တာအိုဝါဒ၏အနောက်ပိုင်းတောင်ထွတ် ‘နုန်လီတောင်’
Vol. 66 Ch. 927
အခန်း (၉၂၇) တာအိုဝါဒ၏အနောက်ပိုင်းတောင်ထွတ် ‘နုန်လီတောင်’
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ထိုက်စုယွမ်ကျွင်းက အကြီးအကဲတစ်ယောက်ပဲလေ ၊ ဒီတော့ သူ့အနေနဲ့ ငါတို့ကိုပြဿနာမရှာလောက်ပါဘူး ၊ ဟုတ်တယ်မလား”
အရင်က ရန်ကျောက်ကဲသည်လည်း မြောက်ဖေးတောင်ထွတ်မှတပည့်များနှင့် တွေ့ဆုံခဲ့ဖူးပြီး ဖုထင်အပါအဝင် တပည့်များအားလုံးက အရမ်းကာရော မဆင်မခြင်ပြုလုပ်ကြသူများ မဟုတ်ပေ။
မုကျွင်းက ကြာပန်းနီပွင့်ဖတ်များအလယ်ဗဟိုတွင်ရှိနေသည့် ထိုက်ကျိသင်္ကေတပုံပါရှိသော ဧရာမရွက်လှေကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ကောလဟလတွေအရတော့ ထိုက်စုယွမ်ကျွင်းငယ်ငယ်တုန်းက အတော်လေးမောက်မာတယ်တဲ့ ၊ ဒါပေမဲ့ သူနဲ့ ပိုးသားဧကရာဇ်ကြားကဆက်ဆံရေးကတော့ ပြောရခက်တယ် ၊ ဒါပေမဲ့ ငါ့ဆရာနဲ့ သူ့ရဲ့ဆက်ဆံရေးကတော့ အတော်လေးကြောက်စရာကောင်းတယ်”
မုကျွင်းက ထူးဆန်းစွာပြုံးလိုက်ရင်း...
“မင်းလည်း ညီမလေးဖုထင်နဲ့ ရင်းနှီးတာပဲမဟုတ်လား ၊ ဒီတော့ ထိုက်စုယွမ်ကျွင်း အရမ်းဒေါသထွက်သွားလိမ့်မယ်”
တန်ခိုးစွမ်းအားမြင့်မားသူများက သဘောထားကြီးသင့်သည်ဟု လူများစွာက ယုံကြည်ကြသည်။ မဟုတ်ပါက သူတို့၏ ကိုယ်ရည်ကိုယ်သွေး တစ်ခုခုမှားယွင်းနေခြင်း ဖြစ်သည်။
သို့ပေသိ ထိုအချက်က လုံးဝ ဆက်စပ်မှုမရှိပေ။
အထွတ်ထိပ်အဆင့် တန်ခိုးစွမ်းအားမြင့်မားသူများက အပြင်ပန်းတွင် ကြီးကျယ်ခမ်းနားဟန်ပေါက်သော်လည်း တကယ်တမ်းတွင် အသေးအဖွဲလေးမှအစ လက်စားချေတတ်သူများဖြစ်ကြသည်။ သို့သော် ဤစရိုက်နှင့်မကိုက်ညီဘဲ တစ်မူထူးခြားသောလူနည်းစုလည်း ရှိသည်သာပင်။
အမှန်တော့ သူတို့အားလုံးက ချုပ်ချယ်မှုမရှိဘဲ သူတို့စိတ်ထဲ သက်သောင့်သက်သာရှိသည်များကို လုပ်ဆောင်ကြခြင်းသာ ဖြစ်၏။
သူတို့က ကြီးကျယ်ခမ်းနားသူများဖြစ်ကြပြီး အခြားသူများအပေါ် စာနာထောက်ထားရသည်ကို သဘောကျသည်ဆိုလျှင် ထိုသို့ပြုလုပ်မည် ဖြစ်သည်။ မဟုတ်လျှင်လည်း ဆွေစဉ်မျိုးဆက်သုတ်သင်ခြင်းကိုပင် အသေးအဖွဲကိစ္စတစ်ခုပမာ လုပ်ဆောင်တတ်ကြပြန်သည်။
ဘေးမှလူများမြင်တွေ့ရသည်က တစ်ဖက်တည်းကိုသာမြင်တွေ့ရခြင်းဖြစ်သည်။
ရန်ကျောက်ကဲကတော့ ဤအချက်ကို ကောင်းစွာလက်ခံနိုင်၏။
သူတို့ဝါဒတောင်တွင်လည်း အလားတူ ဆရာဒေါ်လေးတစ်ယောက်ရှိနေသည် မဟုတ်ပါလား။
လက်ရှိတွင် ဖူအန်းစုက သူ့အပေါ် အကြီးအကဲတစ်ယောက်ပမာ လေးစားမှုနှင့် ချီးကျူးမှုများ ထားရှိသော်လည်း တစ်ချိန်က ရွှယ်ချူးချင်ကိစ္စနှင့်ပတ်သက်ပြီး အခဲကျေနိုင်သေးသည် မဟုတ်ပေ။
သူမ တစ်ခါမှ ထုတ်ဖော်မပြောသည့်တိုင် ရွှယ်ချူးချင်၏ပြဿနာကို သူနှင့် သူ့ဖခင်’ရန်တိ’ ထက်မနည်း ဂရုစိုက်ကြောင်း ရန်ကျောက်ကဲ သိခဲ့ရသည်။
“ရောက်လာပြီဆိုမှတော့ သူ့ကိုသွားပြီး နှုတ်ဆက်သင့်တယ်ထင်တယ်”
ရန်ကျောက်ကဲက ပြုံးရင်းဆိုသည်။
“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့ ပိုးသားဧကရာဇ်က တိုက်ခိုက်တော့မယ် ၊ ဒီလိုအခြေအနေမျိုးမှာ ထိုက်စုယွမ်ကျွင်းအနေနဲ့ အန္တရယ်ပြုမှာမဟုတ်ပါဘူး ၊ သူ့အိမ်နောက်ဖေးမှာ မီးလောင်နေတာမဟုတ်ဘူးလား”
မုကျွင်းက ခဏမျှတွေးလိုက်ရင်း...
“မင်းအခုချိန်သွားနှုတ်ဆက်ရင်တော့အဆင်ပြေတယ် ၊ တော်ကြာ... ညီမလေး’ဖုထင်’ ရောက်လာပြီး မင်းတို့နှစ်ယောက် အတူတူသွားမယ်ဆိုရင် အကြီးအကဲ’တောက်ယွိ’ က မင်းကိုပိုပြီးခက်ခဲအောင်လုပ်လိမ့်မယ်”
“ဘာပဲဖြစ်ဖြစ်လေ... ပိုးသားဧကရာဇ်က မင်းနဲ့မင်းအဖေကို ဧည့်သည်တော်တွေအဖြစ် အမုန်းတရားမဲ့တာအိုနန်းတော်ကို ဖိတ်ကြားဖူးတာပဲ ၊ ပြဿနာတော့ သိပ်မရှိလောက်ပါဘူး”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဒါဖြင့် အစ်ကို’မုကျွင်း’ ဒီမှာခဏစောင့်ဦးနော် ၊ ဒီ’ရန်’ ချက်ချင်းပြန်လာခဲ့မယ်”
ပြောပြီးသည်နှင့် သူက လေဟုန်စီးကောင်းကင်ရွက်လှေဆီသို့ လျှောက်သွားလိုက်သည်။
သူ ထိုက်ကျိကားချပ်ဆီသို့ ချဉ်းကပ်လာစဉ်မှာပင် အလင်းတန်းတစ်ခုကျရောက်လာပြီး ရွက်လှေထက်မှလူအချို့ ဆင်းသက်လာသည်ကိုတွေ့ရသည်။
လှမ်းကြည့်လိုက်တော့ ကျန်းမော့ ၊ ကွမ်းယွိလော်တို့အုပ်စုကိုတွေ့လိုက်ရသည်။
မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ် ၊ ရွှမ်လျိုကျောင်းတော်မှအဆက်အနွယ်များအပြင် အခြားအုပ်စုတစ်စုသည်လည်း ရွက်လှေထက်မှဆင်းလာသည်ကို တွေ့ရ၏။
ကွမ်းယွိလော်က ထိုသူများနှင့် တစ်စုံတစ်ခုကို အပြင်းအထန် ငြင်းခုံနေပုံရသည်။
ထိုစဉ်...
လူတစ်ယောက်ပြောသည့်စကားသံကို ရန်ကျောက်ကဲ ကြားလိုက်ရ၏။
“အဲဒီရန်ကျောက်ကဲက ရတနာပစ္စည်းလေးနည်းနည်းပါးပါးရှိပြီး ကံကောင်းတာလေးကြောင့် ဒီနေ့ ဒီနေရာကိုရောက်နေတာပါ ၊ ကွမ်းမိန်းကလေးက သူ့ကိုချီးကျူးလွန်းနေပြီ”
ကွမ်းယွိလော်က ခဏမျှတုံ့ဆိုင်းသွားပြီးမှ မကျေမနပ်ဖြင့်...
“နုန်လီတောင်က ရှင်တို့တွေက တမင်သက်သက် ဘက်လိုက်တဲ့စကားတွေပြောနေတာမဟုတ်ဘူးလား”
သူမက ဆက်ပြောသည်။
“နေဝန်းထက်ယံသခင်လေးက တကယ်အရည်အချင်းမရှိဘူးဆိုရင် ပိုးသားဧကရာဇ်နဲ့ အရှေ့တောင်ထိပ်တန်းအရှင်သခင်က သူ့ကိုအထင်ကြီးလေးစားပါ့မလား”
နုန်လီတောင်ဆိုသည်က မဟာကပ်ဘေးကြီးမိုင်ခင် ရှေးယခင် ဒဏ္ဍာရီများထဲတွင် တာအိုဝါဒ၏ အနောက်ဘက်တောင်ထွတ်ဟု နာမည်ကြီးခဲ့သည်။
အလယ်ပိုင်းတောင်ထွတ်ဖြစ်သော ခွန်လွန်တောင် ၊ အရှေ့ဘက်တောင်ထွတ်ဖြစ်သော ဝါဒတောင်တို့နှင့်အတူ တာအိုဝါဒ အဓိကတောင်ထွတ်ကြီး (၅)ခုတွင် တစ်ခုအပါအဝင် ဖြစ်၏။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် မျိုးရိုးအမည်များကို ပြန်လည်တည်ထောင်ကြသည့်အခါ အထက်ဘုံကမ္ဘာတွင် နုန်လီတောင်အမည်ကို ပြန်လည်စွဲမှတ်ခဲ့ကြသည်။
အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်မှ နုန်လီတောင်သည် အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏ တာအိုနန်းတော် တည်ရှိရာနေရာဖြစ်သည်။
ကွမ်းယွိလော် ငြင်းဆိုသည်ကိုကြားတော့ နုန်လီတောင်မှသိုင်းသမားများက အံ့အားသင့်ခြင်းမရှိဘဲ...
“ပိုးသားဧကရာဇ်က တခြားကိစ္စတစ်ခုရှိလို့ သူ့ကိုဖိတ်ကြားတာနေမှာပေါ့ ၊ ပြီးတော့ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကတော့ ထူးကဲယန်စည်းတံဆိပ်နဲ့ ထူးကဲယင်သရဖူကြောင့် ဖြစ်မှာပေါ့ ၊ နေဝန်းထက်ယံအရှင်သခင်နဲ့ လဝန်းထက်ယံအရှင်သခင်ကို သူ့အနေနဲ့ မျက်နှာသာပေးရမှာပဲ မဟုတ်ဘူးလား”
ထိုသူက ခေါင်းခါယမ်းရင်း...
“ဒါတောင်မှ ဒီအထင်ကရပုဂ္ဂိုလ်ကြီး (၂)ပါးက ရန်ကျောက်ကဲနဲ့ ဆက်နွယ်နေသလားဆိုတာ မသေချာဘူး ၊ သူတို့က ဒီလောကကပျောက်ကွယ်သွားတာ နှစ်ပေါင်းထောင်ချီကြာမြင့်နေပြီ”
“နေဝန်းထက်ယံသခင်လေးဆိုတဲ့နာမည်ကလည်း ဒီအတိုင်းလူတွေပေးထားတာလေ ၊ အမှန်တရားလို့ပြောလို့မရဘူး”
ကွမ်းယွိလော်၏ မကျေနပ်သောအကြည့်ကိုမြင်တော့ တစ်ဖက်လူက ပြုံးလိုက်ရင်း...
“တခြားသူတွေမပြောနဲ့... အရှေ့တောင်ထိပ်တန်းအရှင်သခင်တောင် ဒီနာမည်ကအမှန်လားဆိုတာ အတည်ပြုမပေးဘူးမဟုတ်လား”
သူက ဆက်ပြောသည်။
“ကွမ်းမိန်းကလေး... မြောက်ပိုင်းထိပ်တန်းအရှင်သခင်အပေါ် နားလည်မှုမလွဲဖို့အတွက် မင်းရဲ့စကားတွေကို သတိထားစေချင်တယ် ၊ ဒီလိုကိစ္စမျိုးကို မြောက်ပိုင်းထိပ်တန်းအရှင်သခင်က တစ်ခါမှမပြောဖူးဘူး မဟုတ်လား”
ထိုစကားကြားတော့ ကွမ်းယွိလော် ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
သူမ၏အဘိုးဖြစ်သူ မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ‘နေဝန်းထက်ယံသခင်လေး’ ဆိုသည့်နာမည်နှင့်ပတ်သက်ပြီး မှန်ကန်ကြောင်း တစ်ခါမှဝန်ခံပြောဆိုခဲ့ခြင်း မရှိပေ။
သူမက...
“ရှင်တို့က ‘ရန်’ သခင်လေးကို တစ်ခါမှမတွေ့ဘူးဘဲနဲ့... ဒါတွေအားလံးက မင်းတို့ဘက်ကအခြေအမြစ်မရှိဘဲ လျှောက်ပြောနေတာတွေပဲမဟုတ်လား”
ကွမ်းယွိလော်က ရန်ကျောက်ကဲနှင့် ခင်မင်ခြင်းမရှိဘဲ စောစောကမှသာ တစ်ကြိမ်တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်သည်။ သို့သော် သူက ဖန်းယွင်ရှန်းကို ခင်မင်သည့်စိတ်ဖြင့် ရန်ကျောက်ကဲဘက်မှ သတိလက်လွတ်ခုခံပေးနေခြင်းပင်။
“အသက် (၄၀)မတိုင်ခင် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ရောက်တဲ့သူမျိုး ဘယ်နှစ်ယောက်များတွေ့ဖူးလို့လဲ”
ထိုစကားကိုကြားတော့ နုန်လီတောင်မှသိုင်းကျင့်ကြံသူများက...
“မြောက်ဖေးတောင်ထွတ်က ကြာပန်းနီဒေဝီ’ဖုထင်’ ထက်တောင် သူကပိုပြီး အဆင့်တက်တာမြန်နေတာလား ၊ ဒါဆို သေချာပေါက်အတုအယောင်ပဲဖြစ်ရမယ်”
ကွမ်းယွိလော်က ကျန်းမော့ကိုလှမ်းကြည့်ရင်း...
“ဆရာဦးလေး... ‘ရန်’ သခင်လေးက သူ့အသက်အရွယ်ကို ဖုံးကွယ်မထားဘူး မဟုတ်လား”
ကျန်းမော့က ခေါင်းခါယမ်းရင်း...
“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါပြောနိုင်တာဘာမှမရှိဘူး”
ထိုစကားကိုကြားတော့ နုန်လီတောင်မှ သိုင်းသမားများအားလုံး ရယ်မောခြင်းကို ရပ်တန့်လိုက်ကြသည်။
ကျော်ကြားမှု ကာလရှည်ကြာပြီး သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသော ကျန်းမော့၏စကားကို သူတို့အားလုံး အလွယ်တကူ သံသယမဝင်ကြပေ။
သို့သော် သူတို့ထဲမှတစ်ယောက်က...
“မြောက်ပိုင်းကောင်းကင်’ကျန်းမော့’... မင်းအရင်က သူနဲ့တစ်ခါမှမတိုက်ခိုက်ခဲ့ဖူးဘူး မဟုတ်လား”
ကျန်းမော့က...
“တာအိုကိုရှာဖွေနေတဲ့သူတွေအချင်းချင်းပဲလေ ၊ ငါက အကြောင်းမရှိဘဲ တိုက်ခိုက်မှာမဟုတ်ဘူး”
နုန်လီတောင်မှသိုင်းကျင့်ကြံသူက...
“ဟုတ်ပါတယ် ၊ ဒီရန်ကျောက်ကဲနဲ့ သူတို့ဂိုဏ်းက ပြင်ပရတနာပစ္စည်းတွေအကူအညီနဲ့ ပြဿနာလျှောက်ရှာနေတာပဲ ၊ သူတို့ကို ကာကွယ်ပေးဖို့အတွက် မကောင်းတဲ့နည်းလမ်းတွေ ၊ လမ်းမှန်မဟုတ်တဲနည်းလမ်းတွေတောင် ရှိနေနိင်တယ်”
သူက ဆက်ပြောသည်။
“အောက်ဘုံကမ္ဘာကအဆက်အနွယ်လေးက မိုးကောင်ကင်ကိုထိတ်လန့်စေတဲ့ လူတစ်ယောက် ဘယ်လိုမွေးဖွားပေးနိုင်မှာလဲ ၊ တကယ့်ပါရမီရှင်ဆိုရင်တောင်မှ အဲဒီအောက်ဘုံကမ္ဘာမှာပဲ သူ့အရည်အချင်းက အလကားဖြစ်သွားမှာပဲ”
“သူတို့က ရတနာပစ္စည်းတွေအများကြီးနဲ့ အထက်ဘုံကမ္ဘာကိုရောက်လာတာ ၊ ဒီမှာ ခြေကုပ်ရယူဖို့အတွက် မျက်နှာပြောင်ပြောင်နဲ့ ဟန်ဆောင်နေကြတာပဲ ၊ ပထမဆုံးအချက်ကတော့ တာအိုဝါဒရဲ့ အရှေ့ပိုင်းတောင်တထွတ်ဖြစ်တဲ့ ‘ဝါဒတောင်’ နာမည်ကို ယူသုံးထားတာပဲ ၊ ဒါမှ တခြားသူတွေ သူတို့ကိုယုံကြည်အောင် လှည့်စားလို့ရမှာလေ”
နုန်လီတောင်မှ သိုင်းကျင့်ကြံသူက ရယ်မောလိုက်ရင်း...
“ဒါပေါ့လေ... ဒီလိုမှမလုပ်ရင်လည်း ကျင်းထင်တောင်ရဲ့ယုံကြည်မှုကို ဘယ်လိုလုပ်ရရှိမှာလဲ ၊ အထက်ဘုံကမ္ဘာမှာ ဒီလောက်ပြဿနာကြီးကြီးကျယ်ကျယ်တွေ ဘယ်လိုရှာဖွေနိုင်မလဲ”
ကွမ်းယွိလော်က ဒေါသတကြီးဖြင့်...
“ဝါဒတောင်က မဟာကပ််ဘေးကြီးမတိုင်ခင် တာအိုဝါဒရဲ့ တောင်ထွတ် (၅)ခုရဲ့နာမည်ကိုယူထားတာကို ရှင်တို့တွေက မကျေနပ်ဘူးလား”
သူ့စကားကြားတော့ နုန်လီတောင်မှ သိုင်းသမားက ဒေါသမထွက်သည့်အပြင် ပြုံးလိုက်၏။
“ဒါပေါ့ ၊ မှားယွင်းတဲ့ဂုဏ်သတင်းကို ဆွဲကိုင်သူတွေကို ငါတို့က ကျေနပ်ပါ့မလား ၊ သူတို့မှာ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တောင် ရှိတာမဟုတ်ဘူး ၊ ဒီတော့ သူတို့က ဘယ်လိုအရည်အချင်းမျိုးနဲ့ ဝါဒတောင်နာမည်ခံထားရတာလဲ”
ကျန်းမော့က မည်သည့်စကားမှမဆိုဘဲ ထိုသူကိုစိုက်ကြည့်နေသည်။
သူသိသလောက် ဤအချက်တစ်ခုတည်းသာ မဟုတ်ပေ။
အနောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်တို့၏ဆက်ဆံရေးက အမှန်တကယ်ပင် ဆိုးရွားလှသည်။
သို့ပေသိ အနောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် ပိုးသားဧကရာဇ်၏ဆက်ဆံရေးက မဆိုးလှသလို ၊ အနောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် ချန်းဧကရာဇ်တို့သည်လည်း ဆက်ဆံရေးကောင်းမွန်သူများ ဖြစ်ကြသည်။
ကွမ်းယွိလော်က...
“အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်က ကြယ်ခြေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ က သိုင်းသူတော်စင် နဝမအဆင့်ပဲ ၊ သူက ဝါဒတောင်မှာ သေဆုံးသွားတာ”
“ဒါက ပြင်ပရတနာပစ္စည်းတွေကြောင့်ပဲလေ...”
နုန်လီတောင်မှ သိုင်းသမားက ဖြည်းညင်းစွာဆိုသည်။
“ဒါပေမဲ့ သူတို့ရဲ့နည်းလမ်းတွေက လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတွေကိုတော့ လှည့်စားနိုင်မှာ မဟုတ်ဘူး”
သူတို့၏စကားသံများက ရန်ကျောက်ကဲနားထဲလွင့်ပျံလာသည့်အခါ သူက တစ်ချက်ရယ်မောရင်း မနှေးမမြန်ခြေလှမ်းများဖြင့် လမ်းလျှောက်လာလေသည်။