အစစ်အမှန်ကိုယ်နှင့် အတားအဆီး
Vol. 54 Ch. 743
ဝူဟုန်က မျက်မှောင်ကြုတ်လိုက်၏။ ဝမ်ဝေ့၏ လက်ရှိအခြေအနေက သူမအတွက် နယ်ပယ်အသစ် ဖြစ်နေလေသည်။ ဤမျိုးဆက် မတိုင်ခင် မည်သူကမှ ဒဿမသာလွန်အုတ်မြစ်ကို မရရှိဖူးကြပေ။ ထို့ကြောင့် သူမက ကိုးကားစရာမရှိဘဲ သူမ၏ ကျယ်ပြန့်လှသည့်အတွေ့အကြုံနှင့် ဗဟုသုတများကပင် လက်ရှိအခြေအနေအတွက် အထောက်အကူ မဖြစ်ခဲ့ပေ။
“ကြည့်ရတာ ကိုယ့်ရဲ့ ပထမဆုံးကျင့်ကြံရေး အတားအဆီး ရှိနေတဲ့ပုံပဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး သူ လိုအပ်နေသည့်အရာက ဘာဆိုတာ မသိသည့်အတွက် အနည်းငယ် စိတ်တိုနေမိသည်။ အထူးသဖြင့် သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေသည့်အခါတွင် ဖြစ်၏။ ကျင့်ကြံသူအများစုက သူတို့၏ဘဝတွင် အတားအဆီးများစွာကို ကြုံတွေ့ရပြီး အထူးချွန်ဆုံး ကောင်းကင်ရွေးချယ်ခံများကိုပင် မြင့်မားသည့်အဆင့် မရောက်နိုင်အောင် တားဆီးထားခြင်း သို့မဟုတ် မှော်ဆန်သည့် ကျင့်စဉ်များကို ကျင့်ကြံနိုင်ခြင်းမှ တားဆီးထားသည့် ဖြစ်ရပ်မျိုး ဖြစ်စေတတ်သည်။
အတားအဆီးများနှင့် ပတ်သက်ပြီး အဆိုးရွားဆုံးအရာက ကျင့်ကြံသူများကို သူတို့၏ ကျင့်ကြံရေးနှင့် ပတ်သက်ပြီး အောင်မြင်ဖို့ တားဆီးထားနိုင်သည့် အတုံးဆုံး အကြောင်းအရင်း ဖြစ်နေနိုင်သည်။ နမူနာအားဖြင့် ဝမ်ဝေ့ ပျောက်ဆုံးနေသည့်အရာက အင်မတန် သိသာနေသည့်အရာ ဖြစ်နေနိုင်သည်။ ပြောရလျှင် ကမ္ဘာမြေမှ သီးသန့်မှတ်ဉာဏ်တချို့လိုမျိုး ဖြစ်၏။
“တကယ်လို့ အတားအဆီးဆိုရင် ဖြေရှင်းဖို့ နည်းလမ်းနှစ်မျိုး ရှိတယ်။ ဖြည်းဖြည်းချင်းစီ အချိန်ယူပြီးတော့ ကျော်ဖြတ်မလား။ ဒါမှမဟုတ် ဉာဏ်အလင်းပွင့်မဲ့အချိန်ကို စောင့်မလား။ ရှင့်ရဲ့ အခြေအနေနဲ့ဆိုရင် ဒုတိယနည်းလမ်းကို အသုံးပြုရလိမ့်မယ်”
“မင်း ပြောတာမှန်တယ်။ အထူးသဖြင့် ကိုယ့်ဆီမှာ အချိန်မရှိတဲ့အခါမျိုးပေါ့” ဝမ်ဝေ့က သူ့ကောင်းကင်အလိုဆန္ဒ တိုက်ပွဲဝင် အမှတ်အသားပြားကို ကြည့်လိုက်သည်။ သူက စွမ်းအားကို စမ်းသပ်ရင်း နောက်ဆုံးတိုက်ပွဲသည် နောက်နှစ်ငါးရာတွင် ကျင်းပမည်ဖြစ်ကြောင်း ကောင်းကင်တာအိုမှ သတင်းစကား ရရှိထား၏။
“အဲဒါဆို ကျွန်မတို့နှစ်ယောက်ထဲ ခရီးထွက်ရအောင်လေ” ဝူဟုန်က ပြောလိုက်သည်။
“ရှင် စိတ်အေးအေးထားပြီးတော့ လန်းလန်းဆန်းဆန်းနေလိုက်။ အဲ့လိုစိတ်အခြေအနေမျိုးနဲ့ဆိုရင် ရှင့်အနေအထားနဲ့ အတားအဆီးကို ဖြေရှင်းဖို့ ဉာဏ်အလင်းပွင့်နိုင်ချေရှိတယ်”
“အဲဒါ အတွေးကောင်းပဲ။ ဒါနဲ့ ကိုယ် ကိစ္စတချို့ အရင်ဖြေရှင်းလိုက်ဦးမယ်”
“ကောင်းပြီ”
“ဒါနဲ့ ကိုယ်တစ်ခု မေးစရာ ရှိသေးတယ်။ အရင်ဆုံး တိထျန်းက သူ့သေမျိုးဧကရာဇ်ဂုဏ်ပုဒ်ကို ဘယ်လိုရသွားတာလဲဆိုတာ သိလား”
“ကျွန်မ ခန့်မှန်းထားရသလောက်တော့ သူက ကန့်သတ်ချက်ချိုးဖောက်ရေး ကိရိယာကို အသုံးပြုခဲ့တာပဲ”
“မိမိုက်နေတဲ့ နာမည်ပါလား” ဝမ်ဝေ့က ပြောလိုက်သည်။
“နာမည်ကတော့ မိုက်တယ်။ ဒါနဲ့ အသေးစိတ် ပြောပြလို့ရမလား”
“ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာက စံပြတွေနဲ့ မကောင်းဆိုးဝါးနတ်ဘုရားတွေတောင် မကြာခဏ လုယက်တိုက်ခိုက်ရတဲ့ ရှားပါးတဲ့ ကမ္ဘာဦးဟွင်သွမ်း ရတနာတစ်ခုပဲ။ မကောင်းဆိုးဝါး နတ်ဘုရားတွေက သူတို့ရဲ့ သွေးမျိုးဆက်ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ မကြာခဏ အသုံးပြုလေ့ရှိတယ်လေ။ စံပြတွေကတော့ သူတို့ရဲ့ ပါရမီ၊ ဝိညာဉ် ဒါမှမဟုတ် မဟာတာအိုအရင်းအမြစ်ကို တိုးမြှင့်ဖို့ အသုံးပြုကြတယ်”
“မဟာတာအိုအရင်းအမြစ်ရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်နိုင်တာလား”
“ပြောသလောက်တော့ မကြီးကျယ်ပါဘူး။” ဝူဟုန်က ပြောလိုက်သည်။
“မဟာတာအိုအရင်းအမြစ် တစ်ရာ ရာခိုင်နှုန်း ရောက်ရှိပြီးတဲ့နောက်မှာ လူတစ်ယောက်က ခွန်အားအစစ်အမှန်တာအိုကို မကျင့်ကြံရင် ခွန်အား တိုးမြှင့်လာဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာနဲ့ဆိုရင် ထိပ်သီးစံပြတွေက သူတို့ရဲ့ မဟာတာအို အရင်းအမြစ်အင်အားကို တိုးမြှင့်နိုင်တယ်။”
“ဒီလိုရတနာက မင်းအတွက်တောင် အတော်လေး အကျိုးရှိတာပဲ”
“ဟုတ်တာပေါ့” ဝူဟုန်က ပြန်ဖြေလိုက်သည်။ သူမက ကမ္ဘာ၏ ထိပ်သီးသို့ အစစ်အမှန် ရောက်ရှိခဲ့သည့် စံပြတစ်ယောက်ဖြစ်ကာ တိုးတက်သည့်အရိပ်အယောင်မျိုး မရှိတော့ပေ။
“ကျွန်မက ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာကို ရဖို့ကြိုးစားခဲ့ပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘူး”
“အဲဒါဆိုတော့ အဲ့လောက်တောင် ရှားပါးတယ်လား”
“ဟုတ်တယ်”
“အဲဒါဆိုရင် တိထျန်းက ဘယ်လိုလုပ်ရသွားတာလဲ”
“ကြည့်ရတာ သူက ဧကရာဇ် တိုင်၉လုံးရဲ့ အမွေအနှစ်ကို လက်ခံရရှိခဲ့တဲ့ပုံပဲ” ဝူဟုန်က ပြန်ဖြေလိုက်၏။ တစ်ခါက သူမသည် ကန့်သတ်ချက် ချိုးဖောက်ရေး ကိရိယာအကြောင်း သတင်းအချက်အလက်များကို ရှာဖွေခဲ့ဖူးသည်။ ရလဒ်အနေဖြင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာရှိသည့် နောက်ဆုံးသူက ဧကရာဇ် တိုင်၉လုံး ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမက အချိန်မြစ်ကြောင်းမှတဆင့် ထိုသူ၏ သတင်းအချက်အလက်များကို ရှာဖွေကြည့်ခဲ့သည်။
သို့သော်လည်း သူမ ရှာဖွေပြီးသည့်နောက်တွင် ဝူဟုန်က ထိုကောလဟာလသည် တိုင်၉လုံး၏ ရန်သူဆီမှ ဖြန့်ထားပြီး သူ့ကို သတ်ဖို့ တမင်ဖြန့်ထားခြင်း ဖြစ်နိုင်ကြောင်း သိခဲ့ရသည်။ ထို့အပြင် ဧကရာဇ်တိုင်၉လုံးက ပျောက်ကွယ်သွားပြီဖြစ်ကာ သေသွားနိုင်ချေ မြင့်မားသည်။
“ဧကရာဇ်တိုင်၉လုံးလား”
“ကျွန်မနဲ့ ယှဉ်ရင်တောင် အရမ်းကို ပါရမီထူးချွန်တဲ့ လူတစ်ယောက်ပေါ့။ ဒါပေမဲ့ သူက ဒဿမသာလွန်အုတ်မြစ်လို့ ခေါ်တဲ့အရာကို ရရှိဖို့ အရမ်းကို စွဲလန်းနေခဲ့တာလေ။ အဲဒါကြောင့် ယွမ်ခေတ်ကာလများစွာတိုင် ရှာဖွေလေ့လာနေခဲ့တာ။ တကယ်လို့ ကံကောင်းမှုကသာ သူ့ဘက်မှာ ရှိနေခဲ့ရင် သူ အသက်ရှင်လောက်တယ်”
“တိထျန်းက တကယ်ကို ကံကောင်းလွန်းတဲ့လူပဲ” ဝမ်ဝေ့က အံကြိတ်ကာ ပြောလိုက်၏။ သူက သိပ္ပံနှင့် နည်းပညာကမ္ဘာကို ဖန်တီးခဲ့ပြီး နောက်ထပ် တားမြစ်ချက်တစ်ခုနှင့် ထိတွေ့ကာ နောက်ထပ် ကျင့်ကြံရေးလမ်းစဉ်တစ်ခုကို ဖန်တီးခဲ့ပြီး သိပ္ပံပညာရှင်များက နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ နှစ်သန်းချီ ကုန်ဆုံးခဲ့ရသည်။ သူ အောင်မြင်လာသည့်အခါ တိထျန်းက သူ့အတွက် အားလုံးအလုပ်လုပ်ပေးသည့် လူတစ်ယောက်ကို ရှာတွေ့လောက်အောင် ကံကောင်းခဲ့၏။
“ဘဝကြီးက မမျှတဘူးလေ။ ရှင်လည်း ဒါကို သိမှာပါ” ဝူဟုန်က ဖျောင်းဖျလိုက်သည်။
“ဘာဖြစ်ဖြစ်ပါ။ ဒါနဲ့ ကိုယ့်ရဲ့ အဖြူရောင် ကံကောင်းမှုက ဘာကြီးလဲ” ဝမ်ဝေ့က မေးလိုက်၏။
“စံပြတစ်ယောက်ရဲ့ ကံကောင်းမှုပေါ့” သူမက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“အဲဒါဆို ကိုယ့်ဆီမှာ စံပြတစ်ယောက်ရဲ့ ကံကောင်းမှုမျိုး ရှိနေတာပေါ့”
“စံပြတစ်ယောက် ဖြစ်လာဖို့ဆိုတာက ရှင် ထင်ထားသလိုမျိုး မလွယ်ဘူး။ ရှင်က စံပြဝိညာဉ်၊ မဟာတာအိုအရင်းအမြစ် ၉၀ရာခိုင်နှုန်း၊ တာအိုနှလုံးသား၊ စံပြကံကောင်းမှု၊ ကြမ္မာနဲ့ တခြားအရာတွေရှိဖို့ လိုတယ်။ အဲဒါကြောင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက လူတွေက သူတို့ရဲ့ ကံကောင်းမှုကို တိုးမြှင့်ပြီး အဆင့် မတက်လှမ်းခင် ကြမ္မာအမြောက်အများ စုစည်းကြတာပေါ့”
“ကိုယ် သိပြီ။ အဲဒါဆိုတော့ ကိုယ်က စံပြတစ်ယောက်ဖြစ်လာဖို့ ကံကောင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူးပေါ့”
“ရှင်က ခေတ်ကာလရဲ့ သားတော်ပဲလေ။ ရှင်သာ ကောင်းကင်တာအို ချမှတ်ထားတဲ့ ကံကြမ္မာကို ပြီးမြောက်သရွေ့ ရှင့်ရဲ့ ကံကောင်းမှုက အဖြူတစ်ပိုင်း ဒါမှမဟုတ် အပြည့်အဝ အဖြူရောင် ဖြစ်သွားနိုင်တာပဲ”
“အဲဒါက ကံကြမ္မာ ဘယ်လိုပြီးမြောက်လဲဆိုတဲ့အပေါ်မှာ မူတည်သေးတာမလား”
“ဟုတ်တယ်” ဝူဟုန်က ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခု အမှတ်ရသွားဟန်ဖြင့် ပြောလိုက်သည်။
“ရှင့်ရဲ့ဘိုးဘေးတွေက ကျင့်ကြံရေးနယ်ပယ်တွေနဲ့ ပတ်သက်ပြီး ပြောမပြခဲ့ဘူးလား။ ဘာလို့ ကျွန်မကို မေးနေတာလဲ”
“သူတို့က ကောင်းကင်ဘုံအဆင့်နဲ့အထက် သတင်းအချက်အလက်တွေကို ကိုယ့်အပေါ် လွှမ်းမိုးမှု မရှိအောင် စည်းပိတ်ထားကြတယ်လေ” သူက ခေါင်းအသာယမ်းကာ ပြန်ဖြေလိုက်၏။
“တာအိုကို သက်သေပြပြီးတဲ့နောက်မှာတော့ အဲဒါကို ဖယ်ရှားပစ်နိုင်လောက်တယ်”
“ဒါက ကိစ္စဆိုးကြီးတော့လည်း မဟုတ်ပါဘူး။ ရှင့်ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် ရှင်က သေမျိုးတစ်ယောက် ဖြစ်နေတုန်း စံပြအဆင့် တက်လှမ်းမဲ့အကြောင်းကို ဆက်တိုက် စိုးရိမ်ပြီးတော့ ကြံစည်နေမှာလေ”
“သေမျိုးတစ်ယောက်တဲ့လား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထိုအကောင်ကြီးကြီး၏ အမြင်အောက်တွင် သူ့အသိဉာဏ်၊ ဉာဏ်ပညာ၊ ဉာဏ်များမှု၊ အသိဉာဏ်၊ နည်းဗျူဟာကျကျ စိတ်အနေအထားနှင့် ပါရမီတို့က သူ တာအိုကို သက်သေမပြသရွေ့ အဓိပ္ပာယ်မရှိပေ။ သူက ပြန်လည်ဝင်စားခြင်းစက်ဝန်းတွင် ငြိတွယ်နေပြီး သက်တမ်းတိုသည့် သေမျိုးတစ်ယောက်မျှသာ ဖြစ်နေလိမ့်မည်။
အကယ်၍ သူသာ သေခြင်းတရား အနှောင်အဖွဲ့မှ မလွတ်မြောက်ပါက သူ့မှတ်ဉာဏ်များသည် ပြန်လည်ဝင်စားခြင်းများစွာ ပြီးသည့်နောက်တွင် ရှင်းထုတ်ခံရမည် ဖြစ်ကာ သူ့အစစ်အမှန်ကိုယ်ကို ပျောက်ဆုံးသွားပြီး တစ်စုံတစ်ယောက် ဖြစ်သွားနိုင်သည်။
“ဒါက ပြန်လည်ဝင်စားခြင်း စွမ်းအားလား။ မသေမျိုးအဆင့် ပုဂ္ဂိုလ်တွေရဲ့ မသေမျိုးအဆီအနှစ်က သူတို့ရဲ့ အဆုံးမဲ့သက်တမ်းတင် မကဘူး သူတို့ရဲ့ အစစ်အမှန်ကိုယ် ဖြစ်နေတာပဲ။ သူတို့က ပြန်လည်ဝင်စားမှု ဘယ်လောက်ပဲကြုံတွေ့တွေ့ သူတို့ရဲ့ မှတ်ဉာဏ်တွေက ပျောက်ဆုံးသွားမှာမဟုတ်သလို တခြားတစ်စုံတစ်ယောက်လည်း ဖြစ်လာမှာ မဟုတ်ဘူး။ သူတို့ရဲ့ မှတ်ဉာဏ်တွေက ယာယီ စည်းပိတ်ခံရတယ်ဆိုရင်တောင် သူတို့ရဲ့ မှတ်ဉာဏ်တွေ နိုးထလာတာနဲ့ အရင်ပုံစံ ချက်ချင်း ပြန်ဖြစ်သွားလိမ့်မယ်”
ဝမ်ဝေ့က သံသရာတာအိုကို ပုံဖော်လိုက်ပြီး
“တကယ်လို့ ပြန်လည်ဝင်စားခြင်းစွမ်းအားက ဒီလောက်တောင် အားကောင်းနေတယ်ဆိုရင် မသေမျိုးတစ်ယောက်ရဲ့ အစစ်အမှန်ကိုယ်ကို သတ်နိုင်ပါ့မလား”
ဝမ်ဝေ့က သူသည် နည်းစနစ်တစ်ခု၏ ရှေ့ပြေးကို ဖွဲ့စည်းခဲ့သည့်အတွက် အကြည့်များ တောက်ပလာသည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူထုတ်လိုက်ကာ စိတ်ကို ရှင်းလင်းလိုက်၏။
“ရှင့်ရဲ့ ဒဿမသာလွန်အုတ်မြစ်က ကျွန်မ ထင်ထားသလိုမျိုး မရိုးရှင်းဘူး” ဝူဟုန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ရှင့်ရဲ့ အစစ်အမှန်ကိုယ် ဉာဏ်အလင်းပွင့်မှုက ရှင် ထာဝရကြာရှည် ကောင်းကင်ဘုံအဆင့် ဖြစ်လာဖို့ နားလည်ရမဲ့ တည်ရှိမှု တစ်စိတ်တစ်ပိုင်းပဲ။ ဒါပေမဲ့ ရှင်က သေမျိုးတစ်ယောက်ဖြစ်နေတုန်းမှာပဲ ဒါကို ဖမ်းဆုပ်မိခဲ့ပြီးတော့ ထာဝရဧကရာဇ်အဆင့်ကိုယ်ကျော်ပစ်ခဲ့တယ်”
“အဲ့လိုလား။ အဲဒါဆို ကိုယ်က ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာကို မင်း သိမှာပေါ့” ဝမ်ဝေ့က ဒဿမသာလွန်အုတ်မြစ်သည် ကန့်သတ်ချက် ချိုးဖောက်သည့် သဘောတရား ပါဝင်နေကြောင်း မှန်းဆမိသည်။ သူက ထိုစွမ်းရည်အတွက် ကန့်သတ်ချက် ရှိနေမည်ဖြစ်ကြောင်း သိလေသည်။
“ရှင့်ရဲ့ စံပြဝိညာဉ်က ရှင် သေမျိုးဧကရာဇ်ဖြစ်လာပြီးတဲ့နောက်မှာ စွမ်းအားတချို့ အသက်ဝင်လာပုံပဲ” သူမက အားကျစွာ ရေရွတ်လိုက်၏။ သူမက ပြိုင်ဘက်ကင်း နားလည်နိုင်စွမ်းဖြင့် မွေးဖွားလာသည့် ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။ သို့သော်လည်း စံပြဝိညာဉ်အဆင့် ရောက်ရှိဖို့ရာအတွက် သူမက အားကောင်းကာ ထူးကဲသည့် မိုးမြေရတနာများစွာကို သုံးစွဲခဲ့ရသည်။
သို့သော် ထိုကောင်စုတ်လေးက ဤသို့သော ပါရမီမျိုးဖြင့် မွေးဖွားလာခဲ့သည်။
သူက သူကိုယ်တိုင်ရယူထားပေမဲ့လည်း အနည်းငယ်တော့ စိတ်ခုနေတုန်းပဲ…
ဝူဟုန်က ရုတ်တရက် သူ့ကို ကိုက်လိုက်သည်။
“အား ဘာလို့ ကိုယ့်ကို ကိုက်တာလဲ”
“ကျွန်မ သဘောကျလို့ပေါ့”
ဝမ်ဝေ့က ဆွံ့အသွားကာ တစ်စုံတစ်ခု အာရုံများသွားဟန်ဖြင့် သူမ၏ သွားက သူ့အရေပြားကို အလွယ်တကူ ချိုးဖောက်နိုင်လေသည်။
တကယ်လို့ တစ်ရက်ကျ ငါတို့ ညဘက်အလုပ်ရှုပ်နေတုန်း သူမက ငါ့ကို ရုတ်တရက် ကိုက်ချလိုက်ရင် ဘယ်လိုလုပ်မလဲ…
သူက ထိုမြင်ကွင်းကို တွေးကြည့်ရုံသာမက တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ ဤသို့သော အခြေအနေမျိုးတွင် သူ့စိတ်စွမ်းအားဖြင့်ပင် ရှင်သန်နိုင်မည် မဟုတ်ပေ။
“ရှင် တုံးအအ အရာတွေကို ထပ်ပြီး စဉ်းစားနေပြန်ပြီလား” သူမက မျက်လုံးထောင့်မှ ကြည့်ကာ မေးလိုက်သည်။
“ဇနီးလေး ကိုယ် မလုပ်တဲ့ အရာတွေအတွက် စွပ်စွဲလို့ မရဘူးနော်” ဝမ်ဝေ့က ဖားသည့် အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
“ဒါနဲ့ ကိုယ် အမြဲတမ်း မေးချင်နေခဲ့တာ။ မင်းက ဓားဧကရီနဲ့ တိုက်ခိုက်ဖူးလား။ ဘယ်သူနိုင်သွားလဲ”
ဝူဟုန်က သူမအား သူသည် သူမ ဒေါသပြေစေဖို့အတွက် စကားလမ်းကြောင်း လွှဲလိုက်မှန်း သိသည့်အတွက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။
“တစ်ခါ တိုက်ဖူးတယ်။ ကျွန်မက ကပ်သီးလေး အနိုင်ရခဲ့တယ်”
“ကိုယ့်ရဲ့ဘိုးဘေးက အဲ့လောက်တောင် အားကောင်းတာလား”
“သူမရဲ့ တိုက်ကွက်တွေက တကယ်ကို ပြိုင်ဘက်ကင်းတယ်”
“ဒါပေမဲ့ ဆိုတဲ့စကားလုံး ရောက်လာတော့မယ်လို့ ဘာလို့ခံစားမိနေပါလိမ့်”
“တိုက်ပွဲက ပြိုင်ဆိုင်မှုတစ်ခုပဲလေ” ဝူဟုန်က ထပ်ပြောလိုက်သည်။
“သေခြင်းရှင်ခြင်း တိုက်ပွဲမှာဆိုရင်တော့ သူမက ကျွန်မလက်ထဲမှာ ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်ဘူး”
“သူမရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကြောင့်လား”
“ဟုတ်တယ်။ တကယ်လို့ ကျွန်မသာ အနာခံပြီး သူမကို သတ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်မ အနိုင်ရမှာ။ သူမ သေချာပေါက် သေလိမ့်မယ်” သူမက ဤစကားတွင် အကြွင်းမဲ့ ယုံကြည်ချက် ရှိ၏။
“ဒါပေမဲ့ အခု သူမက ခန္ဓာကိုယ် လေ့ကျင့်လိုက်ပြီဆိုတော့ မငြှိမ်းသတ်နိုင်ဖွယ် စံပြတစ်ယောက် ဖြစ်လာနိုင်ချေရှိတယ်။ အဲဒါဆိုတော့ သူမကို ဘယ်လိုအနိုင်ယူမှာလဲ”
“ကျွန်မ အဆင်ပြေမှာပါ” မငြှိမ်းသတ်နိုင်ဖွယ် စံပြများတွင်လည်း ကွာဟချက် ရှိလေသည်။ သို့သော်လည်း ဤသည်က သူမ ယုံကြည်ချက်၏ အဓိကအကြောင်းအရင်း မဟုတ်သေးပေ။ ယန်းအိုက်က ခန္ဓာကိုယ်လေ့ကျင့်ပြီးသည့်နောက်တွင် ဓားတာအို နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသော်လည်း သူမ၏ ပင်မခန္ဓာကိုယ်တွင် အခွင့်အရေး ရှိနေလေသည်။
သူမက ဒဏ်ရာရရှိပြီး ကျင့်ကြံဆင့် ကျဆုံးပြီးသည့်နောက် အခွင့်အရေးကို ရယူကာ အုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
ထို့ကြောင့် ဓားဧကရီက အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားသည်နှင့် သူမ၏ အင်အားက ပင်မခန္ဓာကိုယ်ထက် အားမနည်းလျှင်ပင် လက်ရည်တူသာ ဖြစ်သွားလိမ့်မည်။
ပြီးတော့ ငါ့ဆီမှာ ပြီးပြည့်စုံတဲ့ အုတ်မြစ် ရှိနေပြီလေ…
ဝူဟုန်က ယုံကြည်ချက်ရှိရှိဖြင့် တွေးလိုက်သည်။
***