ရန်ကျောက်ကဲကိုမြင်တောင်မြင်လိုက်ရဘဲရှုံးနိမ့်သွားခြင်း
Vol. 66 Ch. 928
အခန်း (၉၂၈) ရန်ကျောက်ကဲကိုမြင်တောင်မြင်လိုက်ရဘဲရှုံးနိမ့်သွားခြင်း
ကွမ်းယွိလော်က အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏အဆက်အနွယ်များနှင့် အငြင်းပွားနေသည်ကို ကျန်းမော့က ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
သူတို့ ယွင်ကဲတောင် ၊ လျိုရွှမ်ကျောင်းတော်နှင့် နုန်လီတောင်မှလူများကြားတွင် ပဋိပက္ခများမရှိခဲ့ပါက ယေဘူယျအားဖြင့် သူတို့ကြားတွင် အေးအေးဆေးဆေးပင် ရှိမည် ဖြစ်၏။
ပြီးတော့ သူတို့က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်တောင်နှင့်လည်း ထူးခြားသည့်အဆက်အသွယ် မရှိပေ။
ဖန်းယွင်ရှန်းက ဝါဒတောင်မှလူဖြစ်သောကြောင့်သာ ကွမ်းယွိလော်က ရန်ကျောက်ကဲအတွက် ခုခံကာကွယ်ပေးနေခြင်း ဖြစ်၏။
သူမက ငယ်ရွယ်ပြီး ကျင့်ကြံခြင်းအဆင့်လည်းနည်းပါးသူဖြစ်သည်။ ထို့ကြောင့် သူမက မြောက်ပိုင်ထိပ်တန်းအရှင်သခင်၏ မြေးမလေးဖြစ်သည့်တိုင် သူမပြောသည့်စကားများက ပြဿနာမရှိသလို ဘောင်မဝင်လှပေ။
သို့သော် ကျန်းမော့ကတော့ ရန်ကျောက်ကဲကိုယ်စား ဘာမှပြောမပေးနိုင်ပေ။
မြောက်ပိုင်းထိပ်တန်းအရှင်သခင်က အထက်ဘုံကမ္ဘာရှိ မြောက်ပိုင်းနက်ရှိုင်းကောင်ကင်ပြည်နယ်တွင် နေထိုင်လေ့ရှိပြီး ထိုနေရာမှထွက်ခွာသည်မှာ အလွန်ရှားပါးသည်။
ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏တိုက်ပွဲကို ကြည့်ရှုရန်ရောက်လာသော ကျန်းမော့သည် မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို ကိုယ်စားပြုလေရာ သူ၏အပြောအဆို အပြုအမူများကို သတိထားရသည်က အမှန်ပင် ဖြစ်သည်။
သူက ရန်ကျောက်ကဲနှင့် တစ်ကြိမ်သာတွေ့ဆုံဖူးပြီး ရိုးရှင်းသောစကားအနည်းငယ်သာ ပြောဆိုခဲ့လေရာ ထိုသူ့အကြောင်း လေးလေးနက်နက် နားလည်ရန်မှာ မဖြစ်နိုင်ပေ။
သို့တိုင် ထိုလူငယ်သည် အခြားသူများကိုလှည့်စားပြီး အတုအယောင်ကျော်ကြားမှုများနောက်သို့လိုက်သူမဟုတ်ကြောင်း ကျန်းမော့ခံစားရသည်။
နုန်လီတောင်မှ သိုင်းသမားများက ရန်ကျောက်ကဲနှင့် ဝါဒတောင်ကိုစော်ကာားခြင်းမှာ အောက်ဘုံကမ္ဘာမှ သိုင်းဂိုဏ်းတစ်ခုက သူတို့နှင့်သူညီသော ဇာစ်မြစ်ဖြစ်သည့် တာအိုဝါဒ တောင်ထွတ် (၅)ခု၏အမည်ကို ဆက်ခံထားခြင်းအား မကျေနပ်ကြသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းပင် သူတို့က အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ကို မကျေနပ်ကြသောကြောင့်လည်း ဖြစ်၏။
အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ တို့ တိုက်ခိုက်ကြသည့်အခါ အနောက်ပိုင်းထိပ်တန်းအရှင်သခင်က တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
မကြာသေးမီကပင် အနောက်ပိုင်းထိပ်တန်းအရှင်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့သည်။ သူက တောင်ပိုင်းထိပ်တန်းအရှင်သခင်နှင့် ရင်းနှီးခြင်းမရှိသော်လည်း ပူးပေါင်းရန်အတွက် ရည်ရွယ်ချက်အချို့ ရှိကောင်းရှိနိုင်သည်။
အနောက်ပိုင်းထိပ်တန်းအရှင်သခင်က ပိုးသားဧကရာဇ်နှင့် အတော်လေး ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ သို့ဖြစ်ရာ ချောင်ကျယ်နှင့် အနောက်ပိုင်းထိပ်တန်းအရှင်သခင်ကြား ပဋိပက္ခဖြစ်လျှင် ပြေလည်အောင်ညှိနှိုင်းရန် ကူညီပေးမည် မဟုတ်ပေ။
ချန်းဧကရာဇ်က ပိုးသားဧကရာဇ်ကို ထိန်းထားပြီး အနောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်တို့ ပူးပေါင်းလိုက်မည်ဆိုပါက အရှေ့တောင်ထိပ်တန်းအရှင်သခင်အနေဖြင့် လွယ်ကူသည့်အခြေအနေတွင်ရှိမည် မဟုတ်ပေ။
ဝါဒတောင်က ကျင်းထင်တောင်နှင့်အလွန်ရင်းနှီးသည်ဖြစ်လေရာ နုန်လီတောင်၏မျက်စိထဲတွင် သူတို့က ဆူးများပမာ ဖြစ်ရသည်။
ကျန်းမော့က ခေါင်းတစ်ချက်ခါယမ်းလိုက်စဉ် သူ့စိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။ ယခုရှိနေသည့် လူများအားလုံးထဲတွင် သူက ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံး ဖြစ်၏။
ထို့ကြောင့် သူက မည်သည့်အရာကိုမဆို ပထမဆုံး သတိပြုမိခဲ့သည်။
ဘေးသို့လှည့်ကြည့်လိုက်တော့ အပြာရောင်ဝတ်ရုံးခြုံထားသည့် ရန်ကျောက်ကဲကိုတွေ့ရပြီး သူ၏မျက်ဝန်းများက ကြယ်စင်ရောင်ပမာတောက်ပလျှက် သူတို့ရှိရာသို့ ဖြည်းညင်းစွာလမ်းလျှောက်လာသည်ကို တွေ့ရသည်။
ရန်ကျောက်ကဲနှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်စရှိနေပြီး နုန်လီတောင်မှသိုင်းသမားများကို စိတ်အေးလက်အေးပင် ကြည့်နေခဲ့သည်။
ကျန်းမော့ လှမ်းကြည့်သည်ကိုတွေ့တော့ ရန်ကျောက်ကဲက ခေါင်းညိတ်ပြုံးပြနှုတ်ဆက်လိုက်သည်။
သို့တိင် ရန်ကျောက်ကဲအပြုံးကို တွေ့မြင်သည်နှင့် ကျန်းမော့ သိရှိလိုက်သည်မှာ -
“သူ အကုန်ကြားသွားပြီပဲ...”
ရန်ကျောက်ကဲ၏အကြည့်က ကျန်းမော့ထံမှရွေ့လျားသွားပြီး ပေါ့ပေါ့ပါးပါးပင် အခြားသူများကို အကဲခတ်လိုက်သည်။
သူ၏အကြည့်ပထမဆုံး ကျရောက်သွားသူက အသက် (၂၈)နှစ်ခန့် အသွင်ရှိသော မိန်းမပျိုတစ်ယောကဖြစ်၏။
သူမက လှသည်လည်းမဟုတ် ၊ ရုပ်ဆိုးသည်လည်းမဟုတ်ပေ။ သို့ပေသိ သူမ၏ရောင်ဝါကိုအာရုံခံမိသည်နှင့် သာမန်လူတစ်ယောက်မဟုတ်ကြောင်း သိရှိနိုင်သည်။
သူမ၏ အဝတ်အစားများကိုကြည့်ရသည်မှာ မြောက်ဖေးတောင်ထွတ်မှတပည့်တစ်ယောက် ဖြစ်ပုံရသည်။
သို့သော် ဖုထင်၏ ဝတ်စားဆင်ယင်မှုနှင့် အရင်တွေ့မြင်ခဲ့ဖူးသော မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများ၏ ဝတ်စားဆင်ယင်မှုဖြင့် အနည်းငယ်မျှ ကွဲပြားမှုရှိသည်။
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ကြည့်ရတာ သူက ကြာပန်းနီကမ်းပါးက တပည့်မဟုတ်လောက်ဘူး ၊ မြောက်ဖေးတောင်ထွတ်ရဲ့ တခြားအိမ်တော်တစ်ခုက ဆင်းသက်လာတဲ့အဆက်အနွယ်ဖြစ်ရမယ်”
ပိုးသားဧကရာဇ်က မြောက်ဖေးတောင်ထွတ်၏အရှင်သခင်ဖြစ်သည်။ ကြာပန်းနီကမ်းပါးက သူ၏တရားဝင် တာအိုနန်းတော်တည်ရှိရာနေရာဖြစ်ပြီး ဖုထင်နှင့်အခြားသူများက သူ၏တပည့်ရင်းများဟု မှတ်ယူနိုင်သည်။
ကြာပန်းနီကမ်းပါးအပြင် မြောက်ဖေးတောင်ထွတ်တွင် အခြားသော နေရာများလည်း ရှိနေသေးသည်။ ထိုက်စုယွမ်ကျွင်း၏ တာအိုနန်းတော်နှင့် အခြားသူများ၏တာအိုနန်းတော်များ ဖြစ်လေသည်။
ထိုသူများအားလုံးက ထိုက်ချင်အဆက်အနွယ်များဖြစ်ကြပြီး တာအိုဆရာရွှမ်ကျုန်းမှဆင်းသက်လာသူများ ဖြစ်ကြ၏။
သို့သော် အပြင်လူများအတွက်တော့ မြောက်ဖေးတောင်ထွတ်မှလူများအားလုံးက ပိုးသားဧကရာဇ်၏အဆက်အနွယ်များဟုသာ မှတ်ယူထားကြသည်။
နတ်ဘုရားများနှင့် နတ်ဘုရားမဖြစ်သေးသောသူများကြားမှ အကွာအဝေးက အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။ နတ်ဘုရားအဆင့်သို့တက်ရောက်ပြီးလျှင် အရာများစွာသည် တူညီတော့မည် မဟုတ်ပေ။
သို့ဖြစ်ရာ မြောက်ဖေးတောင်ထွတ်အတွင်းပိုင်းတွင် မတူညီသောဆရာများမှ သင်ပြပေးသည့် အဆက်အနွယ်အသီးသီး ကွဲပြားကြသည့်တိုင် ထိုအချက်က ပြဿနာမဟုတ်ပေ။
ယခု တွေ့ရသောမိန်းကလေးက ထိုက်စုယွမ်ကျွင်း၏ ကိုယ်ပိုင်တပည့်ဖြစ်သည်။
နုန်လီတောင်နှင့် မြောက်ဖေးတောင်ထွတ်၏ဆက်ဆံရေးက ကောင်းမွန်သည်ဖြစ်ပြီး အထူးသဖြင့် အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏ဇနီးနှင့် ထိုက်စုယွမ်ကျွင်းတို့က ငယ်စဉ်ကပင်ခင်မင်သည့် သူငယ်ချင်းများ ဖြစ်ကြ၏။
ထို့ကြောင့် နုန်လီတောင်မှသိုင်းသမားများ တောက်ယွိကို လာရောက်ဂါရဝပြုသည့်အခါ တောက်ယွိက သူမ၏တပည့်ကို လိုက်ပါပို့ဆောင်ခိုင်းလိုက်ခြင်း ဖြစ်သည်။
အခြေအနေကိုနားလည်သည့်ကျန်းမော့ကတော့ ရန်ကျောက်ကဲကို မည်သို့မှမတတ်နိုင်စွာ မျက်မှောင်ကြုံ့ရင်း ကြည့်နေမိတော့သည်။
ယနေ့ မတိုင်ခင်က ရန်ကျောက်ကဲကို တစ်ခါမှမတွေ့ဖူးသော်လည်း ဤလူငယ်က လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း မြင့်မားလှကြောင်း ယောင်ဝါးဝါးရိပ်မိနိုင်သည်။
သိုင်းကျင့်ကြံသူအများစုက ယေဘူယျအားဖြင့် စိတ်ဓာတ်ခိုင်မာပြီး မတုန်လှုပ်သော ကိုယ်ရည်ကိုယ်သွေးများ ရှိကြသည်။
အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် အောင်မြင်ကျော်ကြားမှုရရှိထားသော ရန်ကျောက်ကဲလိုလူမျိုးအတွက် ပို၍ပင် သွေးပူပြီး မာန်မာနကြီးမည် ဖြစ်သည်။
ရန်ကျောက်ကဲက သူ၏ကျင့်ကြံခြင်းအဆင့်ကို တမင်တကာ ပြသထုတ်ဖော်ထားခြင်းမရှိသော်လည်း ဖုံးကွယ်ထားခြင်းလည်း မရှိပေ။ သို့ဖြစ်ရာ သူက သိုသိုသိပ်သိပ်နေတတ်သူမဟုတ်သည်မှာ ထင်ရှားသည်။
ကြည့်ရသည်မှာ သူ့ကိုလှောင်ပြောင်သည့် နုန်လီတောင်မှ သိုင်းသမားများကို သူက ဤနေရာမှာပင် လက်တုံ့ပြန်နိုင်ဖွယ်ရှိသည်။
ရန်ကျောက်ကဲက တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏တပည့်ကိုသတ်ဖြတ်ခဲ့သည့်ကိစ္စက ကမ္ဘာတစ်ဝှမ်းပျံ့နှံ့သွားသည်မှာ ကြာမြင့်ခဲ့ပေပြီ။
သူ၏ဆရာဘိုးဘိုးဖြစ်သော ဝါဒတောင်ဂိုဏ်းချုပ်ဟောင်း ယွမ်ကျန်းဖုန်းသည်လည်း အရှေ့တောင်နတ်ဓားမယ်နှင့်အတူ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကိုတိုက်ခိုက်ခဲ့ပြီး ရန်သူအများအပြားကို သတ်ဖြတ်ပစ်ခဲ့သည်။
နုန်လီတောင်သိုင်းသမားများက အနောက်ပိုင်းထိပ်တန်းအဆက်အနွယ်များ ဖြစ်ကြသော်လည်း ရန်ကျောက်ကဲကတော့ သူတို့၏စော်ကားမော်ကားပြောဆိုမှုများကို သည်းမခံနိုင်ပေ။
ပြဿနာမှာ သူတို့က လက်ရှိတွင် မြောက်ဖေးတောင်ထွတ်ပိုင်နက်ထဲတွင် ရှိနေခြင်း ဖြစ်၏။ အတိအကျပြောရမည်ဆိုလျှင် ထိုက်စုယွမ်ကျွင်း ‘တောက်ယွိ’ ၏ ပိုင်နက်တွင်ရှိနေသည်ဟု ဆိုနိုင်သည်။
မြောက်ပိုင်းထိပ်တန်းအဆက်အနွယ်များဖြစ်သော ကျန်းမော့တို့အုပ်စုနှင့် နုန်လီတောင်မှအုပ်စုတို့ ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင်တောင်မှ တောက်ယွိက နုန်လီတောင်ကို ကူညီပေးမည် ဖြစ်သည်။
တောက်ယွိက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ပိုးသားဧကရာဇ်နှင့်လည်း ထူးခြားသောဆက်ဆံရေးရှိသူ ဖြစ်သည်။ ရန်ကျောက်ကဲအနေဖြင့် သူမကိုစော်ကားမိမည်ဆိုလျှင် အကျိုးဆက်ကလုံးဝ ကောင်းမွန်မည် မဟုတ်ပေ။
ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ ဝါဒတောင်တွင်သေဆုံးရသည်မှန်သော်လည်း ထိုသူ မည်သို့အသတ်ခံရကြောင်း အတိအကျပြောဆိုရန် ခက်ခဲသည်။
လက်ရှိတွင် ရန်ကျောက်ကဲက တစ်ယောက်တည်းခရီးသွားနေသူဖြစ်ပြီး သူ့ကိုကူညီမည့်သူ လုံးဝမရှိပေ။
ထို့ပြင် (၂)ယောက်လုံးက အမတကူးပြောင်းခြင်း ၊ နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်များဖြစ်ကြသည့်တိုင် တောက်ယွိက ကွမ်းလီတဲ့ထက် များစွာ တန်ခိုးစွမ်းအားပိုမိုမြင့်မားသည်။
ပြီးတော့ တောက်ယွိက အေးအေးဆေးဆေးနေထိုင်တတ်သူတစ်ယောက်မဟုတ်ပေ။
အထက်ဘုံကမ္ဘာတစ်ခွင်တွင် “ထိုက်စုယွမ်ကျွင်း” ဆိုသည်က အလွန်မာနကြီးပြီး သူမကိုလာရောက်ထိခိုက်လျှင် သည်းခံသူတစ်ယောက် မဟုတ်ကြောင်း ကျော်ကြားလှသည်။
“နုန်လီတောင်ကလူတွေအားလုံးက နတ်ဘုရားသိမြင်ခြင်းအင့် သိုင်းသူတော်စင်တွေပဲ ၊ ပြီးတော့ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်တွေလည်း အများကြီးပဲ”
ကျန်းမော့ တွေးလိုက်သည်။
“ဒီရန်ကျောက်ကဲက ထူးခြားတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ရင်တောင်မှ သူ ဒီနေရာမှာ တိုက်ခိုက်မယ်ဆိုရင် ထိုက်စုယွမ်ကျွင်းကို စော်ကားသလိုဖြစ်မှာပဲ ၊ သူ့အတွက် ဘာမှအကျိုးမရှိဘဲ အဆုံးသတ်သွားနိုင်တယ်”
ကျန်းမော့က ကွမ်းယွိလော်ကိုကြည့်ရင်း စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
“ထားလိုက်တော့ ၊ ငါတို့ သူ့ကိုကူညီနိုင်မလား ကြည့်ကြတာပေါ့”
မြောက်ဖေးတာင်ထွတ်မှ မိန်းကလေးတပည့်က ကွမ်းယွိလော်နှင့် နုန်လီတောင်မှသိုင်းသမားများကြား အငြင်းပွားမှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။
သို့တိုင် ကျန်းမော့၏မူမမှန်သောအမူအရာကို သတိပြုမိသည့်အခါ သူမသည်လည်း ကျန်းမော့ကြည့်ရာသို့ လှမ်းကြည့်လိုက်မိ၏။
ငြင်းခုံနေသူများမှာလည်း တစ်စုံတစ်ခုကို ခံစားမိသွားပြီး လှမ်းကြည့်လိုက်ကြသည်။
သို့သော် နုန်လီတောင်မှ သိုင်းသမားများမှာ ဘာကိုမှမတွေ့မြင်ရခင်မှာပင် သူတို့ရှေ့မှ ကမ္ဘာလောကတစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားကြောင်း ခံစားလိုက်ရသည်။
အသံမဲ့တိတ်ဆိတ်ငြိမ်သက်နေသည့် အနက်ရောင်အလင်းတန်းက ချက်ချင်းဆိုသလိုကျယ်ပြန့်လာပြီး ကြိုတင်သတိပေးခြင်းမရှိဘဲ ရုတ်တရက်ဆင်းသက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ညအမှောင်ထုဖြင့် လွှမ်းခြုံခံရသောအရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။
ထိုအမှောင်ထုထဲတွင် ရန်ကျောက်ကဲက အေးအေးဆေးဆေးပင် ထွက်ပေါ်လာသည်။
ကျန်းမော့တို့အုပ်စုက ပတ်ဝန်းကျင်ကိုအကဲခတ်ရင်း နောက်သို့အသာပြန်ဆုတ်လိုက်ကြသည်။
နုန်လီတောင်မှ သိုင်းသမားများကတော့ ဤခဏတွင် အာရုံခံစားမှုများအားလုံး ပျောက်ဆုံးသွားပြီး မျက်လုံးများပြူးကျယ်ဝိုင်စက်လျှက် သစ်သားရုပ်များပမာ အသက်မရှိ ၊ ခန္ဓာကိုယ်များမရွေ့လျားနိုင်တော့ဘဲ နေရာမှာပင် အမြစ်တွယ်လျှက် ရှိနေကြသည်။
သို့ရာတွင် နုန်လီတောင်မှလူများနှင့် အလွန်နီးကပ်စွာရှီနေသော ကွမ်းယွိလော်နှင့် ရွှမ်လျိုကျောင်းတော်မှသိုင်းကျင့်ကြံသူများအားလုံးမှာ အနည်းငယ်ပင် ထိခိုက်မှုမရှိခဲ့ပေ။
နုန်လီတောင်မှလူများကို လိုက်ပါပို့ဆောင်ပေးသည့် မြောက်ဖေးတောင်ထွတ်မှ မိန်းမပျိုက အံ့အားသင့်သွားပြီးနောက် သူ၏မျက်နှာထက််တွင် ထိတ်လန့်တုန်လှုပ်မှုများ ထွက်ပေါ်လာသည်။
“ရှင်က...”
ရန်ကျောက်ကဲက နုန်လီတောင်မှသိုင်းသမားများကိုအရေးမစိုက်ဘဲ မိန်းမပျိုကို ပြုံးပြရင်း...
“ငါက ရန်ကျောက်ကဲပါ ၊ ပိုးသားဧကရာဇ်နဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရဲ့တိုက်ပွဲကို ကြည့်ရှုဖို့ရောက်လာတပါ ၊ ဒီကိုလာရင်းနဲ့ ထိုက်စုယွမ်ကျွင်းကိုလည်း လာရောက်ဂါရဝပြုတာပါ ၊ ဒါပေမဲ့ ဒီနေ့ မယဉ်မကျေးပြုမိသွားရင် အပြစ်မတင်ပါနဲ့”