ဖန်းယွင်ရှန်း၏မိတ်ဆွေ
Vol. 66 Ch. 925
အခန်း (၉၂၅) ဖန်းယွင်ရှန်း၏မိတ်ဆွေ
အဝေးမှလှမ်းကြည့်လျှင်ပင် ထိုအနီရောင်ကြာပန်းက အလွန်တရာကြီးမားပြီး ပတ်ဝန်းကျင်နေရာအများစုကို သိမ်းပိုက်ထားကြောင်း တွေ့ရသည်။
အရင်က ဖုထင်ပြောကြားချက်အရ ထိုအနီရောင်ကြာပန်းက မြောက်ဖေးတောင်ထွတ်မှ ‘လေဟုန်စီးကောင်းကင်ရွက်လှေ’ ဖြစ်သည်။
ပိုးသားဧကရာဇ်က မရေမတွက်နိုင်သော ခြောက်သွေ့ကြာပန်းနီများစွာကို သန့်စင်ပြီး လေဟုန်စီးကောင်းကင်ရွက်လှေအဖြစ်တည်ဆောက်ကာ လက်ရှိပုံသဏ္ဌန်ကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
ဖုထင် အမြဲတမ်းအသုံးပြုလေ့ရှိသည့် ရှားပါးရတနာတစ်ခုဖြစ်သော ကြာပန်းနီကပ်ဘေးသည်လည်း ထို ခြောက်သွေ့ကြာပန်းနီကိုသန့်စင်ထားခြင်းပင်ဖြစ်သည်။
ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေသည် မြောက်ဖေးတောင်ထွတ်၏ အမှတ်သင်္ကေတများထဲမှတစ်ခုဟု ယူဆနိုင်သည်။
အဆုံးမရှိသောစကြာဝဠာဗလာနယ်ထဲတွင် ထို လေဟုန်စီးကောင်းကင်ရွက်လှေ ရပ်တန့်နေသည့်အခါ သန့်စင်သော ချီစွမ်းအားမီးတောက်က အနီးပတ်ဝန်းကျင်ကိုလွှမ်းခြုံထားပြီး ကြာပန်းနီရွက်လှေကို ကာကွယ်ပေးထားသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရိုးရှင်းသောချီစွမ်းအားတိမ်တိုက်စီးကြောင်းများက လွှမ်းခြုံရစ်ပတ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ထို ကြာပန်းနီရွက်လှေထက်တွင် ‘အတိုင်းအဆမဲ့ထိုက်စုခန္ဓာ’ ကို ကျင့်ကြံထားသူတစ်ယောက်ရှိနေကြောင်း ပြသနေ၏။
ရန်ကျောက်ကဲက သူ့လက်ထဲမှ အနီရောင်ကြာပန်းမီးတောက်အင်းသင်္ကေတကိုသိမ်းဆည်းလိုက်ပြီး အဝေးဆီမှ ကြီးမားသော ကြာပန်းနီရွက်လှေကြီးထံ လမ်းလျှောက်သွားလိုက်သည်။
လက်ရှိတွင် ဧကရာဇ် (၂)ပါးကြားမှ တိုက်ပွဲကနီးကပ်နေပေပြီ။
အထက်ဘုံကမ္ဘာမှရောက်ရှိလာကြသောသိုင်းသမားအနည်းငယ်က တိုက်ပွဲကိုကြည့်ရှုရန် အနီးပတ်ဝန်းကျင်တွင် စုရုံးလျှက် ရှိကြသည်။
ကြည့်ရသည်မှာ ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဤနေရာမှလူစုလူဝေးကိုရှင်းလင်းရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကိုအကဲခတ်ရင်း လမ်းလျှောက်လာသည်။ သူ့အနေဖြင့် ရောက်ရှိနေကြသူများ၏ နောက်ခံကိုခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် တစ်စုံတစ်ယောက်က သူ့ကိုစူးစိုက်ကြည့်ကြောင်း ချက်ချင်းအာရုံခံလိုက်မိသည်။
အကြည့်လာရာသို့လှမ်းကြည့်လိုက်သော လှပဝိုင်းစက်သောမျက်ဝန်းများဖြင့် သူ့ကိုအကဲခတ်နေသည့် အဝါရောင်ဝတ် မိန်းမပျိုလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
ရန်ကျောက်ကဲက လှမ်းကြည့်လိုက်တော့ မိန်းကလေးက အနည်းငယ်ထူးဆန်းသွားသည့်တိုင် အကြည့်ကိုမလွှဲဖယ်ဘဲ သူ့ကိုဆက်ကြည့်နေဆဲပင်။
ထိုအဝါရောင်ဝတ်မိန်းကလေး၏နံဘေးတွင် လူအနည်းငယ်မတ်တတ်ရပ်နေကြပြီး သူမ၏အဆက်အနွယ်မှ အကြီးအကဲများ ဖြစ်နိုင်ခြေရှိသည်။
ထိုသူများအားလုံးက တန်ခိုးစွမ်းအားမြင့်မားသူများဖြစ်ကြပြီး ပြင်းထန်သည့်စွမ်းအားရောင်ဝါများကို ထုတ်ဖော်ထားကြသည်။
သူတို့ကိုကြည့်ရသည်မှာ သာမန်လူများ မဖြစ်နိုင်ပေ။
သူတို့ထဲမှတစ်ယောက်က သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး သာမန်အသွင်သဏ္ဍန်သာရှိသော်လည်း လျစ်လျူမရှုနိုင်သည့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
တစ်ချက်ကြည့်ရုံမျှဖြင်ပင် စောစောကတွေ့ခဲ့ရသည့် ကျောက်စိမ်းတောင်တန်းဂိုဏ်းချုပ် လျိုရှန်းထုန်ထက်ပင် ထိုသူက ပိုမိုတန်ခိုးစွမ်းအားမြင့်မားကြောင်း ရန်ကျောက်ကဲ သိရှိလိုက်၏။
လျိုရှန်းထုန်ထက် အနည်းငယ်မျှ ပိုမိုသာလွန်ခြင်းမဟုတ်ပေ။ အတော်လေး တန်ခိုးစွမ်းအားသာလွန်ခြင်းဖြစ်သည်။
ထိုလူရွယ်က ရန်ကျောက်ကဲကိုတောင်းပန်ဟန်ဖြင့်ပြုံးပြပြီးနောက် သူ့နံဘေးမှ အဝါရောင်ဝတ်မိန်းကလေးကို လှမ်းကြည့်ရင်း...
“မရိုင်းရဘူးလေ ယွိလော်”
အဝါရောင်ဝတ် မိန်းကလေးက...
“သူက ဝါဒတောင်ကလူမဟုတ်လား...”
ထိုသို့ရေရွတ်ရင်း သူမ၏အကြည့်များကို ရုတ်သိမ်းခြင်း မရှိပေ။
လူရွယ်က သူမကို ညင်သာစွာဆုံးမလိုက်သည်။
“ဒါပေမဲ့ မင်း သူ့ကိုဒီလိုမျိုး မရိုးမသားစိုက်ကြည့်နေလို့မရဘူးလေ”
အဝါရောင်ဝတ် မိန်းကလေးက နှုတ်ခမ်းတစ်ချက်စူရင်း...
“ဒါပေမဲ့ ကျွန်မက မမဖန်းယွင်ရှန်းအကြောင်းမေးကြည့်ချင်လို့ပါ”
လူရွယ်က ကူရာကယ်ရာမဲ့စွာဖြင့်...
“ဒီအတိုင်း တည့်ထိုးကြီးသွားမေးလို့ ဘယ်မဖြစ်မှာလဲ”
စိတ်ထဲတွင်တစ်ချက်လှုပ်ရှားသွားသဖြင့် ရန်ကျောက်ကဲက သူတို့ကိုကြည့်ကာ ပြုံးလိုက်ရင်း...
“ဘာကိစ္စများရှိလို့ပါလဲ ၊ တစ်ခုခုအမှားအယွင်းရှိရင် ခွင့်လွှတ်စေချင်ပါတယ် ၊ ဒါပေမဲ့ ငါတို့တွေ တစ်ခါမှမဆုံဖူးကြပါဘူးနော်”
ထိုအခါ လူရွယ်က ရန်ကျောက်ကဲကိုလက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“မင်းက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသ ၊ ဝါဒတောင်က နေဝန်းထက်ယံသခင်လေး ရန်ကျောက်ကဲများလား”
ထို့နောက်သူက ဆက်ပြီး မိတ်ဆက်စကားဆိုသည်။
“ငါတို့က မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ် ၊ ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော်က အဆက်အနွယ်တွေပါ”
ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်သည်။
မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ် ၊ ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော်။
ထိုနာမည်ကို ရန်ကျောက်ကဲ ရင်းနှီးပြီးသားပင်။
သူတို့က မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏အဆက်အနွယ်များဖြစ်သည်မှာ ထင်ရှားနေသည်။
“ဟုတ်ကဲ့... ရန်ကျောက်ကဲ နှုတ်ဆက်ပါတယ်”
ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ်ဂါရဝပြုနှုတ်ဆက်လိုက်ပြီး အဝါရောင်ဝတ်မိန်းကလေးကို ကြည့်ရင်း...
“မိန်းကလေးက ငါ့ကိုဘာများအကြံပေးစရာရှိလို့လဲ”
လူရွယ်က ပြုံးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်စကားဆိုလိုက်သည်။
“ငါ့နာမည်က ကျန်းမော့ပါ ၊ သူတို့တွေက ငါနဲ့တစ်ဂိုဏ်းတည်းသားချင်းတွေပါ”
သူက အဝါရောင်ဝတ်မိန်းကလေးကိုကြည့်ရင်း...
“သူက ငါ့ရဲ့တူမလေး ကွမ်းယွိလော်ပါ...”
ဤနေရာတွင်ရောက်ရှိနေသည့် ရွှမ်လျိုကျောင်းတော်မှ သိုင်းကျင့်ကြံသူများမှာ တန်ခိုးစွမ်းအားနိမ့်ပါးသူများမဟုတ်ကြောင်း ရန်ကျောက်ကဲ သိရှိခဲ့သည်။
သူတို့ကိုဦးဆောင်လာသည့် ကျန်းမော့က အမတကူးပြောင်းခြင်းအလယ်ဆင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်၏။
ရန်ကျောက်ကဲက သူနှင့်တစ်ခါမှမဆုံဖူးသော်လည်း မုကျွင်း ၊ ချန်ကျိလျန်နှင့် ကျင်းထင်တောင်မှလူများပြောပြသည်ကို ကြားသိခဲ့ဖူးကြောင်း ပြန်လည်အမှတ်ရလာသည်။
မြောက်ပိုင်းကောင်းကင်ချီလင် ‘ကျန်းမော့’။
ရွှမ်လျိုကျောင်းတော်မှ မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏အဆက်အနွယ်။
သူက အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ ပထမဆုံးတပည့် လင်ဟန့်ဟွာကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ပြီး မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်တွင် အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။
သူက အပြင်ပန်းတွင် ရိုးရှင်းဟန်ရှိသော်လည်း သူ၏တည်ရှိမှုက ပြည်နယ်တစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်သည်။
လျိုရှန်းထုန်ရော ကျန်းမော့ရော (၂)ယောက်လုံးက အမတကူးပြောင်းခြင်း အလယ်ဆင့် သိုင်းသူတော်စင်များဖြစ်ကြသည့်တိုင် လျိုရှန်းထုန်သည် မည်သည့်နည်းနှင့်မှ သူ့ကိုအနိုင်ယူနိုင်မည် မဟုတ်ပေ။
ကျန်းမော့အပြင် ရွှမ်လျိုကျောင်းတော်မှ အခြားသောတပည့်များသည်လည်း သာမန်လူများ မဟုတ်ကြပေ။ အားအနည်းဆုံးကျင့်ကြံသူပင်လျှင် နတ်ဘုရားသိမြင်ခြင်းအဆင့် ရောက်ရှိနေပြီဖြစ်၏။
တစ်ခုတည်းသောချွင်းချက်မှာ အဝါရောင်ဝတ်မိန်းမပျိုလေးကတော့ သိုင်းသူတော်စင်မဟုတ်သေးဘဲ သိုင်းဆရာသခင်အဆင့်မျှသာ ရှိသေးသည်။
သူမက သိုင်းသူတော်စင်များအလယ်တွင်ရှိနေသည့် သိုင်းဆရာသခင်ဖြစ်နေလေရာ ထင်ရှားပေါ်လွင်လျှက် ရှိသည်။
မည်သူမဆို ဘေးကင်းမှုကို အာမခံနိုင်သရွေ့ ဧကရာဇ်များကြားတိုက်ပွဲကို လာရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ သို့သော် အခြေခံလိုအပ်ချက်အချို့တော့ရှိသည်ပင်။
သို့ရာတွင် ကျင့်ကြံခြင်းအဆင့်အလွန်တရာနိမ့်ပါးသူများကတော့ တိုက်ပွဲကိုလာရောက်ကြည့်ရှုလျှင်လည်း တိုက်ပွဲ၏နက်နဲမှုများကို တွေ့မြင်နိုင်မည် မဟုတ်ပေ။
ကျန်းမော့တို့အုပ်စုက တိုက်ပွဲမြေပြင်နှင့် အရမ်းမနီးကပ်စေရန် အကွာအဝေးကို ကောင်းမွန်စွာ ချိန်ညှိထားကြသည်။ ထို့ကြောင့် ကွမ်းယွိလော်အန္တရယ်ကင်းရေးအတွက် အာမခံနိုင်လေသည်။
သို့သော် သူမအနေဖြင့် မည်သည့်အရာမှ နားလည်မည်မဟုတ်သောကြောင့် ကွမ်းယွိလော်ကြည့်ရှုခြင်းက တန်ဖိုးရှိမည် မဟုတ်ပေ။
“ဒါပေမဲ့ သူ့မျိုးနွယ်က ‘ကွမ်း’ မျိုးနွယ်ဆိုတော့...”
ပြီးတော့ ကျန်းမော့က ကွမ်းယွိလော်အပေါ် ပြောဆိုဆက်ဆံပုံကို တွေ့မြင်ရပြီးနောက် ရန်ကျောက်ကဲ တဖြည်းဖြည်း နားလည်သွားသည်။
မြောက်ပိုင်းထိပ်တန်းအရှင်သခင်သည်လည်း ကွမ်းမျိုးနွယ် ဖြစ်သည်။
ရန်ကျောက်ကဲ သူမရှေ့သို့ ရောက်ရှိလာတော့ ကွမ်းယွိလော်က တည်ကြည်လေးနက်စွာဖြင့်...
“မင်္ဂလာပါ ‘ရန်’ သခင်လေး ၊ ကျွန်မရဲ့အပြုအမူက ရိုင်းပျသွားရင် ခွင့်လွှတ်ပေးပါ”
ရန်ကျောက်ကဲက ပြုံးရင်း...
“ကိစ္စမရှိပါဘူး ၊ ဒါနဲ့ ... မိန်းကလေးမှာ ဘာကိစ္စများ ရှိလို့လဲ”
ကွမ်းယွိလော်က...
“ဒီလိုပါ... မမ ’ဖန်းယွင်ရှန်း’ ရဲ့ သတင်းများ ‘ရန်’သခင်လေး သတင်းကြားသလားလို့ပါ”
ရန်ကျောက်ကဲက...
“မင်းက ယွင်ရှန်းနဲ့သိတယ်လား...”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ရင်းနှီးစွာခေါ်ဝေါ်လိုက်သည်ကိုကြားတော့ ကျန်းမော့နှင့်အခြားသူများ စိတ်ထဲ တစ်ချက်လှုပ်ရှားသွားကြသည်။
ကွမ်းယွိလော်က...
“အရင်တုန်းက ကျွန်မ ပြင်ပလောကကိုတစ်ယောက်တည်းခရီးထွက်သွားတော့ ပြဿနာကြုံခဲ့ရတယ် ၊ ကျွန်မ အကျပ်အတည်းကြုံနေရတုန်း မမဖန်းယွင်ရှန်းက ကယ်တင်ခဲ့တာ”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ နောက်ပိုင်းကျတော့ မမဖန်းယွင်ရှန်းနဲ့အဆက်အသွယ်ပြတ်သွားတယ် ၊ ကျွန်မ ဝါဒတောင်ကိုသွားပြီး သူ့ကိုရှာသေးတယ် ၊ ဒါပေမဲ့ သူပြန်မရောက်သေးဘူးတဲ့ ၊ ‘ရန်’ သခင်လေးများ သူနဲ့တွေ့မိသေးလား ကျွန်မ သိချင်နေတာပါ”
ရန်ကျောက်ကဲက ကွမ်းယွိလော်ကို စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်သည်။
တံခါးပိတ်ကျင့်ကြံပြီးနောက် သိပ်မကြာမီတွင် ဖန်းယွင်ရှန်း ကျင့်ကြံခြင်းတစ်ဆို့မှုကို ကျော်ဖြတ်ကာ သေခြင်းတရားကိုကျော်လွန်ပြီး သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်ခဲ့သည်။
ရန်ကျောက်ကဲနှင့် ရွှီဖေးပြီးလျှင် ဖန်းယွင်ရှန်းက သူတို့မျိုးဆက်တွင် တတိယမြောက် သိုင်းသူတော်စင်ဖြစ်လာသူ ဖြစ်၏။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တောင်ပေါ်တွင် ကျန်နေခဲ့သဖြင့် ထိုအကြောင်းများကို သိရှိခဲ့ခြင်း ဖြစ်သည်။
သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ပြီးသည့်နောက် ဖန်းယွင်ရှန်း ဝါဒတောင်မှထွက်ခွာသွားပြီး သူမလျှောက်လှမ်းလိုသောလမ်းကို ထွက်ခွာသွားခဲ့သည်။
သို့သော် အချိန်တွက်ကြည့်မည်ဆိုလျှင် သူမ တောင်ပေါ်မှထွက်ခွာသွားသည်မှာ သိပ်မကြာလောက်သေးပေ။ မကြာသေးသောအချိန်တစ်ခုအတွင်း ဤသို့သောကိစ္စမျိုး ကြုံတွေ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဖန်းယွင်ရှန်း ပြင်ပလောကသို့ထွက်ခွာသည့်အခါ သူမနှင့် သူမ၏ဂိုဏ်းကိုကာကွယ်ရန်အတွက် သူမ မည်သူမည်ဝါဖြစ်သည်ကို ပေါ့ပေါ့တန်တန် ဖော်ပြမည် မဟုတ်ပေ။
ကိစ္စအရပ်ရပ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဖန်းယွင်ရှန်း ကောင်းစွာသဘောပေါက်သည်ဟု ရန်ကျောက်ကဲက ယုံကြည်ထားသည်။
ဖန်းယွင်ရှန်း ပြင်ပလောကသို့ထွက်ခွာခြင်းက အတွေ့အကြုံရရှိစေရန်ဖြစ်ပြီး သူမ၏စိတ်ဓာတ်က တစ်ချက်ပင် ပျော့ပြောင်းခြင်း မရှိပေ။
သို့သော် ယခု သူ့ရှေ့မှ အဝါရောင်ဝတ်မိန်းကလေးက ဖန်းယွင်ရှန်း၏နာမည်နှင့် ဇာစ်မြစ်ကိုသိရှိနေသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမအပေါ် ဖန်းယွင်ရှန်း အလွန်တရာအကောင်းမြင်စိတ်ရှခဲ့သလို မိန်းမပျိုသည်လည်း ဖန်းယွင်ရှန်းကို အထင်ကြီးလေးစားကြောင်း ပြသနေသည်။
“ဒီ’ရန်’ က အထက်ဘုံကမ္ဘာမှာရှိမနေခဲ့ဘူး ၊ အခုမှ ပြင်ပဗလာနယ်ထဲကပြန်ရောက်တာပါ ၊ ဒါကြောင့် ယွင်ရှန်းနဲ့မတွေ့ရသေးဘူး”
ရန်ကျောက်ကဲက ရိုးရှင်းစွာပင်ဖြေလိုက်သည်။
“မင်းနဲ့ ယွင်ရှန်းက ဘယ်မှာတွေ့ခဲ့ကြတာလဲ”