စွန့်စွန့်စားစား အတွေးအခေါ် *
Vol. 54 Ch. 744
“ဒါက မင်းရဲ့ ပင်မခန္ဓာကိုယ်ဆိုတော့ သီးသန့်ကျင့်ကြံတာ ပြီးသွားပြီလား” ဝမ်ဝေ့က မေးလိုက်သည်။
“အင်း” ဝူဟုန်က တောက်ပနေသည့် မျက်ဝန်းများဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း သူမ မျက်ဝန်းအထက် စိုးရိမ်ပူပန်မှု ရှိနေသည့်အလား အမြန်အဆန် မှေးမှိန်သွား၏။
“ဘာဖြစ်လို့လဲ။ အဲ့ဒီနည်းလမ်းက အဆင်မပြေဘူးလား”
ဝူဟုန်က ခေတ္တမျှရပ်တန့်သွားပြီးသည့်နောက် ပတ်ဝန်းကျင်ကို စည်းချကာ ပြောလိုက်သည်။ ထို့နောက် သူမက အံ့ဖွယ်အသိစိတ်ဖြင့်သာ ပြောလိုက်၏။
“ပြီးပြည့်စုံနဲ့ အုတ်မြစ်ဖန်တီးမဲ့ နည်းလမ်းကိုတော့ ပြီးမြောက်ခဲ့တယ်။ အဲဒီနာမည်အတွက် သာလွန်အုတ်မြစ်လို့တောင် ပေးထားသေးတယ်”
“အဲဒါက အစွဲကင်းဖို့အတွက် ကူညီပေးနိုင်တာလား” ဝမ်ဝေ့က အံ့အားသင့်စွာ ပြောလိုက်၏။
ဤနည်းလမ်းက သူ့ခွန်အားကို တိုးမြှင့်ပေးကာ သူ့ကျင့်ကြံရေးလမ်းစဉ်ကို ချောမွေ့စေပြီး ပြီးပြည့်စုံသည့် တားမြစ်ချက်အပေါ် ဝင်ရောက်စွက်ဖက်ခွင့်ပြုလိမ့်မည်ဟုသာ ထင်ခဲ့မိသည်။
“ရှင် ထင်သလို ကောင်းကင်ဘုံ သွေဖယ်နေတာမျိုး မဟုတ်ဘူး။ အစွဲကင်းတစ်ပိုင်းအဆင့် ရောက်နိုင်အောင် ရာခိုင်နှုန်းအနည်းငယ် တိုးမြှင့်ပေးရုံပဲ”
“အဲ့လိုဆိုရင်တောင် ဒီနည်းလမ်းက ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို ဖရိုဖရဲနဲ့ ကပ်ဘေးဖြစ်စေနိုင်တယ်”
ဝမ်ဝေ့က သူ့ဝူဟုန်၊ ဓားဧကရီ၊ ချီယွမ်နှင့် သူ့ဘိုးဘေးများသည် စကြဝဠာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ပြိုင်ဘက်ကင်းပါရမီရှင်များ ဖြစ်ကြောင်း သိလေသည်။ သို့သော်လည်း မည်သူကမှ ထူးကဲသာလွန်မှုဆီ လမ်းစဉ်ကို ရှာမတွေ့ခဲ့ကြပေ။
နောက်ဆုံးတွင် ချီယွမ်က ကောင်းကင်တုန်လှုပ်ဖွယ် အစီအစဉ်ကို ချမှတ်ခဲ့ပြီး စကြဝဠာတစ်ခုလုံးဆီ ရှေ့ဆက်ရမည့် လမ်းစဉ်ကို အခွင့်အရေး ပေးလာဖို့အတွက် အကြွင်းမဲ့တားမြစ်ချက်ကို ဆင့်ခေါ်ဖို့ သက်ရှိများဆီမှ စွမ်းအားနှင့် ကံကောင်းမှုကို စုစည်းခဲ့သည်။
သို့သော် ထိုသို့ဆိုလျှင်ပင် စကြဝဠာအတွင်း အစွဲကင်းတစ်ပိုင်း သက်ရှိများစွာ ပေါ်ထွက်လာသော်လည်း သူက ကျရှုံးခဲ့သည်။
(အစွဲကင်းမှုအဆင့် = သာလွန်အဆင့် / အစွဲကင်းပုဂ္ဂိုလ် - ထူးကဲသာလွန်သူ )
သို့သော် ထိုသာလွန်တာအိုအုတ်မြစ်နည်းစနစ်က စံပြများ၊ မကောင်းဆိုးဝါး နတ်ဘုရားများ၊ တာအိုအုပ်စိုးသူနှင့် အင်မော်တယ်ဘုရင်များ လိုက်ရှာနေသည့် နယ်ပယ်ကို ရောက်ရှိဖို့ရာ ဖြစ်နိုင်ချေကို တိုးမြှင့်ပေး၏။
(အရင်က မသေမျိုးဘုရင် ရေးခဲ့တာ အခု အင်မော်တယ်ဘုရင်လို့ ပြောင်းသုံးသွားပါ့မယ်)
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူထုတ်ကာ ပြောလိုက်သည်။
“အဲဒါဆိုတော့ ဒီနည်းလမ်းက ဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ”
“မဟာတာအိုက ပြီးပြည့်စုံမှုရဲ့ တည်ရှိမှုကို တားမြစ်ထားတာက ထူးကဲသာလွန်သူတွေကပဲ ပြီးပြည့်စုံလို့ပဲ။ ပြောရမယ်ဆိုရင် အစွဲကင်းတဲ့ ဖြစ်စဉ်က ပြီးပြည့်စုံတဲ့ သက်ရှိဖြစ်လာမဲ့ ဖြစ်စဉ်လို့ ပြောလို့ရတယ်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“မဟာတာအိုက စကြဝဠာထဲ ပိုပြီးအားကောင်းတဲ့ သက်ရှိတွေ ပေါ်ထွက်လာစေချင်တယ်လို့ ခံစားနေခဲ့မိတာ။ ကိုယ် မှားနေတာလား”
မဟာတာအိုက သက်ရှိများအား မြင့်မားသည့် အဆင့်သို့ ရောက်စေလိုလျှင် ပြီးပြည့်စုံမှုက အဘယ်ကြောင့် တားမြစ်ချက်ဖြစ်လာလဲ မစဉ်းစားနိုင်တော့ပေ။
“ရှင် ပြောတာမှန်တယ်။ အဲဒါကြောင့် ပြီးပြည့်စုံမှု တားမြစ်ချက်ကို သေမျိုးနဲ့ ပြီးပြည့်စုံမှုဆိုပြီးတော့ ပြန်ခွဲထားတယ်။ အဲဒါက လူတွေကို ဒီတားမြစ်ချက်နဲ့ ပတ်သက်ပြီး ဖြည်းဖြည်းချင်း နားလည်အောင် ခွင့်ပြုပေးထားတဲ့ သဘောပေါ့။ ဒါပေမဲ့ ထူးကဲသာလွန်သူ ဖြစ်လာဖို့က အဲ့လောက်လွယ်မှာလား”
“အဲဒါဆိုတော့ ထူးကဲသာလွန်သူ ဖြစ်လာမဲ့ဖြစ်စဉ်က ငရဲအဆင့်ဖြစ်ပေမဲ့ ပြီးပြည့်စုံမှုကို တားမြစ်ချက် ချမှတ်ထားတော့ မဟာတာအိုက အိပ်မက်ဆိုးအဆင့်အထိ တိုးမြှင့်ချင်တာလား”
ကျင့်ကြံရေးလောကကို နားလည်ထားသည့် ကစားပွဲနည်းစနစ်အရ ကစားသူများသည် သူတို့၏ သေမျိုးဘဝဖြင့် ကျင့်ကြံရေးခရီးလမ်းကို စတင်ခဲ့ကြပြီး ရည်ရွယ်ချက်က ဧကရာဇ်တစ်ပိုင်းအဆင့် သို့မဟုတ် သေမျိုး၏ အထွတ်အထိပ်သို့ ရောက်ရှိစေရန် ဖြစ်သည်။
ထိုကစားပွဲတွင် မြေပုံအမျိုးမျိုးရှိထားပြီး မဟာကမ္ဘာ သို့မဟုတ် ကောင်းကင်အလိုဆန္ဒကမ္ဘာများ ဖြစ်ကာ မြေပုံနှင့် ကစားသမား၏ ကံကောင်းမှုအပေါ် မူတည်၍ သေမျိုးက အခက်အခဲအဆင့်ဆင့် ရှိလေသည်။ သို့သော် သူတို့၏ အဆင့်(ကျင့်ကြံဆင့်)မြင့်တက်လာသည်နှင့် ခက်ခဲနှုန်းက ပိုမိုမြင့်မားလာလိမ့်မည်။
ထို့နောက် တာအိုကို သက်သေပြခြင်းဖြင့် မသေမျိုး ဖြစ်လာနိုင်ပြီး မသေမျိုးအနေအထားသို့ ရောက်ရှိကာ သူတို့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ မြေပုံဆီ ပြောင်းလဲနိုင်သည်။
မသေမျိုး၏ အဆုံးသတ်က အမြင့်ဆုံး စံပြအဆင့် ဖြစ်ပေသည်။ နောက်ဆုံးတွင် သူတို့က ကျော်လွှားရမဲ့ ထိပ်ဆုံးအကန့်အသတ်ဖြစ်သည့် ထူးကဲသာလွန်မှု အဆင့် ရှိသည်။ ဂိမ်းမာစတာ သို့မဟုတ် အသိဉာဏ်တု(မဟာတာအို)က ထူးကဲသာလွန်မှုအဆင့်ကို ငရဲခက်ခဲမှုမှ အိပ်မက်ဆိုးအဆင့်အထိ ပြီးပြည့်စုံမှုကို တားမြစ်ချက်ထားရှိခြင်းဖြင့် တိုးမြှင့်စေခဲ့သည်။
ဤသည်မှာ အခြေအနေကို သုံးသပ်ဖို့ ပြီးပြည့်စုံသည့် နည်းစနစ်တစ်ခုဖြစ်သည့်အတွက် ဝူဟုန်က ခဏတာ ဆွံ့အမိသွား၏။
“အဲ့လိုတွေးလို့လည်း ရတယ်” သူမက ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်ကာ
“အဲဒါဆို ဒီနည်းစနစ်ကို ပြောပြလို့ ရလား”
“ကျွန်မက ပန်းသုံးပွင့်ဖွဲ့စည်းခြင်းနည်းလမ်းကို အသုံးပြုပြီးတော့ တာအိုအုတ်မြစ်ကို ပြီးပြည့်စုံမှုအဖြစ် ပြောင်းလဲစေခဲ့တာ” သူမက ရှင်းပြလိုက်သည်။
“အောင်မြင်ပြီးတဲ့နောက်မှာ ရှင့်ရဲ့ ပန်းသုံးပွင့်က သုညအဆင့်ကို ရောက်ရှိသွားလိမ့်မယ်”
သူမက မြန်မြန်ဆန်ဆန် အောင်မြင်ခဲ့သည်မှာ သူက ပထမအဆင့် ပန်းပွင့်ကို ကျော်လွန်ဖို့ရာအကြောင်း မည်မျှငြီးတွားခဲ့ဖူးကြောင်း အမှတ်ရလိုက်ပြီး ထိုအရာက အုတ်မြစ်အနေနှင့် အသုံးပြုခဲ့၍ ဖြစ်သည်။
“အဲဒါဆိုတော့ ဒီနည်းလမ်းနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေတာလား” ဝမ်ဝေ့က သူမ၏ စိုးရိမ်နေသည့် အမူအရာကို ပြန်လည်အမှတ်ရရင်း မေးလိုက်သည်။
“ဟုတ်တယ်” ဝူဟုန်က ပြောလိုက်၏။
“မဟာတာအိုက ဒီလိုအုတ်မြစ်အလွယ်တကူ ဖွဲ့စည်းနိုင်တဲ့သူတွေကို ခွင့်ပြုထားမှာ မဟုတ်ဘူး။ ရှင့်ကို တိုက်ရိုက်သတ်ပစ်နိုင်တာမျိုးလည်း ဖြစ်နိုင်သလို အထွတ်အထိပ်တားမြစ်ခံ စစ်ဆေးမှုထက် ဆိုးရွားတဲ့ စမ်းသပ်ချက်ကို ချပေးတာလည်း ဖြစ်နိုင်တယ်”
ဝမ်ဝေ့က ထိုစကားလုံးနှစ်ခုကို စဉ်းစားလိုက်မိသည်။ သူက အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုကြောင့် သေလုနီးပါးဖြစ်ခဲ့ရသောကြောင့် ပြီးပြည့်စုံမှု စစ်ဆေးမှုသည် မည်မျှခက်ခဲကြောင်း တွေးမကြည့်နိုင်ပေ။
“မဟာတာအိုစွမ်းအား မတည်ရှိတဲ့နေရာ ဒါမှမဟုတ် အားနည်းတဲ့နေရာမှာ ထူးကဲသာလွန်အုတ်မြစ်ကို မဖွဲ့စည်းနိုင်ဘူးလား”
“အဲဒါက ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းပဲ” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အဲဒီလိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာက အတော်လေးနည်းတယ်။ အများစုက ကမ္ဘာဦးဟွင်သွမ်းထဲမှာရှိတဲ့ တားမြစ်နယ်မြေတွေ။ သူတို့က မဟာတာအိုလောက် အန္တရာယ်များတယ်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ လက်ရှိအခြေအနေအရဆိုရင် ကိုယ်တို့တွေ အဲဒီနေရာတွေကို သွားမရှာခင် ကပ်ပါးတွေနဲ့ အရင်ဖြေရှင်းရလောက်တယ်။ မဟုတ်သေးဘူး သူတို့ မရှိဘူးဆိုရင်တောင် ကိုယ်က အဲဒီတားမြစ်နယ်မြေထဲ ဝင်ရောက်ဖို့ မြင့်မားတဲ့ ကျင့်ကြံဆင့်တော့ လိုဦးမှာပဲ”
သူက သူ့ဇနီးကို ကြည့်ကာ
“ဒီနည်းစနစ်ကို ကျင့်ကြံဖို့ ရွေ့ဆိုင်းထားလိုက်ရမလား”
ဝူဟုန်က ထိုမေးခွန်းကို ပြန်မဖြေဘဲ သူ့အား စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မကို ယုံလား”
“ဒါပေါ့” သူက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။
“ဒီနည်းစနစ် ပြီးမြောက်သွားပြီးတဲ့နောက်မှာ ကျွန်မရဲ့ စိတ်ထဲ သတင်းစကားတစ်ခု ပေါ်ထွက်လာတယ်။ ကျွန်မတို့တွေ ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို ဖွဲ့စည်းနိုင်ဖို့ အလင်းမဲ့အမှန်တရားထဲ ဝင်ရောက်ရမယ်”
“အလင်းမဲ့အမှန်တရားလား။ အဲဒါက ဘာလဲ”
“နောက်ထပ် တားမြစ်ချက်တစ်ခုပေါ့” ဝူဟုန်က ပြန်ဖြေလိုက်သည်။
“ဒါက ဟွင်သွမ်းစကြဝဠာ အစကတည်းက တည်ရှိနေတဲ့ မြူတစ်ခုပဲ။ မဟာတာအိုတောင် အဲဒါကို ရှင်းမထုတ်နိုင်ဘူး။ အဲဒါကို သာမန်နဲ့ ဟွင်သွမ်းကမ္ဘာအမြောက်အများမှာ ရှာတွေ့နိုင်တယ်။”
“ပုံမှန်အရဆိုရင် မြူက အဲဒီကမ္ဘာတွေမှာ ရည်ရွယ်ချက် မရှိဘဲ တည်ရှိနေတာ။ ဒါပေမဲ့ တစ်စုံတစ်ယောက် အထဲကို ဝင်ရောက်သွားတာနဲ့ သူတို့တွေက ကံကြမ္မာသုံးမျိုးကို ခံစားရနိုင်တယ်။ သေဆုံးတာမျိုး၊ ဘာမှမဖြစ်တာမျိုး၊ ဒါမှမဟုတ် ရတနာ၊ ကျင့်စဉ်၊ ပါရမီ တိုးမြှင့်ခြင်း အစရှိတဲ့အရာတွေနဲ့ ကောင်းချီးပေးခံရတာမျိုးပေါ့”
“အဲဒါက ဘာကြီးလဲ”
“ဒါက မြူရဲ့ လျှို့ဝှက်ဆန်းကြယ်မှုပဲ။ တစ်စုံတစ်ယောက်က ကောင်းချီးပေးခံရမလား။ သေဆုံးရမလားဆိုတာကို ဆုံးဖြတ်ပေးတဲ့ စံနှုန်းကိုတော့ ဘယ်သူမှမသိကြဘူး”
“အဲဒါဆို မြူက ပုံမှန်ဆိုရင် အေးအေးဆေးဆေး တည်ရှိနေတယ်လို့ ပြောတယ်မလား။ အဲဒါဆို တခြားအချိန်တွေဆိုရင်ရော”
“လမ်းမှာ ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်။ စံပြတွေ ဒါမှမဟုတ် မကောင်းဆိုးဝါးနတ်ဘုရားတွေ ဘယ်လောက်ပဲတားတား သူတို့အားလုံး သေဆုံးရလိမ့််မယ်။ မေတ္တယျလိုမျိုး အစွဲကင်းတစ်ပိုင်းအဆင့်တွေတောင် အလင်းမဲ့အမှန်တရားရှေ့မှာ ပုရွက်ဆိတ်လောက်ပဲ ရှိမယ်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ထိုအခြေအနေကို သုံးသပ်လိုက်၏။
“အဲဒါဆို ကိုယ်တို့ကမ္ဘာမှာ အလင်းမဲ့အမှန်တရား ရှိနေတာလား”
“ဟုတ်တယ်။ အဆုံးမဲ့လေဟာနယ် အဆုံးသတ်ရဲ့ အဆုံးစွန်ပင်လယ်မှာ ရှိတယ်”
“ဒီလိုဆိုရင် ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို ဖန်တီးဖို့ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ အလင်းမဲ့အမှန်တရားထဲ ခြေချရမှာပေါ့”
“ရှင် သေချာရဲ့လား” ဝူဟုန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ရှင် သေသွားနိုင်တယ်”
“ဒါမှမဟုတ် ကိုယ် အောင်မြင်သွားနိုင်တာပဲ” သူက အပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။
“ကိုယ်က သေချာတဲ့ အရာတွေမှာ သဘောတရား၊ တွက်ချက်မှုနဲ့ အသိဉာဏ်တွေ မလိုဘူးဆိုတာကို သိတယ်။ သူတို့က စွန့်စွန့်စားစား အတွေးအခေါ် အယူအဆပဲ လိုတာ။ အဲဒါကြောင့် ကိုယ် ယုံကြည်တယ်ဆိုမှတော့ ကိုယ်ဒီဟာကို လုပ်ရမယ်”
ဝူဟုန်က သက်ပြင်းချလိုက်ပြီးနောက် သူ့ရင်ခွင်ထဲမှီကာ
“ကောင်းပြီလေ။ ဘာဖြစ်ဖြစ် တခြားအရာတွေထက်စာရင် အလင်းမဲ့အမှန်တရားကို အသုံးပြုတာက အရေးသာချက်တွေ ရှိတယ်”
“အိုး”
“အရင်းအမြစ်တွေပေါ့။ ကျွန်မ မှန်းဆထားသလောက်ဆိုရင် သာလွန်အုတ်မြစ်က ကန့်သတ်ချက်ချိုးဖောက်ရေး ကိရိယာလိုမျိုး ရှားပါးတဲ့ ပစ္စည်းအမြောက်အများ လိုအပ်လိမ့်မယ်။ တကယ်လို့ မျှော်လင့်မထားတဲ့ တစ်ခုခုမဖြစ်ခဲ့ဘူးဆိုရင်တော့ မြူက အဲဒီပစ္စည်းတွေ ချီးမြှင့်လောက်တယ်”
“အဲဒါဆို ကိုယ်တို့ ပိုပြီးတော့ အကြောင်းပြချက် ရှိသွားတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။
“ဖြစ်နိုင်ပါတယ်” ဝူဟုန်က အတွေးနက်နေမိ၏။ သူမက ဝမ်ဝေ့၏ ဘေးကင်းမှုကို စိုးရိမ်နေသော်လည်း သူမ တတ်နိုင်သည့်အရာ မရှိပေ။ သို့သော်လည်း သူမ၏ တခြားစိုးရိမ်မှုက သူမ၏ ပင်မခန္ဓာကိုယ် ဖြစ်၏။
သူမကရော ဒီလိုလုပ်မလား။ မဖြစ်နိုင်လောက်ဖူးပဲ…
သူမက ညည်းတွားလိုက်သည်။
ဘာပဲဖြစ်ဖြစ် သဘာဝဆီပဲ ပုံအောထားတာပေါ့…
“အဲဒါဆို ကိုယ်တို့ ခရီး မသွားခင် ကြိုတင်ပြင်ဆင်လိုက်ဦးမယ်”
“ကောင်းပြီ”
ဝမ်ဝေ့က စံအိမ်မှ ထွက်သွားကာ ထျန်းဝေတောင်ထိပ်ဆီ ဝမ်ကျူကို ဆင့်ခေါ်ခဲ့သည်။ သူက သူ သီးသန့်ကျင့်ကြံနေစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဖတ်ရှုရင်း ဂိုဏ်း၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေသည်။
သူ တွက်ဆထားမှုအရ နှစ်ပေါင်း ၂၂၅ ၀၀၀ ကုန်ဆုံးသွားပြီဖြစ်ကာ သူ အသုံးပြုသည့် အချိန်အစီအရင်၏ ဆယ်ဆဖြင့် သူက နှစ်၂သန်းကျော် တွေ့ကြုံခံစားခဲ့ရသည်။ သို့သော်လည်း သူက စည်းမျဉ်းနားလည်ဖို့၊ ခန္ဓာကိုယ်လေ့ကျင့်ပေးဖို့ အစရှိသည်ကို နှစ်ပေါင်း သန်း ၇၃၀ ကို အသုံးပြုခဲ့သည်။
ငါ့ကမ္ဘာဦးစိတ်ဝိညာဉ်က ငါ့ရဲ့စိတ်ကို ထရီလီယံပေါင်း ခွဲခြားလို့ရအောင် ခွင့်ပြုပေးထားပြီးတော့ ငါ့ရဲ့ နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးထားတယ်။ အဲဒါကြောင့် စည်းမျဉ်းနားလည်ဖို့ ထရီလီယံ အနည်းငယ်လောက်တော့ ကုန်ဆုံးရမှာပဲ။ ငါ့ရဲ့ တာအိုသစ်ပင်က ခရမ်းရွှေရောင် ပြောင်းသွားတာ အံ့ဩစရာမရှိတော့ဘူး…
ဝမ်ဝေ့က စဉ်းစားလိုက်ပြီး သူက မည်မျှအံ့ဩဖို့ကောင်းကြောင်း သဘောပေါက်သွားခဲ့သည်။
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် တစ်စုံတစ်ခုကို သတိထားမိသည့်အတွက် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။
“တောင်ခြေမှာ ဆေးဝါးပညာရှင်တွေ ဘာလို့အဲ့လောက်များပြားနေပါလိမ့်” တောင်ခြေတွင် တည်ရှိသည့် ဂိုဏ်း၏ အဓိကမြို့တွင် ဆေးဖော်စပ်သူ သို့မဟုတ် ဆေးဝါးပညာရှင်များ အမြောက်အများ ရှိနေလေသည်။
“အဲဒါများ ဖြစ်နေမလား”
သူက တစ်စုံတစ်ခုကို ရေရွတ်လိုက်ပြီး သူ့မျက်ဝန်းအထက် ကံကြမ္မာစွမ်းအား ဖြတ်ပြေးသွားသည်။
“လီလင်းက အင်မော်တယ်ဆေးလုံးကို ဖန်တီးတဲ့ ပထမဆုံးဆေးဝါးပညာရှင် ဖြစ်လာတာပဲ။ ကောင်းကင်တာအိုက သူမကို ကုသိုလ်အရောင်များ ချီးမြှင့်ခဲ့တာပဲ။
အဲဒါဆို ကုန်းမြေငါးခုမှာရှိတဲ့ ဆေးဝါးပညာရှင်တွေက ဂိုဏ်းဆီ သူမကို တွေ့ချင်နေကြပြီး ဆရာတင်ဖို့ ဒါမှမဟုတ် သူမဆီကနေ သင်ယူဖို့ ရောက်ရှိလာကြတာပဲ။ မဆိုးဘူးပဲ။ သူမက ငါ့ညီမလေးဆိုတဲ့ အနေအထားကို စိတ်မပျက်စေဘူး”
ထို့နောက် ဝမ်ဝေ့က ထျန်းဝေတောင်ထိပ်ဆီ ပျံသန်းသွားလိုက်သည်။
***