‘ကြာပန်းနီ’ လေဟုန်စီးကောင်းကင်ရွက်လှေ
Vol. 66 Ch. 926
အခန်း (၉၂၆) ‘ကြာပန်းနီ’ လေဟုန်စီးကောင်းကင်ရွက်လှေ
ရန်ကျောက်ကဲသည်လည်း ဖန်းယွင်ရှန်း မည်သည့်နေရာတွင်ရှိနေကြောင်း မသိရှိသည်ကိုကြားရသည့်အခါ ကွမ်းယွိလော် စိတ်ဓာတ်ကျသွားရသည်။
“ကျွန်မတို့ အထက်ဘုံကမ္ဘာအပြင်ဘက်က သီးခြားနယ်မြေတစ်ခုမှာ တွေ့ခဲ့ကြတာ ၊ ဒါပေမဲ့ ကံမကောင်းတာက ကျွန်မတို့ လူချင်းကွဲသွားတယ်”
သူမကိုကြည့်ရသည်မှာ အတော်လေး စိုးရိမ်နေဟန် ရှိသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“နောက်တစ်ခါ ငါ သူနဲ့တွေ့ရင် ညီမလေးတစ်ယောက် သူ့ကိုသတိရနေတယ်ဆိုတဲ့အကြောင်း ပြောပြလိုက်ပါ့မယ်”
သူ့စကားကိုကြားတော့ ကွမ်းယွိလော်က ပျော်ရွှင်စွာဖြင့်...
“ဒါဖြင့် ကျေးဇူးတင်ပါတယ် ‘ရန်’ သခင်လေး ၊ နောက်ပိုင်းအချိန်ရရင် အစ်မ’ဖန်း’ နဲ့အတူတူ ကျွန်မတို့ယွင်ကဲတောင်ကို လာလည်ပါနော်”
သူမ၏စကားကိုကြားတော့ ကျန်းမော့က မျက်နှာပျက်သွားခြင်းမရှိသလို ငြင်းဆိုခြင်းလည်းမရှိပေ။ ဤသည်မှာ သူမစကားကို လက်ခံသည်ဆိုသည့်သဘောဖြစ်၏။
ရန်ကျောက်ကဲက ပြုံးလျှက် ခေါင်းညိတ်ရင်း...
“ဝါဒတောင်က မြောက်ပိုင်းထိပ်တန်းအရှင်သခင်ရဲ့ ကျော်ကြားမှုကို ဟိုးအရင်ကတည်းက ကြားသိထားပါတယ်ဗျာ ၊ ယွင်ကဲတောင်ကိုလာရောက်လည်ပတ်ရမှာ တကယ့်ကိုဂုဏ်ယူစရာပါပဲ”
ရှောင်အိုက်ပြောသည့်စကားအရဆိုလျှင် ရွှယ်ချူးချင်သည် မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်တွင် အချိန်အတန်ကြာနေခဲ့ဖူးသည်။
ရှောင်အိုက်ကိုပင် ထိုပြည်နယ်တွင်တွေ့ဆုံခဲ့ပြီး ခေါ်ဆောင်လာခြင်း ဖြစ်၏။
မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်က ရွှယ်ချူးချင်ကိုဖမ်းဆီးရန် ဘယ်သောအခါမှ အမိန့်မပေးခဲ့ဖူးပေ။ သူမကို မသိချင်ယောင်ဆောင်ပြီး နေထိုင်ခွင့်ပေးခဲ့သည်။
မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်နှင့် အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်ကြားဆက်ဆံရေးက သိပ်ပြီးသဟဇာတမဖြစ်လှပေ။
နယ်နိမိတ်ပဋိပက္ခများနှင့် ရင်းမြစ်ပစ္စည်းများ ၊ တပည့်များအချင်းချင်းပြိုင်ဆိုင်မှုများကြောင့် အိမ်နီးချင်းပြည်နယ်များသည် ယေဘူယျအားဖြင့် ကောင်းမွန်သောဆက်ဆံရေး မရှိကြပေ။ ဤသည်က မျှော်လင့်ထားပြီးသားကိစ္စပင် ဖြစ်၏။
သို့တိုင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် အရှေ့မြောက်ထိပ်တန်းအရှင်သခင်တို့က ရွှယ်ချူးချင် ၏ကိစ္စရပ်ကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်၍ ရပ်တည်ချက် တူညီပုံရသည်။
ရန်ကျောက်ကဲက ကျန်းမော့တို့အုပ်စုနှင့် စကားစမြည်ပြောဆိုရင် အဝေးတစ်နေရာရှိ ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေဆီသို့ အတူတူထွက်ခွာလာခဲ့ကြသည်။
မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏အဆက်အနွယ်များဖြစ်သော ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော်မှတပည့်များက မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးမှ ပိုးသားဧကရာဇ်၏ အဆက်အနွယ်များနှင့် ထူးခြားသောပတ်သက်မှု မရှိကြပေ။
သို့တိုင် သူတို့က ဤတိုက်ပွဲကြီးကိုလာရောက်ကြည့်ရှုရင်း မြောက်ဖေးတောင်ထွတ်မှတပည့်များကို လာရောက်နှုတ်ဆက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
လမ်းလျှောက်လာကြရင်း ကျန်းမော့တို့အုပ်စုက ရန်ကျောက်ကဲကို အကဲခတ်လေ့လာနေကြသည်။
ရန်ကျောက်ကဲက သူ၏ကျင့်ကြံခြင်းအဆင့်ကို ထင်သာမြင်သာဖြစ်အောင်ထုတ်ဖော်ထားခြင်းမရှိသည့်တိုင် ဖုံးကွယ်ထားခြင်းလည်း မရှိပေ။
ထို့ကြောင့် ျကန်းမော့တို့အုပ်စုမှာ ရန်ကျောက်ကဲ၏ထူးခြားချက်ကိုသတိပြုမိသွားကြပြီး ကျောက်စိမ်းတောင်ဂိုဏ်ချုပ် လျိုရှန်းထုန် ခံစားရသည့်အတိုင်းပင် ခံစားလိုက်ကြရသည်။
ဤခံစားချက်က အံ့သြခြင်းသာမဟုတ် ၊ တုန်လှုပ်ထိတ်လန့်ခြင်း ဖြစ်သည်။
ကွမ်းယွိလော်က သူမ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းအဆင့်ကိုမသိမြင်နိုင်သော်လည်း ကျန်းမော့နှင့်အခြားသူများ အသံပို့လွှတ်စနစ်ဖြင့်ပြောဆိုကြသည်ကိုနားထောင်ပြီး မျက်လုံးပြူးလျှက် တုန်လှုပ်ချောက်ချားသွားရသည်။
ရွှမ်လျိုကျောင်းတော်မှ ကျင့်ကြံသူတစ်ယောက်က ခဏမျှတုံ့ဆိုင်းသွားပြီးမှ...
“ဂိုဏ်းတူအစ်ကိုကြီး... သူ့အသက်အရွယ်က...”
သမိုင်းတစ်လျှောက်တွင် ထူးခြားသောနည်းလမ်းများကိုအသုံးပြုပြီး အသက်အရွယ် အတုအယောင်ပြုလုပ်ကာ အခြားသူများကိုလှည့်စားသောပညာရပ်များစွာ ရှိခဲ့သည်။
ဤသည်က ရှားပါးဖြစ်ရပ်ဖြစ်ပြီး သူတို့အားလုံးတစ်ခါမှမကြုံဖူးခဲ့ပေ။
ကျန်းမော့က ညင်သာစွာဖြင့်...
“ဒါက အတုအယောင်ဖြစ်တယ်ဆိုရင်တောင်မှ သူဘယ်လိုလုပ်ထားတယ်ဆိုတာ ငါမမြင်နိုင်ဘူး”
ရွှမ်လျိုကျောင်းတော်မှတပည့်က ခေါင်းညိတ်လိုက်သည်။
ဤသည်က အတုအယောင်ဆိုလျှင်တောင်မှ ကျန်းမော့၏မျက်လုံးများကိုပင် လှည့်စားနိုင်သည်ဖြစ်ရာ လျှော့တွက်၍မရသောကိစ္စဖြစ်၏။
အတုအယောင်မဟုတ်ဘူးဆိုလျှင်တော့ သက်ပြင်းချရုံမှလွဲပြီး ဘာမှတတ်နိင်မည် မဟုတ်ပေ။
ကျန်းမော့က...
“ပြီးတော့ ဒီ ‘ရန်’ သခင်လေးက မြောက်ဖေးတောင်ထွတ်နဲ့ နီးနီးကပ်ကပ်ဆက်ဆံရေးရှိမယ်လို့ မျှော်လင့်မထားဘူး ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်က သူ့ကိုအလွန်လေးစားတယ်လို့ဆိုကြပေမယ့် အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ ပိုးသားဧကရာဇ်က အမြင်ချင်းမတူနိုင်ဘူးလေ”
အခြားတပည့်တစ်ယောက်က...
“သူပြောသလိုသာအမှန်ဆိုရင် အဲဒီအင်းသင်္ကေတက ကြာပန်းနီဒေဝီ ’ဖုထင်’ က သူ့ကိုပေးထားတာပဲ ၊ ကြည့်ရတာ...”
ကျန်းမော့က ခေါင်းခါယမ်းရင်း...
“အဲဒါကတော့ ငါတို့ပြောလို့မရတဲ့ကိစ္စပဲ...”
အခြားတစ်ယောက်ယောက်က...
“ဂိုဏ်းတူအစ်ကိုကြီး... ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းက အဲဒီလူငယ်လေးလက်ထဲ တကယ်ရောက်သွားတယ်လို့ ထင်သလား”
ကျန်းမော့က...
“အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်က သိုင်းသူတော်စင် နဝမအဆင့်ရှိတဲ့ ကြယ်ခြွေလက်ဝါးသခင်က ဝါဒတောင်မှာ သေဆုံးသွားတယ်လို့ ကောလဟလတွေထွက်နေတယ် ၊ ကြည့်ရတာ... အမတမှော်ဝင်ပစ္စည်း သူ့ဆီမှာတကယ်ရှိတာ ဖြစ်နိုင်တယ်”
တစ်ဖက်လူ’နှုတ်ခမ်းများတွန့်ကွေးသွားပြီး မျက်နှာအမူအရာက သာမန်မဟုတ် ဖြစ်သွားသည်။
ကွမ်းလီတဲ့က မြောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့်မသက်ဆိုင်သော်လည်း မျိုးနွယ်တူနေသဖြင့် သူတို့က ဆက်စပ်မှုရှိသည်ဟု အထက်ဘုံကမ္ဘာမှ အတော်များများက သံသယရှိကြသည်။
ထိုသူက ရေရွတ်လိုက်၏။
“ဒီလိုဆိုရင်တော့... အဲဒီအမတမှော်ဝင်ပစ္စည်းက ကမ္ဘာအနှံ့လျှောက်သွားနေတဲ့ရန်ကျောက်ကဲဆီမှာ ပါလာမယ်မထင်ဘူး ၊ ဝါဒတောင်မှာ ရှိနေမယ်ထင်တယ်”
ကျန်းမော့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းဘာတွေတွေးနေတာလဲ"
တစ်ဖက်လူက ခဏမျှတိတ်ဆိတ်နေပြီးမှ...
“ဆရာက ရွှမ်လျိုကျောင်းတော်က တပည့်တွေကို ယိုးမင်ဧကရာဇ်ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကိစ္စမှာဝင်မပါဖို့ တင်းတင်းကျပ်ကျပ်တားမြစ်ထားတယ်”
“ဒါကို ငါသေချာမှတ်ထားပါတယ် ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး... အဲဒါက အမတမှော်ဝင်ပစ္စည်းလေ...”
ကျန်းမော့က အေးဆေးတည်ငြိမ်စွာဖြင့်...
“ရတနာပစ္စည်းတစ်ခုနဲ့ပတ်သက်ပြီး ဆရာ ငါတို့ကိုတင်းကျပ်တဲ့အမိန့် ဘယ်နှစ်ခါများ ထုတ်ဖူးလို့လဲ”
ထိုစကားကိုကြားတော့ ရွှမ်လျိုကျောင်းတော်မှတပည့်များ၏မျက်နှာက တည်ကြည်လေးနက်သွားကြသည်။
ဟုတ်ပေ၏။ ဆရာဖြစ်သူ သူတို့ကို ဤသို့တားဆီးသည့်အကြိမ်အရေအတွက် နည်းပါးလွန်းလှသည်။
ယခု ဤသို့တင်းတင်းကျပ်ကျပ်တားမြစ်သည်ကိုကြည့်ခြင်းအားဖြင့် ဤကိစ္စ၏ပြင်းထန်မှုကို အတိအကျဖော်ပြနေသည်။
ရွှမ်လျိုကျောင်းတော်မှ တပည့်များအားလုံး စကားဆက်မပြောတော့ဘဲ ကျန်းမော့နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါသွားကြသည်။
ရန်ကျောက်ကဲလည်း သူတို့နှင့်အတူလိုက်ပါသီားပြီး မကြာမီ ကြာပန်းနီရွက်လှေကြီးအနားသို့ ရောက်ရှိလာသည်။
အနားသို့ရောက်လာသည်နှင့် အနီရောင်ကြာပန်းကြီး၏အရွယ်အစားက အဆုံးမရှိကြီးမားလှပြီး မီးတောက်ပင်လယ်ကြီးပမာဖြစ်သည်ကို တွေ့မြင်လိုက်ကြရသည်။
ကြာပန်းနီရွက်လှေမှ ပွင့်ချပ်များဖြာထွက်နေပြီး ပွင့်ချပ်တိုင်းက ကြီးမားကျယ်ပြန့်စွာ နေရာယူထားသည်။ ထိုပွင့်ချပ်များထက်တွင် လူအများ နှစ်ယောက်တစ်အုပ်စု ၊ သုံးယောက်တစ်အုပ်စု စုရုံးလျှက် ရှိကြ၏။
ရန်ကျောက်ကဲက သူတို့၏ တန်ခိုးစွမ်းအားရောင်ဝါများမှတစ်ဆင့် မြောက်ဖေးတောင်ထွတ်မှလူများဖြစ်ကြောင်း သိရှိလိုက်ပြီး ထိုနေရာတွင်ရပ်တည်ရန် လုံလောက်သည့်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားကြသူများဖြစ်သည်။
ကြာပန်းနီအလယ်ဗဟိုတွင် အဖြူရောင်ချီစွမ်းအားစီးကြောင်းတစ်ခုနှင့် အနက်ရောင်ချီစွမ်းအားစီးကြောင်းတစ်ခုက ပန်းပွင့်၏ဝတ်ဆံများပမာ တည်ရှိနေသည်။
ထို အဖြူရောင်နှင့်အနက်ရောင်ချီစွမ်းအားစီးကြောင်းများက ထိုက်ကျိသင်္ကေတကိုထုတ်ဖော်ပေးပြီး လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို ထောက်ပံ့ပေးထားသည်။
ကြာပန်းနီကြီးထက်မှ လေဟုန်စီးကောင်းကင်ရွက်လှေကြီးမှာ အခြားသော လေဟုန်စီးကောင်းကင်ရွက်ဠှေများထက် (၅၀)ရာနှုန်းခန့် ပိုမိုကြီးမားသည်။
ရန်ကျောက်ကဲ ရွက်လှေကြီးထံလျှောက်လာစဉ် တစ်နေရာအရောက်တွင် ရင်းနှီးသူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက အရှေ့တောင်ထိပ်တန်းအဆက်အနွယ် မုကျွင်းပင် ဖြစ်၏။
မုကျွင်းနှင့် နှုတ်ဆက်စကားဆိုပြီးနောက် ကျန်းမော့တို့ကလည်း ရန်ကျောက်ကဲအားနှုတ်ဆက်စကားဆိုကာ ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေဆီသို့ ဆက်လက်လျှောက်လှမ်းသွားကြသည်။
ရန်ကျောက်ကဲကတော့ မုကျွင်းနှင့် စကားစမြည်ပြောဆိုရင်း ကျန်ရစ်ခဲ့သည်။
“ပြင်ပဗလာနယ်ထဲမှာ တစ်ခုခုပြင်းပြင်းထန်ထန်ဖြစ်သွားတယ်ထင်တယ် ၊ စောစောကပဲ ပိုးသားဧကရာဇ်နဲ့ ချန်းဧကရာဇ်တို့ အဲဒီကိုထွက်သွားကြတယ်”
မုကျွင်းကဆိုသည်။
“ချန်းဧကရာဇ်ပြန်မလာသေးတဲ့အတွက် ငါတို့တွေ သူ့ကိုစိတ်ပူစရာမလိုဘူး ၊ ပြီးတော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့တိုက်ပွဲသာမရှိရင် ပိုးသားဧကရာဇ်လည်း ပြန်လာမှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ရင်း...
“ဒီလောက်ကြီးမားတဲ့တိုက်ပွဲကြီးဖြစ်မှာကို ထိပ်တန်းအရှင်သခင်တွေ တစ်ယောက်မှ မလာကြဘူးလား”
မုကျွင်းက...
“ဘာပဲလုပ်လုပ် ခြေရာခံလို့မရနိုင်တဲ့ အထက်ရပ်ထိပ်တန်းအရှင်သခင်ကလွဲရင် ဆရာနဲ့တခြားထိပ်တန်းအရှင်သခင်တွေက အထက်ဘုံကမ္ဘာမှာပဲ ရှိနေကြလိမ့်မယ် ၊ ဒီတိုက်ပွဲကိုတာဝန်ခံပေးရမယ့် မြေကမ္ဘာထိပ်တန်းအရှင်သခင်ကတော့ သေချာပေါက် ဒီကိုရောက်လာတယ်လေ”
ရန်ကျောက်ကဲက...
“အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ ပိုးသားဧကရာဇ်က ဆက်ဆံရေးကောင်းတာပဲ ၊ မင်းဘာလို့ ကြာပန်းနီရွက်လှေပေါ်ကိုမသွားရတာလဲ အစ်ကိုမုကျွင်း”
“ဟားဟား... မင်းမရယ်နဲ့နော် ၊ ... ငါတို့ဆရာနဲ့ပိုးသားဧကရာဇ်ကြားကဆက်ဆံရေးက အရမ်းကောင်းပေမယ့် အခု ကြာပန်းနီရွက်လှေပေါ်မှာ ပိုးသားဧကရာဇ်ရဲ့ ဂိုဏ်းတူညီမ ထိုက်စုယွမ်ကျွင်း ‘တောက်ယွီ’ ရှိနေတယ်လေ”
မုကျွင်းက ရန်ကျောက်ကဲကို ပွင့်ပွင့်လင်းလင်းပင် ရှင်းပြသည်။
“သူနဲ့ ဆရာ့ရဲ့ဆက်ဆံရေးက မကောင်းဘူးကွ ၊ ပြီးတော့ သူက ကျင့်ကြံခြင်းအဆင့် အရမ်းမြင့်မားတယ် ၊ ငါသာ အဲဒီကိုသွားရင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်မှာပေါ့”
ရန်ကျောက်ကဲစိတ်ထဲ အရင်ကကြားသိခဲ့ဖူးသည့် ကောလဟလများကို သတိရလိုက်မိသည်။
“ဟုတ်လား...”
သူ၏မျက်နှာအမူအရာကိုမြင်တော့ မုကျွင်းက နှုတ်ခမ်းများတွန့်ကွေးလိုက်ရင်း...
“အရင်တုန်းက ဆရာက သူနဲ့ပြဿနာတက်ဖူးတယ် ၊ သူနဲ့ပိုးသားဧကရာဇ်ကကွာ... အရင်တုန်းက ဘာလိုလိုနဲ့ကွာ...”
သူကဆက်ပြောသည်။
“ဒါပေမဲ့ ငါ အဲဒီကိစ္စတွေကို သေချာမသိဘူး”
မုကျွင်းက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“မင်းလည်း အဲဒီပေါ်ကိုမတက်ဖို့ အကြံပေးချင်တယ် ၊ ဘာလို့လဲဆိုတော့ မင်းက ညီမလေး’ဖုထင်’ နဲ့ ရင်းနှီးတယ်လေ ၊ ငါကြားတောတော့... ထိုက်စုယွမ်ကျွင်းက ညီမလေး’ဖုထင်’ နဲ့လည်း သိပ်ပြီးဆက်ဆံရေးအဆင်မပြေဘူးတဲ့”