← Chapters

ခွဲခွာခြင်း

Vol. 54 Ch. 749

ခွဲခွာခြင်း

Vol. 54 Ch. 749

“ကန့်သတ်ခံရမယ်ဆိုတာလည်း အဓိပ္ပာယ်တော့ရှိသား” ဝူဟုန်က သူမ ဝိုင်ကို သောက်ရင်း ပြောလိုက်သည်။

“ကောင်းကင်တာအိုက အားကောင်းတဲ့ မဟာဧကရာဇ်တွေကို ပြုစုပျိုးထောင်နိုင်ပြီး အလားအလာကောင်းတဲ့ အဖွဲ့အစည်းကို လိုချင်တာ။ ရှင့်ရဲ့ လူမှုအဖွဲ့အစည်းက ဘယ်လောက်ပဲကောင်းကောင်း သက်တမ်းတစ်ရာလောက်ပဲရှိတဲ့ သေမျိုး ဖြစ်နေတုန်းပဲလေ။ တကယ်လို့ သူတို့က ဆက်ပြီး ကြီးထွားလာမယ်ဆိုရင် လက်ရှိ ကျင့်ကြံရေးအဖွဲ့အစည်းအတွက် အနှောင့်အယှက် ဖြစ်လာနိုင်ပြီး အချင်းချင်း တိုက်ခိုက်ပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာကို အားနည်းလာစေနိုင်တယ်”

“သိပ္ပံနဲ့ နည်းပညာလောကနဲ့ ကျင့်ကြံရေးလောကကြားက တိုက်ပွဲလား” ဝမ်ဝေ့က အကြည့်များ တောက်ပလာ၏။

“စိတ်ဝင်စားဖို့ ကောင်းမှာပဲ”

အကယ်၍ ယခင်ကသာ ဖြစ်ပါက ဝမ်ဝေ့သည် ကျင့်ကြံရေးလောကက အနိုင်ရရှိမည်မှန်း သေချာလေသည်။ သို့သော်လည်း သိပ္ပံနှင့်နည်းပညာ ကမ္ဘာနှင့် ကွမ်တန်နယ်ပယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် သူက မသေချာတော့ပေ။

“ဘယ်သူနိုင်မယ်လို့ ထင်လဲ” ဝူဟုန်က သိချင်သဖြင့် မေးလိုက်သည်။

“အဲဒါက မသေချာဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

“ကျင့်ကြံရေးလောကဘက်က စွမ်းအားနဲ့ လူတစ်ယောက်ချင်းစီရဲ့ အကြွင်းမဲ့စွမ်းအားအရ အရေးသာချက် ရှိတယ်။ ဒါပေမဲ့ သိပ္ပံနဲ့ နည်းပညာလောကကတော့ လူဦးရေနဲ့ လက်နက်အရ အရေးသာချက် ရှိတယ်”

“သိပ္ပံနဲ့ နည်းပညာက လူတွေရဲ့ နေထိုင်မှုပြဿနာတွေကို ဖြေရှင်းပေးနိုင်တော့ လူဦးရေ များပြားလာတဲ့အကြောင်းကို နားလည်နိုင်ပါတယ်” ကျင့်ကြံသူတို့သည် သူတို့ကိုယ်သူတို့သာ အသက်ရှင်ဖို့ အလေးထားပြီးသေမျိုးများကို လျစ်လျူရှုထားကြောင်း သိသည့်အတွက် ဝူဟုန်က ပြောလိုက်သည်။

“ဒါပေမဲ့ လက်နက်အရ အနိုင်ရမှာလား” သူမက ခေါင်းအသာယမ်းလိုက်၏။

“ကျင့်ကြံသူတွေက လက်နက်သန့်စင်သူတွေ ရှိတယ်လေ။ သူတို့က ဘယ်လိုလုပ် ရှုံးမှာလဲ”

“အဆင့်မြင့်နည်းပညာက လက်နက်သန့်စင်ရေးကို ရှုံးမှာ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ သိပ္ပံနဲ့နည်းပညာလောကအတွက် အရေးသာချက်တစ်ခု ရှိတယ်။ အမြောက်အများ ထုတ်လုပ်နိုင်ခြင်းပဲ။ လက်နက်သန့်စင်သူတွေအတွက် ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်တစ်ခုကို ဖန်တီးသန့်စင်ဖို့ နှစ်ရာချီ ကုန်ဆုံးနိုင်တယ်။ အဲဒီအချိန်အတွင်းမှာ သိပ္ပံနဲ့ နည်းပညာက သူတို့ရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ပြီးတော့ တူညီတဲ့ အာကာသယာဉ် ရာချီကို ထုတ်လုပ်နိုင်တယ်။”

“ဟုတ်သားပဲ။ ကျွန်မ အဲဒါကို မစဉ်းစားခဲ့မိဘူး”

“အဲဒါဆိုတော့ သူတို့က ညီတူညီမျှ ဖြစ်နေတဲ့ တိုက်ပွဲမှာ စစ်ပွဲက တိုတောင်းပြီးတော့ မြန်ဆန်မယ်ဆိုရင် ကျင့်ကြံသူတွေက အနိုင်ရပြီးတော့ တကယ်လို့ ရှည်ကြာနေမယ်ဆိုရင်တော့ သူတို့ဘက်က အခွင့်အရေးမရှိဘူး။ တိုက်ပွဲတွေက မရိုးရှင်းဘူးဆိုတာကို သိမှာပါ”

ဝူဟုန်က စစ်ပွဲများသည် ဘာမဆိုဖြစ်သွားနိုင်သည့်အတွက် အလွယ်တကူ ကောက်ချက်ချ၍ မရကြောင်း သိ၍ခေါင်းညိတ်လိုက်သည်။ ကံကောင်းမှုသက်သက်ကပင် နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးနိုင်ခြင်း ဖြစ်နေနိုင်သည်။

“ကောင်းပြီ။ စစ်ပွဲလိုမျိုး လေးလံတဲ့ စကားဝိုင်းကို မပြောဘဲနဲ့ ညစာပဲ ကောင်းကောင်းစားရအောင်” ဝူဟုန်က စကားလမ်းကြောင်း လွှဲလိုက်၏။ ထို့နောက် သူတို့က အတွေ့အကြုံနှင့် ပတ်သက်ပြီး ကျေနပ်နေကြသည်။

“နောက်ထပ် ဘယ်သွားကြမှာလဲ”

“မနက်ဖြန် ကမ်းခြေသွားမယ်”

“ကောင်းတယ်” ဝူဟုန်က သူတို့သည် မြို့ထဲရှိ အခမ်းနားဆုံး ဟိုတယ်တွင် နေခဲ့သည်။ နောက်တစ်ရက်တွင် သူတို့က အလယ်ပိုင်းကုန်းမြေအစွန်းကို ရေကူးဝတ်စုံများဖြင့် ရောက်ရှိလာကြ၏။

ဝမ်ဝေ့နှင့် ဝူဟုန်တို့က ကမ်းခြေဆီ လျှောက်လှမ်းလာရင်း ကျင့်ကြံသူများစွာက ဘောင်းဘီတိုနှင့် ဘီကနီရေကူးဝတ်စုံများကို ဝတ်ဆင်ထားပြီး ဘော်လီဘော ကစားခြင်း၊ ရေလွှာ လျှောစီးခြင်းနှင့် သဲရုပ်ထွင်းထုခြင်း အစရှိသည့်အရာများကို လုပ်ဆောင်နေသည်ကို မြင်လိုက်ရ၏။

ဝမ်ဝေ့က သူ့မျက်နှာအထက် ထူးထူးဆန်းဆန်း အမူအရာမျိုး ရှိနေလေသည်။ ကမ္ဘာမြေတွင် ဤသည်က သာမန်အရာသာ ဖြစ်၏။ သို့သော်လည်း ရှည်လျားသည့် ဆံပင်များဖြင့် ဘောင်းဘီတို ဝတ်ဆင်ထားသော ကျင့်ကြံသူများစွာက ထိုသို့ကစားနေသည်ကို မြင်သည့်အခါ ထူးဆန်းနေမိသည်။ အထူးသဖြင့် လူတချို့က သူတို့၏ ပုံမှန်အဝတ်အစားကို မပြောင်းလိုဘဲ ရှေးဟောင်းအဝတ်အစားများကို ဝတ်ဆင်ထားသည့်အခါတွင် ဖြစ်၏။

“ဒါက ယဉ်ကျေးမှု ကျူးကျော်ခြင်းလို့ ခေါ်တာမလား” ဝူဟုန်က တစ်ခုလုံးသည် ထူးဆန်းနေသည်ဟု ထင်မိ၏။

“ဒါက လွှမ်းမိုးမှု စွမ်းအားပဲလေ” ဝမ်ဝေ့က ပြောလိုက်သည်။

“ကိုယ်က ဒီမျိုးဆက်မှာ တာအိုသက်သေပြနိုင်ချေရှိတဲ့ ကောင်းကင်ရွေးချယ်ခံအဖြစ် သတ်မှတ်ခံထားရတာလေ။ အဲဒါကြောင့် ကျင့်ကြံသူအများကြီးက ကိုယ့်ကို ယုံကြည်အားကျကြပြီးတော့ အတုခိုးကြတယ်။ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အားကောင်းတဲ့ ဂိုဏ်းချုပ်ဝမ်ဝေ့က ကျင့်ကြံရေးအပြီးမှာ ဒီလိုထူးထူးဆန်းဆန်း နည်းလမ်းနဲ့ စိတ်အပန်းဖြေတယ်ဆိုတော့ လျှို့ဝှက်ချက်တချို့ ရှိမယ်ဆိုပြီး ယုံကြည်ကြတယ်လေ။ အဲဒါကြောင့် သူတို့က လိုက်ပြီး အတုခိုးကြတာ။”

“ရှင့်ရဲ့ အတွေးအခေါ်ကလည်း တစ်ဖက်သတ်ဖြစ်နေပြီ” ဝူဟုန်က ပြောလိုက်သည်။

“ကျင့်ကြံရေးက ကြိုးစားမှုနဲ့ အပန်းဖြေမှုနှစ်ခုလုံး လိုအပ်တယ်လေ။ အရင်တုန်းက ကျင့်ကြံသူတွေက သေရည် သောက်မယ်၊ မိတ်ဆွေတွေနဲ့ စကားပြောမယ်၊ ကမ္ဘာအနှံ့ လျှောက်သွားမယ်၊ ဒါမှမဟုတ် ဆောင်ကြာမြိုင်ဆီသွားပြီး အပန်းဖြေမယ်။ အဲ့လိုပဲ လုပ်တတ်ကြတာလေ။ ဒါပေမဲ့ ရှင့်နည်းလမ်းက အသစ်အဆန်းဖြစ်ပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းနေတာကိုး … ပြီးတော့ ရှင့်ရဲ့ ရေကူးဝတ်စုံက အမျိုးသမီးတွေအတွက် အမျိုးသားဝါဒီကြီးစိုးတဲ့ ကျင့်ကြံရေးလောကမှာ သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်ကို ဖော်ပြနိုင်တဲ့ နည်းလမ်းအသစ် ဖြစ်လာတာပေါ့”

“တစ်ဖက်သတ် ဆန်နေတာလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“မင်း ပြောတာမှန်နိုင်တယ်။ ကိုယ်က ဒီကမ္ဘာကြီးနဲ့ အရမ်းကို သဟဇာတဖြစ်လွန်းနေတာ နေမယ်။ ကိုယ်တောင် သတိမထားမိလိုက်ဘူး”

“ဒါက ရှောင်လွှဲလို့ မရဘူးလေ။ ဘာဖြစ်ဖြစ် ရှင်က ကမ္ဘာမြေမှာ ဆယ်စုနှစ်လောက်ပဲ နေခဲ့တာလေ” ဝူဟုန်က ပြန်ဖြေလိုက်သည်။

နှစ်ဦးသားက ထွက်မသွားခင်အထိ ကမ်းခြေမှာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြသည်။

“နောက်ထပ် ဘယ်သွားမှာလဲ”

“ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အကောင်းဆုံး ဆောင်ကြာမြိုင်ဖြစ်တဲ့ ကောင်းကင်စန္ဒာ စားသောက်ဆိုင်ကို သွားမယ်” ဝမ်ဝေ့က ပြောလိုက်သည့်အတွက် ဝူဟုန်က သူ့အား ထူးထူးဆန်းဆန်းသာ ကြည့်လိုက်သည်။

“ယောက်ျားအများစုက ဆောင်ကြာမြိုင်ကို တိတ်တဆိတ် သွားကြတာလေ။ ရှင်ကတော့ ရှင့်ဇနီးကိုတောင် ခေါ်သွားဦးမှာပေါ့”

“အဲဒီလူတွေက မင်းလိုမျိုး အံ့ဩဖို့ကောင်းတဲ့ ဇနီးမျိုး မရှိဘူးလေ။” သူက မျက်နှာချိုသွေးကာ ပြောလိုက်သည်။

“ရှင် ဘာတွေကြံစည်နေတယ်ဆိုတာကို ကျွန်မ မသိဘူးများ ထင်နေလား”

ဝမ်ဝေ့က အသာချောင်းဟန့်လိုက်ပြီး မသိသလိုသာ ဟန်ဆောင်နေလိုက်သည်။ နောက်ဆုံးတစ်ခေါက် ဆောင်ကြာမြိုင်သွားတုန်းက ဝူဟုန်သည် သူမက ထိုအမျိုးသမီးများထက် ပိုမိုကောင်းမွန်ကြောင်း ကြေညာကာ သူ့အတွက် ကပြခဲ့သည်။

ထိုနေ့ကတည်းက ဝမ်ဝေ့သည် ထိုအကကို တစ်ခါမှ မမေ့ခဲ့ဖူးဘဲ သူ၏ အဓိကမှတ်ဉာဏ်တစ်ခု ဖြစ်လာခဲ့သည်။ သူမ ကခုန်သည့်အခါ တစ်ကမ္ဘာလုံးက ပျော်ရွှင်နေဟန်ပေါ်သည်။ ထိုအခိုက်အတန့်တွင် သူမက ကမ္ဘာကြီး၏ ဗဟိုချက်ဖြစ်လာသလို ကြယ်စဉ်များထက်ပင် ပိုမိုတောက်ပပြီး ကောင်းကင်တာအိုထက်ပင် ပိုမိုမြင့်မြတ်လာဟန်ပေါ်သည်။

“ကောင်းပြီ။ ရှင့်ကို မျက်နှာသာပေးလိုက်ပါ့မယ်”

နှစ်ဦးသားက ယင်စန္ဒာဂိုဏ်း၏ အလယ်ပိုင်းနယ်မြေရှိ ကောင်းကင်စန္ဒာစားသောက်ဆိုင်ဆီ ဦးတည်ခဲ့ကြသည်။ သူတို့က အကောင်းဆုံးပြည့်တန်ဆာကို ငှားရမ်းခဲ့၏။ သူမက သူမအလုပ်တွင် ကျွမ်းကျင်ကာ ပါရမီရှိလှပြီး ကဗျာရေးစပ်ခြင်း၊ ကခုန်ခြင်း၊ လက်ရေးအလှနှင့် ပန်းချီဆွဲခြင်းတို့ကိုပင် ကျွမ်းကျင်လေသည်။ သို့သော်လည်း ဝမ်ဝေ့က ဂရုမစိုက်ဘဲ ခေတ္တမျှ ဖျော်ဖြေပြီးသည့်နောက်တွင် ပြန်နှင်ထုတ်လိုက်သည်။

၂နာရီကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က နှာခေါင်းမှ သွေးများသုတ်ကာ စားသောက်ဆိုင်မှ ထွက်လာလေသည်။

“ကျစ် ဒီအမျိုးသမီးက ငါ့ရဲ့စိတ်စွမ်းအားကို ဖျက်ဆီးလုနီးပါးပဲ”

“ရှင်ပဲ လိုချင်တာလေ” ဝူဟုန်က ပြောလိုက်သည်။

“ဒီနေ့ရက်ကတော့ ကိုယ့်ရဲ့ လူကြီးလူကောင်းဆန်တဲ့ အမျိုးသားဆိုတဲ့အပေါ် အစွန်းအထင်း ဖြစ်သွားပြီ”

“ရှင်က အဲဒီမှတ်တမ်းအဆောင်ကို ဖျက်ဆီးပစ်သရွေ့ ကိုယ့်ဘာသာကိုယ် အဖက်ဆယ်လို့ရတယ်”

“ဘယ်သူက လူကြီးလူကောင်းဆန်တဲ့ အမျိုးသား ဖြစ်ချင်မှာလဲ” ဝမ်ဝေ့က သူမကို ပွေ့ဖက်ရင်း ပြောပြီး သူ့အရှက်မဲ့သည့် ဘက်အခြမ်းကို အပြည့်အဝ ထုတ်ပြလိုက်သည်။

“သွားကြစို့”

ထို့နောက် နှစ်ဦးသားက ကမ္ဘာအနှံ့သွားလာကြပြီး စားသောက်ဆိုင်အမျိုးမျိုး၊ နယ်မြေနှင့် ကုန်းမြေအသီးသီးမှ အစားအစာများကို စားသုံးခဲ့ကြသည်။ သူတို့က ကမ္ဘာရှိ နာမည်အကျော်ကြားဆုံး နေရာများကို သွားလာခဲ့ကြသည်။ အလယ်ပိုင်းကုန်းမြေရှိ ယောင်ချီကောင်းကင်သစ်ပင်ကမူ ဝမ်ဝေ့၏ ယခင်ဘဝမှ ဧရာမ ချယ်ရီသစ်ပင်နှင့် အတူတူ ဖြစ်၏။

ထိုသစ်ပင်က စရှိကတည်းက ပန်းရောင်သန်းနေပြီး တစ်ခါမှ မပြောင်းလဲဖူးပေ။ လပြည့်နေ့တွင် ထိုအရာက တောက်ပနေပြီး အင်မတန် လှပလှသည်။ ထိုသစ်ပင်က ကမ္ဘာတွင် တာအိုနှလုံးသားကို ကုသပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်ကြောင်း ကောလဟာလများပင် ထွက်ခဲ့ဖူးသည်။ ထိုသစ်ပင်ကို စိုက်ပျိုးထားသည့် ယောင်ချီဧကရာဇ်၏ မျိုးနွယ် ဟွားမျိုးနွယ်က ထိုကောလဟာလကို အပြည့်အဝ အသုံးချခဲ့သည်။

ထိုအရာက အမှန် မဟုတ်သော်လည်း သစ်ပင်က ကျင့်ကြံရေးကို အချိန်တို တိုးမြှင့်ခြင်းနှင့် စိတ်ကို လန်းဆန်းစေသည့် စွမ်းအားမျိုး ရှိလေသည်။ ထို့ကြောင့် ဟွားမျိုးနွယ်က ခရီးသွားဆွဲဆောင်ရေးနေရာအဖြစ် အသုံးချခဲ့ပြီး မျိုးဆက်များစွာတိုင် ကြွယ်ဝစည်ပင်ခဲ့သည်။

နောက်ထပ်နှစ်ရာချီအတိုင်း ဝမ်ဝေ့နှင့် ဝူဟုန်တို့က ကမ္ဘာအနှံ့လျှောက်သွားခဲ့ကြပြီး ကိစ္စအမျိုးမျိုးနှင့် လူအမျိုးမျိုးကို တွေ့ကြုံခဲ့ကြသည်။ သူတို့က သူတို့၏ ဇစ်မြစ်ကို မထုတ်ဖော်သော်လည်း ထိုအချက်က သူတို့၏ အတွေ့အကြုံများကို ပိုမိုအမှတ်ရဖွယ်ကောင်း၏။

နောက်ဆုံးတွင် သူတို့က ကောင်းကင်သစ်ပင်ရွာတွင် ရပ်တန့်လိုက်ကြသည်။

“သူတို့က ဒီလောက်တောင် မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ” ဝူဟုန်က ထိုရွာကို ကြည့်ရင်း ပြောလိုက်သည်။

“အဟုတ်ပဲ။ မျိုးဆက်တစ်ခုမှာ သူတို့က အထွတ်အထိပ်တော်ဝင်နယ်မြေတောင် ဖြစ်လာတယ်” ဝမ်ဝေ့က ထိုထူးဆန်းသည့်ရွာကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ လူများစွာက သာမန်သေမျိုးနှင့် တူညီပြီး သာမန်အဝတ်အစားများ ဝတ်ဆင်ကာ လယ်ကွင်းတွင် အလုပ်လုပ်နေကြသည်။

သို့သော်လည်း ထိုလူများ၏ ဆယ်ပုံတစ်ပုံခန့်က ကျင့်ကြံသူများဖြစ်ကာ အထွတ်အထိပ်အဆင့်များပင် ရောက်ရှိနေကြပြီ ဖြစ်၏။ သို့သော်လည်း သူတို့က သေမျိုးများနှင့်အတူ ပြီးပြည့်စုံစွာ ရောနှောနေထိုင်ပြီး ကွာဟချက် မရှိပေ။

“နောက်ဆုံးတစ်ခေါက်လာခဲ့တုန်းက ဒီမှာကျင့်ကြံဆင့်အမြင့်ဆုံးသူက အံ့ဖွယ်ပလ္လင်အဆင့်ပဲ ရှိသေးတာ” ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။ အင်အားစုအများအပြားက အထွတ်အထိပ်အဆင့်ကို မဆိုထားနှင့် သူတော်စင်အဆင့်ကို မွေးထုတ်ဖို့ရာပင် မဖြစ်နိုင်ကြပေ။

သူက ထိုရွာကို ကျင့်ကြံရေးနည်းစနစ် ပေးခဲ့သော်လည်း ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိသာ ရောက်ရှိနိုင်သည်။

“ကြမ္မာပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ” ဝူဟုန်က ပြောလိုက်သည်။

“မျိုးဆက်အနည်းငယ်အတွင်းမှာ သူတို့က ကြောက်ဖို့ကောင်းတဲ့ ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်လာလိမ့်မယ်”

“အမှန်ပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ကျင့်ကြံသူများနှင့် သေမျိုးများ သဟဇာတဖြစ်စွာ နေထိုင်ခြင်း သဘောတရားသည် ဤရွာကို ထူးကဲအောင် ပြုလုပ်ထား၏။ အာဏာ သို့မဟုတ် စွမ်းအားက လူတစ်ယောက်၏ စိတ်ကို ညစ်နွမ်းစေပြီး ပြောင်းလဲစေနိုင်သည်။ ထို့ကြောင့် ကျင့်ကြံသူများက သေမျိုးများနှင့် အတူနေထိုင်ပြီး ပူးပေါင်းမည့် စိတ်ဓာတ်မျိုး လိုအပ်ပေသည်။

ထို့အပြင် သူတို့၏ ရှည်ကြာလှသော သက်တမ်းဖြင့် သူတို့က မျိုးဆက်တစ်ခုပြီးတစ်ခု နေ့စဉ်နေ့တိုင်း သူတို့နီးကပ်သည့် သို့မဟုတ် ဆက်နွယ်မှုရှိသည့်လူများ သေဆုံးသွားသည်ကိုသာ ကြည့်နေရလိမ့်မည်။ သူတို့က သေခြင်းတရားအပေါ် အေးစက်ပြီး သံသရာစက်ဝန်းကို လက်မခံသရွေ့ သူတို့၏ တာအိုနှလုံးသားအပေါ် လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်း ဖြစ်လာလိမ့်မည်။

“သွားကြည့်ရအောင်”

ဝမ်ဝေ့က ရွာကို အနှောင့်အယှက်မပေးဘဲ ရွာထဲရှိ လူတချို့သာ သိထားသည့် ကမ္ဘာငယ်ဆီ သွားခဲ့သည်။ သူက မြင့်မားလှသည့် သစ်ပင်ကြီးကို အံ့ဩတကြီးဖြင့် ကြည့်နေမိ၏။

သစ်ပင်က အသိစိတ်တချို့ရှိနေပြီဖြစ်ကာ သူတို့ရောက်ရှိလာသည်ကို သတိထားမိလိုက်သည်။ ထိုအရာက ဝမ်ဝေ့၏ အငွေ့အသက်ကို သတိမထားမိခင် ကိုယ့်ဘာသာကိုယ်ကာကွယ်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။ ထို့နောက် ထိုအရာက အဖေကို မြင်သည့် ကလေးတစ်ယောက်အလား ရင်းနှီးသည့် အငွေ့အသက်မျိုး ထုတ်လွှတ်လာသည်။

“ရှင်က လောကသစ်ပင်ကို ပြုစုပျိုးထောင်ခဲ့တာလား” ဝူဟုန်က အံ့ဩတကြီးဖြင့် မေးလိုက်သည်။

“ကိုယ်လည်း အောင်မြင်လိမ့်မယ်လို့ ထင်မထားမိဘူး။” ယခင်က သူသည် ဤသစ်ပင်ရှိ ကာလံဒေသံနှင့် သက်ဆိုင်သည့် အရင်းအမြစ်တချို့ ပေါင်းစပ်ပေးဖို့သာ ဆုံးဖြတ်ခဲ့သည်။ ဤသို့ရှားပါးလှသည့် လောကသစ်ပင်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

“ဒီရွာက ကြမ္မာအများကြီးနဲ့ ကောင်းချီးပေးခံထားရတာ မဆန်းတော့ပါဘူး။ ဒါနဲ့ ရှင်က ဘာဆက်လုပ်မှာလဲ” ဝူဟုန်က ခေါင်းညိတ်ကာ မေးလိုက်သည်။

“ကိုယ့်ဆီမှာ အစီအစဉ် ရှိတယ်” သူက သူ ဘာဆက်လုပ်မည်ကို ရှင်းပြလိုက်၏။

“ဒါက အကြံကောင်းပဲ။ ရှင်က ကုသိုလ်တွေ ရရှိလိမ့်မယ်”

နှစ်ဦးသားက ဘာမှမပြောတော့ဘဲ ထိုသစ်ပင်ကိုသာ ကြည့်နေကြသည်။ သစ်ပင်က သစ်သီး ၃၀၀ သီးပြီး တစ်ခုချင်းစီက အလယ်အလတ်ကမ္ဘာနှင့် ယှဉ်နိုင်လေသည်။

“မင်း ထွက်သွားတော့မှာမလား” ဝမ်ဝေ့က မေးလိုက်သည်။

“အင်း” ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။

“ဒီနေ့ရက် ရောက်လာမယ်ဆိုတာကို သိပေမဲ့ ကိုယ် မှားပါစေလို့ပဲ မျှော်လင့်နေခဲ့တာ” သူက သက်ပြင်းချကာ သူ့အဆိုးမြင် စိတ်ခံစားချက်အားလုံးကို မှုတ်ထုတ်လိုက်သည့်အလား အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

“မင်း ဆက်နေလို့ မရဘူးလား”

“မရဘူး” သူမက ခေါင်းအသာယမ်းလိုက်ပြီး “ကျွန်မက ကိုယ်ပွားတစ်ခုပဲဆိုတာကိုရှင် သိပါတယ်။ ကျွန်မ ဆက်နေလို့ မဖြစ်ဘူး”

“ဒါက ရှင်းပြချက်တစ်ခု မဟုတ်ဘူးလေ”

ဝူဟုန်က ခေတ္တမျှရပ်တန့်သွားပြီး “တကယ့်အကြောင်းအရင်းက ကျွန်မက ဧကရာဇ်စွမ်းအားကို အကြိမ်ရေအကန့်အသတ်နဲ့ပဲ အသုံးပြုနိုင်တာ”

“နောက်ဆုံးတစ်ခေါက်တုန်းက ကိုယ့်အပေါ် တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်းနည်းစနစ်ကို အသုံးပြုခဲ့လို့လား”

“မဟုတ်ဘူး။ ဂိုဏ်းမှာ စည်းတံဆိပ်တစ်ခု ထားခဲ့တယ်” ဝူဟုန်က ပြောလိုက်သည်။

“တကယ်လို့ ရှင် တိုက်ပွဲမှာ ကျရှုံးသွားခဲ့ရင် အသက်ရှင်အောင် လုပ်ပြီး ဂိုဏ်းကို ပြန်သွားဖို့ပဲ လိုတယ်။ အဲဒီအရာက အလိုလိုအသက်ဝင်လာပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းကို ဖုံးကွယ်ပေးထားလိမ့်မယ်။ အဲဒီအခါ တိထျန်းက သူ ဘယ်နည်းလမ်းနဲ့ပဲ ကြိုးစားစား ရှင့်ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး”

ဝမ်ဝေ့က သူမနှင့် မျက်နှာချင်းဆိုင်ကာ သူမ လက်ကို ကိုင်ပြီး သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။ ဤအရာက နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်ကြောင်း သိနေလေ၏။

“မင်းကို မသွားစေချင်ဘူး”

“ကျွန်မလည်း မသွားချင်ပါဘူး” သူမက အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ သူမ မျက်ဝန်းတွင် ဝမ်းနည်းမှု မရှိပေ။

“ဒါပေမဲ့ လောကမှာ ထာဝရကြာရှည်တဲ့အရာ မရှိဘူးလေ”

“ဝမ်းနည်းဖို့ကောင်းတဲ့ အမှန်တရားပဲ”

“ဒါက ယာယီခွဲခွာခြင်းပဲဆိုတော့ အဲ့လောက်ကြီး ဝမ်းမနည်းပါနဲ့” သူမက သူ့ ချောမောလှသည့် မျက်နှာကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“ကျွန်မ မသွားခင် ကိစ္စတချို့ရှိတယ်”

ဝမ်ဝေ့က သူ့ခေါင်းကို အသာမှီလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ နွေးထွေးမှုကို ခံစားလိုက်ပြီး သူမ၏ နှလုံးခုန်နှုန်းကိုပင် ကြားနေရ၏။

“ရှင့်ရဲ့ ကျင့်ကြံရေးလမ်းစဉ်က စမ်းသပ်ချက်တွေ စစ်ဆေးမှုတွေနဲ့ ပြည့်နှက်နေလိမ့်မယ်။ ရှင့်ကို သတိပေးဖို့ မလိုဘူးဆိုပေမဲ့ ရှင့်ရဲ့ ရည်မှန်းချက်တွေ မအောင်မြင်ခင်အထိ လက်မလျှော့ပါနဲ့”

“အင်း ကိုယ် လက်မလျှော့ဘူး”

“ကျွန်မကို လက်လျှော့အောင်လည်း မလုပ်နဲ့”

“ကိုယ် မလုပ်ပါဘူး”

“ရှင့်ရဲ့ မိတ်ဆွေနဲ့ မိသားစုဝင်တွေက ရှင် ကာကွယ်ပေးရမဲ့ အားနည်းချက်လို့ ထင်ကောင်းထင်နေနိုင်တယ်။ ဒါပေမဲ့ သူတို့က ရှင့်အတွက် အကြီးမားဆုံး မဟာမိတ်နဲ့ အင်အားပဲ” ဝူဟုန်က ဆက်ပြောလိုက်သည်။

“ကိုယ် အဲ့ဒါကို မှတ်ထားပါ့မယ်”

“ဒုတိယအနေနဲ့ လမင်းခုနစ်စင်းက ရှင့်အတွက် အဲ့လောက် ခြိမ်းခြောက်မှုမဟုတ်ဘူး။ အဲဒါကြောင့် သူတို့နဲ့ပတ်သက်ပြီး ဖိအား မဖြစ်နဲ့။ ရှင် မရှိဘဲနဲ့တောင် သူတို့ရဲ့ ကံကြမ္မာက အဆုံးသတ်ပြီးနေပြီ”

“အဲ့လိုလား”

“ရှင့်ရဲ့ သာလွန်မှု လမ်းစဉ်အတွက် ကြိုတင်ပြင်ဆင်ဖို့ပဲ အချိန်ယူထား” ဝူဟုန်က ဖြတ်ပြောလိုက်သည်။

“လူအများစုအတွက် အဝေးမှာရှိတဲ့ အရာတစ်ခုကို စဉ်းစားတာက အသုံးမဝင်နိုင်ဘူးဆိုပေမဲ့ ရှင့်အတွက် ကွဲပြားတယ်။”

“မင်း စကားကို နားထောင်ပါ့မယ်”

“ရှင် မေတ္တယျကို ယုံလို့ရတယ်။ သူမရဲ့ လတ်တလောအပြုအမူက အကျိုးအကြောင်းမသင့်ဘူးဆိုပေမဲ့ ယုံကြည်ဖို့ကောင်းနေတုန်းပါပဲ”

“ကောင်းပါပြီ”

“နောက်ဆုံးအနေနဲ့ ကျွန်မ သွားတဲ့အခါ ရှင့်ကိုယ်ရှင် ဂရုစိုက်” ဝူဟုန်က မျက်ရည်တချို့ ကျဆင်းလာကာ ပြောလိုက်သည်။

“ရှင်က မတော်တဆ ဖြစ်ရပ်တွေကို ဆွဲဆောင်လွန်းတယ်။ နောက်တစ်ခေါက် မသေအောင် ဂရုစိုက်။ ပြီးတော့ အစားလည်း ကောင်းကောင်းစား။ ရှင့်အတွက် သိုလှောင်လက်စွပ်ထဲမှာ အစားအစာတွေ အများကြီး ချန်ထားပေးခဲ့တယ်။ ပြီးတော့ နောင်အနာဂတ်အတွက် လိုလာမယ်လို့ ထင်တဲ့ သတင်းအချက်အလက်တွေလည်း ပါတယ်”

“မင်းရဲ့ အစားအစာတွေကို သဘောအကျဆုံးဆိုတာကို သိတယ်မလား။ ကောင်းကောင်း စားပါ့မယ်” ဝမ်ဝေ့က မျက်ရည်ကျလာကာ ပြောလိုက်သည်။

“အဖေ၊ အမေနဲ့ အဘိုးတို့အတွက်လည်း နှုတ်ဆက်စကားပြောပေးပါဦး။ ကျွန်မ သူတို့ကို နှုတ်ဆက်စကား မဆိုရက်ဘူး”

“ကိုယ် ပြောပေးပါ့မယ်” ဝမ်ဝေ့က ဝူဟုန် အလင်းပျောက်များအဖြစ် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

“ကျွန်မတို့ နောက်တစ်ခေါက် ပြန်တွေ့တဲ့အခါ ရှင် ဖန်တီးထားတဲ့ ခေတ်သစ်ကို ပြ။ အဲဒီခေတ်ရဲ့တောက်ပမှုကို မြင်ရဖို့ စောင့်မျှော်နေမယ်”

ဝမ်ဝေ့က ဘာမှပြန်မပြောဘဲ ခေါင်းအသာညိတ်လိုက်သည်။ သူက မျက်ရည်များ ကျဆင်းလာသည်ကို မတားဆီးနိုင်တော့ပေ။

“ကာလံဒေသံနဲ့ ကံကြမ္မာကို ကျော်လွန်ပြီးတော့ ထာဝရအထိ ချစ်တယ်ဆိုတာ မှတ်ထား” သူမက အပြုံးလေးဖြင့် ပြောခဲ့သည်။

“ထာဝရအတွက်” ဝမ်ဝေ့က သူ့လက်ဗလာကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ထိုအရာက ကျန်ရှိနေသည့် တစ်ခုတည်းသော အရာက သူ့နှလုံးသားထဲမှ ဗလာကျင်းမှုသာ ဖြစ်၏။

………………………………………………………………………………

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ မူလစည်းတံဆိပ် ကုန်းမြေ

ဝူဟုန် သူမ ကျင့်ကြံရေးအခန်းအတွင်း ထိုင်နေရင်း ဒဏ်ရာများကို ကုစားဖို့ ကြိုးစားနေသည်။ သူမက မှတ်ဉာဏ်များစွာ ဝင်လာသည့်အတွက် ရုတ်ချည်း မျက်လုံးဖွင့်လိုက်သည်။

သူမက မှတ်ဉာဏ်များကို သုံးသပ်ပြီး အများစုက စည်းပိတ်ခံထားရသည်ကို တွေ့ရှိလိုက်ရ၏။ သူမ၏ အထွတ်အထိပ် အခြေအနေနှင့်ပင် မဖယ်ရှားနိုင်ပေ။

“စိတ်ဝင်စားစရာပဲ” သူမက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“ငါ့ရဲ့ ကံကြမ္မာ လက်တွဲဖော်လား။ နောက်ဆုံးတော့ ရှင် ပေါ်ထွက်လာပြီပဲ”

***

All Chapters