မောက်မာပြီးသည်းခံမည်မဟုတ်သော ‘ရန်ကျောက်ကဲ’
Vol. 66 Ch. 929
အခန်း (၉၂၉) မောက်မာပြီးသည်းခံမည်မဟုတ်သော ‘ရန်ကျောက်ကဲ’
“အဲဒါက ထာဝရညမိုးကြိုးမဟုတ်လား”
ကျန်းမော့က ဗဟုသုတကြွယ်ဝသူဖြစ်ပြီး ထူးခြားသောအမြင်ရှိသူလည်းဖြစ်လေရာ သူ့အရှေ့မှ အမှောင်ထု၏ဇာစ်မြစ်ကို ချက်ချင်းပင် သိရှိလိုက်သည်။
ထာဝရညမိုးကြိုးသည် အဆုံးမရှိသော အမှောင်ထုကို မွေးဖွားပေးသည်ဖြစ်ရာ ရန်သူများအားလုံး၏ အာရုံခံနိုင်စွမ်းနှင့် အတွေးအမြင်များအားလုံးကိုဖိနှိပ်ထားသည့် ထာဝရညဆင်းသက်လာပုံနှင့်ဆင်တူသည်။
ထာဝရညမိုးကြိုးစွမ်းအား အတိုင်းအတာတစ်ခုအထိ လွှမ်းခြုံခံရသူများမှာ တွေးတော၍မရ ၊ မမြင်ရ ၊ မကြားရ ၊ မခံစားနိုင်သော အနေအထားသို့ရောက်ရှိသွားပြီး နက်ရှိုင်းစွာ ငိုက်မျည်းသွားသကဲ့သို့ ဖြစ်ရသည်။
ထိုသို့သောအချိန်တွင် ရန်သူက သူတို့အား ဘဲတစ်ကောင်သတ်ဖြတ်သလို သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။
ဤသည်မှာ ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးထဲမှ ပညာရပ်တစ်ခုဖြစ်တဲ့ ‘ထာဝရညမိုးကြိုး’ စွမ်းအား အစစ်အမှန်ပင် ဖြစ်သည်။
သို့သော် ဤပညာကိုအသုံးပြုမည်ဆိုပါက ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်နှင့် ပစ်မှတ်၏ကျင့်ကြံခြင်းအဆင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။
ရန်ကျောက်ကဲက ထာဝရညမိုးကြိုးစွမ်းအားကို အသုံးပြုလိုက်သည့်အခါ ရန်ကျောက်ကဲနှင့် ကျင့်ကြံခြင်းအဆင့်တူညီသူများကိုပါ ထိန်းချုပ်နိုင်စွမ်းရှိလိမ့်မည်ဟု ကျန်းမော့က ထင်မထားခဲ့ပေ။
ထို့ပြင် ရန်ကျောက်ကဲ ထိန်းချုပ်လိုက်သည်က နုန်လီတောင်မှသိုင်းသမားများ တစ်ယောက်နှစ်ယောက်မျှသာမဟုတ်ဘဲ တစ်ဖွဲ့လုံး ဖြစ်လေသည်။
ကျန်းမော့ကိုပိုပြီးတုန်လှုပ်စေသည်မှာ ရန်ကျောက်ကဲက မိုးကြိုးစွမ်းအားထုတ်ဖော်အသုံးပြုလိုက်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ထုလွှမ်းခြုံသွားသော်လည်း မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ် ၊ ရွှမ်လျိုကျောင်းတော်မှ သိုင်းသမားများကို လုံးဝ သက်ရောက်စေခြင်းမရှိပေ။
ထာဝရညမိုးကြိုးစွမ်းအားသည် နုန်လီတောင်သိုင်းသမားများကိုသာ ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။
သိုင်းဆရာသခင်တစ်ယောက်ဖြစ်သည့် ကွမ်းယွိလော်ကိုပင် ထိခိုက်ခြင်းမရှိခဲ့ဘဲ ရန်ကျောက်ကဲက ကြီးမားသည့်အလုပ်တစ်ခုကို သက်သောင့်သက်သာဖြင့်သာ လုပ်ဆောင်ခဲ့သည်။
ကျင့်ကြံသူတစ်ယောက်၏တန်ခိုးစွမ်းအားမြင့်မားလေ ထာဝရညမိုးကြိုးစွမ်းအားက ပိုမိုအားကောင်းလေပဲ ဖြစ်သည်။
ရန်ကျောက်ကဲက ကိစ္စရပ်များကို ဤအတိုင်းအတာအထိ အောင်မြင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း ပြသနေသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲက သာမန်နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များထက် များစွာသာလွန်သည်မှာ သေချာသည်။
“တော်လိုက်တာ... နာမည်ကြီးထိုက်ပါပေတယ်”
ကျန်းမော့ စိတ်ထဲမှချီးကျူးလိုက်သည်။
“ဒါပေမဲ့ ဒီတိုက်ပွဲက ထိုက်စုယွမ်ကျွင်းရှေ့မှာ ဖြစ်နေတယ်...”
သူတို့အားလုံးက ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေရှေ့တွင် ရောက်ရှိနေသည်ဖြစ်ရာ သိုင်းသူတော်စင် နဝမအဆင့်ရှိသော တောက်ယွိက လျစ်လျူရှုထားမည် မဟုတ်ပေ။
ထိုအချိန်မှာပင်...
ရွက်လှေဆီမှ အေးစက်သော ‘ဟင့်’ ခနဲ နှာခေါင်းရှုံသံတစ်သံထွက်ပေါ်လာသည်။
ထို့နောက် ရိုးရှင်းသော ရောင်စုံတိမ်တိုက်ချီများ သူတို့အားလုံး၏ ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာသည်။
တိမ်တိုက်ချီ ဖြတ်သန်းသွားရာနေရာတိုင်းတွင် အမှောင်ထု၏ဝါးမျိုခြင်းကို မခံရဘဲ အမှောင်ထုနှင့်ရောနှောသွားပြီး ထာဝရညအလယ်တွင် ဝေဝါးသည့်မြင်ကွင်းများ ထွက်ပေါ်လာသည်။
သို့သော် ထိုခဏမှာပင် အမှောင်ထု၏အပြင်ဘက်တွင် အလင်းရောင်များတောက်ပလွှမ်းခြုံလာပြီး အမှောင်ထုကို ဖန်သားပြင်တစ်ခုပမာ ဖုံးအုပ်သွားသည်။
ထိုတောက်ပသည့်အလင်းရောင်ကြောင့် ရိုးရှင်းသည့်တိမ်တိုက်ချီသည် အမှောင်ထုကို မတိုက်ခိုက်နိုင်တော့ဘဲ ရှရသည်။
“ထူးကဲယန်စည်းတံဆိပ်...”
အမျိုးသမီးတစ်ယောက်၏ အေးစက်သောအသံက ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေထက်မှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ငါက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းမသုံးရင်တောင်မှ မင်းငါ့ကို တားဆီးနိုင်မှာမဟုတ်ဘူး”
နဂိုက အာကာသထဲတွင် ငြိမ်သက်စွာရှိနေသည့် ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေကြီး ရုတ်တရက်တုန်လှုပ်သွားသည်။
ရွက်လှေကြီးပတ်ပတ်လည်တွင် ပွင့်အာလာသည့် ကြာပန်းနီကြီးတစ်ပွင့်ပမာ မီးတောက်များ ထါက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ရွက်လှေကြီး၏ပတ်ဝန်းကျင်မှ ကြာပန်းနီပွင့်ချပ်များသည်လည်း လေတိုက်၍လှုပ်ခတ်သည့်အလား လှုပ်ခတ်သွားပုံရသည်။
ကြာပန်းနီပွင့်ချပ်များထက်တွင် မတ်တတ်ရပ်နေကြသည့် သိုင်းကျင့်ကြံသူများက အလယ်ဗဟိုတွင်ရှိနေသည့် လေဟုန်စီးကောင်းကင်ရွက်လှေထံသို့ အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ကြ၏။
ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေထက်သို့ ထိုက်ကျိကားချပ် ပျံသန်းထွက်ပေါ်လာပြီး ထူးကဲယန်စည်းတံဆိပ်ကို ထိန်းချုပ်ထားလိုက်သည်။
ပိုးသားဧကရာဇ်ကိုယ်တိုင် ပြုလုပ်ထားသော ဤကောင်းကင်ရွက်လှေကြီးသည် သာမန် လေဟုန်စီးကောင်းကင်ရွက်လှေများထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သည်။
ထိုအရာကို နက်နဲသည့်လက်နက်တစ်ခုဟုပင် သတ်မှတ်နိုင်သည်။
ထူးကဲယန်စည်းတံဆိပ်က အလွန်တရားစွမ်းအားကြီးမားသော်လည်း ရန်ကျောက်ကဲက အမတကူးပြောင်းခြင်းအဆင့်သို့ မရောက်ရှိသေးသဖြင့် ၎င်း၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိပေ။
အဖြူရောင်နှင့်အနက်ရောင် အမြွှာချီစွမ်းအား (၂)ခုဖြင့် ဖွဲ့စည်းထားသည့် ထိုက်ကျိကားချပ်က ထူးကဲန်စည်းတံဆိပ်ကို အတင်းအကျပ်ထိုက်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ ၎င်း၏လှုပ်ရှားမှုများကို ရိုးရှင်းစွာ ထိန်းချုပ်တားဆီးထားသည်။
ထိုအချိန်ခဏလေးသည်ပင် လေဟုန်စီးကောင်းကင်ရွက်လှေထက်မှလူအတွက် တိုက်ခိုက်ရန် အချိန်လုံလောက်သွားပြီ ဖြစ်သည်။
မည်သည့်ကြိုတင်သတိပေးမှုမှမရှိဘဲ လက်ဖဝါးတစ်စင်းသည် အမှောင်ထုကိုဖြတ်ကျော်ကာ ရန်ကျောက်ကဲထံသို့ ဝင်ရောက်လာသည်။
ရန်ကျောက်ကဲ မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိဘဲ သူ့လက်ထဲတွင် ကြီးမားသည့် ကျောက်စိမ်းဖြူပုဆိန်တစ်လက်ပေါ်လာကာ ကျောက်စိမ်းသားပမာသွယ်လျသော်လည်း ကြောက်မက်ဖွယ်ရာ လက်ဖဝါးကို ခုတ်ပိုင်းချလိုက်သည်။
နှစ်ဘက်ကြားထိပ်တိုက်တွေ့မှုက လူတိုင်းကိုလွှမ်းခြုံထားသည့် အမှောင်ထုကို ဖြိုခွဲလုနီးပါး ဖြစ်သွားသည်။
သို့သော် ရန်ကျောက်ကဲ၏အခြားလက်တစ်ဖက်က အသာအယာလှုပ်ရှားလိုက်လေရာ ယင်ယန်လက်ချောင်းသိုင်း၏ စွမ်းအားဒီရေလှိုင်းများမြင့်တက်လာပြီး အမှောင်ထုကြားတွင် အဆက်မပြတ်စီးဆင်းကာ အံ့သြဖွယ်ရာမျှခြေကို ပြုလုပ်လိုက်၏။
ထာဝရညမိုးကြိုးမှဖြစ်တည်လာသော အမှောင်ညသည် ပြိုကွဲသွားခြင်း မရှိခဲ့ပေ။
ဒါကိုကြည့်ပြီး ကျန်းမော့နှင့် အခြားသူများ အံ့သြသွားကြသည်။
ထူးကဲယန်စည်းတံဆိပ်အပြင် ရန်ကျောက်ကဲတွင် နောက်ထပ် အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခု ရှိနေပေသေးသည်။
ထို့ထက်ပိုပြီးအရေးကြီးသည်က -
နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ရှိသော ရန်ကျောက်ကဲက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ရှိသော ‘တောက်ယွိ’ နှင့် ထိပ်တိုက်ရင်ဆိုင်နေခြင်း ဖြစ်သည်။
ရန်ကျောက်ကဲလက်ထဲတွင် မိုးမြေပြောင်းပြန်ပုဆိန်ကို ဆုပ်ကိုင်ထားသော်လည်း အမတကူပြောင်းခြင်းအဆင့်သို့ မတက်ရောက်ရသေးသဖြင့် စွမ်းအားအပြည့်ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ပြီးတော့ တောက်ယွိကလည်း သာမန် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် မဟုတ်ပေ။
ကျန်းမော့သည်ပင် သာမန် သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူများကို စိန်ခေါ်ရန် ယုံကြည်မှုရှိသော်လည်း တောက်ယွိကိုစိန်ခေါ်ရန်မှာတော့ ယုံကြည်မှုနည်းပါးလွန်းသည်။
ကျင့်ကြံခြင်းအဆင့်တူညီသည့် တန်ခိုးစွမ်းအားရှင် (၂)ယောက် အပြန်အလှန်ထိုးနှက်ထိုက်ခိုက်ကြမည်ဆိုလျှင် နှစ်ဖက်လုံးက သူတို့၏စွမ်းအားကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်မထားပါက ပတ်ဝန်းကျင်မှအခြားအရာများအားလုံး ပျက်ဆီးသွားရမည် ဖြစ်သည်။
ရန်ကျောက်ကဲသည် တောက်ယွိ၏တိုက်ခိုက်မှုကို ခုခံပြီး အောင်မြင်စွာပင် ထာဝရညမိုးကြိုးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
တောက်ယွိက ထာဝရညမိုကြိုးကို ချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်း သူမ၏တိုက်ခိုက်မှုကို မရှိမှုအဖြစ် ရန်ကျောက်ကဲက ပြောင်းလဲပစ်ခဲ့သည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ငါက နောက်ကွယ်မှာ အပုပ်ချခံရတာကို သဘောမကျဘူး ၊ ပြီးတော့ ဒီလိုအဆင့်ရှိတဲ့လူတွေကိုလည်း ဘယ်တုန်းကမှ ခက်ခဲအောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ထိုက်စုယွမ်ကျွင်းရဲ့လုပ်ရပ်ကြောင့် မသင့်တော်တဲ့အပြုအမူတွေလုပ်နေရတယ်”
ကွမ်းယွိလော်က စိုးရိမ်စိတ်ဖြင့် အမြန်ဝင်ပြောလိုက်သည်။
“’ရန်’ သခင်လေး... စိတ်လျှော့ပါ”
သူမက ဝါဒတောင်နှင့် ရန်ကျောက်ကဲဘက်တွင် ရပ်တည်ပေးသူဖြစ်သော်လည်း လက်ရှိမှာတော့ ရန်ကျောက်ကဲက တောက်ယွိကို မျက်စိမှိတ်တိုက်ခိုက်မည်ကို မလိုလားပေ။
ရန်ကျောက်ကဲ၏စကားများကိုကြားတော့ သူမ သက်ပြင်းချရန်သာတတ်နိုင်သည်။
ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...
“ထိုက်စုယွမ်ကျွင်းက သူတို့အားလုံးကို သတ်လိုက်ချင်တယ်ဆိုရင် ငါကလည်း စိတ်ရှိမှာမဟုတ်ပါဘူး”
ထိုစကားကြားသည့်အခါ ကွမ်းယွိလော်မှာ အသက်ရှူရပ်မတတ်ဖြစ်သွားပြီး ကျန်းမော့သည်ပင် မျက်လုံးများ ပြူးကျယ်သွားသည်။
ထိုက်စုယွမ်ကျွင်းက အလွန်မာနကြီးပြီး သည်းခံနိုင်စွမ်းရှိသူမဟုတ်ကြောင်း အလွန်တရာ နာမည်ကြီးသည်။
ယခုတော့ ရန်ကျောက်ကဲက သူမကို ပြိုင်ဘက်တစ်ယောက်ပမာ ဆက်ဆံနေသည်။
ယခုမှပင် အားလုံးက အလွန်တရာ ထိတ်လန့်သွားကြလေသည်။
နုန်လီတောင်မှသိုင်းသမားများအားလုံး အသက်ရှင်နေသေးသည် အမှန်ပင်။
ထာဝရညမိုးကြိုး၏စွမ်းအားဖြင့်လွှမ်းခြုံခံထားရသဖြင့် သူတို့၏စိတ်အာရုံနှင့်အတွေးများ ဆုံးရှုံးသွားရခြင်းသာဖြစ်သည်။
ရန်ကျောက်ကဲက ငိုက်မျည်းနေသည့် နုန်လီတောင်မှသိုင်းသမားများကို တိုက်ခိုက်ခြင်း မပြုသေးပေ။
သို့သော် ထာဝရညအမှောင်ထုထဲတွင် အဖြူရောင်လျှပ်စီးထွက်ပေါ်လာသည်နှင့် ထိုမိုးကြိုးစွမ်းအားက သူတို့၏အသက်ကို သုတ်သင်ပစ်မည် ဖြစ်သည်။
နုန်လီတောင်မှသိုင်းသမားများ၏အသက်သည် ရန်ကျောက်ကဲလက်ထဲတွင် ရှိနေသည်ဟု ဆိုနိုင်သည်။
မြောက်ဖေးတောင်ထွတ်မှမိန်းမပျို၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။
နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များစွာသည် ရန်ကျောက်ကဲကို ရှုံးနိမ့်သွားရုံသာမက သူတို့ဘဝ၏ သေခြင်းရှင်ခြင်းကိုပင် ဆုံးဖြတ်ပိုင်ခွင့် မရှိကြတော့ပေ။
သူမသည်လည်း နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် ဖြစ်သည်။
သူမက မြောက်ဖေးတောင်ထွတ်မှ တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်ပြီး သူမနှင့် ကျင့်ကြံခြင်းအဆင့်တူညီသူများထက် များစွာသာလွန်သူ ဖြစ်သည်။ ဤနေရာတွင် ရှိနေသူများထဲတွင် သူမနှင့် ယှဉ်ပြိုင်နိုင်သူဆို၍ ကျန်းမော့တစ်ယောက်သာ ရှိသည်။
သို့တိုင် ရန်ကျောက်ကဲက နုန်လီတောင်မှ သိုင်းသမားများနှင့်အတူ သူမကိုတိုက်ခိုက်မည်ဆိုပါက သူမ ခံနိုင်ရည်ရှိပါမည်လား။
ထိုသို့တွေးမိသည်နှင့် သူမ၏လက်ဖဝါးတွင် ချွေးများစိုစွတ်လာသည်ကို ခံစားလိုက်ရသည်။
ရန်ကျောက်ကဲကတော့ သူလုပ်ခဲ့သည့်အလုပ်က ဘာမှမထူးခြားသည့်ပမာ အေးအေးဆေးဆေးပင် ရှိနေသည်။
သူ၏လက်တစ်ဖက်တွင် မိုးမြေပြောင်းပြန်ပုဆိန်ကိုကိုင်ဆောင်ထားပြီး ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေဆီသို့လှမ်းကြည့်ရင်း သိမ်မွေ့စွာ ပြုံးလိုက်သည်။
“ထိုက်စုယွမ်ကျွင်းက နုန်လီတောင်ကတပည့်တွေကိုသတ်ချင်တယ်ဆိုရင်တော့ အနောက်ပိုင်းထိပ်တန်းအရှင်သခင်နဲ့ ဆက်ဆံရေးပျက်ပြားသွားမယ်ထင်တယ်”
“ဒါကြောင့် ဒီ’ရန်’ က အနောက်ပိုင်းထိပ်တန်းအဆက်အနွယ်တွေကို ရှင်းထုတ်ပြီး ထိုက်စုယွမ်ကျွင်းကိုကူညီပေးပါရစေ”
မည်သို့ပင်ဖြစ်စေ အနောက်ပိုင်းထိပ်တန်းအဆက်အနွယ်များက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နှင့် မဟာမိတ်များဖြစ်လာနိုင်လေရာ ရန်ကျောက်ကဲ၏ ရန်သူများသာဖြစ်သည် မဟုတ်ပါလား။
ရန်ကျောက်ကဲက ပြုံးရင်း...
“စိတ်ချပါ... ၊ ထိုက်စုယွမ်ကျွင်းရဲ့ပိုင်နက်နယ်မြေကို မညစ်နွမ်းစေရပါဘူး ၊ ပြီးတော့ ဒါက ဧကရာဇ် (၂)ပါးရဲ့တိုက်ပွဲကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး”
ထိုစကားများကိုကြားတော့ မြောက်ဖေးတောင်ထွတ်မှတပည့်၏မျက်နှာထက် ထူးဆန်းသောအမူအရာ ပေါ်လာသည်။
ရန်ကျောက်ကဲပြောနေသည့်လေသံအရ သူကပင် ထိုက်စုယွမ်ကျွင်း၏ပြဿနာများကို ဖြေရှင်းပေးရန် ကူညီနေပုံရပြီး ထိုက်စုယွမ်ကျွင်းနှင့် အနောက်ပိုင်းထိပ်တန်းအရှင်သခင် ပြဿနာတက်မည့်အရေး ကာကွယ်ပေးနေသည့်အလား ဖြစ်သည်။
လူတစ်ယောက်က ဤသို့သောစကားမျိုးကို အရှက်ကင်းမဲ့ မျက်နှာပြောင်စွာဖြင့် မည်သို့များပြောထွက်ပါသနည်း။