← Chapters

နုန်လီတောင်အရှက်ကွဲရခြင်း

Vol. 66 Ch. 930

နုန်လီတောင်အရှက်ကွဲရခြင်း

Vol. 66 Ch. 930

အခန်း (၉၃၀) နုန်လီတောင်အရှက်ကွဲရခြင်း

ထိုအချိန်...

ကြာပန်းနီရွက်လှေထက်မှ အမျိုးသမီးအသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“မင်းက ငါ့ကိုခြိမ်းခြောက်နေတာလား”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“ယွမ်ကျွင်းက နောက်နေတာပဲ ၊ ဒီ’ရန်’ က အရည်အချင်းမရှိပေမယ့် ယွမ်ကျွင်းလိုမျိုး ကျင့်ကြံခြင်းအဆင့်မြင့်မားသူတွေကို မခြိမ်းခြောက်ရဲပါဘူး”

သူက ဆက်ပြောသည်။

“ပိုးသားဧကရာဇ်က ဒီ’ရန်’ အပေါ် ကောင်းကောင်းဆက်ဆံခဲ့ပါတယ် ၊ ဒီအတွက် အမြဲတမ်း ကျေးဇူးတင်နေခဲ့တာပါ ၊ အခု ပိုးသားဧကရာဇ်နဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရဲ့တိုက်ပွဲစတင်တော့မယ်ဆိုတော့ အခု ဒီနေရာမှာ အချင်းများကြတာ မကောင်းဘူးမဟုတ်လား”

“ငါက ထောင်လွှားနေတဲ့လူတစ်အုပ်ကို နည်းနည်းပါးပါး ပညာပေးလိုက်တာပါ ၊ ဒါကို ယွမ်ကျွင်းက နားလည်မှုလွဲသွားမယ်လို့ ထင်မထားမိဘူး ၊ ဒါပေမဲ့ ... သူတို့ သေသေရှင်ရှင် ငါက အရေးမစိုက်တာတော့အမှန်ပဲ”

သူက ထိုသို့သောအဆင့်ရှိသူများ သူ့ကိုသဘောကျလာစေရန် ရည်မှန်းထားသူမဟုတ်ပေ။

အရည်အချင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေသူများကို ရန်ကျောက်ကဲက အရေးမစိုက်ပေ။ ထိုသူများ၏ သေခြင်းရှင်ခြင်းကို သူကဘာလို့အရေးစိုက်ရပါမည်နည်း။

သို့ရာတွင် ရန်ကျောက်ကဲပြောနေသည့် “ထိုသူများအားလုံး” မှာ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များ ဖြစ်ကြသည်။

ထို့ပြင် သူတို့အားလုံးက အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်များဖြစ်ကြပြီး သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။

ထိုသူများက ထူးထူးခြားခြား အစွမ်းထက်သော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားကြပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် ပါရမီရှင်များအဖြစ် ကျော်ကြားသူများဖြစ်ကြသည်။ အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်တွင် အမြင့်ဆုံးအဆင့် စိုးစံသူများ ဖြစ်ကြသည်။

သူတို့အုပ်စုထဲတွင် ကျန်းမော့၏အဆင့် သိုင်းကျင့်ကြံသူမပါရှိသော်လည်း နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်ဆိုကတည်းက ပါရမီရှင်များဟု သတ်မှတ်နိုင်သည်သာပင်။

သူတို့ငယ်ရွယ်စဉ်ကဆိုလျှင် သူတို့အားလုံးက မရေမတွက်နိုင်သောလူများအပေါ်တွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားခဲ့ကြသည်။

ယခု ရန်ကျောက်ကဲပြောသည့်စကားများကို ကျန်းမော့က ပြောသည်ဆိုလျှင် လက်ခံနိုင်ဖွယ်ရှိသည်။ အကြောင်းမှာ ရန်ကျောက်ကဲသည်လည်း ထိုသူများနှင့်အဆင့်တူ နတ်ဘုရားသိမြင်ခြင်းအဆင့်မှာပင် ရှိနေသည် မဟုတ်ပါလား။

ကျန်းမော့နှင့် ကွမ်းယွိလော်မှလွဲပြီး နေရာတွင်ရှိနေကြသည့် ရွှမ်လျိုကျောင်းတော်မှ သိုင်းကျင့်ကြံသူများနှင့် မြောက်ဖေးတောင်ထွတ်မှ သိုင်းကျင့်ကြံသူများမှာ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များ ဖြစ်ကြသည်။

သို့သော် ထိုခဏတွင် နုန်လီတောင်မှထိုတပည့်များကိုကြည့်ရင်း သူတို့အနေဖြင့် မချိပြုံးပြုံးရုံသာ တတ်နိုင်ကြသည်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ ရွှမ်လျိုကျောင်းတော်မှ အဆက်အနွယ်များ။

အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏ နုန်လီတောင်မှ အဆက်အနွယ်များ။

မြောက်ဖေးတောင်ထွတ်မှ ပိုးသားဧကရာဇ်၏အဆက်အနွယ်များ။

သူတို့အားလုံးက မိုးကောင်းကင်ကမျက်နှာသာပေးခြင်းခံရသူများ ဖြစ်ကြသည်။

သို့တိုင် သူတို့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ်ထားပြီး အပြာရောင်ဝတ်ရုံကိုခြုံထားသည့် လူငယ်နှင့်နှိုင်းယှဉ်လျှင် တမျိုးတမည် ခံစားနေကြရသည်။ သူတို့အားလုံးက ထိုလူငယ်နှင့် အဆင့်တူညီခြင်းမရှိသလို ခံစားနေကြရ၏။

ရန်ကျောက်ကဲက ကြာပန်းနီရွက်လှေထက်သို့လှမ်းကြည့်ရင်း..

“ဒါမှမဟုတ်... နောက်ကွယ်မှာအတင်းပြောတဲ့ အဆင့်မရှိတဲ့သူတွေကို ငါက ရှောင်သွားသင့်တယ်လို့ ထိုက်စုယွ၎်ကျွင်းက ထင်နေတာလား ၊ ဟားဟား... ဒီကောင်တွေက အဲဒီလိုလုပ်ဖို့အရည်အချင်းရှိလို့လား”

ကွမ်းယွိလော်သည် ရန်ကျောက်ကဲကို မှင်တက်စွာကြည့်နေမိသည်။

ပြောရမည်ဆိုလျှင် လူအချို့ကတော့ ထိုသို့ပင်တွေးကောင်းတွေးနိုင်သည်။

အဘယ်ကြောင့်ဆိုသော တစ်ဖက်က ထိပ်တန်းအဆက်အနွယ်များဖြစ်ပြီး တစ်ဖက်ကတော့ အောက်ဘုံကမ္ဘာမှ အဆက်အနွယ်မျှသာ ဖြစ်သည်။

ထိပ်တန်းအဆက်အနွယ်များက မထီမဲ့မြင်ပြုလျှင်ပင် အောက်ဘုံကမ္ဘာမှမျိုးနွယ်က မကျေနပ်သည့်တိုင် ပြဿနာမဖြစ်အောင် ရှောင်ရှားသင့်ပေသည်။

မဟုတ်ပါက နုန်လီတောင်မှတပည့်များကို အနိုင်ယူနိုင်သည်ဆိုဦးတော့ အနောက်ပိုင်းထိပ်တန်းအရှင်သခင်ကို ဆန့်ကျင်သလိုဖြစ်ပါက အနာဂတ်ခက်ခဲသွားမည် ဖြစ်သည်။

လက်ရှိမှာပင် ရန်ကျောက်ကဲ၏လုပ်ရပ်ကြောင့် အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏ ဇနီးဖြစ်သူနှင့် ခင်မင်သော ထိုက်စုယွမ်ကျွင်းကို ဒေါသထွက်သွားစေနိုင်သည်။ သို့ဆိုလျှင် ရန်ကျောက်ကဲအတွက် အရှုံးထွက်မည်သာဖြစ်၏။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲ ဤသို့ပြုမူသည်က ကျိုးကြောင်းဆီလျော်သည်ဟု ကွမ်းယွိလော်ခံစားရသည်။ ရန်ကျောက်ကဲသာ အသံတိတ်ပြီး ငြိမ်ခံနေမည်ဆိုပါက ပုံမှန်မဟုတ်ဟု သူမ တွေးထင်မိမည် အမှန်ပင်။

ယခုတော့ ရန်ကျောက်ကဲက ထိုက်စုယွမ်ကျွင်းဖြင့်ပင် ထိပ်တိုက်ရင်ဆိုင်လျှက်ရှိသည်။

ထိုက်စုယွမ်ကျွင်းဖြင့်ပင် ရင်ဆိုင်ရဲသူတစ်ယောက်က နုန်လီတောင်မှတပည့်များကို ရှောင်ရှားရင်းသည်းခံနေမည်ဆိုပါက ရယ်စရာဟာသတစ်ခု ဖြစ်ပေလိမ့်မည်။

ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေမှ အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“အိုး... စိတ်ဝင်စားစရာပဲ ၊ ဒါပေမဲ့ အနောက်ပိုင်းထိပ်တန်းအရှင်သခင်သာ ဒီနေရာမှာရှိမယ်ဆိုရင် မင်း ဒီလိုမျိုးမျက်နှာပြောင်ရဲပါ့မလား”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“သူရှိနေလို့ ဒီလူတွေကိုမသတ်နိုင်ဘူးဆိုရင်တောင် ကြိုးစားကြည့်ဦးမှာပါပဲ”

ရွက်လှေထက်မှ အမျိုးသမီးအသံ ထပ်မံထွက်ပေါ်လာသည်။

“ဂိုဏ်းတူအစ်ကိုက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့ တိုက်ခိုက်တော့မယ် ၊ ဒီလိုအချိန်မှာ အမိန့်ကိုနာခံသင့်ပေမယ့် မင်းတို့လို မောက်မာရိုင်းစိုင်းတဲ့သူတွေပြဿနာရှာလာရင် သင်ခန်းစာပေးဖို့ ငါ ဒီမှာရှိနေတာပဲ”

“မင်း ရွက်လှေပေါ်တက်လာမယ်ဆိုရင်... လာခဲ့လိုက်လေ”

ထိုစကားကိုကြည့်တော့ ကွမ်းယွိလော်က ရန်ကျောက်ကဲကို စိုးရိမ်ပူပန်စွာ လှမ်းကြည့်လိုက်သည်။

တောက်ယွိက ရန်ကျောက်ကဲကို ရွက်လှေထက်သို့ဖိတ်ခေါ်လိုက်သော်လည်း သူမ၏စကားများနောက်ကွယ်တွင် ဖုံးကွယ်ထားသောအဓိပ္ပါယ်များ ရှိနေပုံရသည်။

ရန်ကျောက်ကဲ ကြာပန်းနီရွက်လှေထက်သို့တက်သွားသည်နှင့် တိုက်ပွဲတွင် တောက်ယွိက နယ်မြေအသာစီးရသွားမည် ဖြစ်သည်။ ရွက်လှေထက်တွင် တစ်စုံတစ်ခုဖြစ်ခဲ့သည်ဆိုလျှင်ပင် ပြင်ပကမ္ဘာက ဤအကြောင်းသိရှိရန် ခက်ခဲပေမည်။

စောစောက ထိပ်တိုက်တွေ့သည့်အခါ သိုင်းသူ‌တော်စင် နဝမအဆင့်ရှိသော ထိုက်စုယွမ်ကျွင်းက မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိခဲ့ပေ။

ရန်ကျောက်ကဲက ရိုးရှင်းစွာပင် ရယ်မောရင်း...

“ဒါက ငါ့ရည်ရွယ်ချက် အတိအကျပဲ”

ထို့နောက် သူက ကျန်းမော့ ၊ ကွမ်းယွိလော်နှင့် အခြားသူများကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုနှုတ်ဆက်ပြီး မြောက်ဖေးတောင်ထွတ်မှ မိန်မးပျိုကိုလှည့်ကြည့်လိုက်သည်။

မိန်းမပျိုက စိတ်ရှုတ်ထွေးနေဟန်ရှိသည့်တိုင် ရန်ကျောက်ကဲအား ရွက်လှေထက်သို့ ခေါ်ဆောင်သွားခဲ့သည်။

ရန်ကျောက်ကဲ ထွက်ခွာသွားသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အသံမဲ့အမှောင်ထုက လွင့်စင်ပျောက်ကွယ်သွားသည်။

အစောပိုင်းက ထာဝရညမိုးကြိုးစွမ်းအားဖြင့် ဖိနှိပ်ခံထားရသော နုန်လီတောင်မှ သိုင်းကျင့်ကြံသူများ ယခုမှ သတိပြန်ဝင်လာကြသည်။

သူတို့က စောစောက ရန်ကျောက်ကဲရောက်လာသည့်လမ်းကြောင်းကို ကြည့်နေကြဆဲဖြစ်သည့်တိုင် ယခု သူတို့တွေ့မြင်လိုက်ရသူက ကျင်းထင်တောင်မှ မုကျွင်းဖြစ်၏။

နုန်လီတောင်နှင့် ကျင်းထင်တောင်က နဂိုကပင်ဆက်ဆံရေးဆိုးရွားလေရာ အမတကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူ မုကျွင်းကိုတွေ့မြင်လိုက်ရသည်နှင့် သူတို့အားလုံး သတိထားလိုက်ကြသည်။

သို့ရာတွင် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ သူတို့ကို ရွက်လှေထက်မှ လိုက်ပါပို့ဆောင်ပေးသည့် မြောက်ဖေးတောင်ထွတ်မှ မိန်းမပျိုကို တွေ့မြင်ရခြင်း မရှိတော့ပေ။

သူတို့အားလုံး ဇဝေဇဝါဖြစ်သွားပြီး ကျန်းမော့တို့အုပ်စုကို မေးမြန်းကြည့်လိုက်ကြ၏။

သို့သော် ရွှမ်လျိုကျောင်းတော်မှ တပည့်များက ထူးဆန်းသောအကြည့်များဖြင့် သူတို့ကိုအကဲခတ်နေသည်ကို တွေ့ရသည်။

နုန်လီတောင်မှ သိုင်းသမားအားလုံးမှာ ဘာဖြစ်သည်ကိုနားမလည်နိုင်ဘဲ...

“ဒါက... ဘာဖြစ်သွားတာလဲ”

မုကျွင်းက ကျန်းမော့ကို အရင်ဆုံးနှုတ်ဆက်စကားဆိုလိုက်ပြီးနောက် နုန်လီတောင်မှသိုင်းသမားများကိုကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။

ပြီးမှ သူကပြုံးလိုက်ရင်း...

“ထာဝရညမိုးကြိုးစွမ်းအားက ပြင်းထန်ပေမယ့် ‘ရန်’ သခင်လေးက သက်ညှာလိုက်ပုံရတယ်”

ထိုစကားကြားတော့ နုန်လီတောင်မှသိုင်းသမားများ ဆံပင်များထောင်သွားသလို ခံစားလိုက်ကြရသည်။

“ဘာ... ထာဝရညမိုးကြိုး... ‘ရန်’ ... ‘ရန်’ သခင်လေး...”

အနောက်ပိုင်းထပ်တန်းအဆက်အနွယ်များဖြစ်ကြသည့်အလျှောက် ထာဝရညမိုးကြိုးတန်ခိုးစွမ်းအား မည်မျှနာမည်ကျော်ကြားသည်ကို သူတို့သိရှိထားပြီး ဖြစ်သည်။

ထိုတန်ခိုးစွမ်းအား၏ သက်ရောက်မှုများကို ပြန်လည်စဉ်းစားမိသည့်အခါ မုကျွင်းပြောသည့်စကားအဓိပ္ပါယ်ကို တဖြည်းဖြည်းနားလည်လာခဲ့ကြသည်။

သူတို့ထဲမှတစ်ယောက်က...

“မဟုတ်တာတွေပြောနေတာတော်လောက်ပြီ”

ဟုရေရွတ်လိုက်ပြီး အနားတွင်ရှိနေသည့် ရွှမ်လျိုကျောင်းတော်မှ သိုင်းသမားများကို လှမ်းကြည့်လိုက်ကြသည်။

ကျန်းမော့က မည်သည့်စကားမှမဆိုဘဲ သက်ပြင်းသာချလိုက်သည်။

သူတို့နှင့်နုန်လီတောင်ကြားတွင် သဘောထားတင်းမာမှုများမရှိသဖြင့် တစ်ဖက်လူကို မလိုအပ်ဘဲ လှောင်ပြောင်ရန် မလိုအပ်ပေ။

သို့သော် ရွှမ်လျိုကျောင်းတော်မှ သိုင်းသမားများတိတ်ဆိတ်နေခြင်းက ဝန်ခံရာရောက်လေသည်။

နုန်လီတောင်မှ သိုင်းသမားများအားလုံး မှင်တက်သွားကြပြီး...

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ သူတို့ရှိရာသို့ စူးစမ်းလိုစိတ်ဖြင့်ကြည့်နေကြသည့် အခြားအဆက်အနွယ် သိုင်းသမားများကို တွေ့လိုက်ရသည်။

သို့တိုင် အခြေအနေများငြိမ်သက်သွားသည်ကိုတွေ့ရသည့်အခါ အခြားသူများ၏ အာရုံစိုက်မှုလည်း ရပ်တန့်သွားသည်။

သို့ရာတွင် ဤမျှလောက်အခြေအနေကို တွေ့မြင်လိုက်ရရုံဖြင့် စောစောကအဖြစ်အပျက်များ အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ကို နုန်လီတောင်မှ သိုင်းကျင့်ကြံသူများ သဘောပေါက်ရန် လုံလောက်သွားပြီ ဖြစ်၏။

သို့သော် ပြဿနာက...

စောစောက ဖြစ်ပျက်ခဲ့တာတွေကို သူတို့ လုံးဝ မမှတ်မိတော့ခြင်းပင်။

ဆိုလိုသည်မှာ တစ်စုံတစ်ယောက် သူတို့၏စိတ်အာရုံကို အမှန်တကယ်ပင် ထိန်းချုပ်လိုက်သည်ဟူ၍ ဖြစ်၏။

နုန်လီတောင်မှသိုင်းသမားတစ်ယောက်က မခံချိမခံသာဖြင့်...

“တကယ်ပဲ ရန်ကျောက်ကဲလား ၊ သူတစ်ယောက်တည်းလား”

ကွမ်းယွိလော်က ခဏမျှတုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

နုန်လီတောင်မှသိုင်းသမားက...

"သူအခုဘယ်မှာလဲ"

“ရွက်လှေပေါ်တက်သွားပြီ...”

နုန်လီတောင်မှသိုင်းသမားများအားလုံး မှင်တက်သွားကြပြန်သည်။

စောစောက သူတို့ကိုလိုက်ပါပို့ဆောင်ပေးသည့် မြောက်ဖေးတောင်ထွတ်မှတပ်ည့ ရုတ်တရက်ပျောက်ကွယ်သွားသည်ကို ကွမ်းယွိလော်၏ စကားက အတည်ပြုပေးခဲ့သည်။

ထိုမိန်းမပျို ရုတ်တရက်ပျောက်ကွယ်သွားခြင်း မဟုတ်သော်လည်း ဤအချိန်အတောအတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားခဲ့သည်။

ရန်ကျောက်ကဲက သူတို့ကိုအရေးမစိုက်ဘဲထွက်ခွာသွားပြီး မပေါက်ကွဲခဲ့သည့် ထာဝရညမိုးကြိုးကိုတွေးတောရင်း နုန်လီတောင်သိုင်းသမားများအားလုံး လည်ပင်းကိုအေးစက်သည့်ဓားသွားဖြင့် အထောက်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရသည်။

စောစောက သူတို့ ရန်ကျောက်ကဲအပေါ် သံသယအပြည့်ဖြင့် ရန်စကားပြောခဲ့သည်ကို ပြန်လည်အမှန်ရမိကြသည်။ တစ်ဖက်လူက ထိုစကားများကိုကြားသွားဟန်ရှိသော်လည်း စကားလုံးဖြင့် ခုခံခြင်းမပြုဘဲ လက်တွေ့သက်သေပြခဲ့သည်။

ထို့ကြောင့်ပင် နုန်လီတောင်မှကျင့်ကြံသူများမှာ ရန်ကျောက်ကဲကို အရှုံးကြီးရှုံးနိမ့်ခဲ့ရုံသာမက မျက်နှာပျက် အရှက်လုံးလုံးကွဲခဲ့ရသည်။

ပိုပြီးဆိုးရွားသည်မှာ သူတို့အားလုံး ရန်ကျောက်ကဲကို ရှုံးနိမ့်လိုက်ရသည့်တိုင် ရန်ကျောက်ကဲ ဘယ်လိုပုံစံရှိသည်ကိုပင် တွေ့မြင်လိုက်ရခြင်း မရှိခဲ့ပေ။

All Chapters