နှလုံးသားလမ်းစဉ် မေးမြန်းခြင်း
Vol. 54 Ch. 752
ဝမ်ဝေ့က ထိုကန္တာရထဲ လျှောက်လှမ်းလာစဉ် သူ့မှတ်ဉာဏ်များစွာကို စတင်ကြည့်ရှုလိုက်သည်။ အကုန်လုံး မဟုတ်သော်လည်း သူ့အပေါ် အသိစိတ် သို့မဟုတ် မသိစိတ်မှတဆင့် နက်နက်ရှိုင်းရှိုင်း စွဲထင်စေသည့် ကိစ္စတချို့ ပါဝင်သည်။
သူ မြင်လိုက်သည့် ပထမအတွေ့အကြုံက လီကျွင်းနှင့် တွေ့ဆုံမှု ဖြစ်သည်။ သူက ဂိုဏ်း၏ ကလေးများသည် ဖက်တီးလေးကို ဝိုင်းဝန်းအနိုင်ကျင့်နေခဲ့သည်ကို ကြည့်နေခဲ့မိသည်။ ထိုသူက တုံ့ပြန်ခြင်း မရှိသလို ညည်းတွားခြင်းလည်း မရှိပေ။ ထို့ကြောင့် သူက ထိုသူ့အား အဘယ့်ကြောင့် မတုံ့ပြန်ကာ မတိုက်ခိုက်လဲဟု မေးမြန်းခဲ့သည်။
“မလိုလားအပ်တဲ့ ဒဏ်ရာတွေ ရလာတာက လွဲပြီး ပြန်တိုက်ခိုက်တာ ဘာများရမှာမလို့လဲ” သုံးနှစ်အရွယ် လီကျွင်းက ပြန်ဖြေခဲ့၏။ ဝမ်ဝေ့က ထိုကလေးသည် ဂိုဏ်း၏ သူ့အဆင့်အတန်းကြောင့် သူ့လက်ရှိအခြေအနေကို ကောင်းစွာနားလည်ထားမှန်း သိ၍ လီကျွင်း၏ ဉာဏ်ရှိမှုကို ချက်ချင်းသတိပြုမိသွားသည်။ အကယ်၍ သူသာ တိုက်ခိုက်ခဲ့ပါက တစ်ခုတည်းသော ရလဒ်က ထပ်မံ ရိုက်နှက်ခံရမည်သာ ဖြစ်၏။ ထို့ကြောင့် အကောင်းဆုံးအပြုအမူက ရိုက်နှက်မှုကို အကောင်းဆုံး ငြိမ်ခံနေဖို့သာ ဖြစ်ပေသည်။
“အဲဒီနေ့ကို အမှတ်ရနေတုန်းပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“အဲဒီငယ်ငယ်ရွယ်ရွယ်လေးနဲ့ လီကျွင်းက ငါ့အာရုံကို ဖမ်းစားသွားခဲ့တာပဲ”
ဝမ်ဝေ့က ငယ်ငယ်ရွယ်ရွယ်တွင် အသိဉာဏ်ကြွယ်ဝသည်မှာ သူက ပါရမီရှင် တစ်ယောက်ဖြစ်၍ မဟုတ်ဘဲ ကလေးခန္ဓာတွင် ပိတ်မိနေသည့် လူကြီးဆိုသည့် အချက်ကြောင့်သာ ဖြစ်၏။
သို့သော်လည်း လီကျွင်းက ကွဲပြားပေသည်။ သူက အစစ်အမှန် သုံးနှစ်အရွယ် ကလေးတစ်ယောက်မျှသာ ဖြစ်၏။
“သူ့မျက်ဝန်းထဲက မလိုလားမှုနဲ့ လိုအင်ဆန္ဒတွေကို မှတ်မိနေတုန်းပဲ။ အဲဒါကြောင့် ငါ သူ့ကို ရွေးချယ်ခဲ့တာ”
ဝမ်ဝေ့က အတိတ်ကို ပြန်လည်တွေးတောရင်း သက်ပြင်းချလိုက်သည်။ သူက မှတ်ဉာဏ်ကို နောက်တစ်ခေါက် ကြည့်လိုက်ပြီးနောက် ဆက်လက် လျှောက်လှမ်းလိုက်သည်။
နောက်ထပ် သူ တွေ့ကြုံရသည့်မှတ်ဉာဏ်က ပထမဦးဆုံး သူ လူသတ်သည့် အတွေ့အကြုံ ဖြစ်ပေသည်။
ဤသည်က ပထမဦးဆုံး သတ်ဖူးခြင်းဖြစ်ကာ ယနေ့အထိ ထိုအကျဉ်းသားကို ထိုးစိုက်လိုက်စဉ် သူ့လက်တွင် ပေကျံသွားသည့် ကပ်စီးစီးသွေးသည် မည်သို့ခံစားရကြောင်း အမှတ်ရမိသေးသည်။
ဒါက ရှင်သန်ခြင်းဆိုတာ ငါ့အတွက် ကြောက်ဖို့ မကောင်းတော့တဲ့ အချိန်များလား…
သူက သုံးသပ်လိုက်သည်။ ပထမဦးဆုံး လူသတ်ပြီးသည့်နောက်တွင် နေ့ရက်များစွာ အိပ်မက်ဆိုးမက်ခဲ့၏။ သို့သော် ယခုတွင် သူ့လက်၌ အသက်သန်းပေါင်းများစွာ စွန်းထင်းနေပြီဖြစ်သော်လည်း အေးအေးချမ်းချမ်း အိပ်စက်နိုင်သေးသည်။
“အဲဒီနေ့တုန်းက ငါ့ကိုယ်ထဲက တစ်စုံတစ်ခု သေဆုံးသွားသလို ခံစားလိုက်ရတယ်။ အဲဒါက ရှင်သန်မှုလို့ သိထားတဲ့ လှပတဲ့အရာအပေါ် ငါ့ရဲ့ အံ့ဩမှုလား”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ဒီကျင့်ကြံရေးလောကမှာ ပြန်လည်ဝင်စားထားတော့ ဒါက ရှောင်လွှဲလို့ မရဘူးဆိုတာ သိထားပေမဲ့ ကမ္ဘာမြေက ငါနဲ့ ကွဲပြားသွားတာကို စဉ်းစားမိရင် ဝမ်းနည်းစရာကောင်းတုန်းပဲ”
ဝမ်ဝေ့က ဆက်လက် လျှောက်လှမ်းလိုက်သည်။ သူက ဝမ်ကျူအား ကောင်းကင်ရုပ်ခန္ဓာရယူဖို့အတွက် ဟန်လီအား ပြင်ဆင်ခိုင်းထားဖို့ အမိန့်ပေးထားသည်ကို အမှတ်ရလိုက်သည်။
“အဲဒါက အကျိုးအမြတ်အတွက် လူတစ်ယောက်ကို ချနင်းဖူးတဲ့ ပထမဦးဆုံးအကြိမ်ပဲ။ ဧကရာဇ်လမ်းစဉ်အတွက် ပထမဦးဆုံးက နင်းလျှောက်ခဲ့ရတဲ့ ပြိုင်ဘက်ပဲ”
“အဲဒီစစ်ဆေးမှုမှာ ဘယ်တော့မှ လက်မလျှော့ဖို့ သင်ယူခဲ့ရတယ်။ ကြိုးပမ်းမှု၊ အသိဉာဏ်နဲ့ ခိုင်ခိုင်မာမာ စိတ်ဆန္ဒကနေ ဆန်းကြယ်မှုတွေကို ဖန်တီးနိုင်တယ်ဆိုတာ သင်ယူခဲ့ရတယ်”
ဝမ်ဝေ့၏ အရှိန်အဝါက ပိုမိုငြိမ်းချမ်းသွားကာ အကြည့်များ တောက်ပလာသည်။ သူက ဆက်လက် လျှောက်လှမ်းလာလိုက်၏။
ထို့နောက် သူက စိတ်ဝိညာဉ် ခရီးလမ်းစစ်ဆေးမှုအတွင်း သူသတ်ခဲ့သည့် မိန်းမငယ်လေးကို ပြန်လည်မြင်လိုက်ရသည်။
“ဒါက ငါ ပထမဆုံးသတ်ဖူးတဲ့ အပြစ်မဲ့သူပဲ” သူက ပြောလိုက်သည်။ ထိုမိန်းကလေးက အတွေ့အကြုံအဖြစ် အစောင့်များနှင့်အတူ စစ်ဆေးပွဲသို့ ရောက်ရှိလာသည့် အလိုလိုက်ခံထားရသော သခင်မလေးတစ်ဦး ဖြစ်ပေသည်။ သူမ၏ မိဘများက ကျင့်ကြံရေးလောကထံ အသစ်အဆန်းဖြစ်ကာ စစ်ဆေးမှုစည်းမျဉ်းနှင့် ရက်စက်မှုအကြောင်း များများစားစား သိပုံမပေါ်ပေ။
“ကံဆိုးတာက ငါ့ရဲ့ ဧကရာဇ်လမ်းစဉ် ရလဒ်အတွက် ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့လူတွေထဲက တစ်ယောက်ဖြစ်နေရုံပဲ” သူက ရှေ့ဆက်လျှောက်လှမ်းရင်း ခေါင်းအသာယမ်းလိုက်သည်။
ထို့နောက် သတ်ဖြတ်ပွဲ ဖျော်ဖြေရသူနှင့် တိုက်ပွဲ ဖြစ်၏။ ထိုသည်က သူ့အနေဖြင့် ပထမဆုံး သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ခဲ့သော်လည်း ထိုအရာက အဓိကမှတ်ဉာဏ် ဖြစ်နေသည့် အကြောင်းအရင်း မဟုတ်ပေ။
“ကမ္ဘာကြီးက တကယ်ကို မတရားဘူး။ ငါက သတ်ဖြတ်ပွဲ ဖျော်ဖြေသူအဖြစ် ၈နှစ်ကျော်နေခဲ့ရပြီးတော့ ငါ့ရဲ့ လွတ်လပ်မှုကို ဝယ်ယူနိုင်ဖို့ နေ့တိုင်းသတ်ဖြတ်ဖို့ ဖိအားပေးခံခဲ့ရတာ။ ရှောင်ရှားနည်းကို သေချာကျွမ်းကျင်ဖို့အတွက် ရှည်လျားနာကျင်လွန်းတဲ့အချိန် ၈နှစ်တောင် ကြာခဲ့တာ။ ဒါပေမဲ့ မင်းက အချိန် ၅ မိနစ်အတွင်း သင်ယူနိုင်လိုက်တယ်ဆိုတာကို သဘောမကျဘူး” ထိုသူက သေခါနီးတွင် မလိုလားမှုအပြည့်ဖြင့် ပြောခဲ့သည်။
“ဒါက ကံကြမ္မာ ဘယ်လောက်မမျှတဘူးဆိုတာကို ပထမဦးဆုံး သဘောပေါက်ခဲ့တာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“လူတချို့က တစ်စုံတစ်ခုအတွက် တစ်ဘဝလုံး ကုန်ဆုံးကြရပြီးတော့ တချို့သူတွေက အဲဒါနဲ့ မွေးဖွားလာကြတယ်။ လူတချို့က တစ်ဘဝလုံး ရုန်းကန်နေရပေမဲ့ တခြားသူတွေကတော့ ကြီးမြတ်မှုကို ရယူဖို့ ကံကြမ္မာနဲ့ မွေးဖွားလာကြတယ်”
သူက ကျင့်ကြံရေး စမှတ်မှ မှတ်ဉာဏ်များကို စတင်ကြည့်ရှုရင်း ထိုဖြစ်ရပ်များကို ကွဲပြားသည့် အမြင်ဖြင့် မြင်လာမိကာ နားလည်လာမိသည်။
ထို့ကြောင့် သူက ခရီးစဉ်ကို ဆက်လက်ကြည့်ရှုလိုက်သည်။
နောက်မှတ်ဉာဏ်က ကျီစုန့်နှင့် တိုက်ပွဲဖြစ်ကာ ထိုသူ၏ အားကောင်းလွန်းသည့် ခန္ဓာကိုယ်အောက်တွင် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။
“အမှန်အတိုင်းပြောရရင် ငါက ငါ့ဘဝတစ်လျှောက်လုံးမှာ တွေ့ကြုံရတဲ့ ဒုတိယမြောက် အခက်ခဲဆုံးတိုက်ပွဲပဲ” သူက ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ကျောရိုးကြေမွလျက် မြေပြင်ပေါ် လဲလျောင်းနေ၏။ သူ့မျိုးဆက်ရှိ လူနှစ်ယောက်ကသာ ဤသို့ ဆိုးဆိုးရွားရွား အခြေအနေဖြစ်အောင်အထိ တွန်းအားပေးနိုင်သည်။
ဝမ်ဝေ့က တိုက်ပွဲကို ပြန်လည်တွေ့ကြုံခံစားပြီးနောက် ဆက်လက် လျှောက်လှမ်းလာသည်။ သူ့ရှေ့ရှိ မှတ်ဉာဏ်များက စိတ်ဝိညာဉ် ခရီးလမ်းစစ်ဆေးမှုမှ သေမျိုးရွာတွင် နေထိုင်ခဲ့သည့်အချိန်သို့ ပြောင်းလဲသွားသည်။
“ဒီရွာလေးက သေမျိုးနဲ့ ကျင့်ကြံသူတွေကြားမှာ ကွာဟချက် ကြီးမားကြောင်း ပထမဦးဆုံး တွေ့ကြုံခဲ့တာပဲ။ ဒါက ဒီခေတ်ကာလကို ပြောင်းလဲဖို့ ငါ့ ရည်မှန်းချက်တွေ လှုံ့ဆော်ပေးခံခဲ့ရတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်” ဝမ်ဝေ့က ထိုရွာသည်သူ့အတွက် မည်မျှအရေးပါကြောင်း သဘောပေါက်သည့်အတွက် ရေရွတ်လိုက်သည်။
“အကျိုးနဲ့အကြောင်း၊ ကံ” သူက ရေရွတ်လိုက်သည်။
“ငါက ဒီအတိုင်း သစ်ပင်တစ်ပင် စိုက်ပျိုးခဲ့ပေမဲ့ နှစ်၃သိန်း ကြာမြင့်ပြီးတဲ့နောက်မှာ အဖိုးတန်တဲ့ လောကသစ်ပင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ ရွာသားတွေက ရင်းနှီးပြီး သဘောကောင်းလွန်းတော့ သူတို့ရွာကို ကံကောင်းမှုနဲ့ ကောင်းချီးပေးဖို့ရာအတွက် ဖုန်းရွှေအစီအရင်ကို ခင်းကျင်းပေးခဲ့တယ်။ အခု သူတို့က ဧကရာဇ်မျိုးနွယ် ဖြစ်လာနိုင်ချေရှိတဲ့ အထွတ်အထိပ် နယ်မြေတစ်ခုဖြစ်လာပြီ။ အရာအားလုံးက တစ်နည်းမဟုတ် တစ်နည်း ဆက်နွယ်နေတာပဲ”
ဝမ်ဝေ့၏ အရှိန်အဝါက ခန္ဓာကိုယ်အတွင်း ရုတ်ချည်းဆိုသလို ချုပ်နှောင်ခံထားလိုက်ရသလို ဖြစ်ကာ ကျင့်ကြံဆင့် မရှိသည့် သေမျိုးတစ်ယောက်နှင့် တူလာသည်။ သို့သော်လည်း အနီးကပ် လေ့လာကြည့်ပါက စူးစမ်းမှုကောင်းသည့်သူများသည် သူက မိုးမြေနှင့် တစ်သားတည်း ပေါင်းစပ်နေသည့်အလား အာရုံခံမိကြလိမ့်မည်။
နောက်ထပ် မှတ်ဉာဏ်က သူ တုယီနယ်ပယ်အဆင့် ဝင်ရောက်စဉ်အခါက ကောင်းကင်တာအိုနှင့် သူ့ကြားမှ ပဋိပက္ခ ဖြစ်ပေသည်။ ကောင်းကင်တာအိုက သူ့စိတ်ဆန္ဒကို လွှမ်းမိုးခြင်းဖြင့် ရပ်တန့်ဖို့ ကြိုးစားခဲ့သည်။ သူ သိထားသည့်မှတ်တမ်းမှတဆင့် တုယီနယ်ပယ်အဆင့် စစ်ဆေးမှုသည် ဤမျှ မပြင်းထန်သင့်ပေ။ ထို့နောက် ထိုအခါက သူ၏ ထူးဆန်းလှသည့် အနက်ရောင် ချီကံကောင်းမှုနဂါးလည်း ရှိသေး၏။
ဝမ်ဝေ့က ထိုမှတ်ဉာဏ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“ဒီဖြစ်ရပ်က ငါ့အနာဂတ်ကိုယ်နဲ့ မဟာတာအိုကြားက ပဋိပက္ခ ဖြစ်နေနိုင်တယ်” သူက ရုတ်တရက် ရေရွတ်လိုက်သည်။
“မဟုတ်သေးဘူး။ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုက ငါ့တိုက်ပွဲနဲ့ ကောင်းကင်ဘုံရဲ့ အမျက်ဒေါသပဲ။”
ဝမ်ဝေ့က သူ့တစ်ဘဝတစ်လျှောက်လုံး မူမမှန်သည့်အရာများစွာကို သိလေသည်။ အများစုက ထူးဆန်းကာ ရှင်းပြ၍ပင် မရပေ။ သို့သော် ယနေ့တွင် သူက အကြောင်းအရင်းအတွက် ကောက်ချက်ချမှုတစ်ခု ရှိလာ၏။
“ကာလံဒေသံကို ဖြတ်ကျော်ပြီး တိုက်ပွဲတစ်ခု” သူက ရေရွတ်လိုက်သည်။ ထိုကိစ္စများက သူ မထိန်းချုပ်နိုင်သည့်အတွက် ဂရုစိုက်နေဖို့ အချိန်မရှိပေ။
နောက်ထပ် မှတ်ဉာဏ်တစ်ခုက သူ့အံ့ဖွယ်ပလ္လင်အဆင့် ရောက်ရှိပြီးသည့်နောက် လီမျိုးနွယ်တောင်ရှိ တွေ့ဆုံမှုတစ်ခု ဖြစ်သည်။
သူက လီကျွင်းအား အပြိုင်ခံအမွေသားတော်များအပါအဝင် ဂိုဏ်းရှိ နာမည်ကျော်တပည့်အားလုံးကို ဖိနှိပ်ဖို့ တာဝန်ပေးခဲ့သည်။ ထို့နောက် လီမျိုးနွယ်မှ တစ်စုံတစ်ယောက်က သူ့ကို ခေါ်ခဲ့ကာ လူလတ်အရွယ် မိန်းမလှတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်မှ မိခင်၏ ချစ်ခြင်းမေတ္တာတို့ စိမ့်ထွက်နေ၏။
“မင်းကို ကျေးဇူးတင်ချင်လို့ပါ” ချင်းရှီဖန်က ပြောလိုက်သည်။ ထိုသူက လီကျွင်း၏ အမေဖြစ်ပြီး ညင်သာသည့် အပြုံးမျိုးရှိကာ လူများကို စိတ်အေးချမ်းသွားစေသည်။
“ကျွန်တော့်ကို ကျေးဇူးတင်တာလား။ ဘာအတွက်လဲ” ဝမ်ဝေ့က အဖန်ရည်ခွက်ကို စားပွဲပေါ်တင်ကာ မေးလိုက်သည်။
“သားကို တောက်ပဖို့ အခွင့်အရေးပေးတဲ့အတွက်ပါ”
“ကျွန်တော်ကို အပြစ်တင်နေမယ်လို့ ထင်နေတာ”
“ဘာအတွက်လဲ”
“ပြောရရင် ကျွန်တော့်အဆင့်အတန်းနဲ့ သူ့ကို ဘေးကင်းကင်း အေးအေးဆေးဆေးနေနိုင်ဖို့ အာမခံပေးနိုင်တယ်လေ။ ဒါပေမဲ့ သူက အခု သေဆုံးနိုင်ချေ များပြားပြီး အန္တရာယ်များတဲ့ ခရီးလမ်းနောက်ကို လျှောက်လှမ်းနေရပြီ”
ချင်းရှီဖန်က ခဏရပ်တန့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မိခင်တစ်ယောက်အနေနဲ့ သားကို အေးအေးချမ်းချမ်းဘဝမျိုးမှာ နေစေချင်တာပေါ့။ ဒါပေမဲ့ ဒီလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ ကျင့်ကြံရေးလောကမှာ အသက်ရှင်သန်ဖို့ အင်အားက လိုအပ်တယ်ဆိုတာကို နားလည်တယ်လေ။ အဲဒါကြောင့် ကမ္ဘာကြီးကို သူက တခြားကောင်းကင်ရွေးချယ်ခံတွေထက် မညံ့ဘူးဆိုတာကို ပြသပေးလို့ ဝမ်းသာမိတယ်။ အန္တရာယ်အတွက်ကတော့ ရှောင်လွှဲလို့ မရဘူးလေ”
“ကျွန်တော်ကို အပြစ်မတင်ဘူးဆိုတော့ စိတ်အေးသွားပါပြီ”
ဝမ်ဝေ့က ထိုမြင်ကွင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေသည်။ သူက ထိုမှတ်ဉာဏ်သည် သူ့အတွက် အရေးပါလိမ့်မည်ဟု ထင်မထားမိပေ။ ထိုစဉ်အခါက သူသည် လီကျွင်း သူ့နောက်ကို လိုက်သည့်အတွက် အနည်းငယ် အပြစ်ရှိစိတ်မျိုး ရှိနေခဲ့သည်။ သူက သူ ရွေးချယ်လိုက်သည့် ဧကရာဇ်လမ်းစဉ်သည် အန္တရာယ်နှင့် မသေချာမှုများ ပြည့်နှက်နေကြောင်း သိလေသည်။ ထို့ကြောင့် လီကျွင်းအတွက် သူ့နောက်ကို မလိုက်ဘဲ ဘေးကင်းလုံခြုံသည့်ဘဝတွင် နေထိုင်ခဲ့လျှင် ပို၍ကောင်းလိမ့်မည်ဟု မကြာခဏ စဉ်းစားမိ၏။
“ဒေါ်လေးချင်း …. ဒေါ်လေးချင်းရဲ့ မျှော်လင့်ချက်ကို စိတ်မပျက်စေရပါဘူး။ ကျွန်တော် ဒေါ်လေးရဲ့ သားကို ကာကွယ်ပေးမယ်။ သူက ဒီမျိုးဆက်မှာ အတောက်ပဆုံးထဲက ကြယ်ပွင့်ထဲက တစ်ယောက် ဖြစ်နေပါပြီ” ရုတ်ချည်းဆိုသလို စိတ်အေးသွားသည့် ဝမ်ဝေ့က ရေရွတ်လိုက်သည်။
သူက ဆက်လက် မလျှောက်လှမ်းခင် ပြုံးလိုက်သည်။
***