန်ကျောက်ကဲအနေဖြင့် ထိုကိစ္စရပ်က ယင်းတို့နှင့် ဆက်စပ်နေနိုင်သည်ဟု ယုံကြည်ခဲ့သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း အမတခုံရုံးနှင့် ဗုဒ္ဓဘာသာ တည်ရှိမှုတို့ကို သိရှိပေလိမ့်မည်။
အရင်တုန်းက သူက မီးလျှံထက်ယံအရှင်သခင်နှင့်အတူ အထက်ဘုံကမ္ဘာတွင် အတူရှိခဲ့ဖူးသည်။ သို့ဖြစ်ရာ သူ့ကိုလည်း အထက်ဘုံကမ္ဘာမှ စန်းချင်း (၃)ပါး အဆက်အနွယ်ကျင့်ကြံသူတစ်ယောက်အဖြစ် မှတ်ယူနိုင်သည်။
ကြည့်ရသည်မှာ ထိုကိစ္စရပ်ကြောင့်ပင် သူကလည်း ပိုးသားဧကရာဇ်နှင့်တိုက်ပွဲကို အချိန်ရွှေ့ဆိုင်းရန် သဘောတူခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
တိုက်ပွဲရက်ကိုသတ်မှတ်ပြီးနောက် ပိုးသားဧကရာဇ် ၊ လွှမ်းခြုံဧကရာဇ်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင်တို့အားလုံး ပြင်ပဗလာနယ်ထဲသို့ အမြန်ပြန်လည်ထွက်ခွာသွားကြသည်။
ပိုးသားဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့်တိုက်ပွဲကို ရက်ရွှေ့ဆိုင်းပြီးသည်နှင့် ပြဿနာဖြစ်ပွားသည့်နေရာသို့ ချက်ချင်းပြန်လည်ထွက်ခွာသွားသည်ကိုကြည့်ခြင်းအားဖြင့် ထိုနေရာမှအခြေအနေ သိသိသာသာ တင်းမာနေဟန်ပင်။
ယင်ဟွမ်ဧကရာဇ်နှင့် နွီတိဧကရာဇ်တို့ကတော့ အထက်ဘုံကမ္ဘာတည်ငြိမ်မှုရှိစေရန် ထွက်ခွာမသွားဘဲ နေရစ်ခဲ့ခြင်း ဖြစ်နိုင်၏။
ဤသို့သောအခြေအနေမျိုးတွင် ဧကရာဇ်ငါးပါးအနက်မှ နွီတိဧကရီက အထက်ဘုံကမ္ဘာတွင် နေရစ်ခဲ့သည့်အတွက် ချင်းယွမ်ဧကရာဇ်ကလည်း အထက်ဘုံကမ္ဘာတွင်မနေတော့ဘဲ ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာသွားခြင်း ဖြစ်နိုင်သည်။
သို့သော် ထိုဧကရာဇ်များက သတိတစ်ချက်လွတ်သူများမဟုတ်ကြပေ။
ယနေ့ ပိုးသားဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဖြင့် တိုက်ခိုက်မည်ဆိုလျှင် ချန်းဧကရာဇ် (ချင်းယွမ်ဧကရာဇ်) သည်လည်း အထက်ဘုံကမ္ဘာသို့ ပြန်လာမည်လား မည်သူသိနိုင်ပါမည်နည်း။
ထို့ပြင် ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အကြားတိုက်ပွဲ မည်သို့ပြီးဆုံးမည်ကို မည်သူမျှ မသိခဲ့ပေ။
ရန်ကျောက်ကဲနှင့်ဖုထင်တို့ အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်လိုက်သည်။ သူတို့ (၂)ယောက်လုံး ဤကိစ္စ၏အရေးပါမှုကို နားလည်ကြသည်။
သို့သော် လျိုရှန်းထုန်ကတော့ သူတို့နှစ်ယောက်၏အမူအရာကိုကြည့်ပြီး ထူးဆန်းသွားသည်။
ဖုထင်က လျိုရှန်းထုန်ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ဒီကိစ္စတွေကို ကျွန်မ ဒီနေ့မှာသိရတာပါ ၊ သိရပြီဆိုတော့ ဒီတိုက်ပွဲကို သွားကြည့်ရပါလိမ့်မယ် ၊ ဘယ်နေရာလဲဆိုတာ လျိုဂိုဏ်းချုပ်ကလမ်းပြပေးနိုင်မလား”
လျိုရှန်းထုန်က...
“ဟုတ်ကဲ့ပါ...”
လျိုရှန်းထုန် သူ့အတွေးများကို ချက်ချင်းရပ်တန့်လိုက်သည်။
ရန်ကျောက်ကဲနှင့် ဖုထင်တို့ကတော့ သူ့နောက်မှ လိုက်ပါသွားကြ၏။
ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားရှင်များဆိုသည်က တစ်ယောက်နှင့်တစ်ယောက် ရပ်တည်ချက်မတူဘဲ အငြင်းပွားမှုများ ရှိကြသည့်တိုင် အမှန်တကယ် တိုက်ခိုက်ခြင်းက ရှားပါးသည်။
တိုက်ခိုက်ကြမည်ဆိုလျှင်လည်း အုပ်စိုးရှင် (၃)ပါးက ဝင်ရောက်ဖျန်ဖြေကြပေမည်။
ယနေ့ တိုက်ပွဲကတော့ အုပ်စိုးရှင် (၃)ပါး ထိန်းချုပ်မရသည့်အနေအထားဖြစ်သလို အင်္ဂါဂြိုဟ်ပုဆိန်သွာလှံရှည်ကလည်း ထူးခြားဖြစ်စဉ်တစ်ခုဖြစ်လေရာ သူ၏သဘောဆန္ဒအတိုင်း တိုက်ခိုက်ခွင့်ပေးရခြင်းပင်။
ရန်ကျောက်ကဲသည်လည်း ဤတိုက်ပွဲကို အတော်လေး စိတ်ဝင်စားနေသည်။
သို့တိုင် ဧကရာဇ်မင်းများကြားတိုက်ပွဲဆိုသည်က သူ့အတွက် အနားကပ်နိုင်သည့်အရာ မဟုတ်ပေ။
ယနေ့တိုက်ပွဲကိုကြည့်ရှုရန် လူပေါင်းများစွာ ဤနေရာသို့ရောက်ရှိလာကြသော်လည်း ဤရှားပါးတိုက်ပွဲကို လက်တွေ့တွင် မျက်ဝါးထင်ထင်ကြည့်ရှုရန်မှာ ရောက်လာသူများအားလုံးအတွက် လက်တွေ့တွင် မနီးစပ်နိုင်ကြပေ။
ကျင့်ကြံခြင်းအဆင့်နည်းပါးသူများအနေဖြင့် သတိလက်လွတ်ဖြစ်ပြီး တိုက်ပွဲနောက်ဆက်တွဲ စွမ်းအားလှိုင်းလုံးများဒဏ်ကို ခံစားရပါက သေလို့သေမှန်းပင်သိရှိမည် မဟုတ်ပေ။
လျိုရှန်းထုန်က သက်ပြင်းချရင်း...
“တို့တွေတိုက်ပွဲနားကိုမချဉ်းကပ်နိုင်ပေမယ့် ချီစွမ်းအားအပြောင်းအလဲတွေကို အာရုံခံစားရုံနဲ့ တုနှိုင်းမရအောင် အကျိုးကျေးဇူးတွေရှိမှာပါ”
သူကဆက်ပြောသည်။
“ပိုးသားဧကရာဇ်နဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က တိုက်ပွဲမစခင် လူစုလူဝေးကို ရှင်းမပစ်ဖို့ပဲ မျှော်လင့်ပါတယ်”
အချို့သော တန်ခိုးစွမ်းအားရှင်များက တိုက်ပွဲတိုက်ခိုက်သည့်အခါ လူစုလူဝေးရှိနေသည်ကို သဘောမကျဘဲ ရှင်းလင်းပစ်တတ်ကြပြီး အချို့ကတော့ လူစုလူဝေးရှိနေလျှင်လည်း စိတ်ဝင်စားခြင်း မရှိကြပေ။
ဤသည်က သက်ဆိုင်သူများ၏ဆန္ဒအပေါ်တွင်သာ မူတည်သည်။
ဖုထင်က မည်သည့်စကားမှမဆိုဘဲ တိုက်ပွဲနေရာဆီသို့ လျိုရှန်းထုန်နောက်မှ တိတ်ဆိတ်စွာလိုက်ပါသွားသည်။
မည်မျှကြာအောင် သူတို့ထွက်ခွာလာသည်မသိ တစ်နေရာအရောက်တွင် ရန်ကျောက်ကဲစိတ်ထဲ တစ်စုံတစ်ခုကိုခံစားလိုက်ရသည်။ လှမ်းကြည့်လိုက်တော့ ဗလာနယ်အာကာသ အမှောင်ထုအလယ်တွင် အလင်းရောင်အစုအဝေးတစ်ခုကို တွေ့မြင်လိုက်ရ၏။
ထိုအလင်းရောင်အစုအဝေးက တောက်ပခြင်းမရှိဘဲ ခပ်မှိန်မှိန် ဖြစ်ပြီး ဘဲဥပုံသဏ္ဌန်စက်ဝန်းပမာဖြစ်သည်။
ထိုအရာ၏အတွင်းပိုင်းမှ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော ကမ္ဘာလောကကြီးတစ်ခုကို ရင်ဆိုင်ရသည့်အလား စွမ်းအားရောင်ဝါတစ်ခုထွက်ပေါ်နေသည်ကို ရန်ကျောက်ကဲတို့ (၃)ယောက်လုံး ခံစားလိုက်ကြရသည်။
ရန်ကျောက်ကဲ၏မျက်ဝန်းများ တောက်ပသွားပြီး...
“အိုး... လူတစ်ယောက်ရဲ့ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို စုစည်းပြီး တကယ့်ကမ္ဘာလောကြီးတစ်ခု ဖန်ဆင်းထားတာပဲ”
ဖုထင်နှင့် လျိုရှန်းထုန်တို့ ခေါင်းညိတ်လိုက်ကြပြီး...
“ဒါက မြေကမ္ဘာထိပ်တန်အရှင်သခင်ရဲ့နည်းလမ်းပဲ”
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ၏ ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ ၊ အရှေ့မြောက်ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ စသည်ဖြင့် အရှင်သခင် (၈)ပါးက ကိုယ်နှင့်သက်ဆိုင်ရာနယ်မြေများကို စောင့်ရှောက်ထားကြသည်။
ကျန်ရှိသော ထိပ်တန်းအရှင်သခင် (၂)ပါးကတော့ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် နေထိုင်ကြ၏။
အလယ်ပိုင်းကျွင်းထျန်းကောင်းပြည်ပြည်နယ်က ခွန်လွန်တောင်တည်ရှိရာနေရာဖြစ်ပြီး အုပ်စိုးရှင် (၃)ပါးနှင့် ဧကရာဇ် (၅)ပါးတို့၏ တာအိုနန်းတော်များသည်လည်း ထိုနေရာတွင် ရှိနေကြသည်။
ထိုနေရာတွင်နေထိုင်သော ထိပ်တန်းအရှင်သခင် (၂)ယောက်က သိုင်းသူတော်စင်အထွတ်ထိပ်အဆင့် ၊ “လူသားအထွတ်ထိပ်” များဖြစ်ကြသည်။
သို့သော် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်မှာတော့ အခြားသော နယ်မြေ (၈)ခု အရှင်သခင်များလို အာဏာအပြည့်ဖြင့် အုပ်ချုပ်ခြင်း မရှိကြပေ။ အကြောင်းမှာ အုပ်စိုးရှင် (၃)ပါးနှင့် ဧကရာဇ် (၅)ပါးက ရှိနေသည် မဟုတ်ပါလား။
သို့တိုင် အုပ်စိုးရှင် (၃)ပါးနှင့် ဧကရာဇ် (၅)ပါးတို့က အထက်ဘုံကမ္ဘာနှင့်အဝေးတွင်နေထိုင်လေ့ရှိကြသည်။ မဟုတ်ပါကလည်း အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေတတ်ကြ၏။
ထို့ကြောင့် နတ်ဘုရားအဆင့်ရှိသော အုပ်စိုးရှင်များနှင့် ဧကရာဇ်များက အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်၏ ပုံမှန်ကိစ္စများတွင် ပါဝင်ပတ်သက်သည်မှာ ခပ်ရှားရှား ဖြစ်သည်။
နယ်မြေ (၈)ခုကိုအုပ်စိုးသည့် ထိပ်တန်းအရှင်သခင်များကလည်း အချိန်အားမရှိကြသည်ဖြစ်ရာ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်၏ အရေးကိစ္စအားလုံးကို ကိုင်တွယ်ဆောင်ရွက်သူမှာ မြေကမ္ဘာထိပ်တန်းအရှင်သခင် ဖြစ်လာခဲ့သည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင်က တိဟွမ်မြေကမ္ဘာဧကရာဇ်၏တပည့်ရင်းဖြစ်သဖြင့် သူ၏နာမည်က မြေကမ္ဘာထိပ်တန်းအရှင်သခင် ဖြစ်လာခြင်းလည်း ဖြစ်သည်။
ထိပ်တန်းအရှင်သခင်များကြားတွင်လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းက ခပ်ရှားရှားပင် ဖြစ်သည်။
အထက်ဘုံကမ္ဘာတွင် အထက်ရပ်နှင့်အောက်အရပ်ကိုအုပ်စိုးသော ထိပ်တန်းအရှင်သခင် (၂)ပါးက နယ်မြေ (၈)ခုကို အုပ်စိုးသည့် ထိပ်တန်းအရှင်သခင်များထက်သာလွန်သည်ဟု ရှေးယခင်ကပင် ပြောစမှတ်ရှိကြသည်။
အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် တည်ငြိမ်သော ခြေကုပ်ရယူထားသည့် တန်ခိုးစွမ်းအားရှင်များနှင့် စွမ်းအားစုများက ရိုးရှင်းသူများမဟုတ်ကြပေ။
သို့သော် သူတို့အားလုံးက မြေကမ္ဘာထိပ်တန်းအရှင်သခင်၏ အုပ်ချုပ်မှုကို လက်ခံကြရုံသာမက ခွန်လွန်တောင်မှ အုပ်စိုးရှင် (၃)ပါးနှင့် ဧကရာဇ် (၅)ပါးတို့၏ အဆက်အနွယ်သားသမီးများဖြစ်သော ဖုထင်ကဲ့သို့သောလူများသည်ပင် မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို တလေးတစား ဆက်ဆံကြသည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို ချောင်ကျယ်နှင့် လျိုကျန်းကူတို့ကဲ့သို့ နယ်မြေတစ်ခုအရှင်သခင်အဖြစ် မှတ်ယူကြသည်။
အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်၏ ထိပ်တန်းအရှင်သခင်ပင် ဖြစ်၏။
အုပ်စိုးရှင် (၃)ပါးနှင့် ဧကရာဇ် (၅)ပါး ၊ ပြီးတော့ အထက်ပိုင်းထိပ်တန်းအရှင်သခင်မှလွဲပြီး သူက အခြားသူတိုင်းကို စီမံခန့်ခွဲမှု ပြုလုပ်ရသည်။
ဖုထင်က...
“ကျွန်မ မြေကမ္ဘာဧကရာဇ်ကို သွားတွေ့ရမယ် ၊ ရှင်တို့နှစ်ယောက်ရောကျွန်မနဲ့လိုက်မှာလား”
မြေကမ္ဘာဧကရာဇ်သည် ယနေ့တိုက်ပွဲတွင် သက်သေဖြစ်ပြီး ဖုထင်က သူ့ကိုဂါရဝပြုရန်သွားရောက်သည်မှာ သဘာဝပင် ဖြစ်၏။
သို့သော် သူမက ခပ်ကြာကြာနေမည် မဟုတ်ပေ။
ပိုးသားဧကရာဇ်တိုက်ပွဲရင်ဆိုင်ရမည်ဖြစ်ရာ မြောက်ဖေးတောင်ထွတ်မှ အခြားတပည့်များလည်း သေချာပေါက်လာရေက်ကြမည်ဖြစ်သည်။
မြေကမ္ဘာဧကရာဇ်နှင့် တွေ့ဆုံပြီးလျှင်တော့ ဖုထင်က သူ့လူများနှင့်သွားရောက်ပေါင်းစုံမည် ဖြစ်သည်။
လျိုရှန်းထုန်က အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် မြောက်ဖေးတောင်ထွတ်၏ ထောက်ပံ့ကူညီမှုကို အမြဲတမ်း ရရှိခဲ့သည်။ သို့သော် မြေကမ္ဘာထိပ်တန်းအရှင်သခင်က သူ့ဘက်မှရပ်တည်ပေးလျှင် သူ့အနေဖြင့် ပိုပြီး ပျော်ရွှင်မည်မှာ သဘာဝပင်။ ထို့ကြောင့် သူကလည်း ဖုထင်နှင့်အတူ လိုက်ပါသွားရန် ရည်ရွယ်ထား၏။
ရန်ကျောက်ကဲကတော့ သူတို့နှင့်လိုက်ပါရန် မရည်ရွယ်ပေ။
အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်ဆိုသည်က အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကဲ့သို့ပင် ရွှယ်ချူးချင်ကိုဖမ်းဆီးရန် လှုပ်ရှားနေသည့် ပြည်နယ်တစ်ခု ဖြစ်သည်။
သူနှင့် ရွှယ်ချူးချင် သားအမိဖြစ်ကြောင်းကို မရိပ်မိနိုင်သည့်တိုင် ရန်ကျောက်ကဲဘက်မှ သတိထားခြင်းက မှားယွင်းမည် မဟုတ်ပေ။
တကယ်တော့ ရန်ကျောက်ကဲသိချင်မိသည်မှာ ဖုထင်နှင့် မြောက်ဖေးတောင်ထွတ်မှ အဆက်အနွယ်များသည်လည်း လျိုကျန်းကူနှင့် ချောင်ကျယ်တို့ကဲ့သို့ တစ်စုံတစ်ခုကို နားလည်သိရှိထားသည်လားဆိုသောအချက် ဖြစ်၏။
သို့သော် ဖြစ်နိုင်ခြေ မရှိခဲ့ပေ။
မြောက်ဖေးတောင်ထွတ်သည် ရွှယ်ချူးချင်ကို ဖမ်းဆီးရာတွင် တစ်ခါမှပါဝင်ခဲ့ခြင်း မရှိပေ။
ထိုသို့ဆိုလျှင် ပိုးသားဧကရာဇ်၏သဘောထားက မည်သို့ရှိမည်နည်း။
သူနှင့် ဖခင်ဖြစ်သူ ရန်တိကို အမုန်းတရားမဲ့တာအိုနန်းတော်သို့ ဖိတ်ခေါ်ပြီး ဧည့်သည်များအဖြစ် လက်ခံတွေ့ဆုံခြင်းတွင် ပိုးသားဧကရာဇ်စိတ်ထဲတွင် မည်သို့သောအတွေးများရှိပါသနည်း။
စိတ်ထဲတွင်မှန်းဆချက်များစွာရှိနေသော်လည်း ရန်ကျောက်ကဲ၏မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။
ဖုထင်ကတော့ သူ့ကိုအခက်တွေ့အောင်မလုပ်ခဲ့ပေ။
“မြောက်ဖေးတောင်ထွတ်က ဂိုဏ်းတူမောင်နှမတွေလည်း ဒီနားကိုရောက်နေကြပြီ ၊ ‘ရန်’ သခင်လေး ဆန္ဒရှိမယ်ဆိုရင် သူတို့နဲ့အရင်သွားပြီးဆုံလိုက်လို့ရပါတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“’ဖု’မိန်းကလေးကို ထပ်ပြီးဒုက္ခပေးရပြန်ပါပြီ”
ဖုထင်နှင့် လျိုရှန်းထုန်တို့ အလင်းရောင်အစုအဝေးဆီသို့ထွက်ခွာလာချိန် ရန်ကျောက်ကဲကတော့ အခြားတစ်ဖက်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။
မြောက်ဖေးတောင်ထွတ်မှတန်ခိုးစွမ်းအားရှင်များကလည်း မြေကမ္ဘာထိပ်တန်းအရှင်သခင်ကဲ့သို့ပင် ပြင်ပဗလာနယ်အာကာသထဲတွင် အစီအရင်တစ်ခုတည်ဆောက်ထားကြောင်း တွေ့ရသည်။
ဖုထင်က သူ့ကို ကျောက်စိမ်းအင်းသင်္ကေတတစ်ခုပေးခဲ့ပြီး ထိုကျောက်စိမ်းအင်းသင်္ကေတက အနီရောင်ကြာပန်းပွင့်ပမာ မီးတောက်များဖြင့် အနီးပတ်ဝန်းကျင်ကကိုလမ်းပြပေးရန် ကူညီပေးသည်။
ခဏမျှလမ်းလျှောက်လာပြီးနောက် ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားသည်။
အဝေးတစ်နေရာတွင် အမှောင်ထုအလယ်တွင် တိတ်ဆတ်စွာပွင့်လန်းနေသည့် အလွန်တရာကြီးမားသည့် ကြာပန်းနီကြီးတစ်ပွင့်ကို တွေ့မြင်လိုက်ရသည် မဟုတ်ပါလား။
ရိုးရှင်းသောအရောင်မဲ့ တိမ်တိုက်ချီက ကြာပန်းနီတစ်ခုလုံး၏ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားလေသည်။