မင်းဘက်မှာရှိနေမယ်
Vol. 76 Ch. 1055
ခေါင်းတလားထဲတွင် ရှိနေသော လန်ရှောင်နီမှာ အန်လင်းအား လှမ်းကြည့်လိုက်သည်။
“ဆရာကြီးအန်လင်းကို ကယ်ပေးထားတာဆိုတော့ သိုလှောင်လက်စွပ်လေး ပြန်ပေးပါလား။”
အန်လင်း ရယ်မောလာသည်။
“လက်အောက်ငယ်သားဆိုတာ ဆရာကြီးကို ကယ်ရမှာပဲလေ။”
လန်ရှောင်နီမှာ အရှက်မရှိ သရက်စေ့ အန်လင်းအားကြည့်ကာ သူမကိုယ်သူမ စိတ်မကောင်း ဖြစ်သွားမိသည်။
သူမသည်ပင် သူမ၏ ဆုံးဖြတ်ချက်အား နားမလည်နိုင်ပေ။
အန်လင်းအား မသေစေချင်သောကြောင့် ရှေ့မကြည့်၊ နောက်မကြည့် လုပ်ခဲ့မိခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားပြန်သည်။
အချိန်တစ်ခုမျှ ကြာပြီးနောက်.....
“လန်ရှောင်နီ....”
အန်လင်း ရုတ်တရက် စကားဆိုလာသည်။
“အမ်... ဘာလဲ။”
လန်ရှောင်နီ လှမ်းကြည့်လိုက်သောအခါ အန်လင်းမှာ ကတိပေးထားသည့်အတိုင်း သူမအား ကြည့်မနေပေ။
“ကျေးဇူးတင်ပါတယ်။”
အန်လင်း လေးလေးနက်နက် ပြောလိုက်သည်။
လန်ရှောင်နီမှာ အနည်းငယ် ရင်ထဲထိသွားရသည်။
“နင်လည်း အဲ့စကားကို ပြောတတ်တယ်ပေါ့။ ငါ့ကို ဘယ်လိုကျေးဇူးဆပ်မှာလဲ။”
အန်လင်းသည် စင်မြင့်တဝိုက်မှ ငါးကြေးခွံနှင့် သွေးများအား ကြည့်ရှုလိုက်သည်။
“မင်းရဲ့ဆရာကြီးအနေနဲ့ အခုကစပြီး မင်းဘက်မှာ ရှိနေပေးမယ်။”
သူ၏စကားသံမှာ အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း သိသာလှသည်။
လန်ရှောင်နီ ငိုချင်မိသွားသည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး...”
ဆရာကြီးအန်လင်းသည် သူမအား တရားဝင် ကာကွယ်ပေးတော့မည် ဖြစ်သည်။
လန်ရှောင်နီသည် အသက်ကိုပင် မမှုပဲ ကယ်တင်ပေးခဲ့သောကြောင့် အန်လင်းအနေဖြင့်လည်း ထိုမျှလောက် ပြန်လုပ်ပေးသင့်သည်ပင်။
နှစ်နာရီအတွင်း အန်လင်း၏ ဒဏ်ရာများမှာ အတော်ကောင်းမွန်နေလေပြီ။
မီးလျှံမြစ်မှလွဲ၍ ပတ်ဝန်းကျင်မှာ အတော်ဆိတ်ငြိမ်နေသည်။
အန်လင်းမှာ ခေါင်းတလားအတွင်း ရှိနေသော လန်ရှောင်နီကို ကြည့်ရှုလိုက်သည်။
အင်မော်တယ်ဆေးလုံးနှင့် ခေါင်းတလားတို့ကြောင့် လန်ရှောင်နီ၏ ဒဏ်ရာအနာဖေးများ ကွာကျကာ နူးညံ့ဖြူဥသော အသားအရေများ ပြန်လည်ဖြစ်ပေါ်နေပြီ ဖြစ်သည်။
သူမ၏ အကြေးခွံများလည်း အသစ်ပြန်ဖြစ်ကာ လှပသော ရေသူမလေး ဖြစ်နေပြီပင်။
မီးလောင်ဒဏ်ရာများ သက်သာသွားပါသော်လည်း အရိုးထဲထိ လှိုက်စားနေသော အဆိပ်များအတွက် အချိန်အချို့ လိုအပ်လိမ့်ဦးမည်။
လန်ရှောင်နီမှာ အန်လင်း၏ အကြည့်အား သတိထားမိသွားသည်။
“ဆရာကြီးအန်လင်း ဒီကထွက်ကြတော့မလား။”
အန်လင်း ခေါင်းခါပြလိုက်သည်။
“မင်းအဆိပ်က သေချာမရသေးဘူး။ ဒီမှာနေခဲ့လေ။ ငါပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ဦးမယ်။”
လန်ရှောင်နီ အသည်းအသန် ငြင်းဆိုလာသည်။
“မဖြစ်ဘူး။ ရှီးဟိုင်ဇယ်က ထပ်ပြီးတိုက်ခိုက်လာရင် ကျွန်မ အနားမှာ ရှိနေမှ ဖြစ်မယ်။”
အန်လင်းသည် ခေါင်းမာလွန်းသော လန်ရှောင်နီကြောင့် တိတ်ဆိတ်သွားရသည်။
လန်ရှောင်နီမှာ ခေါင်းတလားထဲမှ ထွက်လာလေပြီ။
“ဆရာကြီးအန်လင်း ငါအဆင်ပြေပြီတွေ့.... အား....”
သူမ သွေးအန်သွားသည်။
အန်လင်း : “.....”
လန်ရှောင်နီ : “......”
“ငါ့ခန္ဓာကိုယ်က အဆိပ်တွေကို အဲ့လိုပဲ ထုတ်တာလေ။”
လန်ရှောင်နီ အန်လင်းအား ကြည့်ရှုလာသည်။
အန်လင်း ခေါင်းတလားအား လက်ညှိုးထိုးပြလိုက်သည်။
“အခေါင်းထဲ ပြန်ဝင်တော့။”
လန်ရှောင်နီ စူပုတ်ပုတ်နှင့် ခေါင်းတလားထဲ ပြန်ဝင်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်း၏ တုံ့ပြန်ပုံကြောင့် သူမစိတ်ထဲ ချိုမြိန်နေမိသည်။
အန်လင်းသည် ဂမ်ဒမ်သုံးနှင့် ယောင်ကျီးအားထုတ်ကာ လန်ရှောင်နီကို ကာကွယ်ရန် အမိန့်ပေးပြီးနောက် ထွက်လာခဲ့လိုက်သည်။
လန်ရှောင်နီမှ အသက်နှင်ရင်းကာ ကယ်တင်ပေးပြီးနောက် ရှီးဟိုင်ဇယ်မှာ ပေါ်မလာတော့ပေ။
အန်လင်းသည် မစွန့်စားရဲသဖြင့် အံ့ဖွယ်အာရုံအား ဖြန့်ကျက်ကာ ဗာမီလီယမ်ငှက်ကြေးမုံကိုပါ ဆုပ်ကိုင်ထားသည်။
ထိုသို့သော တိုက်ခိုက်မှုများအား ဗာမီလီယမ်ငှက်ကြေးမုံကသာ ကာကွယ်ပေးနိုင်လိမ့်မည်။
အန်လင်းသည် အပြာရောင် ကျောက်ပြားထံသွားကာ ဂရုတစိုက် ပွတ်သပ်ကြည့်လိုက်သည်။
ကျောက်ပြားထံမှ ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
နတ်ဘုရားစစ်ဆေးမှုနည်းစနစ်.....
သတင်းအချက်အလက်များ သူ၏စိတ်ထဲ စီးဝင်လာသည်။
(ပင်လယ်နှလုံးသားကျောက် : မြေပြင်နှင့် သမုဒ္ဒရာတို့၏ စွမ်းအင်သရုပ်မှန် ဖြစ်သည်။ လက်နက်များအား ပျိုးထောင်နိုင်သော နတ်အဆင့် ရတနာ ဖြစ်၏။)
အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။
လက်နက်တွေကို ပျိုးထောင်နိုင်တဲ့ နတ်အဆင့် ရတနာပဲ.....
အံ့ဖွယ်လက်နက်လုပ်ဖို့ တော်တော်တော့ စုမိနေပြီ.....
အန်လင်းမှာ အံ့ဖွယ်လက်နက် ပြုလုပ်နိုင်မည့် ရတနာများအား တမင်တကာ စုဆောင်းမိနေသလိုပင် ခံစားနေရသည်။
သူခေါင်းခါကာ အတွေးများ ထုတ်ပစ်လိုက်သည်။
အုတ်ဂူပိုင်ရှင်သည် ရတနာများ စုဆောင်းရသည်ကို နှစ်သက်ခဲ့ပုံ ရသည်။
အန်လင်းသည် ပင်လယ်နှလုံးသားကျောက်အား သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။
ထို့နောက် အနည်းငယ်တွေးကာ အပြာရောင်လှံအား ဂရုတစိုက် ထုတ်ယူလိုက်သည်။
ထိုလှံသည် ရှီးဟိုင်ဇယ်၏ အံ့ဖွယ်တာအို အစွမ်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ စစ်နတ်ဘုရားခန္ဓာနှင့် ပင်လယ်နှလုံးသားကျောက်ကိုပင် ထိုးဖောက်ပစ်နိုင်သည်။
အံ့ဖွယ်တာအို အစွမ်းနှင့် ဖြစ်တည်လာသော လက်နက်တစ်ခုသည် အချိန်အကြာကြီးအထိ မပျောက်မပျက် ရှိမနေနိုင်ပေ။ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သော အချိန်တွင်ပင် ပြောင်းလဲသွားခြင်း မရှိပေ။
အန်လင်းသည် လှံအားထုတ်လိုက်ခြင်းကြောင့် ရှီးဟိုင်ဇယ်အား သတိပေးသလို ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။
သူသည် ပတ်ဝန်းကျင်အား ဂရုတစိုက် စစ်ဆေးပြီးမှသာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ကို အသက်သွင်းလိုက်သည်။
(ချပ်ဝတ်ထိုးဖောက်အံ့ဖွယ်လှံ : ရှီးဟိုင်ဇယ်၏ အစစ်အမှန် အံ့ဖွယ်တာအို စိတ်ဆန္ဒမှ ဖြစ်တည်လာသည်။ ရှီးဟိုင်ဇယ်၏ ရေတာအို လေ့လာခြင်းများ ပါဝင်နေပြီး အစွမ်းများကို သိရှိရန် စုပ်ယူနိုင်သည်။)
အန်လင်း ငြိမ်သက်သွားသည်။
ထိုလှံသည် သာမန်လက်နက် မဟုတ်ပဲ ရှီးဟိုင်ဇယ်၏ အမွေအနှစ်များ ပါဝင်နေလေသည်။
အန်လင်း အရိုအသေ ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
ရှီးဟိုင်ဇယ်သည် သူ့အား ကြမ်းကြမ်းတမ်းတမ်း အမွေပေးလာသလိုပင်။
အန်လင်း ရုတ်တရက် အတွေးပေါက်ကာ အခေါင်းအား လှမ်းကြည့်လိုက်သည်။
ငါ့ကတိအတွက် အခုက အချိန်ကောင်းပဲမလား....