← Chapters

ဖိနှိပ်ထားသည့် မှတ်ဉာဏ်များ

Vol. 54 Ch. 754

ဖိနှိပ်ထားသည့် မှတ်ဉာဏ်များ

Vol. 54 Ch. 754

ဝမ်ဝေ့၏ မှတ်ဉာဏ်များက ကမ္ဘာမြေအချိန်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူက မိဘမဲ့ဂေဟာမှ ကလေးတချို့နှင့် စကားပြောနေသည့် ၅နှစ်အရွယ် ဝမ်ဝေ့လေးကို မြင်လိုက်ရသည်။ သူတို့က ရွှံ့ဗွက်အတွင်း ကစားရင်း ပိုးကောင်များကို ဖမ်းဖို့ ကြိုးစားနေကြ၏။

“ငါ ကြီးလာတဲ့အခါ အာကာသယာဉ်မှူး လုပ်ပြီးတော့ လကမ္ဘာဆီ သွားမယ်” အနည်းငယ် ဝတုတ်တုတ် ကောင်လေး စွင်းထန်းက ပြောလိုက်သည်။ သူ့အသက်က ၇နှစ်အရွယ်လောက်ဖြစ်၏။

“ရှောင်ယွင် နင်ကရော အသက်ကြီးလာရင် ဘာဖြစ်ချင်လဲ” သူက ကျစ်ဆံမြီးနှစ်ခုနှင့် ၄နှစ်အရွယ် ချစ်စရာ ကလေးမလေးကို ကြည့်ကာ မေးလိုက်သည်။

“အင်း ဆရာဝန်ကြီးလုပ်ပြီးတော့ လူနာတွေကို ကယ်ပေးချင်တယ်” ဝေ့ယွင်က ပါးပြင်အထက် ရွှံ့များ ပေပွနေရင်း ပြန်ဖြေလိုက်သည်။ သူမက မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း မျက်နှာနှင့် အဝတ်အစားများအပေါ် ရွှံ့များ ရှိခြင်းကို ဂရုမစိုက်ပေ။

“အစ်ကိုကြီးဝမ်ဝေ့ကရော ဘာလုပ်ချင်လဲ”

“ငါက ရော်နယ်လ်ဒင်ဟို၊ ဇီဒန်း ဒါမှမဟုတ် ရီဗယ်လ်ဒိုတို့လိုမျိုး ကမ္ဘာကျော် ဘောလုံးကစားသမား ဖြစ်ချင်တယ်” ဝမ်ဝေ့က တောက်ပနေသည့် အကြည့်များဖြင့် ပြန်ဖြေလိုက်သည်။

“ကမ္ဘာ့ဖလား အနိုင်ယူပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမား ဖြစ်လာချင်တယ်”

“တကယ်လား မိုက်လိုက်တာ” ဝေ့ယွင်က ပြောလိုက်သည်။

“အစ်ကိုကြီး လုပ်နိုင်တယ်ဆိုတာကို ယုံတယ်”

“ငါရောပဲ” စွင်းထန်းက ဝမ်ဝေ့ကို ပုတ်ကာ ပြောလိုက်သည်။

“မင်းရဲ့ ကစားပွဲကျရင် လက်မှတ်တွေ ပို့ပေးဖို့ကို မမေ့နဲ့နော်”

“အင်း” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူ့အာရုံက တခြားတစ်ခုဆီ ရောက်ရှိသွားကာ အော်ပြောလိုက်၏။

“ဖမ်းထား ဖမ်းထား”

“တကယ်လား ကြည့်ရအောင်”

မြင်ကွင်းက ပြောင်းလဲသွားကာ ဝမ်ဝေ့က ၇နှစ်အရွယ် သူ့ကို ပြန်မြင်လိုက်ရသည်။ သူက အတန်းပိုင်ဆရာရှေ့တွင် ထိုင်နေပြီး ထိုသူက သူ့အား မျက်မှောင်ကြုတ်ကာ ကြည့်နေလေ၏။

“ဝမ်ဝေ့ မင်းက ဘောလုံးကစားသမား ဖြစ်လာချင်တယ်လို့ ကြားတယ် ဟုတ်လား”

“ဟုတ်ပါတယ်။ အဲဒါက ကျွန်တော်ရဲ့ အိပ်မက်ပါ”

“မင်းရဲ့ ဉာဏ်ရည်အတွက် နှမြောစရာပဲ” ဆရာက ပြောလိုက်သည်။

“မင်းဆီမှာ ရွေးချယ်စရာ မရှိဘူး”

“ဘာလို့လဲ။ ဆရာက ဘာကိုပြောချင်တာလဲ”

“နိုင်ငံတကာ ကစားသမားဖြစ်လာဖို့ အခွင့်အရေးက ဘယ်လောက်နည်းလဲဆိုတာ သိလား” ဆရာက ဝမ်ဝေ့အား တရုတ်ပြည်၏ လက်ရှိအခြေအနေ၊ ရန်ပုံငွေ လိုအပ်ချက်၊ လာလီဂါလိုမျိုး နာမည်ကျော်ကစားပွဲများတွင် ဝင်ရောက်နိုင်ဖို့ရာ မည်မျှ ခက်ခဲကြောင်း ဆယ်မိနစ်ကြာ ပြောဆိုခဲ့သည်။ ဆရာက သူ့အား သူ့အသက်အရွယ်တူ ပါရမီ များပြားသော စွမ်းရည်များရှိသည့် ကလေးများ၏ ဗီဒီယိုကို ပြသခဲ့သည်။

“ဝမ်ဝေ့ မင်းကို အဆိုးမြင်အောင် လုပ်တာ မဟုတ်ဘူး။ မင်းကို လက်တွေ့ကျက စဉ်းစားစေချင်တာ။ မင်းက ငါတို့ကျောင်းက အကောင်းဆုံး ကျောင်းသားတစ်ယောက်လေ။ မင်းသာ အထက်တန်းကျောင်းအထိ ဒီအဆင့်ကို ထိန်းထားမယ်ဆိုရင် တိုင်းပြည်မှာ အကောင်းဆုံးတက္ကသိုလ်ကို ဝင်ခွင့်ရပြီးတော့ နိုင်ငံခြားထိတောင် သွားပြီးတော့ လေ့လာနိုင်လောက်တယ်။ အဲဒီအခါကျရင် မင်းက ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ ဒါမှမဟုတ် သိပ္ပံပညာရှင်အထိ ဖြစ်လာနိုင်တယ်။ မင်းရဲ့ ပါရမီကို အလကားမဖြစ်စေနဲ့”

ဝမ်ဝေ့ငယ်လေး၏ မျက်နှာက ဖြူဖျော့သွားကာ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာလေသည်။

“ဝမ်ဝေ့ … မင်းလို နောက်ခံနဲ့ ကလေးတွေက အားကစားကနေ သူတို့ရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ဘူး။ အလုပ်ကြိုးစားပြီး စာလေ့လာမှသာ ဘဝမှာ အောင်မြင်နိုင်မှာ” ဆရာက ဖျောင်းဖျလိုက်၏။

ဝမ်ဝေ့က ခေါင်းငိုက်စိုက်လျက် ရုံးခန်းမှ ထွက်လာလေသည်။ ယနေ့မှစ၍ သူသည် ဘောလုံးကစားသမား ဖြစ်လာမည့် အိပ်မက်အကြောင်း မပြောတော့ဘဲ စာလေ့လာမှုကိုသာ အာရုံစိုက်ထားခဲ့သည်။

မှတ်ဉာဏ်များက နောက်ထပ် မြင်ကွင်းတစ်ခုဆီ ပြောင်းလဲသွား၏။ ဝမ်ဝေ့က အထက်တန်းကျောင်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ကာ မိဘ၊ ညီလေးနှင့်အတူ ညစာ စားနေလေသည်။

“ဝေ့အာ … ဘာမေဂျာယူမှာလဲဆိုတာကို ဆုံးဖြတ်ပြီးသွားပြီလား” သူ့အမေက ညင်ညင်သာသာ မေးလာလေ၏။

“ဟုတ်ကဲ့။ ကျွန်တော် မြို့ပြအင်ဂျင်နီယာကို လေ့လာဖို့ဆုံးဖြတ်ထားတယ်” သူက ပြန်ဖြေလေသည်။

“အကြောင်းအရင်း ရှိလို့လား”

“မရှိပါဘူး။ ကျွန်တော် စိတ်ဝင်စားစရာကောင်းမယ် ထင်လို့ပါ” ဝမ်ဝေ့က လိမ်ညာလိုက်သည်။

သူ့အကြောင်းအရင်းက ဘောလုံးကွင်း ဆောက်လုပ်လိုခြင်း ဖြစ်၏။ သူက ကစားသမား မဖြစ်တော့သော်လည်း သူတို့ကစားသည့် ကစားကွင်းကို ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။

“မင်းက စီးပွားရေးကိုပဲ လေ့လာရမယ်လို့ ဆုံးဖြတ်ပြီးပြီ” သူ့အဖေက ပြန်လည်မေးခွန်းမထုတ်နိုင်သည့် လေသံဖြင့် ပြောလိုက်သည်။

“ကျွန်တော်က ဘာလို့အဲ့လိုလုပ်ရမှာလဲ” ဝမ်ဝေ့က ပြန်လည်ခုခံလေ၏။

“မဟုတ်ရင် မင်းရဲ့ ညီလေး ကုမ္ပဏီ စီမံခန့်ခွဲတဲ့အခါမှာ ဘယ်လိုကူညီပေးမှာလဲ”

“ကျွန်တော်…”

“ဘာမှပြန်ပြောနေစရာမလိုဘူး။ ဆုံးဖြတ်ပြီးသွားပြီ”

ဝမ်ဝေ့က အံကြိတ်ကာ ခေါင်းငုံ့ထားလိုက်၏။ ထိုစဉ် သူ့ဘယ်ဖက်လက်က အရေပြားကို ထိုးစိုက်လုမတတ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သို့သော် သူက နာကျင်မှုကို ဂရုမစိုက်ပေ။

သူက သူ့အမေများ တစ်စုံတစ်ခု ကူပြောလာမလားဟု မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူမက ခေါင်းငုံ့ထားလေသည်။

မြင်ကွင်းက ဝမ်ဝေ့ တက္ကသိုလ်တက်သည့်အချိန်သို့ ရောက်ရှိသွားပြီး အားလပ်ရက်အတွင်း သူ့မိဘများဆီ ပြန်လည်ရောက်ရှိလာသည်။ လေးဦးသား ညစာစားနေကြသော်လည်း အခန်းက တိတ်ဆိတ်လှပြီး အစားစားသံများသာ ထွက်နေလေသည်။

ညစာစားသုံးပြီးသည့်နောက်တွင် သူ့အဖေက သူ့အား ကြည့်ကာ တိုက်ရိုက်ပြောလာသည်။

“မင်းအတွက် လက်ထပ်ပွဲ စီစဉ်ပြီးသွားပြီ။ သူမရဲ့ နာမည်က လျောင်ကျန်းကျန်း။ သူမက ရှင်းပေးအုပ်စုပိုင်ရှင် လျောင်နျန်ဇူရဲ့ သမီးပဲ။ ဒီလက်ထပ်ပွဲက ငါတို့အုပ်စုရဲ့ ပူးပေါင်းမှုကို အားကောင်းလာစေလိမ့်မယ်”

ဝမ်ဝေ့က သူ့အဖေကို မျက်နှာသေဖြင့်သာ ကြည့်လိုက်သည်။ သူ့စိတ်ထဲ၌ သူ သိထားပြီး သူ့အပေါ် ချစ်မြတ်နိုးပြီး အလိုလိုက်သည့်သူသည် ဘယ်နေရာရောက်ရှိသွားလဲဟု စဉ်းစားနေ၏။

“အဲဒါဆိုတော့ ကျွန်တော်ရဲ့ မေဂျာကိုတင် ဆုံးဖြတ်ပေးရုံတင် မကဘူး။ ကျွန်တော်ရဲ့ လက်ထပ်ပွဲအထိ ထိန်းချုပ်ချင်တာလား”

“မင်း ဘာပြောလိုက်တာလဲ”

“ကျွန်တော်နဲ့ ကိုက်ညီမယ် မထင်ဘူး”

“မင်း မသိတတ်တဲ့သား။ ငါက မင်းကို ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ခဲ့ပြီး အစားအစာ၊ အဝတ်အစား၊ မင်း နေမဲ့အိမ်အထိ ဘယ်အရာများ လိုအပ်ခဲ့ဖူးလို့လဲ။ ဒါက ငါ့ကို ပြန်လည်ပေးဆပ်လိုက်တာလား” သူ့အဖေက စားပွဲခုံကို ရိုက်ကာ အော်ပြောလေသည်။

ဝမ်ဝေ့က လက်သီးဆုပ်လိုက်ပြီးနောက် ထိုသူစိမ်းကို ကြည့်လိုက်သည်။

သူ့အဖေက အေးစက်စက် ပြောလိုက်၏။

“အဖေက သူ့ကလေးရဲ့ လက်ထပ်ပွဲကို ဆုံးဖြတ်လိုက်တာ ဘာမှားလို့လဲ”

ဝမ်ဝေ့က ဘာမှပြန်မပြောပေ။ သူက သူ့အားလပ်ရက်အတွင်း အိမ်ရှိလူများနှင့် တစ်ယောက်မှ စကားမပြောသလို အိမ်မှာပင် မစားတော့ပေ။ သူက ကျောင်းပြန်ရောက်သွားပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ဘဝကို ဆက်လက်နေထိုင်နေသည်။

သို့သော်လည်း ၃လ ကြာမြင့်ပြီးသည့်နောက်တွင် နိုင်ငံတစ်ခုလုံး အံ့အားသင့်သွားစေသည့် သတင်းတစ်ခု ထွက်ပေါ်လာသည်။ ရှင်းပေးအုပ်စု၏ မင်းသမီးလေး လျောင်ကျန်းကျန်းက တရားမဝင်ဆေးဝါးများစွာနှင့်အတူ တခြားအမျိုးသားတစ်ဦးနှင့် ဖက်လဲတကင်း ဟိုတယ်အတွင်း ဝင်ရောက်သွားသည့်သတင်း ဖြစ်၏။

ထိုသတင်းက တောမီးလို ပျံ့နှံ့သွားကာ အွန်လိုင်းပေါ်တွင်လည်း ထိုဖြစ်ရပ်ကိုသာ ပြောနေကြသည်။ တချို့လွှမ်းမိုးမှုရှိသည့်သူများက အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားကြသော်လည်း အသုံးမဝင်ပေ။

ထိုဖြစ်ရပ်အပြီးတွင် သူ့အဖေက လက်ထပ်ပွဲအကြောင်း တစ်ခါမှပြောမလာတော့သလို လက်ထပ်ပွဲ စီစဉ်ပေးခြင်းမျိုး မရှိတော့ပေ။

ဝမ်ဝေ့က ထိုဖြစ်ရပ်များကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။ သူ့မှတ်ဉာဏ်များမှ ကိစ္စများစွာကို သဘောပေါက်ခဲ့ရသည်။ နမူနာအားဖြင့် သူသည် သူ့နာကျင်မှုနှင့် စိတ်ဒဏ်ရာများကြောင့် ကမ္ဘာမြေ၏ မှတ်ဉာဏ်အများစုကို မသိလိုက်ဘဲ မြှုပ်နှံထားခဲ့သည်။

ဒုတိယအနေဖြင့် ဤကမ္ဘာတွင် ရောက်ရှိလာပြီး သူ့အတွက် မိသားစုအသစ်ကို လက်ခံဖို့ လွယ်ကူနေသည့် အကြောင်းအရင်းကို သဘောပေါက်သွားခဲ့သည်။ တစ်ခါက သူသည် မိဘ၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို အတော်လေး လိုချင်ခဲ့ဖူးသော်လည်း ကမ္ဘာမြေပေါ်ရှိ အခြေအနေများက သိပ်မဟန်ခဲ့ပေ။

“ငါ ဒီမှာ ပထမဦးဆုံး မွေးဖွားလာတုန်းက ကမ္ဘာမြေဆီ ပြန်သွားလိုစိတ် မရှိခဲ့ဘူး။ ငါ အားကောင်းလာရင် လုပ်နိုင်မယ်ဆိုတာ သိပေမဲ့ အလျင်လိုမနေသလို ကမ္ဘာမြေပေါ်မှာ ဘာမှ တပ်မက်စရာလည်းမကျန်တော့ဘူး။ အခု အကြောင်းအရင်းကို နားလည်သွားပြီ”

သူက ဤအကြောင်းအရင်းကို ခံစားမိလိုက်၍ သက်ပြင်းချလိုက်သည်။

ထို့နောက် မြင်ကွင်းက နောက်တစ်ခု ထပ်မံ ပြောင်းလဲသွားသည်။

“ဒါက ဘာလဲ”

“ဒါက မန်နေဂျာ တောင်းဆိုထားတဲ့ အစီအရင်ခံစာပါ” သူက ဒေါသကို ထိန်းချုပ်ကာ ပြောလိုက်သည်။

“ဒါက ငါ ပြောတဲ့အတိုင်း လုပ်ထားတာ ဟုတ်လို့လား” မန်နေဂျာကျန်းက အော်ပြောလိုက်သည့်အတွက် အခန်းအတွင်းရှိ လူအားလုံးက ကြားနိုင်လေသည်။

“ဒါက ဖောက်သည်အတွက် အကောင်းဆုံး မဟုတ်ဘူးလား”

“ဘယ်သူက ပြောလဲ။ မင်းကလား” မန်နေဂျာက အသံကျယ်ကျယ်ဖြင့် ဆက်လက်ပြောလေသည်။

“ကောင်လေး နားထောင်။ မင်းက ဥက္ကဌရဲ့ သားဆိုပြီး ကောလဟာလတွေဖြန့်နေတယ်လို့ ကြားတယ်။ ဒီလိုမျိုး နိမ့်ကျတဲ့ လှည့်ကွက်ထဲမှာ ငါက ကျဆင်းသွားမယ်များ ထင်နေလား”

မန်နေဂျာကျန်းက ကုမ္ပဏီအစည်းအဝေးအတွင်း ဥက္ကဌနှင့် သူ့သားဖြစ်သူကို မြင်ခဲ့ဖူးပြီး ထိုသူက ဝမ်ဝေ့နှင့် ဘာမှမတူကြောင်း သိလေသည်။

“ကျွန်တော် ကောလဟာလတွေ မဖြန့်ခဲ့ဖူးဘူး”

“အဲဒါဆို ဘယ်သူက လုပ်တာလဲ”

“ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ”

“ကောင်လေး လေသံကို ကြည့်ပြော။ အစီအရင်ခံစာကို ပြန်လုပ်။ မင်းရဲ့ အပြစ်ဒဏ်အတွက် ၃လစာ အဖြတ်ခံရမယ်” မန်နေဂျာကျန်းက ပြောလေသည်။

ဝမ်ဝေ့က မန်နေဂျာကျန်းကို ကြည့်လိုက်သည့်အတွက် ထိုသူက ကြက်သီးထသွားမိ၏။ ထို့နောက် သူက ဘာမှမပြောဘဲ စားပွဲခုံသို့ ပြန်သွားလေသည်။ တစ်လကြာမြင့်ပြီးသည့်နောက်တွင် ကုမ္ပဏီက မန်နေဂျာကျန်းကို အကျင့်ပျက်ချစားသည့်အတွက် ဖမ်းဆီးကာ အလုပ်ထုတ်ပစ်ခဲ့သည်။ ထူးဆန်းသည့်အရာက သူတို့သည် သတင်းအချက်အလက် အမြောက်အများ တွေ့ခဲ့သော်လည်း မန်နေဂျာကျန်းက နောက်ဆုံးအခြေအနေအထိ အပြစ်ကင်းကြောင်း ငြင်းဆန်နေခြင်းသာ ဖြစ်၏။

“ငါက လွတ်လပ်ခွင့်ကို လိုချင်တာ အံ့ဩစရာ မရှိတော့ဘူး။” ဝမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်၏။

“ငါ ယုံကြည်ခဲ့ရတဲ့လူတွေရဲ့ အကန့်အသတ်ခံရမှုတွေ၊ မိဘတွေရဲ့ ထိန်းချုပ်ခံရတာတွေနဲ့ လူမှုအသိုက်အဝန်းရဲ့ ဖိအားတွေအောက်မှာ ယခင်ဘဝတုန်းက ငါ့ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ဘူး”

သူက သူ မပြုလုပ်နိုင်ခဲ့သည့် အဓိက ဆုံးဖြတ်ချက်များအကြောင်း တွေးမိသွားသည်။ ဤနှစ်များစွာအထိ သူက အင်အားကင်းမဲ့ကာ စိတ်ခံစားချက်အများအပြား ထွက်ပေါ်လာသည်။ သူက ပြန်လည်တွန်းကန်နိုင်သော်လည်း အဆုံးစွန်ထိသာ တွန်းပို့ခံလိုက်ရသည်။ သို့သော်လည်း သူက အချိန်အများစုအတွင်း စီးကြောင်းအတိုင်း မြောလိုက်ကာ ကံကြမ္မာကို လက်ခံခဲ့၏။

ကမ္ဘာမြေတုန်းက ငါ့ဘဝကို တကယ်ကို ခက်ခဲခဲ့တာပဲ။ လူသားနားလည်နိုင်စွမ်းထက် ကျော်လွန်တဲ့စွမ်းအားကို ရရှိဖို့ အခွင့်အရေးရလာတဲ့အခါ ငါ့အတွက် အကြွင်းမဲ့လွတ်လပ်ခွင့်ကို လိုချင်တာ ပုံမှန်ပါပဲ…

ထို့နောက် ဝမ်ဝေ့က ရုတ်ချည်းဆိုသလို မျက်မှောင်ကြုတ်လိုက်သည်။ ဤလေ့ကျင့်မှုအပြီးတွင် သူ့တာအိုနှလုံးသားက ပြီးပြည့်စုံသွားသင့်သည်။ တခြားနည်းဖြင့် ဤသို့ ဖြစ်သင့်ပေသည်။ သို့သော်လည်း သူ့စိတ်ထဲရှိ တစ်စုံတစ်ခုက တရွရွ ဖြစ်နေသေး၏။

“ကိစ္စတွေက အဲ့လောက်မရိုးရှင်းဘူးပဲ” သူက ရေရွတ်လိုက်သည်။

“ငါက တစ်စုံတစ်ခုကို လိုအပ်နေတယ်။ ကမ္ဘာမြေက ငါ့အတွေ့အကြုံတွေက ကံကြမ္မာကို ထိန်းချုပ်ချင်တဲ့ လိုအင်ဆန္ဒရဲ့ တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်သေးဘူး”

***

All Chapters