← Chapters

အလည်အပတ်

Vol. 54 Ch. 748

အလည်အပတ်

Vol. 54 Ch. 748

“အဲဒီနောက် ကျွန်တော်ရဲ့ ဓမ္မခန္ဓာကိုယ်ကို ကျုံ့ပြီးတော့ ပေါင်းစပ်ခဲ့တယ်” လီကျွင်းက ရှင်းပြလိုက်သည်။

“မင်းရဲ့ တုယီနယ်ပယ်က အကူအညီ ဖြစ်ရဲ့လား” ဝမ်ဝေ့က မေးလိုက်၏။

“မဖြစ်ဘူး။ ဒါက အစ်ကိုကြီးရဲ့ အစီအစဉ်နဲ့ နည်းလမ်းမလို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော်က ရလဒ်ကို ကျေနပ်ပါတယ်” လီကျွင်းက ပြန်ဖြေလိုက်သည်။ သူ့တာအိုခန္ဓာကိုယ်က ထိုနည်းလမ်းကို အသုံးပြုပြီးသည့်နောက်တွင် ပိုမိုအားကောင်းလာ၏။

“ကျွန်တော်ရဲ့ တုယီနယ်ပယ်အဆင့်ကို လေ့ကျင့်ဖို့ ကျင့်ကြံရေးအချိန် အများကြီးကို သုံးခဲ့ရတယ်” လီကျွင်းက ထပ်ပြောလိုက်သည်။

“အဲဒါက အကြံကောင်းပဲ။ ဒါနဲ့ အဲဒီလက်နက်ကရော ဘယ်လိုလဲ။ မင်း ထိန်းချုပ်နိုင်သွားပြီလား”

“အဲ့လိုပြောလို့တော့ရတယ်” လီကျွင်းက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။ သူက နိမိတ်ဆိုးလက်နက်တစ်ခုကို ဖန်တီးခဲ့သောကြောင့် ထိုအရာက သူ အသုံးပြုတိုင်း သူ့ကို သတ်ဖို့သာ တွေးနေလေသည်။ ထို့ကြောင့် သူ့အနေဖြင့် အသုံးပြုဖို့ ဆက်လက် လေ့ကျင့်ပေးရမည်ဖြစ်သည်။

“ရှင် သတိထားသင့်တယ်” ယန်းလီလင်းက သတိပေးလိုက်သည်။

“တကယ်လို့ ရှင် အဲဒီဟာကို ထိန်းချုပ်နိုင်တယ်ဆိုရင်တောင် ရှင် အားအနည်းဆုံးအချိန်မှာ ပြန်ပြီးတော့ တိုက်ခိုက်လာနိုင်တယ်”

“အဲ့လိုဖြစ်နိုင်ချေရှိတယ်” သူက ရေရွတ်လိုက်သည်။ လီကျွင်းက နောက်ဆုံးတိုက်ပွဲသည် သူ့ကန့်သတ်ချက်ကို ကျော်လွန်စေကာ သူ့တွင် အားနည်းချက် ရှိလာမည်ကို ကြိုတင်မြင်နေမိသည်။ ထို့ကြောင့် ထိုနိမိတ်ဆိုးလက်နက်က ထိုအခွင့်အရေးကို အသုံးချကာ သူ့ကို ပြန်လည်တိုက်ခိုက်ပြီး သတ်ပစ်နိုင်သည်။

“အဲဒီမှာ အလိုလိုဖောက်ခွဲရေး စည်းတံဆိပ်ကို ထားလိုက်” ဝမ်ဝေ့က ပြောလိုက်သည်။

“တကယ်လို့ ပုန်ကန်တယ်ဆိုရင် ဖောက်ခွဲပစ်ဖို့ တုံ့ဆိုင်းမနေနဲ့။ အဲဒါက ရန်သူအပေါ် ဗုံးအဖြစ် သုံးလို့ရတယ်”

ဝမ်ဝေ့က အသိဉာဏ် သို့မဟုတ် အသိစိတ်ရှိသည့် လက်နက်များကို သဘောမကျပေ။ ထို့ကြောင့် သူ့တာအိုသက်သေပြ လက်နက်သည် အသိစိတ်ရှိလာလျှင် ပိုမိုအားကောင်းလာမည် ဖြစ်သော်လည်း သူက ခွင့်ပြုမည် မဟုတ်ပေ။ သူက ခုခံဖို့ကြိုးစားသော အသိစိတ်ရှိသည့် လက်နက်နှင့် တွေ့ကြုံသည့်အခါတိုင်း သူတို့၏ အသိစိတ်ကို ရှင်းထုတ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

“ဟုတ်တယ်။ တစ်ခုခု မှားယွင်းသွားခဲ့ရင်ဆိုပြီးတော့ အရင်တွက်ဆထားသင့်တယ်” လီကျွင်းက ခေါင်းညိတ်လိုက်ပြီး ရန်သူသည် လက်နက်အား သူ့အား ပုန်ကန်ဖို့ ဆွဲဆောင်နိုင်ချေရှိကြောင်း သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူက ဖြစ်နိုင်ချေအားလုံးအတွက် ပြင်ဆင်ထားဖို့ လိုအပ်၏။

“ငါ့အကူအညီ လိုသေးလား” ဝမ်ဝေ့က မေးလိုက်သည်။

“မလိုတော့ဘူး”

“ကောင်းပြီ။ ဒါနဲ့ ထျဲ့ကန်က ဘယ်လိုဖြစ်သွားတာလဲ”

“သူက သေမျိုးနဲ့ မသေမျိုးကြားက အတားအဆီးကို တက်လှမ်းဖို့ ကျရှုံးသွားတယ်” လီကျွင်းက ရှင်းပြလိုက်သည်။

“အဲ့လိုဖြစ်မယ်မှန်း သိထားပေမဲ့ နည်းနည်းတော့ စိတ်ပျက်မိတုန်းပဲ” ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်၏။ ထျဲ့ကန်က ထိုသို့အောင်မြင်မှုမျိုးအတွက် ပါရမီ မရှိကြောင်း သိထားသည်။ ပို၍အရေးကြီးသည်က သူက ထိုကြမ္မာ မရှိပေ။

“သူနဲ့ ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုဘူး” ယန်းလီလင်းက ပြောလိုက်သည်။

“သူက သူ့အတွက် အင်မော်တယ်စွမ်းအား ရရှိမဲ့ လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်နေတာ။ ပြီးတော့ ဂိုဏ်းနဲ့ ပူးပေါင်းပြီးတော့ အစီအရင်၊ လက်နက်နဲ့ ဆေးလုံးပါဝင်တဲ့ နည်းစနစ်တစ်ခုကို ဖန်တီးနေတယ်လေ။ အဲဒါကြောင့် သူက စစ်သူကြီးကောင်း တစ်ယောက်ဖြစ်မှာပါ”

သူမက သူ့လေ့ကျင့်ရေးတွင် ပါဝင်သည့်အတွက် ထျဲ့ကန်၏ လက်ရှိအခြေအနေအကြောင်းကို အကောင်းဆုံး သိနေလေသည်။

“ကောင်းပြီ။ အဲဒါဆို ချိုက်စုန့်ကရော အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က မေးလိုက်သည်။

“သူမက ဖြစ်နေပါပြီ”

“ကောင်းတယ်။ နောက်ဆုံးတိုက်ပွဲမှာ သူမက ရုပ်သေးရုပ်တာအိုရဲ့ အရေးပါမှုကို ကမ္ဘာဆီ ပြသနိုင်ပြီးတော့ ဒီနယ်ပယ်ကို ပြန်လည်အသက်သွင်းဖို့ တခြားအင်အားစုတွေကို လှုံ့ဆော်မှု ပေးနိုင်တယ်” ဝမ်ဝေ့က တောက်ပနေသည့်အကြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

လူများစွာက ရုပ်သေးရုပ်အဖွဲ့ကို စတင်ဖန်တီးလာသည်နှင့် သူ့အတွက် အဆုံးမဲ့လေဟာနယ်ကို ဖြန့်ကျက်ဖို့ အသင်္ချေအင်ပါယာကမ္ဘာကို ဦးဆောင်ရန် ပိုမိုလွယ်ကူသွားလိမ့်မည်။

၃ယောက်သားက နာရီပိုင်းကြာ စကားပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က ထွက်လာလိုက်ပြီး အချစ်ငှက်နှစ်ကောင်ကိုသာ ချန်ထားခဲ့သည်။

“နောက်ထပ် ဘာဆက်လုပ်မှာလဲ”

“ကိုယ် ဒီလက်နက်ကို ထိန်းချုပ်နိုင်အောင် လုပ်ပြီးတော့ တုယီနယ်ပယ်ကိုပါ လေ့ကျင့်မယ်။ ပြီးတော့ အိုက်အာနဲ့ ကလေးနဲ့လည်း ထပ်ပြီးတော့ အချိန်ဖြုန်းဦးမယ်” ယန်းလီလင်းက ဘာမှမပြောပေ။

“ကိုယ်က နောက်ဆုံးတိုက်ပွဲမှာ သူတို့နဲ့ ထာဝရ ခွဲခွာနိုင်ရချေရှိတယ်ဆိုတော့ မင်းလည်း နားလည်မှာပါ” သူမက အလျင်အမြန်ရှင်းပြလိုက်သည်။

“ကျွန်မက အကျိုးအကြောင်း မသင့်တာ မဟုတ်ပါဘူး။ နားလည်ပါတယ်” ယန်းလီလင်းက ပြောလိုက်သည်။

“ကျွန်မ အဖော်ပြုပေးမယ်”

လီကျွင်းက ထိုစကားကိုကြားပြီးသည့်နောက်တွင် အနည်းငယ် အံ့အားသင့်သွားမိကာ ပြုံးလိုက်သည်။

………………………….

ဝမ်ဝေ့က သူ့ဇနီးရှိရာ အိမ်ဆီ ပြန်ရောက်လာ၏။

“အဆင့်သင့်ဖြစ်ပြီလား” ဝူဟုန်က မေးလိုက်သည်။

“အင်း သွားကြစို့”

“ဟုတ်ပြီ ဘယ်အရင်သွားကြမှာလဲ” သူမက မေးလိုက်သည်။

“တောင်ခြေမှာ အရင်ရပ်ကြတာပေါ့”

ဝမ်ဝေ့နှင့် ဝူဟုန်တို့က ဂိုဏ်း၏ အနီးဆုံးမြို့ဆီ ပျံသန်းလာလိုက်သည်။ သူတို့က သာမန်စုံတွဲများကဲ့သို့ လျှောက်လှမ်းထွက်လာကြ၏။ လူများ သူတို့ကို သတိပြုမိခြင်းမှ ကာကွယ်ဖို့ မန္တန်တချို့ ချမှတ်ထားခြင်းမှလွဲ၍ သူတို့က သာမန်လူငယ်စုံတွဲသဖွယ် ဖြစ်နေလေသည်။

သူက လမ်းမအထက် လျှောက်လှမ်းလာရင်း မြင်းပျံရထားလုံးများစွာကို မြင်လိုက်ရသည်။ ထိုအရာက ဤလောက၏ ကားပုံစံ ဖြစ်၏။ ယခုတော့ သေမျိုးများက ယာဉ်တစ်ခုဝယ်ဖို့အတွက် ပိုက်ဆံလုံလုံလောက်လောက် ဝင်ငွေ ရှိကြသည်။ ထို့အပြင် နတ်ဆိုးသားရဲများအပေါ် မူတည်၍ ကွဲပြားသည့် ပုံစံအမျိုးမျိုးလည်း ရှိလေသည်။ နမူနာအားဖြင့် နဂါးပုံစံက ဈေးအကြီးဆုံးဖြစ်ကာ တန်ဖိုးကြီး အမှတ်တံဆိပ်အဖြစ် မှတ်ယူနိုင်သည်။

မြို့တွင် မြင်းပျံရထားလုံးအတွက် လမ်းကြောင်းရှိသလို သာမန်လမ်းလျှောက်သူများအတွက်လည် လျှောက်လမ်းရှိလေသည်။

“ဒါနဲ့ ဆင်ပြေးရထားလုံးကို စီးမလား ဒါမှမဟုတ် မြင်းပျံရထားလုံးကို ခေါ်မလား” ဝမ်ဝေ့က မေးလိုက်သည်။

ဝူဟုန်က လူများစွာကို သယ်ဆောင်ထားသည့် အဝေးတစ်နေရာရှိ ဧရာမယာဉ်များကို ကြည့်လိုက်သည်။

“ရှင်ပြောတာ အများသုံးယာဉ်ကို ပြောတာလား” သူမက အပြုံးလေးဖြင့် မေးလိုက်၏။

“စိတ်ကူးယဉ်အိပ်မက်ကို မဖျက်ဆီးပါနဲ့ကွာ” သူက ပြောလိုက်သည်။

“ဟား မင်း ပြောတာ ဟုတ်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ချမ်းသာသည့်အတွက် မိန်းမလှတစ်ဦးနှင့် ပရောပရည်လုပ်ဖို့ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး ရှိသင့်လေပြီ။

“ကောင်းပြီလေ။ ဒီနေ့တော့ ကိုယ့်ကို ဆင်းရဲတဲ့ ပညာသင်သားလို့ပဲ မှတ်လိုက်ပါတော့။ အတူတူ လမ်းလျှောက်ရအောင်”

နှစ်ဦးသားက ဘေးပတ်ဝန်းကျင်ကို လေ့လာရင်း ဆက်လက်လျှောက်လှမ်းလာကြသည်။ ဝမ်ဝေ့က လူငယ်များစွာသည် သူတို့အနားနား လွင့်မြောနေသည့် စက်ဝန်းသင်္ကေတတစ်ခုဖြင့် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။

ဒါက လေဟာနယ်သိုလှောင်ရေး ပလွေကနေ ဆင့်ကဲဖြစ်လာတာလား…

သူက တွေးလိုက်မိသည်။ လေဟာနယ်သိုလှောင်ရေးပလွေ သို့မဟုတ် အမ်ပီသရီး(MP3)သဘောတရားကို သူ့ချီကံကောင်းမှု စစ်ဆေးပွဲအတွင်း ပြည်သူများ၏ လိုအပ်ချက်ကို ပြည့်မှီစေရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုအရာက နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် ဆင့်ကဲ ပြောင်းလဲလာခဲ့၏။

“လှလိုက်တာ” ဝူဟုန်က မှတ်ချက်ပေးသည်။

“ရှင်က သိပ္ပံနဲ့ နည်းပညာကို ကျင့်ကြံရေးနဲ့ ပေါင်းစပ်ပြီးတော့ ပြီးပြည့်စုံတဲ့ သေမျိုးအဖွဲ့အစည်းတစ်ခု ဖန်တီးခဲ့တာပဲ”

“ဟုတ်တယ်” ဝမ်ဝေ့က ဤမြို့၏ လူနေထိုင်မှုဘဝကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ သာမန်ပြည်သူများက အစားအစာအလုံအလောက်နှင့် အာဟာရဓာတ် အလုံအလောက်ရှိပြီး ကြမ်းတမ်းလွန်းသည့် ပတ်ဝန်းကျင်မှ အကာအကွယ်၊ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့်ဆေးဝါးနည်းစနစ်နှင့် ပို၍အရေးကြီးသည်က သိုင်းပညာရပ်များကြောင့် နှစ်၁၅၀မှ နှစ်၁၆၀အထိ နေထိုင်နိုင်ကြသည်။

ဤလူမှုအဖွဲ့အစည်းက လူများအား သူတို့ခန္ဓာကိုယ်ကို အားဖြည့်ဖို့ မိုးမြေကြားရှိ ဝိညာဉ်ချီကို စုပ်ယူဖို့ ခွင့်ပြုပေးထားသည့် အခြေခံလှုပ်ရှားမှုတစ်ခုကို ဖန်တီးခဲ့သည်။ သူတို့က ဝိညာဉ်ချီကို သိုလှောင်မထားနိုင်သော်လည်း ကျန်းမာရေး အကျိုးကျေးဇူးများစွာတော့ ပေးစွမ်းနိုင်သေးသည်။ အထူးသဖြင့် သက်တမ်း ဖြစ်၏။

ထို့အပြင် ထူးကဲသည့် ပြည်သူများလည်း ရှိသေးသည်။ သူတို့က ဝိညာဉ်စွမ်းအား ရှိသည့်သူများ ဖြစ်၏။ ထိုထူးကဲသည့် ပြည်သူများက ဤအဖွဲ့အစည်းတစ်ခုလုံး၏ တွန်းအားဖြစ်ကာ သူတို့၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ယာဉ်များကို ဖန်တီးခြင်းနှင့် သင်္ကေတများ ရေးထွင်းခြင်းတို့ကို ပြုလုပ်ကြသည်။

ထူးကဲသည့် ပြည်သူများက သူတို့၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ သူတို့ခန္ဓာကိုယ်၏ အသက်ဓာတ် သို့မဟုတ် အသက်စွမ်းအား ပျောက်ကွယ်သွားခြင်းမှ တားဆီးဖို့ သူတို့၏ ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်သည့်အတွက် နှစ် ၂၅၀ မှ ၃၀၀ ကြားနေထိုင်နိုင်ကြသည်။

“ရုပ်ရှင် သွားကြည့်ရအောင်” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည်။

“အော ဘယ်လိုဇာတ်လမ်းမျိုး ကြည့်မှာလဲ”

“အချစ်၊ အက်ရှင်နဲ့ စွန့်စားမှု၊ ဟာသနဲ့ ထိတ်လန့်ဖွယ်ရာတွေထဲကနေ ရွေးလေ”

“အဲဒါဆို အချစ်သရဲကားဆိုရင်ရော”

“ဘာလို့ ဒီဟာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ဒါက‌ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုလေ။ ဒီမှာ အချစ်ဇာတ်လမ်းတွေ အများကြီး ရှိတယ်။ ကျွန်မက ကြောက်တယ်ဆိုပြီးတော့ ရှင့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလို့ရအောင် သရဲကား အကြောင်းပြချက်ကို သုံးလို့ ရတယ်လေ”

“အော် ကိုယ် ဘာလို့ ဒီလိုမစဉ်းစားမိပါလိမ့်။ မင်းက တကယ်ကို ပြီးပြည့်စုံတဲ့ ဇနီးလေးပဲ”

“ကျွန်မ သိပြီးသားပါ” ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ နှစ်ဦးသားက ရုပ်ရှင် သို့မဟုတ် မှတ်တမ်းတင် ဇာတ်ကြောင်းကို ကြည့်ဖို့ ထွက်လာကြသည်။ ဤလူမှုအဖွဲ့အစည်းတွင် ရုပ်ရှင်ထုတ်လုပ်ဖို့ နည်းလမ်းနှစ်ခု ရှိလေသည်။ ပထမတစ်ခုက သရုပ်ဆောင် ဖြစ်လိုသော လိုလားသည့် ကျင့်ကြံသူတချို့ကို ရရှိဖို့ ဖြစ်၏။ ကျင့်ကြံသူများက မန္တန်များ ထုတ်သုံးနိုင်၍ ထုတ်လုပ်ရေးအဖွဲ့က စီဂျီအိုင်နှင့် စတန့်အတွက် စိုးရိမ်စရာမလိုတော့ပေ။

ဒုတိယတစ်ခုက ဇာတ်ကြောင်းတစ်ခုလုံးကို တိုက်ရိုက်ဖန်တီးဖို့ ပုံရိပ်ယောင်အစီအရင်ကို အသုံးပြုဖို့ ဖြစ်သည်။ ဝမ်ဝေ့က ထိုသူများကို ကမ္ဘာမြေမှ ဇာတ်လမ်းကဏ္ဍမျိုးစုံဖြင့် မိတ်ဆက်ပေးထားသည့်အတွက် ရုပ်ရှင်စီးပွားရေး သို့မဟုတ် ရုပ်ရှင်ဈေးကွက်က လွန်ခဲ့သည့် နှစ်၃သိန်းအတွင်း သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

“တကယ်ကို ဇာတ်လမ်းကောင်းပဲ” ဝူဟုန်က ရုပ်ရှင်ရုံမှ ထွက်လာကာ ပြောလိုက်သည်။ သူမ၏ ဘယ်လက်က ဝမ်ဝေ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ညာဖက်လက်ကမူ အစားအစာများကို ကိုင်ထားလေ၏။

“မင်း ကြောက်သွားတာလား”

“ဒါပေါ့။ ကျွန်မ အော်နေပြီး ရှင့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားတာ မမြင်ဘူးလား”

“ ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ကိုယ် ရှိနေရင် မင်း စိတ်အေးရမှာပါ”

“ဒါပေါ့။ ရှင်က ကျွန်မရဲ့ အရဲရင့်ဆုံးလူလေ” သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။

“နောက်ထပ် ဘယ်သွားမှာလဲ”

“မြို့ထဲက အကောင်းဆုံး စားသောက်ဆိုင်ဆီ သွားရအောင်”

“အင်း ရုပ်ရှင်နဲ့ ညစာ။ ရှင်က မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုရယူရမလဲဆိုတာ သေချာသိထားတာပဲ”

ရုပ်ရှင်မတိုင်ခင် သူက ဆက်သွယ်မှုတချို့သုံးကာ ကြိုတင်စာရင်းပေးထားခဲ့သည်။ ထို့ကြောင့် စားပွဲထိုးလေးက သူတို့၏ စားပွဲဆီ ခေါ်သွားပြီး အစားအစာကို လာရောက်တည်ခင်းလေသည်။

“အစားအစာက ကောင်းလိုက်တာ” ဝူဟုန်က ပြောလိုက်၍ ကျင့်ကြံသူများက အစာစားဖို့ မလိုအပ်ပဲ သေရည် သို့မဟုတ် အဖန်ရည်သောက်ဖို့သာ ပိုကြိုက်သည့်အတွက် အချက်အပြုတ်ဆိုင်ရာ ပညာရပ်က ကောင်းကောင်းမဖွံ့ဖြိုးပေ။ ကျင့်ကြံရေးလောကတွင် အစားအစာကောင်းများက နည်းစနစ်၊ ပါဝင်ပစ္စည်းနှင့် အချိုးအစား အစား ဝိညာဉ်ချီဆေးကြောခံရသည့် ထူးကဲသည့် ပါဝင်ပစ္စည်းများအပေါ်သာ အမှီသဟဲပြုလေ့ရှိသည်။

“မင်းလက်ရာနဲ့တော့ မနီးစပ်သေးဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ သူက လိမ်ညာနေခြင်း မဟုတ်ပေ။ သူမ၏ စည်းပိတ်ခြင်းတာအိုဖြင့် အရသာများကို စည်းပိတ်ထားနိုင်သောကြောင့် ဤစားသောက်ဆိုင်ရှိ အစားအစာများက ဘာမှမဟုတ်ပေ။

ဝမ်ဝေ့က ဝူဟုန်၏ အချက်အပြုတ်များဖြင့် သိုလှောင်လက်စွပ်အတွင်း ဖြည့်တင်းထားခဲ့သည်။ ထိုအစားအစာများကို အချိန်စွမ်းအားဖြင့် ပြီးပြည့်စုံစွာ ကာကွယ်ထားသည့်အတွက် လတ်လတ်ဆတ်ဆတ် စားသုံးနိုင်လေသည်။

ထိုသို့လုပ်ရခြင်း၏ အကြောင်းအရင်းက သူ့အဆီအနှစ်ပန်းပွင့် အံ့ဖွယ်စွမ်းရည်က အရသာရှိသည့် အစားအစာများကို စားခြင်းဖြင့် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ ခွင့်ပြုထား၍ ဖြစ်သည်။ သူက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ ကူညီပေးနိုင်ရန် အသုံးပြုမည့်အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်၏။

“ရှင့်ရဲ့ လူမှုအဖွဲ့အစည်းက လက်နက်တွေလည်း ဖန်တီးခဲ့မှာပေါ့။ သူတို့က ဘယ်လောက်တောင် အားကောင်းလဲ” သူမက မေးလိုက်သည်။

“သူတို့က သဘာဝလွန်အဆင့် ကျင့်ကြံသူကိုတော့ သတ်နိုင်တယ်။ ဒါပေမဲ့ ဒါက သူတို့ရဲ့ ကန့်သတ်ချက်ပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ ကျင့်ကြံရေး၏ ပထမသုံးဆင့်က သေမျိုးကဏ္ဍ ဖြစ်ပေသည်။ ၄ ဆင့်မြောက်ကမူ ကျင့်ကြံသူများက ထူးကဲသည်ဟု မှတ်ယူထားသည့်အတွက် သဘာဝလွန် နာမည်ပေးထားခြင်းဖြစ်ကာ အလွှာနိမ့်မှ လူတချို့က ဤအဆင့်ကို လူသားသာလွန်အဆင့်ဟု ခေါ်သည့်အကြောင်းအရင်းလည်း ဖြစ်ပေသည်။

ထို့ကြောင့် ဤဝိညာဉ်သင်္ကေတ အဖွဲ့အစည်းက သဘာဝလွန်အဆင့်၏ အဖျက်စွမ်းရည်ကို ရောက်ရှိသွားပြီးသည့်နောက်တွင် ကောင်းကင်တာအိုက သူတို့အပေါ် ကန့်သတ်ချက် ထားရှိကာ နှစ်သိန်းချီကြာသည့်တိုင် ဖွံ့ဖြိုးတိုးတက်ခြင်းကို တားဆီးနှောင့်နှေးထားလိမ့်မည်။

***

All Chapters