← Chapters

တခြားသူတွေထက် မညံ့ဘူး *

Vol. 54 Ch. 747

တခြားသူတွေထက် မညံ့ဘူး *

Vol. 54 Ch. 747

“ကျွန်တော်တို့ ကလေးကို အလိုလိုက်လို့မရဘူး” အသံနက်နက် တစ်သံ ထွက်ပေါ်လာသည်။

“ဘာလို့လဲ” ဝမ်ဝေ့က အနီရောင်ဆံပင်ရှိသည့် လီကျွင်းကို ကြည့်ကာ မေးလိုက်သည်။

“ဦးလေးတစ်ယောက်အနေနဲ့ ကောင်းကင်က ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို လုယူလို့မရဘူး”

“ကောင်းကင်နဲ့ မတည့်ဘူး မဟုတ်ဘူးလား”

“အဲ့လိုဆိုရင်တောင် ငါ့အိပ်မက်ကို အကြောင်းအရင်းမရှိ ဖျက်ဆီးနိုင်ခွင့် မရှိဘူး”

“ဒါက ကျွန်တော့်ကလေးလေ။ အဲဒါဆိုတော့ ကျွန်တော့်ဆီမှာ လုပ်ပိုင်ခွင့် ရှိတယ်။ ပြီးတော့ ကျွန်တော်က အကြောင်းအရင်း ကောင်းကောင်းလည်းရှိတယ်”

“သူတို့က ငါ့တူတွေ ဖြစ်လာမဲ့သူလေ။ ငါ့ဆီမှာ လုပ်ပိုင်ခွင့် ရှိတာပေါ့။ မင်းဆီမှာ ဘာအကြောင်းအရင်းကောင်းများ ရှိနေတာတုန်း” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ မေးလိုက်၏။

“တကယ်လို့ အစ်ကိုကြီးလည်း သိမယ်ဆိုရင် ကျွန်တော်ကလည်း ကလေးတွေကို အလိုလိုက်ဖို့ ပြင်ထားတာ” လီကျွင်းက ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော်တို့ နှစ်ယောက်လုံး အလိုလိုက်နေတယ်ဆိုရင် သူတို့တွေ ပျက်စီးသွားမှာ မဟုတ်ဘူးလား”

“မင်း ပြောတာဟုတ်သား” ဝမ်ဝေ့က အလေးအနက်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ငါတို့ကလေးတွေကို တခြားသူတွေရဲ့ ဘဝ ဖျက်ဆီးပြီးတော့ သူများ သားမယားကို ခိုးယူဖို့ပဲ သိတဲ့ ဒုတိယမျိုးဆက် သခင်လေးတွေအဖြစ် ပြောင်းလဲလိုက်လို့ မဖြစ်ဘူး”

“အတိအကျပဲ။ အဲဒီကလေးတွေရဲ့ နောက်ခံနဲ့ဆိုရင် သူတို့ကိုသာ အလိုလိုက်လို့ ပျက်စီးသွားမယ်ဆိုရင် ကမ္ဘာကြီးအတွက် အိပ်မက်ဆိုး ဖြစ်လာလိမ့်မယ်” လီကျွင်းက သူ့ကလေးဘက်က အမှားဖြစ်နေလျှင်ပင် ကာကွယ်ပေးမည် ဖြစ်ကြောင်း တွေးမိကာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူတို့၏ စွမ်းအားကြီးကာ ပြိုင်ဘက်ကင်းသည့် ဦးလေးကပါ အလိုလိုက်မည့်အကြောင်း ထည့်ပေါင်းလိုက်လျှင် ထိုကလေးများက မိုးမြေကြားရှိ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးတွင် အနိုင်ကျင့်သူ ဖြစ်လာပြီး ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မည်။

“ငါတို့နှစ်ယောက်လုံး သူတို့ကို အလိုလိုက်နိုင်ပေမဲ့ ဖြေရှင်းနည်းတစ်ခုတော့ ရှိတယ်” ဝမ်ဝေ့က အကြည့်များ တောက်ပလာကာ ပြောလိုက်သည်။

“အိုး ပြောပါဦး”

“ငါတို့တွေ သူတို့အမေတွေကို ဆုံးမခိုင်းမဲ့တာဝန်ကို ပေးလိုက်မယ်လေ။ ငါတို့ကတော့ အလိုလိုက်ကြမယ်”

“အဲဒါ အကြံကောင်းပဲ” လီကျွင်းက သူ့စိတ်လှုပ်ရှားမှုကိုပင် မထိန်းချုပ်နိုင်တော့ပေ။

“အဲဒါဆိုရင် ဒုတိယမျိုးဆက် သခင်လေးတွေ ဖြစ်သွားမှာကို စိုးရိမ်စရာ မလိုဘဲ အလိုလိုက်လို့ရပြီ။ အချစ်လေး ဒါ အကြံကောင်း မဟုတ်ဘူးလား”

“ရှင်ပဲ အိပ်မက် ဆက်မက်နေလိုက်” ယန်းလီလင်းက ပြောလိုက်သည်။

“ဘာမှားလို့လဲ”

“ကျွန်မတို့ကလေးအတွက် ကျွန်မကို လူကြမ်းကြီး လုပ်ခိုင်းပြီးတော့ ရှင်ကတော့ သူတို့ရဲ့ အချစ်ခံရတဲ့ မိဘ ဖြစ်လာမှာပေါ့။ ရှင်ပဲ အိပ်မက်မက်နေလိုက်”

“မဟုတ်ပါဘူး။ မင်း မှားနေပြီ” သူက ရှင်းပြလိုက်သည်။

“ကိုယ်တို့ကလေးတွေက မင်းက သူတို့အပေါ် တင်းကြပ်တဲ့အတွက် ကျေးဇူးတင်နေမှာပါ။ ကိုယ်က သူတို့ရဲ့ အချစ်ဆုံးလို့ ထင်ရပေမဲ့ အဲဒါက ယာယီပဲလေ”

ယန်းလီလင်းက ဘာမှမပြောဘဲ နှာခေါင်းရှုံ့လိုက်သည်။ လီကျွင်းက အံကြိတ်ကာ ပြောလိုက်၏။

“အဲဒါဆိုရင် သူကရော”

ဝမ်ဝေ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ကိုယ်တို့ကလေးတွေကို အလိုလိုက်ပြီးတော့ ဆိုးရွားတဲ့ လွှမ်းမိုးမှုဖြစ်လာအောင် ခွင့်ပြုထားမှာလား”

“ကျွန်မကို ဒီထဲ ဆွဲမထည့်နဲ့။ သူ ပြောတယ်လေ။ ဒါက ဦးလေးတစ်ယောက်အနေနဲ့ သူ့ လုပ်ပိုင်ခွင့်တဲ့” ယန်းလီလင်းက ပြောလိုက်သည်။

“ပြီးတော့ ကျွန်မတို့ တားချင်ရင်တောင် တားလို့မရဘူး”

ကျစ်…

လီကျွင်းက သူတစ်ယောက်တည်းသာ ခံစားရသည့်သူဖြစ်ကြောင်း တွေးမိလိုက်ပြီး “သူ့စရိုက်ကိုလည်း သိတာပဲ။ သူက လွန်လွန်ကဲကဲ ဖြစ်မှာသေချာတယ်”

“တကယ်လို့ သူ လုပ်ရင် ဒီမိန်းမအိုကြီးက သူ့ကို သေတဲ့အထိ တိုက်ခိုက်ပြီးတော့ ကလေးတွေကို လာမတွေ့နိုင်အောင် တားဆီးရမှာပေါ့”

“ဘယ်လို အဲဒါက စည်းမျဉ်းနဲ့ ဆန့်ကျင်နေတယ်နော်” ဝမ်ဝေ့က ဝင်ပြောလိုက်သည်။

“ကျွန်မက နှစ်သိန်းချီလောက် ဗိုက်ထဲ လွယ်ထားရမဲ့ ကလေးတွေနဲ့ ပတ်သက်လာရင် ကျွန်မက စည်းမျဉ်းဥပဒေပဲ”

ကျစ် သူမ ပြောတာ အမှန်ပဲဟ…

ဝမ်ဝေ့က အံကြိတ်ကာ တွေးလိုက်သည်။ ထို့နောက် သုံးယောက်သားက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီးသည့်နောက် မတည်ရှိသေးသည့် ကလေးကို မည်သို့ပြုစုပျိုးထောင်မည့် အခွင့်အရေးအပေါ် တိုက်ခိုက်ဖို့ ပြင်လိုက်ကြသည်။

“ဟား…ဟား…ဟား...”

“ဟား…ဟား…ဟား…”

“ဟား…ဟား…ဟား…”

သူတို့က အားပါးတရ ရယ်မောလိုက်ပြီး အဆင့်အတန်းနှင့် အာဏာအားလုံးကို လျစ်လျူရှုထားကြသည်။ သုံးယောက်သားက စက်ဝိုင်းပုံသဏ္ဌာန် ထိုင်လိုက်ပြီးနောက် အဖန်ရည် သောက်သုံးလိုက်ကြ၏။

“သီးသန့်ကျင့်ကြံနေတုန်းက ဘယ်လိုအခြေအနေရှိလဲ” ဝမ်ဝေ့က လီကျွင်းကို မေးလိုက်သည်။ လီကျွင်းက အရှိန်အဝါကို ထုတ်ဖော်လိုက်၏။

“ထိပ်သီး ပွင့်ချပ် ၆ လွှာပါလား” သူက အနည်းငယ် အံ့အားသင်သွားမိ၏။ သူ တွက်ဆထားသလောက် လီကျွင်းသည် သူ့သတ်ဖြတ်ရေး နှလုံးသားဖြင့် ထိပ်သီးပွင့်ချပ် ၅လွှာအဆင့်သာ ရောက်ရှိသင့်ပေသည်။ အစောပိုင်းပွင့်ချပ် ၆လွှာအဆင့်ရောက်ရှိဖို့ အခွင့်အရေး နည်းပါးလှ၏။

သို့သော် သူ့လက်ရှိအင်အားက ပွင့်ချပ် ၇လွှာအဆင့် ရောက်ဖို့ အနည်းငယ်မျှသာ လိုအပ်တော့သည်။

“ဟုတ်တယ်။ အဲဒီလက်နက်နဲ့ဆိုရင် ကျွန်တော်က အဆင့်ကျော်ပြီးတော့ တိုက်ခိုက်နိုင်တယ်”

“ဘယ်လိုဖြစ်သွားတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ကိစ္စတွေက အများကြီးပဲ” သူက သက်ပြင်းချကာ ပြောလိုက်၏။

…………………………………………………………………………

လွန်ခဲ့သည့် နှစ် ၂၂၅၀၀ ခန့်က

လီကျွင်းက စစ်ပွဲအဆောင်နှင့် သတ်ဖြတ်ရေး နှလုံးသားကို ယူကာ သီးသန့်ကျင့်ကြံဖို့ ပြင်ဆင်ခဲ့သည်။ သူက အကြီးအကဲချုပ် အထွေထွေသောင်းပြောင်း စောင့်ဆိုင်းနေသည့် လျှို့ဝှက်နယ်မြေတစ်ခုဆီ ရောက်ရှိလာသည်။ သူက အစီအရင်အမြောက်အများရှိနေသည့် နေရာတစ်ခုအတွင်း ဝင်ရောက်လာခဲ့၏။

“မင်း ပြင်ဆင်ထားပြီးပြီလား” အထွေထွေသောင်းပြောင်းက မေးလိုက်သည်။

“ဟုတ်ကဲ့”

“ပထမအဆင့်က မင်းရဲ့ တာအိုသက်သေပြ လက်နက်ကို လက်နက်သားလောင်းနဲ့ ဆက်နွယ်ထားဖို့ပဲ။ နောက်ပိုင်းကျရင် မင်းရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ အနိုင်ပိုင်းရမယ်”

အစီအရင်အမြောက်အများ၏ အလယ်တွင် ပုံရိပ်ယောင် လှံတစ်ခုအထက် လက်နက် ၁၈ ခု ပါရှိသည့် လက်နက်စင်တစ်ခု ထွက်ပေါ်လာသည်။ သူ့ ထိန်းချုပ်မှုအောက်တွင် လီကျွင်းက ထိုနှစ်ခုကြား ဆက်နွယ်မှုကို ဖန်တီးလိုက်သည်။

“ပြီးသွားပြီ” သူက ရေရွတ်လိုက်သည်။

“အကြီးအကဲချုပ် သတ်ဖြတ်ရေး အငွေ့အသက်တွေကို စုစည်းတာကရော ဘယ်လိုအခြေအနေ ရှိလဲ”

“ဂိုဏ်းက အသင်္ချေအင်ပါယာကမ္ဘာနဲ့ အလွှာနိမ့်မှာ လူတွေ လွှတ်ပြီးတော့ စုဆောင်းခိုင်းထားတယ်။ ပြီးတော့ ဂိုဏ်းချုပ်ကလည် သူ့လူဝင်စားတွေကို အသုံးပြုပြီးတော့ စုဆောင်းထားတယ်”

လီကျွင်းက သူ့အစ်ကိုကြီး၏ လူဝင်စားများသည် ရှာဖွေရေး၌ အကျိုးသက်ရောက်မှု ရှိကြောင်း သိ၍ ခေါင်းညိတ်လိုက်သည်။ အထူးသဖြင့် ကံ၊ ကာလံဒေသံနှင့် ကံကောင်းမှုလူဝင်စားတို့ ဖြစ်ကြသည်။

ကာလံဒေသံ လူဝင်စားက အချိန်စက်ဝန်းအသီးသီးကို သွားကာ (အထူးသဖြင့် သတ်ဖြတ်ရေး ကပ်ဘေးတွေ့ကြုံခဲ့ရသည့် ကမ္ဘာများဆီ သွား၍) သတ်ဖြတ်ရေးအငွေ့အသက်များကို စုဆောင်းခဲ့သည်။ ထိုစဉ် ကံလူဝင်စားကမူ ကာလံဒေသံတစ်လျှောက် ကံကို အသုံးပြုကာ ယင်အနာဂတ်အတွက် သတ်ဖြတ်ရေး အငွေ့အသက်နှင့် သက်ဆိုင်သည့် အရင်းအမြစ်များကို ချန်ထားခဲ့သည်။

ကံကောင်းမှု လူဝင်စားအတွက်မူ သူက ကြုံရာကျပန်း သွားရုံမျှသာ ဖြစ်၏။ သတ်ဖြတ်ရေး အငွေ့အသက်က အဆင့်မြင့် သို့မဟုတ် ရှားပါးသည့် အရင်းအမြစ်များ မဟုတ်သည့်အတွက် သူ လိုအပ်သည့်အခါ ရှာတွေ့နိုင်သည်။

အစ်ကိုကြီးက သူ့စကားဝိုင်းကလူတွေကိုလည်း သတ်ဖြတ်ရေး အငွေ့အသက်စုဆောင်းဖို့ တာဝန်ပေးထားတယ်လို့ ပြောတယ်။ အဲဒါဆိုတော့ အဲဒီလက်နက်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ဘူး…

လီကျွင်းက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေးသို့ ဝင်ရောက်သွားသည်။ သူ့ ပထမအဆင့်က စစ်ပွဲအဆောင်ကို စုပ်ယူဖို့ ဖြစ်၏။ ထိုစစ်ပွဲအဆောင်ကို သန့်စင်သည့် ဖြစ်စဉ်က ရင်ဖိုရသည့် အတွေ့အကြုံတစ်ခု ဖြစ်ပေသည်။

သူ စက္ကန့်တိုင်း စစ်ပွဲတာအိုပေါ် နားလည်နိုင်စွမ်းက သိသိသာသာ တိုးမြင့်လာသည်ကို ခံစားမိလိုက်သည်။ တစ်စုံတစ်ယောက်က အစကတည်းက အဆုံးအထိ စစ်ပွဲတာအိုကို ယူဆောင်ခဲ့ပြီး အဆောင်တစ်ခုအဖြစ် ဖွဲ့စည်းထားသလိုမျိုး ဖြစ်သည်။ ထိုအရာကို သန့်စင်နေရင်း သူက ထိုတာအိုကို အစမှ အဆုံးအထိ တွေ့ကြုံခံစားခဲ့ရ၏။

ထို့ကြောင့် လီကျွင်းက ထိုတာအိုကို နားလည်ကာ သူ့ကိုယ်ပိုင်နှင့် ပေါင်းစပ်နိုင်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သူ့နောက်တွင် ပုံရိပ် ၉ခု ပေါ်ထွက်လာသည်။ သူတို့က ဓမ္မခန္ဓာကိုယ် မဟုတ်ဘဲ အနာဂတ်ဗုဒ္ဓကိုယ် ဖြစ်၏။ ကံဆိုးစွာဖြင့် ဝမ်ထျန်းလိုမျိုး ပါရမီထူးကဲသူပင် ကန့်သတ်ချက်များကြောင့် အနာဂတ်ဗုဒ္ဓကိုယ် ၁၂ ခုသာ ဖွဲ့စည်းနိုင်သည်။

အချိန်ကန့်သတ်ချက်ကြောင့် ဒါက ငါ့ရဲ့အကန့်အသတ်ပဲ ဖြစ်လိမ့်မယ်…

ဒါပေမဲ့ ငါ ဧကရာဇ်ဖြစ်မလာခင် ငွေရောင်အဆင့်အထိတော့ ပြီးမြောက်နိုင်လောက်တယ်…

သူ့ကျင့်ကြံရေး၏ နောက်အဆင့်က ဓမ္မခန္ဓာကိုယ်ကို ပေါင်းစပ်ဖို့ ဖြစ်ပေသည်။ သို့သော်လည်း လီကျွင်းက ဝမ်ဝေ့၏ နမူနာအတိုင်း လိုက်လုပ်ကာ သူ့ဓမ္မခန္ဓာကိုယ်ကို လူသားအရွယ်အစားဖြင့် ပြောင်းလဲပြီး ပေါင်းစပ်ခဲ့သည်။

လီကျွင်းက ကြိုးစားကြည့်ပြီး အောင်မြင်ခဲ့၏။ သို့သော်လည်း ထိုဖြစ်စဉ်က လိပ်တစ်ကောင်လိုမျိုး နှေးကွေးနေသည်ကို ခံစားမိလိုက်သည်။ သို့သော်လည်း ထိုဖြစ်စဉ်က အစွမ်းထိန်းချုပ်ရေး ပညာရပ်ကို ကူညီလေ့ကျင့်ပေးနိုင်သည့် အကျိုးကျေးဇူးကို တွေ့လိုက်ရသည်။

အောင်မြင်ပြီးတဲ့နောက်မှာ ငါက မသေမျိုးထိန်းချုပ်ရေးအဆင့်ရောက်ပြီးတော့ ထိပ်သီးတာအိုထိန်းချုပ်ရေးအဆင့်ထိတောင် ရောက်ရှိနိုင်တယ်…

ထို့နောက် လီကျွင်းက သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပြီး သတ်ဖြတ်ရေးနှလုံးသားကို စုပ်ယူဖို့ အလေးထားလိုက်သည်။ ထိုနှလုံးသားက သူ့အုတ်မြစ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်သည်။

ဤနှစ်များစွာတစ်လျှောက် သူက ဤခန္ဓာကိုယ်လေ့ကျင့်ရေးနည်းစနစ် အမျိုးမျိုးကို အသုံးပြုခဲ့၏။ သို့သော်လည်း လတ်တလောက ဘိုးဘေးတိုက်ပွဲရူးဆီမှ ရရှိထားသည့် သတ်ဖြတ်ရေးစိတ် လေ့ကျင့်ရေးဟု ခေါ်သည့်အရာကို အသုံးပြုနေခဲ့ပြီး ထိုအရာက သူနှင့် ပြီးပြည့်စုံစွာ သင့်တော်သည်ဟု ခံစားမိသည်။

ထိုနည်းစနစ်က သူ့အား သတ်ဖြတ်ရေးစိတ်ရုပ်ခန္ဓာဟု ခေါ်သည့် ထူးကဲသည့် ရုပ်ခန္ဓာကို ဖွဲ့စည်းနိုင်ခွင့်ပြုထားပြီး သူ့အင်အားကို တိုးမြှင့်ပေးသည်။

“အရင်တုန်းက ငါက ဒီရုပ်ခန္ဓာရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သတ်ဖြတ်ရေး နှလုံးသားနဲ့ဆိုရင်တော့ ပြီးမြောက်နိုင်လောက်တယ်”

လီကျွင်းက နှလုံးသားကို စုပ်ယူနေရင်း တွေးလိုက်မိသည်။

“ပြီးသွားပြီ” သူက သတ်ဖြတ်ရေးစိတ် လေ့ကျင့်ရေးနည်းစနစ်၏ ဒုတိယအဆင့်ကို မကျင့်ကြံခင် ရေရွတ်လိုက်သည်။ ထိုနည်းစနစ်က သူ့အား သူ့အသိစိတ်ပင်လယ်အတွင်း သတ်ဖြတ်ရေးကမ္ဘာတစ်ခု ဖန်တီးနိုင်ခွင့်ပြုထားလေသည်။ ထို့ကြောင့် သတ်ဖြတ်ရေး တာအိုအပေါ် နားလည်နိုင်စွမ်းက နက်ရှိုင်းလေလေ သူ ပြုလုပ်နိုင်သည့်ကမ္ဘာက ပိုမိုကောင်းမွန်လာလေလေ ဖြစ်၏။

ထို့နောက် သူက ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ထိုကမ္ဘာအတွင်း သတ်ဖြတ်ရေးစွမ်းအားကို အသုံးပြုနိုင်သည်။ သတ်ဖြတ်ရေးစွမ်းအားက အသွေးအသားကို တိုက်စားနိုင်သည့် အဆိုးမြင် ခံစားချက်များ ပါဝင်နေ၏။ သို့သော်လည်း ထိုအရာက အသွေးအသားကို ပြန်လည်ဖြစ်တည်စေသည့် အသက်ဓာတ်လည်း ပါဝင်နေသည့်အတွက် ဖျက်ဆီးခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းတို့ကို ထပ်ခါထပ်ခါလုပ်ခြင်းဖြင့် လေ့ကျင့်ရေး အနေအထားကို ရရှိနိုင်သည်။

ထိုနည်းစနစ်၏ ဗဟိုချက်က စိတ်ဝိညာဉ်ကို အဆီအနှစ်အဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ တခြားနည်းဖြင့် ဆိုရလျှင် စိတ်ဖြင့် ခန္ဓာကိုယ်ကို တိုးမြှင့်ပေးခြင်း ဖြစ်သည်။

ဒီနည်းစနစ်က အတော်လေး ဖန်တီးဉာဏ်ကောင်းတယ်။ အရင်းအမြစ်ကလည်း မလိုသလောက်ပဲ…

လီကျွင်းက နာကျင်မှုကို အံကြိတ်ကာ တွေးလိုက်သည်။

တကယ်လို့ ငါ မှန်းဆတာသာ မှန်မယ်ဆိုရင် ဒါက အဖိုးတန် ပင်ကိုနည်းစနစ် ဖြစ်သင့်တယ်…

သူ့စိတ်ထဲရှိ သတ်ဖြတ်ရေးကမ္ဘာက သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စိတ်စွမ်းအားတို့ကို ဆက်တိုက် လေ့ကျင့်ပေးနေသည့် လီကျွင်းက သူ့ ကန့်သတ်ချက် မရောက်ခင်အထိ အံကြိတ်ထားလိုက်သည်။

ဘန်း

သူက လေဟုန်ကို ထိုးခွင်းလိုက်သည့်အခါ သူ့သွေးကြောများမှတဆင့် ထွက်ပေါ်လာသည့်စွမ်းအားကို ခံစားလိုက်သည်။

“ကမ္ဘာဦးနဂါး ၅၂ကောင်ခွန်အားပဲ။ကောင်းတယ်” လီကျွင်းက ရေရွတ်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲ ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ

“နောက်တစ်ဆင့်”

လီကျွင်းက ခန္ဓာကိုယ်စမ်းသပ်ချက်ကို ချက်ချင်းဖြတ်ကျော်လိုက်သည်။

“စမ်းသပ်ချက်က ၇ဆင့်ပါပြီးတော့ အရေပြား၊ ကြွက်သားနဲ့ အကြော၊ အရိုး၊ အတွင်းအင်္ဂါ၊ သွေး၊ ချီသွေးကြော ဒါမှမဟုတ် သွေးကြောနဲ့ ဝိညာဉ်တွေပဲ” လီကျွင်းက ရေရွတ်လိုက်သည်။

“လူအများစုက တစ်ခုတောင် မအောင်မြင်ကြဘူး။ ပါရမီရှင်တွေကတော့ နှစ်ခုဆက်တိုက် အောင်မြင်ကြတယ်။ ပြိုင်ဘက်ကင်း ပါရမီရှင်တွေကတော့ ၃ခု အောင်မြင်တယ်”

သူက မျက်မှောင်ကြုတ်ကာ “ပါရမီအရ ယှဉ်ရရင် ငါက တည်ထောင်သူတို့၊ မရီးတို့နဲ့ မယှဉ်နိုင်ပေမဲ့ ငါက စိတ်စွမ်းအားနဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမှ ရှုံးနိမ့်မှာ မဟုတ်ဘူး။ မဟုတ်သေးဘူး … ငါ သူတို့ကို ကျော်လွှားနိုင်တယ်။ ငါ စမ်းသပ်ချက် လေးခု ရွေးချယ်တယ်”

သူ ဆုံးဖြတ်ပြီးသည်နှင့် ပြင်ဆင်လိုက်သည်။ ကြောက်မက်ဖွယ် အမည်မသိ စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်အပေါ် ကျဆင်းလာသည့်အတွက် လီကျွင်းက အော်ဟစ်လိုက်ရပြီး သူ့အဆုတ်နှင့် အသံကြိုးများပင် ပျက်စီးသွားသည်။

သူ့စိတ်က နာကျင်မှု ပြင်းထန်လွန်းလှသည့်အတွက် ကျိုးပျက်သွားသလို ခံစားလိုက်ရသော်လည်း တောင့်ခံထားသည်။

လီကျွင်းက သူ့မိသားစုသည် သူ့ကို စောင့်ဆိုင်းနေပြီး သူ့အစ်ကိုကြီးနှင့် သူ့ဇနီးများကိုပင် အမှတ်ရသွားသည်။ သူက တခြားသူများနှင့် ယှဉ်လိုက်လျှင် အားနည်းသော ကံကောင်းမှုဖြင့် မွေးဖွားလာသည့်အတွက် ကလေးဘဝတုန်းက တခြားသူများ၏ လှောင်ပြောင်ရယ်မောမှုကို ခံခဲ့ရသည့် အချိန်ကိုလည်း ပြန်လည်အမှတ်ရသွားသည်။

ပို၍အရေးကြီးသည်က သူက သူကိုယ်တိုင် ချမှတ်ထားသည့် ရည်မှန်းချက်ကို အမှတ်ရသွား၏။

ငါက ဘယ်သူ့ထက်မှ မညံ့ဘူး…

လီကျွင်းက ဆက်လက် အော်ဟစ်နေပြီး သူ့အသက်ဓာတ် အရှိန်အဝါကလည်း ဖြည်းဖြည်းချင်း ကျဆင်းလာသည်။ မည်သို့ပင်ဆိုစေကာမူ သူက တောင့်ခံထားဆဲ ဖြစ်၏။ သူ့ကန့်သတ်ချက်နောက်ကွယ်တွင် သူ့ယုံကြည်ချက်နှင့် ဆုံးဖြတ်ချက်ခိုင်မာမှုတို့က သူ့အား တွန်းအားဖြစ်စေခဲ့သည်။

အမည်မသိ အချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သေခြင်းတရားနှုတ်ခမ်းဝသို့ အကြိမ်များစွာ ဖြတ်ပြေးသည့်နောက် အောင်မြင်ခဲ့သည်။

“ငါ အသက်ရှင်ပြီ” သူက ရေရွတ်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်မှ ခွန်အားကို ခံစားမိလိုက်သည့်အခါ ကျင့်ကြံရေးဖျာမှ ထရပ်လိုက်၏။

ကမ္ဘာဦးနဂါး၅၆ကောင်ခွန်အား…

လီကျွင်းက အသက်ပြင်းပြင်းရှူကာ အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည် “ငါက ကောင်းကင်ရွေးချယ်ခံတစ်ယောက်ပဲ”

သူ့စိတ်ထဲရှိ အချုပ်အနှောင်များက ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည့်အတွက် စိတ်အခြေအနေက ပိုမိုသိမ်မွေ့သွားသည်။ ယခုမှစ၍ သူ့တာအိုခရီးလမ်းက ပိုမိုချောမွေ့သွားမည်ဖြစ်ကြောင်း သိလိုက်၏။

***

All Chapters