တိုက်ပွဲမစတင်မီ
Vol. 66 Ch. 932
အခန်း (၉၃၂) တိုက်ပွဲမစတင်မီ
တောက်ယွိကိုကြည့်ပြီး ရန်ကျောက်ကဲက ပြုံးရင်း...
“ထိုက်စုယွမ်ကျွင်းက ချီးကျူးလွန်းနေပါပြီ”
ယွိချင်အဆက်အနွယ် ၊ ထိုက်ချင်အဆက်အနွယ်နှင့် ဆက်စက်နေသည့် တာအိုပညာရပ်များပြီးလျှင် ကျန်ရှိသော တာအိုပညာရပ်များအားလုံးက ထိုက်ချင်အဆက်အနွယ်နှင့် သက်ဆိုင်ပေသည်။
ထိုက်ချင်အဆက်အနွယ်၏ သိုင်းသူတော်စင် နဝမအဆင့်ဖြစ်သော တောက်ယွိသည် စစ်မှန်သည့် ပိုင်းခြားသိမြင်နိုင်သောမျက်လုံးကိုပိုင်ဆိုင်ပြီး ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကိုသာမက အမှောင်လရိပ်ဆေးလုံးကျမ်းကိုပါ သိမြင်နိုင်စွမ်းရှိခဲ့သည်။
သူမပြောသည့်အတိုင်းပင် အမျောင်လရိပ်ဆေးလုံးကျမ်းက မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အထက်ဘုံကမ္ဘာတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
တောက်ယွိသည် သူမ၏အဆက်အနွယ်၏ ရှည်လျားသောသမိုင်းကြောင်းများကို သိရှိထားသောကြောင့်သာ ဤပညာကို ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။
ထာဝရအလင်းကောင်းကင်ကျမ်းစာကတော့ သူမအတွက် မှတ်မိသိရှိရန် မခက်ခဲပေ။ ယွိချင်အဆက်အနွယ်၏ မူလကောင်းကင်ကျမ်းစာများက အလွန်ကျော်ကြားသည် မဟုတ်ပါလား။
ဗလာနယ်ကို နက်နက်နဲနဲထိုးခွင်းနိုင်သော ထိပ်တန်းသိုင်းပညာက ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ များလားဟု တောက်ယွိ သံသယဝင်မိသည်။
သို့သော် ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားသိုင်းအနှစ်သာရကို အနည်းငယ်မျှ ပေါင်းစပ်ထားသော်လည်း ထာဝရညမိုးကြိုးစွမ်းအားကို အသုံပြုရာတွင် ဂရုတစိုက်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည့်အတွက် တောက်ယွိအနေဖြင့် သိမြင်နိုင်ခြင်း မရှိခဲ့ပေ။
လက်ရှိအချိန်ထိ တောက်ယွိက ရန်ကျောက်ကဲအပေါ် အမြင်ကြည်လင်ဟန် မပြသေးပေ။
ပိုးသားဧကရာဇ်က အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့် ဆက်ဆံရေးကောင်းမွန်သော်လည်း တောက်ယွိကတော့ ချောင်ကျယ်နှင့် ရန်ဘက်ဖြစ်သည်။
ဤသို့ဖြစ်ရသည်မှာ အနောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် အနည်းငယ် သက်ဆိုင်သည်။
တောက်ယွိက အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏ဇနီးဖြစ်သူနှင့် ငယ်သူငယ်ချင်းများဖြစ်ကြသလို ချောင်ကျယ်နှင့် အနောက်ပိုင်းထိပ်တန်းအရှင်သခင်၏ဆက်ဆံရေးက အလွန်တရာ ဆိုးရွားလှသည်။
တောက်ယွိနှင့် ချောင်ကျယ်တို့သည် အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် သဘောမကျခြင်းမျှသာ ရှိကြသော်လည်း နှစ်ပေါင်းများစွာကြာလာသည့်အခါ သူတို့ကြားမှ တင်းမာမှုက ပိုမိုများပြားလာသည်။
ယခုအချိန်မှာတော့ အနောက်ပိုင်းထိပ်တန်းအရှင်သခင်ကို ထည့်သွင်းစဉ်းစားခြင်းမပြုလျှင်တောင်မှ တောက်ယွိနှင့် ချောင်ကျယ်တို့ ငြမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် အတော်လေးခက်ခဲနေပြီ ဖြစ်သည်။
ထို့ပြင် ရန်ကျောက်ကဲနှင့်ရန်တိတို့ကို အမုန်းတရားမဲ့တာအိုနန်းတော်သို့ ဖိတ်ကြားပြီး ဧည့်ခံခဲ့သူမှာ ဖုထင်ဖြစ်သည်။
တောက်ယွိသည် ဖုထင်နှင့်ပတ်သက်ပြီး အလွန်ရှုပ်ထွေးသော စိတ်ခံစားမှုရှိသည်။
သူမတွေးထင်သည်မှာ ပိုးသားဧကရာဇ်က ရန်ကျောက်ကဲနှင့် ရန်တိကိုသဘောကျခဲ့သည်မှာ ဖုထင်ကြောင့်လည်း ဖြစ်နိုင်သည်ဟူ၍ ဖြစ်၏။
ပြီးတော့ ဖုထင်ကလည်း ကျင်းထင်တောင်မှအဆက်အနွယ်များနှင့် အလွန်ရင်းနှီးလေသည်။
ရန်ကျောက်ကဲက ချောင်ကျယ် ၊ ဖုထင်တို့နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသဖြင့် တောက်ယွိက ထိုကိစ္စနှင့်ပတ်သက်ပြီး နဂိုကပင်မကျေမနပ် ဖြစ်ခဲ့သည်။
ယနေ့ အဖြစ်အပျက် ဖြစ်ပျက်ပြီးမှ ကျန်းမော့တို့အုပ်စုကဲ့သို့ပင် တောက်ယွိသည်လည်း ရန်ကျောက်ကဲအပေါ် အမြင်ပြောင်းလဲသွားခဲ့သည်။ ဤလူငယ်သည် အရင်က သူမတွေးထင်ထားပုံနှင့် အလွန်တရာ ကွာခြားလှသည်။
ရန်ကျောက်ကဲကို ကြည့်နေရင်းဖြင့်ပင် သူမအနေဖြင့် ထိုလူငယ်ကို လျှော့တွက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
သူမနှင့် တိုက်ခိုက်စဉ်တွင် ရန်ကျောက်ကဲက နုန်လီတောင်မှတပည့်များကို လွှမ်းခြုံထားသည့် ထာဝရညမိုးကြိုးကို ထိန်းထားနိုင်ခဲ့သည်။ ဤသည်မှာ သူမကို အနိုင်ယူလိုက်ခြင်းနှင့် ညီမျှ၏။
ရန်ကျောက်ကဲက မိုးမြေပြောင်းပြန်ပုဆိန်ကိုကိုင်ဆောင်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သိုင်းသူတော်စင် ဘယ်လောက်များများက တောက်ယွိကိုတိုက်ခိုက်ရာတွင် အောင်မြင်မှုရရှိနိုင်ပါမည်နည်း။
ဖုထင်ပင်လျှင် သူမကိုအနိုင်မယူနိုင်ခဲ့ပေ။
အမတကူးပြောင်းခြင်း အလယ်ဆင့် သိုင်းသူတော်စင်များဖြစ်သည့် ကျန်းမော့ ၊ လင်ဟန့်ဟွာတို့သည်ပင် ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲကတော့ အောင်မြင်ခဲ့သည်။
ပုံမှန်ဆိုလျှင် မာနကြီးလွန်းသောတောက်ယွိသည် ယခုတော့ ထိတ်လန့်အံ့သြသွားရသည်။
ယိုးမင်ဧကရာဇ်က ကွယ်လွန်သွားပြီဖြစ်ရာ သူ့ကိုထည့်ပြောစရာမလိုတော့ပေ။
သို့သော် ထူးကဲယန်စည်းတံဆိပ်နှင့် ထူးကဲယင်သရဖူအကြောင်းတွေးတောမိသည့်အခါ တောက်ယွိစိတ်ထဲ မရေမတွက်နိုင်သောအတွေးများ ထင်ဟပ်လာသည်။
ရန်ကျောက်ကဲကတော့ တောက်ယွိကိုကြည့်ကာပြုံးရင်း တည်ငြိမ်စွာပင်မတ်တတ်ရပ်နေသည်။
ထိုက်ချင်အဆက်အနွယ်က နက်ရှိုင်းပြီးကျယ်ပြန့်လွန်းသည်။ မြောက်ဖေးတောင်ထွတ်သည်လည်း ထိပ်တန်းအဆင့်သိုင်းပညာတစ်ရပ်ထက်မနည်း ပိုင်ဆိုင်ထားသည်။
ထူးခြားသောအခြေအနေရှိသည့် ပိုးသားဧကရာဇ်အပြင် အခြားသောကျင့်ကြံသူများသည်လည်း ထိပ်တန်းသိုင်းပညာရပ်များတွင် အလွန်ကျွမ်းကျင်ကြပြီး အာရုံစူးစိုက်နိုင်စွမ်း မြင့်မားကြသည်။
တောက်ယွိ၏ ဘွဲ့အမည်ဖြစ်သော ‘ထိုက်စုယွမ်ကျွင်း’ ဆိုသည့်အမည်သည့်ပင် တစ်စုံတစ်ခုကို ပြသနေပြီ ဖြစ်၏။
သူမနှင့် သူမ၏ကြည်လင်စမ်းချောင်းကျောက်ဂူအိမ်တော်မှတပည့်များသည် ရှန်းထျန်းဝူထိုက်မှ ‘အတိုင်းအဆမဲ့ထိုက်စုခန္ဓာ’ ကို အလေးပေးကျင့်ကြံထားသူများ ဖြစ်ကြသည်။
သူတို့သည် မြောက်ဖေးတောင်ထွတ်အဆက်အနွယ်များတွင် ကြာပန်းနီကမ်းပါးပြီးလျှင် အတိုင်းအဆမဲ့ထိုက်စုခန္ဓာ ကျင့်စဉ်ကို အကြီးမားဆုံး နားလည်ကြသည့် အဆက်အနွယ် ဖြစ်သည်။
အတိုင်းအဆမဲ့ထိုက်စုခန္ဓာသည် အမြင့်ဆုံးအဆင့် ခံစစ်သိုင်းပညာဖြစ်ပြီး ယွိချင်အဆက်အနွယ် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာမှ ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာနှင့် ယှဉ်ပြိုင်နိုင်သည်။
တောက်ယွိက ခံစစ်စွမ်းအားမြင့်မားလွန်းသဖြင့် အထက်ဘုံကမ္ဘာမှ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များအလယ်တွင် အခြားသူများထက်သာလွန်သူ ဖြစ်လာခဲ့သည်။
ထို့ပြင် သူမက ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို ကျွမ်းကျင်သည့်အတွက် ထိုးစစ်စွမ်းရည်တွင်လည်း ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ ထက် သာလွန်သည်။
သို့သော် သူမက ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကိုအထူးပြုသော သူမ၏အဆက်အနွယ်များမှ အခြားသူများနှင့် ယှဉ်လိုက်ပါက ထိုးစစ်စွမ်းရည် အနည်းငယ်အားနည်းသည်။
ထို့ကြောင့်ပင် သူမက ရန်ကျောက်ကဲကို ထိုးဖောက်တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။
တောက်ယွိက အလွန်တရာမာနကြီးသည်အမှန်ပင်။ ထို့ကြောင့် ရန်ကျောက်ကဲနှင့်မတိုက်ခိုက်မီ ထိုလူငယ်ကို ခေါင်းထဲပင် မထည့်ခဲ့ပေ။
သူမကလည်း အဆင့်တူသူများအလယ် ခေါင်းတစ်လုံးသာသူတစ်ယောက် ဖြစ်ခဲ့သည် မဟုတ်ပါလား။
ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ တိုက်ခိုက်ရာတွင် အပြန်အလှန် စွမ်းရည်များကို ပြောပြနိုင်စွမ်းရှိကြသည်။
ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက် တောက်ယွိသည် ရန်ကျောက်ကဲ၏စွမ်းဆောင်ရည်ကို ယေဘူယျခန့်မှန်းချက် ဖန်တီးနိုင်ခဲ့သည်။
ထို့နောက်မှာတော့ ရန်ကျောက်ကဲက ကျင့်ကြံခြင်းအဆင့်တူညီသူများထက် အဆပေါင်းများစွာ တန်ခိုးစွမ်းအား သာလွန်သူဖြစ်ကြောင့် နားလည်ခဲ့ရသည်။
ဤလူငယ်သည် တူညီသည့်ကျင့်ကြံခြင်းအဆင့်တွင် သူမထက်ပင်မဆိုထားနှင့် ဖုထင်ထက်ပင် သာလွန်ပေသည်။
ဖုထင်ကိုမဆိုနှင့် ၊ သူမ၏ဂိုဏ်းတူအစ်ကိုဖြစ်သော ပိုးသားဧကရာဇ်သည်ပင် တူညီသောကျင့်ကြံခြင်းအဆင့်တွင် ရန်ကျောက်ကဲကို ကျော်လွန်နိုင်မည် မဟုတ်ပေ။
ဤအချက်ကိုလက်မခံနိုင်သည့်တိုင် တောက်ယွိ ယုံကြည်ခဲ့ရလေသည်။
ရန်ကျောက်ကဲက အရှေ့တောင်ထိပ်တန်းအရှင်သခင် ၊ ဖုထင်တို့နှင့်ရင်းနှီးသဖြင့် မကျေမနပ်ဖြစ်ရသည့်ခံစားချက်ကို ဘေးဖယ်ထားလိုက်ပါက ရန်ကျောက်ကဲမှာ မိုးကောင်းကင်ကသတ်မှတ်ပေးသည့် ပါရမီရှင်အဖြစ် ဝန်ခံရမည် ဖြစ်သည်။
ယခုအချိန် နုန်လီတောင်တပည့်များ သူမထံအပြေးရောက်လာပြီး ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကဲ့သို့ ပြင်ပရတနာပစ္စည်းများကို အပြည့်အဝအားကိုးသည်ဟု ဆိုလာပါ တောက်ယွိအနေဖြင့် ထိုသူများကို မိုက်မဲသည့်ငတုံးငအများဟုပြောဆိုပါ မျက်နှာဖြတ်ရိုက်မိမည် ဖြစ်သည်။
သို့တိုင် သူမမျက်စိရှေ့မှ နုန်လီတောင်တပည့်များက ဒုက္ခရောက်သည်ကိုမကူညီလျှင် သူမကိုယ်သူမ တောက်ယွိဟု မခေါ်ဆိုထိုက်တော့ပေ။
ယခုတော့ တောက်ယွိစိတ်ထဲ ချီတုံချတုံဖြစ်နေသည်။
ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြားတိုက်ပွဲက စတင်တော့ပေမည်။
ဖုထင်သည်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး ဖခင်ဖြစ်သူ ပိုးသားဧကရာဇ်အတွက် အတော်လေး စိတ်ပူပန်နေသည်။
ဤအချက်များကိုထောက်ထားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းမြင့်မားပြီး မာနကြီးသော တောက်ယွိသည် အဆုံးသတ်တွင် တုံ့ဆိုင်းသွားခဲ့သည်။
ထိုအချိန်...
ရန်ကျောက်ကဲနှင့် တောက်ယွိ၏ မျက်နှာအမူအရာများ အနည်းငယ် တုန်လှုပ်သွားကြသည်။
အဆုံးမရှိသော ဗလာနယ်အာကာသအမှောင်ထုအလယ် ၊ ကြာပန်းနီရွက်လှေကြီးအပြင်ဘက်တွင် အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
အနီရောင်အလင်းတန်းပေါက်ကွဲသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက အလိုလိုတုန်ခါသွားသည်။
ရန်ကျောက်ကဲနှင့် တောက်ယွိတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျက်နှာထက်တွင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားဟန် ထွက်ပေါ်လာသည်။
“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်” ရောက်လာပေပြီ။
ပြင်းထန်သော မီးတောက်သည် အာကာသ၏ အမှောင်ထုကြားတွင် ပျံ့နှံ့သွားသည်။
မူလက ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းဟု ထင်ရသည့် ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေသည် ဗလာနယ်ထဲတွင် အဆက်မပြတ်တုန်ခါနေပြီး ကြာပန်းနီပွင့်ချပ်တိုင်းက လှုပ်ခါလျှက် ရှိ၏။
ဗလာနယ်ထဲတွင် ပေ (၉၀)ခန့်ရှည်လျားသော နတ်မီးတောက်များထွက်ပေါ်လာပြီး မီးလျှံများအလယ်တွင် နဂါးပုံရိပ် (၂)ခု ထွက်ပေါ်လာသည်။
မနီးမဝေးတွင် မြေကမ္ဘာထိပ်တန်းအရှင်သခင်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော သီးခြားကမ္ဘာငယ်သည်ပင် ကြီးမားသည့်စွမ်းအားရောင်ဝါကြောင့် အနည်းငယ် တုန်လှုပ်သွားလေသည်။
“ငါ ရောက်လာပြီ ၊ ဖုယွင်ချီ ဘယ်မှာလဲ”
ခမ်းနားထည်ဝါသောအသံတစ်သံက ကျယ်ပြောပြီး အဆုံးမရှိသော ဗလာနယ်တစ်လျှောက်ပဲ့တင်ထပ်သွားပြီး တိုက်ပွဲကြည့်ရန် စောင့်ဆိုင်းနေသူတိုင်း ကြားသိလိုက်ရသည်။
‘ဖုယွင်ချီ’ ဆိုသည်မှာ ဖုထင်၏ဖခင် ပိုးသားဧကရာဇ်၏ အမည်ဖြစ်သည်။
သို့တိုင် ထိုနာမည်ကို တိုက်ရိုက်ခေါ်ဆိုဝံ့သူ အထက်ဘုံကမ္ဘာတွင် လက်ချိုးရေတွက်၍ပင် ရနိုင်သည်။
တောက်ယွိက ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အကြည့်ကိုပြန်လည်ရုတ်သိမ်းကာ ကြာပန်းနီရွက်လှေကြီးအတွင်းမှ ထွက်ခွာသွားသည်။
အဝေးမှ မီးတောက်မီးလျှံကိုကြည့်ရင်း သူမက လေးလံသည့်အသံဖြင့်...
“တိုက်ပွဲစဖို့ အချိန်လိုသေးတယ် ၊ စိတ်ရှည်ရှည်နဲ့စောင့်ပေးပါ”
မီးတောက်မီးလျှံကြီးက အရေးမစိုက်ဟန်ဖြင့်...
“အဆင်ပြေပါတယ် ၊ ငါစောင့်နေတာကြာပြီ... အလျင်စလို မရှိပါဘူး ၊ နောက်ထပ် ခဏလောက် စောင့်ရုံပါပဲ”
ထို့နောက် သူက ဗလာနယ်ထဲတွင် ရိုးရှင်းစွာပင် မတ်တတ်ရပ်ကာ စောင့်နေလေသည်။
သူ့မျက်နှာကို မီးတောက်မီးလျှံများဖြင့် လွှမ်းခြုံထားသဖြင့် မည်သူကမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် တိုက်ပွဲလာရောက်ကြည့်ရှုသူများအားလုံးမှာ ထိုမီးတောက်မီးလျှံက သူတို့ကိုကြည့်နေသည့်အလား ခံစားလိုက်ကြရ၏။
ရန်ကျောက်ကဲသည်လည်း ကြာပန်းနီလေဟုန်စီးကောင်းကင်ရွက်လှေထဲမှ ထွက်ခွာလာပြီး အဝေးတစ်နေရာမှ ‘အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်’ ကို စိတ်ဝင်တစားကြည့်နေလေ၏။